News @ M-Media

Author: Ko Lay

  • ဒုတိယမြောက်ကမ္ဘာကို တွေ့တော့မှာလား

    ဒုတိယမြောက်ကမ္ဘာကို တွေ့တော့မှာလား

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    star
    ဂြိုဟ်သစ်တည်ရှိရာ Proxima Centauri ကြယ်

    – ကမ္ဘာကြီးတည်ရှိရာ နေအဖွဲ့အစည်းနဲ့ အနီးဆုံးမှာရှိနေတဲ့ ကြယ်ကို လှည့်ပတ်နေပြီး သက်ရှိတွေ ရှင်သန်နေထိုင်လို့ ရနိုင်တယ်လို့ ယုံကြည်ရတဲ့ ကမ္ဘာသစ်တစ်ခုအကြောင်းကို ဥရောပ နက္ခတ္တဗေဒ ပညာရှင်တွေက မနက်ဖြန်မှာ ကြေငြာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

    ဥရောပတောင်ပိုင်း စူစမ်းလေ့လာရေးဌာန ESO က ဒီကမ္ဘာသစ်ကို တွေ့ရှိခဲ့တယ်ဆိုတဲ့အကြောင်း လွန်ခဲ့တဲ့ ၁ လလောက်ကတည်းက သတင်းထွက်ခဲ့ပေမယ့် ကောလဟာလအဆင့်မှာသာ ရှိခဲ့ပြီး မနေ့ကမှ ESO က အတည်ပြုခဲ့တာဖြစ်ပါတယ်။

    အဲဒီဂြိုဟ်ဟာ မိမိတို့အနေအဖွဲ့အစည်းကနေ အလင်းနှစ် ၄.၂ နှစ်လောက် သွားရမယ့် Proxima Centauri ကြယ်ကို လှည့်ပတ်နေတာဖြစ်ပြီး ကြယ်နဲ့ ဂြိုဟ်ရဲ့ အကွာအဝေးအရ သက်ရှိတွေရှင်သန်နိုင်တဲ့ ‘သမဇုန်’ မျိုးမှာ တည်ရှိတာ ဖြစ်နိုင်တယ်လို့ ESO က အမည်ဖော်လိုသူတစ်ယောက်က ဂျာမနီ အပတ်စဉ် Der Spiegel ဂျာနယ်ကို ပြောကြားခဲ့ပါတယ်။

    အဲဒီဂြိုဟ်ကို လူသားတွေရဲ့ သက်တမ်းအတွင်းမှာ သွားရောက်နိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ အမည်မပေးရသေးဘဲ မနက်ဖြန် ESO က လုပ်မယ့် သတင်းစာရှင်းလင်းပွဲမှာ အသေးစိတ် သိရမှာဖြစ်ပါတယ်။

    “အမည်မပေးရသေးတဲ့ ဒီဂြိုဟ်ဟာ ကမ္ဘာနဲ့ တူတယ်လို့ယုံကြည်ရပြီး Proxima Centauri ကြယ်ကို လှည့်ပတ်နေတဲ့ အကွာအဝေးအရ သက်ရှိတွေဖြစ်တည်ဖို့အတွက် အရေးပါတဲ့ လိုအပ်ချက်ဖြစ်တဲ့ ရေရှိနိုင်တဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာလိုမျိုး ဒုတိယဂြိုဟ်တစ်လုံးကို ဒီလောက်နီးကပ်တဲ့အကွာဝေးမှာ အရင်က ရှာမတွေ့ခဲ့ဖူးပါဘူး” လို့ အဲဒီ အမည်မဖော်လိုတဲ့ ရင်းမြစ်က ဆိုပါတယ်။

    ကမ္ဘာလို ဂြိုဟ်တွေကို ရှာဖွေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နာဆာက ၂၀၀၉ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ Kepler Spacecraft အာကာသယာဉ်ဟာ လက်ရှိအချိန်အထိ ဂြိုဟ်ပေါင်း ၄၀၀၀ ကျော်ကို တွေ့ရှိခဲ့ပြီး အဲဒီအထဲက ကမ္ဘာနဲ့တူနိုင်တယ်လို့ ယုံကြည်ရတဲ့ ဂြိုဟ်အရေအတွက်ကတော့ ၂၁၆ လုံး ရှိပါတယ်။

    ဒါပေမယ့် အခု ESO ကတွေ့ရှိခဲ့တဲ့ ဂြိုဟ်လောက် မနီးဘဲ အလင်းနှစ် ထောင်ချီသွားရောက်ရတဲ့ နေရာမျိုးမှာ ရှိခဲ့တာဖြ စ်ပါတယ်။

    Ref: The Sun

  • အကြမ်းဖက်ဝါဒမှာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုဟု လက်ဘနွန် ကာဒီနယ်ပြော

    အကြမ်းဖက်ဝါဒမှာ အစ္စလာမ်သာသနာကို ကိုယ်စားမပြုဟု လက်ဘနွန် ကာဒီနယ်ပြော

    သြဂုတ် ၂၄၊ ၂၀၁၆
    M-Media

    lebnon

    – အရှေ့အလယ်ပိုင်းဒေသအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်အဖွဲ့အစည်းများမှာ အစ္စလာမ်သာသနာနှင့် မွတ်စလင်တို့ကို ကိုယ်စားမပြုဘဲ၊ ခရစ်ယာန်များနှင့် အတူယှဉ်တွဲနေထိုင်ခြင်းဟူသည့် အစ္စလာမ်၏ အလယ်အလတ်လမ်းစဉ်ကို ဖျက်ဆီးရန် ရည်ရွယ်နေခြင်းဖြစ်သည်ဟု လက်ဘနွန်နိုင်ငံမှ ခရစ်ယာန် ကက်သလစ် ဘုန်းတော်ကြီး ကာဒီနယ် ဘက်ချရာ ရာအီက ပြောကြားလိုက်သည်။

    သြဂုတ်လ ၁၈ ရက်နေ့မှ ၂၁ ရက်နေအထိ ဆိုးလ်မြို့၌ ပြုလုပ်ခဲ့သည့် ‘ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးဖိုရမ်’ မိန့်ခွန်းတွင် ယခုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုင်ငံရပ်ခြားတိုင်းပြည်များ၏ မီးထိုးမှုကြောင့် ဖြစ်ပွားနေသော အရှေ့အလယ်ပိုင်းစစ်ပွဲများကို အဆုံးသတ်ရန်နှင့် ပြဿနာများကို အဖြေရှာရန် နိုင်ငံတကာအသိုင်းအ၀ိုင်းအား တိုက်တွန်းခဲ့သည်။

    ကာဒီနယ် ရာအီမှာ ဆိုးလ်မှ ကာဒီနယ် အန်ဒရူး ယီအွန် ဆူဂျန်၏ ဖိတ်ကြားမှုကြောင့် အဆိုပါ ဖိုရမ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

    အာရပ်နိုင်ငံများတွင် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန်လည်း ရာအီက အလေးထားပြောကြားခဲ့ပြီး နိုင်ငံတော်နှင့် ဘာသာရေးကို စည်းခြားရန်၊ ဒီမိုကရေစီဖွံ့ဖြိုးရန်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားရန်လည်း တိုက်တွန်းခဲ့သည်။

    ဆော်ဒီနှင့် အီရန်နိုင်ငံအကြား ပြန်လည်သင့်မြတ်ရေး အကူအညီပေးရန်အတွက်လည်း ကာဒီနယ်က နိုင်ငံတကာအသိုင်းအ၀ိုင်းကို ဆော်သြခဲ့ပြီး၊ ထိုသို့ပြုလုပ်မှသာ ဒေသတွင်း တင်းမာမှုများကို လျော့ချနိုင်မည်ဟု ဆိုသည်။

    ထိုကဲ့သို့ နိုင်ငံတော်နှင့် ဘာသာရေးကို စည်းခြားမထားမှုအတွက် လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးအခြေပြု ဘာသာရေးပဋိပက္ခများ ၂ နှစ်တိုင်တိုင် ဖြစ်ပွားခဲ့မှုကို ကာဒီနယ်က ထောက်ပြခဲ့သည်။ အစ္စလာမ်ဘာသာဝင်အများစုရှိသည့် လက်ဘနွန်နိုင်ငံ၏ လက်ရှိနိုင်ငံရေးစနစ်တွင် သမ္မတတာဝန်ကို မာရိုနိုက်ခရစ်ယာန်များသာ ထမ်းဆောင်ရန် သတ်မှတ်ပေးထားသည်။

    ရာအီကမူ မိမိတို့နိုင်ငံ၏ နိုင်ငံရေးစနစ်မှာ ထူးခြားကောင်းမွန်သည့် စနစ်မျိုးဖြစ်ပြီး၊ နိုင်ငံသားချင်း တန်းတူညီမျှမှု၊ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ ယဉ်ကျေးမှုကို အခြေခံကာ ပုံဖော်ထားသည့် မိမိတို့၏ အခြေခံဥပဒေမှာ အခြားသောနိုင်ငံများ အတုယူရမည့် ပုံစံမျိုးဖြစ်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    ပါလက်စတိုင်းနိုင်ငံထူထောင်ရေး၊ ၎င်းတို့မြေမှ အစ္စရေး၏ နှင်ထုတ်မှုကိုခံရသည့် ပါလက်စတိုင်းပြည်သူများအားလုံး ပြန်လည်ခြေချ နေထိုင်နိုင်ရေး၊ ပါလက်စတိုင်းနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်များအားလုံးကို အသက်သွင်းရေး စသည်တို့အတွက် ကမ္ဘာ့ခေါင်းဆောင်များ အတူတကွ ဆောင်ရွက်ကြရန်လည်း ကာဒီနယ်က တိုက်တွန်းပြောကြားခဲ့သည်။

    Ref: Cruxnow.com

  • ဂျော်ဒန်နှင့် WHO တို့ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုး

    ဂျော်ဒန်နှင့် WHO တို့ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လက်မှတ်ထိုး

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    jordan

    – ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းတစ်ခုကို အကောင်အထည်ဖော်ရန် ဂျော်ဒန်ကျန်းမာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) တို့က သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    ဂျော်ဒန်ကျန်းမာရေးဝန်ကြီး မာမွတ်အလ်ရှိုင်ယစ်ဘ်နှင့် ဂျော်ဒန်ဆိုင်ရာ WHO ကိုယ်စားလှယ် ခရစ္စတီးနား ပရိုဖလီတို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတွင် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လိုအပ်ချက်များအရ မြောက်များစွာသော ကျန်းမာရေးစီမံကိန်းများကို အကောင်အထည်ဖော်ရေး အထွေထွေနှင့် အဖွဲ့လိုက်ဆိုင်ရာ မူဘောင်သတ်မှတ်ချက်တစ်ခု ပါဝင်သည်ဟု ပြောကြားခဲ့သည်။

    အဓိက ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများနှင့် ကျန်မာရေးစနစ်များ အားကောင်းလာစေရေး၊ တိုးတက်စေဖွံ့ဖြိုးစေရေးတွင် အဆိုပါ သဘောတူညီချက်မှတစ်ဆင့် အကောင်အထည်ဖော်သွားမည့် ကျန်းမာရေး စီမံကိန်းများ အရေးကြီးမှုကိုလည်း ၎င်းတို့က ထောက်ပြခဲ့သည်။

    ဂျော်ဒန်ကျန်းမာရေးဝန်ကြီးကမူ ကျန်းမာရေးစီမံကိန်းများစွာ အကောင်အထည်ဖော်ပေးမည့် WHO ၏ အားပေးကူညီ မှုအတွက် မိမိတို့အနေဖြင့် ကျေနပ်အားရမိကြောင်း ပြောကြားခဲ့သည်။

    Ref : IINA

  • ခရစ်ယာန်ဘုရားကျောင်းမှ ၀တ်ပြုဆုတောင်းမှုကို တက်ရောက်ကာ ဗြိတိန်မွတ်စလင်များ စည်းလုံးမှု ပြသ

    ခရစ်ယာန်ဘုရားကျောင်းမှ ၀တ်ပြုဆုတောင်းမှုကို တက်ရောက်ကာ ဗြိတိန်မွတ်စလင်များ စည်းလုံးမှု ပြသ

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    london muslim

    – ခရစ်ယာန်အိမ်နီးချင်းများနှင့် စည်းလုံးညီညွတ်မှုရှိကြောင်း ပြသသည့်အနေဖြင် ဗြိတိန်မွတ်စလင်လူ့အဖွဲ့အစည်းမှ ထင်ရှားကျော်ကြားသူများမှာ လန်ဒန်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခု၏ ၀တ်ပြုဆုတောင်းမှုအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    ဘသ်နဲလ် ဂရင်းဒေသရှိ စိန့်ဂျွန်းဘုရားကျောင်းတွင်ဖြစ်ပြီး ပြင်သစ်နိုင်ငံရှိ ခရစ်ယာန်ဘုန်းတော်ကြီး Jacques Hamel အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက်သတ်ဖြတ်မှုကို ခံခဲ့ရပြီးနောက် ခရစ်ယာန်နှင့် မွတ်စလင်တို့အကြား သွေးကွဲမှုများ မဖြစ်လာစေရန် ရည်ရွယ်တက်ရောက်ခြင်းဖြစ်သည်။

    တက်ရောက်ခဲ့သည့် မွတ်စလင်ခေါင်းဆောင်များတွင် မွတ်စလင်ဥပဒေရေးရာကောင်စီမှ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်ကာ ရှေ့ဆောင်အီမာမ်၊ အစ္စလာမ့်ရေးရာ သင်ကြားပို့ချသူတစ်ဦးဖြစ်သည့် ဒေါက်တာ မာမဒူ ဘိုကိုအမ်၊ Tower Hamlets ကောင်ဆဲလာဖြစ်သူ ရာဘီနာခန်း တို့လည်း ပါဝင်သည်။

    လန်ဒန်ခရစ်ယာန်ဂိုဏ်းအုပ်ဆရာတော် အလန်ဂရင်းက ၀တ်ပြုဆုတောင်းမှုမှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် Faith Matters အဖွဲ့မှ စီစဉ်ခြင်းဖြစ်ပြီး ဘာသာနှစ်ခုအကြား အရေးပါမှု၊ စည်းလုံးညီညွတ်မှု၊ တစ်ဦး၏ ဂုဏ်သိက္ခာနှင့် ရှင်သန်မှုကို တစ်ဦးက စာနာ ဖေးမှုတို့အား ထပ်လောင်းအတည်ပြုခြင်းဖြစ်သည်ဟု မိန့်ကြားခဲ့သည်။

    Faith Matters အဖွဲ့မှ ဖီယဇ် မဂ်ဟဲလ်က “နိုင်ငံအတွင်းနဲ့ နိုင်ငံတကာမှာ ပြဿနာတွေဖြစ်ပွားနေတဲ့ ဒီလိုအချိန်မျိုးမှာ ဒါမျိုးစည်းလုံးဖို့ဟာ အတော်အရေးကြီးပါတယ်။ ဖာသာ Jacques လို ကိုးကွယ်တဲ့ ဘာသာတရားကြောင့် ပစ်မှတ်ထားခံရသူတွေအတွက် ပြင်သစ် မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေ အတူတကွ ရပ်တည်ခဲ့တာကိုကြည့်ရင် ဒါမျိုး ပြန့်နှံ့အောင် လုပ်ရမယ်လို့ ဆိုလိုပါတယ်။ ဒီနေ့ ဗြိတိန်မွတ်စလင်တွေဟာ စိန့်ဂျွန်းဘုရားကျောင်းမှာ ခရစ်ယာန် ညီအစ်ကို မောင်နှမတွေနဲ တစ်သားတည်းရပ်တည်နေကြပြီး၊ အမုန်းတရားရဲ့ သွေးခွဲမှုကို ခွင့်မပြုဘူးလို့ ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တာပါပဲ” ဟု ပြောကြားခဲ့သည်။

    Ref : IINA

  • တောင်တရုတ်ပင်လယ်တွင် ကန်နှင့်ပူးပေါင်းနိုင်ခြေအတွက် ဂျပန်ကို တရုတ်က ပြင်းထန်စွာ သတိပေး

    တောင်တရုတ်ပင်လယ်တွင် ကန်နှင့်ပူးပေါင်းနိုင်ခြေအတွက် ဂျပန်ကို တရုတ်က ပြင်းထန်စွာ သတိပေး

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    japan 3

    – တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ ကျွန်းတုများတစ်ဝိုက် အငြင်းပွားရေပိုင်နက်တွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ခေါင်းစဉ်ဖြင့် အမေရိကန်စစ်သင်္ဘောများနှင့်အတူ ကင်းလှည့်ရန် ဂျပန်က ဆုံးဖြတ်ခဲ့မည်ဆိုပါက စည်းဖောက်ခြင်းဖြစ်မည်ဟု တရုတ်က ပြင်းထန်စွာ သတိပေးလိုက်သည်။

    အဆိုပါ ပိုင်နက် အငြင်းပွားနေသော ကျွန်းများနှင့် တရုတ်မှာ မည်သို့မှ ပတ်သက်မှုမရှိဟု The Hague ရှိ နိုင်ငံတကာခုံရုံးက ကြေငြာခဲ့ပြီး ထိုကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်မှု ပြုလုပ်ရန် ရှိနေစဉ် တရုတ်၏ ယခုကဲ့သို့ သတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တရုတ်ကမူ တောင်တရုတ်ပင်လယ်ရှိ ရေပိုင်နက် အများအပြားမှာ ၎င်း၏ ပိုင်ဆိုင်မှုဖြစ်သည်ဟု ဆက်လက်ကြေငြာထားဆဲဖြစ်သည်။

    အမေရိကန်စစ်တပ်ကမူ တရုတ်က ဆောက်လုပ်နေသည့် ကျွန်းတုများအနီး စစ်သင်္ဘောများ ကင်းလှည့်မှုကို ယခုနောက်ပိုင်းတွင် တိုးမြှင့်လုပ်ဆောင်နေပြီး အကယ်၍ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့များ ထိုလှုပ်ရှားမှုတွင် ပါဝင်ပါက စည်းဖောက်ခြင်း ဖြစ်မည်ဖြစ်ကြောင်း ဂျပန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ယွန်ဟွာက တိုကျိုရှိ ဂျပန်အရာရှိတစ်ဦးသို့ ပြောကြားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

    ထို့ပြင် ဂျပန်အနေဖြင့် တောင်တရုတ်ပင်လယ်တွင် တရုတ်ကိုဖယ်ထုတ်ရန် ရည်ရွယ်သော အမေရိကန်စစ်တပ်၏ ပူးတွဲစစ်ရေးလှုပ်ရှားမှုတွင် မပါဝင်သင့်ဟုလည်း ချန်ကဆိုပြီး တရုတ်နိုင်ငံအနေဖြင့် အချုပ်အခြာထိပါးမှုကို လက်ခံမည်မဟုတ်ဘဲ၊ စစ်ရေးကျူးကျော်မှုကိုလည်း ကြောက်ရွံ့နေမည်မဟုတ်ဟု ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါသတင်းရင်းမြစ်အရ ဂျပန်ကလည်း မိမိတို့အနေဖြင့် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ရန် အစီအစဉ်မရှိဟု ပြောကြားခဲ့သည်ဟု ဆိုသည်။

    Ref : RT