News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းကို ထောက်ခံမှုအတွက် UEFA ၏ ဒဏ်တပ်မှုကို ဆဲလ်တစ်ပရိသတ်များ တုန့်ပြန်

    ပါလက်စတိုင်းကို ထောက်ခံမှုအတွက် UEFA ၏ ဒဏ်တပ်မှုကို ဆဲလ်တစ်ပရိသတ်များ တုန့်ပြန်

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    celtic

    – အဖိနှိပ်ခံ ပါလက်စတိုင်းပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် အစ္စရေးကလပ်အသင်းနှင့်ပွဲတွင် ပါလက်စတိုင်းအလံများကို လွှင့်ထူခဲ့မှုကြောင့် ယူအီးအက်ဖ်အေ၏ ဒဏ်ရိုက်မှုအား ဆန့်ကျင်သောအားဖြင့် ဆဲလ်တစ်အသင်း ပရိတ်သတ်များမှာ ပါလက်စတိုင်း ပရဟိတ အဖွဲ့များအတွက် အလှူငွေ ပေါင် ၈၀၀၀၀ ရှာဖွေပေးခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်တစ်ပတ်က Hapoel Be’er Sheva အသင်းနှင့် စကော့တလန်တွင် ကစားခဲ့သည့်ပွဲတွင် ဆဲလ်တစ်ပရိတ်သတ်များက ထိုကဲ့သို့ ပါလက်စတိုင်းအလံများကို ဝှေ့ယမ်း လွှင့်ထူခဲ့ခြင်းဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက စည်းမျဉ်းစည်းကမ်း ချိုးဖောက်သည်ဟုဆိုကာ ဒဏ်ငွေရိုက်ခဲ့သည်။

    ထိုအရေးယူမှုကို မကျေနပ်သည့် ဆဲလ်တစ်ပရိတ်သတ်များကမူ ယူအီးအက်ဖ်အေ ဒဏ်ငွေရိုက်သည့် ပမာဏအတိုင်း ပါလက်စတိုင်းပရဟိတအဖွဲ့များအတွက် အလှူငွေ ပေါင် ၇၅၀၀၀ ရှာဖွေပေးရန် Go Fund Me အွန်လိုင်းစာမျက်နှာတစ်ခုကို ယမန်နေ့က ဖန်တီးခဲ့သည်။

    ထိုအလှူငွေများကို အစ္စရေး၏ တိုက်ခိုက်မှု၊ နယ်မြေသိမ်းပိုက်မှုနှင့် အတင်းအဓမ္မရွှေ့ပြောင်းခိုင်းမှုတို့အား ခံစားရသူ ပါလက်စတိုင်းများကို ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုများ ပေးနေသည့် Aid Palestine၊ ဘက်သလီဟမ်ရှိ အိုက်ဒါ ဒုက္ခသည်စခန်းမှ ကလေးငယ်များအတွက် ယဉ်ကျေးမှုနှင့် အားကစားစီမံကိန်းများကို ဆောင်ရွက်ပေးနေသည့် Lajee Centre တို့ကို ပေးအပ်သွားမည်ဖြစ်သည်။

    အဆိုပါ ရန်ပုံငွေကောက်ခံရေးအဖွဲ့က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မိမိတို့၏ ပါလက်စတိုင်းအား ထောက်ခံမှုကို နိုင်ငံတကာက လေးစားခဲ့ကြောင်း၊ သို့သော်လည်း ယူအီးအက်ဖ်အေက ဒဏ်ရိုက်ခဲ့သည့်အတွက် ထိုကဲ့သို့ ယူအီးအက်ဖ်အေ၏ သေးသိမ်သော၊ နိုင်ငံရေးအရ မရိုသားသောလုပ်ရပ်အတွက် မိမိတို့က ထိုဒဏ်ရိုက်ခဲ့သည့် ငွေပမာဏအတိုင်း ပါလက်စတိုင်းများအတွက် ရန်ပုံငွရှာဖွေခြင်းလှုပ်ရှားမှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ဆဲလ်ပရိသတ်များ၏ ထိုလှုပ်ရှားမှုတွင် ၂၄ နာရီအတွင် အလှူငွေ ပေါင် ၇၇၀၀၀ ရရှိခဲ့ပြီး၊ ရန်ပုံငွေ ပစ်မှတ်ကို ၈၀၀၀၀ အထိ တိုးမြှင်ခဲ့သည်။

    ထိုရန်ပုံငွေဖြင့် ဘောလုံးအင်္ကျီများ၊ အားကစားပစ္စည်းများဝယ်ယူကာ အိုက်ဒါဒုက္ခသည်စခန်းတွင် ဘောလုံးအသင်းတစ်ခု ထူထောင်သွားမည်ဖြစ်ပြီး Aida Celtic ဟု အမည်ပေးမည့် အဆိုပါဘောလုံးအသင်းကို ဘက်သလီဟမ် လူငယ်လိဂ်တွင် ယှဉ်ပြိုင်ကစားစေမည်ဟု ဆဲလ်တစ်ပရိတ်သတ်များ၏ ကြေငြာချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။

    Ref: Goal

  • အိုလံပစ်တွင် ဓားပြတိုက်ခံရသည်ဟု လိမ်သည့် အမေရိကန်ရေကူးသမား စပွန်ဆာများ ဆုံးရှုံး

    အိုလံပစ်တွင် ဓားပြတိုက်ခံရသည်ဟု လိမ်သည့် အမေရိကန်ရေကူးသမား စပွန်ဆာများ ဆုံးရှုံး

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    lochte

    – ဘရာဇီးလ်နိုင်ငံ ရီယိုဒီဂျနေရိုးမြို့တွင် ပြုလုပ်ခဲ့သည့် အိုလံပစ်ပြိုင်ပွဲအတွင်း ညဘက်အပြင်ထွက်ရာတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ၎င်းအား သေနတ်ထောက်၍ ဓားပြတိုက်ခဲ့သည်ဟု လိမ်လည်ပြောကြားမှု၏ နောက်ဆက်တွဲအဖြစ် အမေရိကန် နာမည်ကျော် ရေကူးအားကစားသမား ရိုင်ယန် လော့ခ်ျတေးမှာ စပွန်ဆာများ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့က ရေကူးအားကစားနှင့်သက်ဆိုင်သည့် ပစ္စည်းများ ထုတ်လုပ်သော Speedo ကုမ္ပဏီနှင့် ဖက်ရှင် ကုမ္ပဏီ Ralph Lauren တို့က လော့ခ်ျတေးအား စပွန်ဆာပေးထားမှုကို ရပ်ဆိုင်းသည်ဟု ကြေငြာခဲ့ပြီး စောစောပိုင်းကလည်း အသားအရေ ထိန်းသိမ်းသည့်ပစ္စည်းများ ထုတ်လုပ်သော Syneron-Candela နှင့် ဂျပန်မွေ့ယာလုပ်ငန်း Airweave တို့ကလည်း စပွန်ဆာ ရုပ်သိမ်းခဲ့သည်။

    အိုလံပစ် ရွှေတံဆိပ် ၁၂ ဆုရှင် လော့ခ်ျတေးမှာ အဆိုပါ စပွန်ဆာများမှတစ်ဆင့် နှစ်စဉ် ဒေါ်လာသန်းချီ ရရှိနေသူဖြစ်သည်။ ၎င်းနှင့် အသင်းဖော် ၃ ဦးမှာ ရီယိုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ သေနတ်ထောက် ဓားပြတိုက်မှုကို ခံခဲ့ရသည်ဟု ပြောကြားခဲ့ပြီး ဘရာဇီးလ်ရဲတပ်ဖွဲ့က အသေးစိတ်စစ်ဆေးရာတွင် လော့ခ်ျတေးက မိမိအနေဖြင့် ထိုစဉ်က အရက်မူးနေကာ ချဲ့ကားပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    ရုပ်သိမ်းခဲ့သည့် စပွန်ဆာ ၄ ခုတွင် Speedo က အကြီးဆုံးဖြစ်ပြီး အသက် ၃၂ အရွယ်ရှိ လော့ခ်ျတေးကလည်း ထိုဆုံးဖြတ်ချက်ကို အလေးထားပြီး ထောက်ပံ့ခဲ့မှုများကို ကျေးဇူးတင်သည်ဟု ပြောကြားခဲ့သည်။

    Ralph Lauren ကမူ လော့ခ်ျတေး၏ ဓာတ်ပုံများကို ၎င်းတို့၏ ၀ဘ်ဆိုက်မှ ဖယ်ရှားခဲ့ပြီး မိမိတို့၏စပွန်ဆာမှာ ရီယိုအိုလံ ပစ်အတွက်သာဖြစ်ပြီး ပြိုင်ပွဲနောက်ပိုင်း သက်တမ်းတိုးမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • ဂျပန်တိုင်ဖုန်း လူ ၁ ဦးသေ၊ ဒါဇင်နှင့်ချီ ဒဏ်ရာရ

    ဂျပန်တိုင်ဖုန်း လူ ၁ ဦးသေ၊ ဒါဇင်နှင့်ချီ ဒဏ်ရာရ

    သြဂုတ် ၂၃၊ ၂၀၁၆
    M-Media

    japan 2

    – ဂျပန်နိုင်ငံတွင် ၀င်ရောက်နေသည့် အင်အားပြင်း တိုင်ဖုန်း မင်ဒူလီကြောင့် အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့သည်ဟု ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

    ယမန်နေ့ နေ့လည်ပိုင်းက ကုန်းတွင်းပိုင်းသို့ ၀င်ရောက်လာခဲ့သည့် အဆိုပါမုန်တိုင်းမှာ ဂျပန်မြို့တော် တိုကျိုမှ မြောက်ဖက် တိုဟိုကူဒေသသို့ ဦးတည်ရွေ့လျားနေပြီး၊ လေတိုက်နှုန်းမှာ တစ်နာရီတွင် ကီလိုမီတာ ၁၈၀ အထိ ရှိနေသည်ဟု ဂျပန် မိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    သေဆုံးသွားသူမှာ ကာနာဂါဝါစီရင်စုမှ အသက် ၅၈ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရေစီးနှင့် မျောပါသွားပြီးနောက် ပြန်လည်ဆယ်ယူနိုင်ခဲ့သော်လည်း ဆေးရုံတွင် သေဆုံးသွားခြင်းဖြစ်သည်။ ဒဏ်ရာရသူများမှာလည်း ဒါဇင်နှင့်ချီ ရှိနေပြီး အများစုမှာ လေပြင်းကြောင့် အရာဝတ္ထုများ ပြုတ်ကျရာမှ ထိခိုက်မိခြင်းဖြစ်သည်။

    လက်ရှိတွင် ဂရိတ်တားတိုကျိုဒေသနှင့် အနောက်မြောက်ဖက်မှ ပြည်သူသိန်းချီကို ၎င်းတို့အိမ်များမှ ထွက်ခွာရန် အာဏာပိုင်များက တိုက်တွန်းထားသည်။

    တိုင်ဖုန်း မင်ဒီလီမှာ နိုင်ငံအရှေ့မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းသို့ ဦးတည်နေပြီး ထိုဒေသနှင့် နိုင်ငံအရှေ့ပိုင်းတွင် မြေပြိုမှုများ၊ ရေကြီးမှုများ၊ ဒီရေတက်မှုများ ဖြစ်နိုင်သည်ဟု အာဏာပိုင်များက သတိပေးထားသည်။

    Ref: Aljazeera

  • အထီးကျန်သူများအား ဖေးမကူညီပေးနေသည့် အမေရိကန်မှ မွတ်စလင်အဖွဲ့

    အထီးကျန်သူများအား ဖေးမကူညီပေးနေသည့် အမေရိကန်မှ မွတ်စလင်အဖွဲ့

    သြဂုတ် ၂၂၊ ၂၀၁၆
    M-Media

    washintong 1
    ပါလက်စတိုင်းကျောင်းသူ အီလီယာ ဟာမဒ်

    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီအနီးရှိ မွတ်စလင် ဘာသာရေးစင်တာမှ အဖွဲ့ဝင်များမှာ ကျန်းမာရေး ပြဿ နာများ ရင်ဆိုင်နေရသူများအတွက် ကူညီပေးမည့် အစီအစဉ်တစ်ခုကို ဆောင်ရွက်နေပြီး အောင်မြင်မှုများ ရရှိနေသည်။

    ထိုအစီအစဉ်မှာ ရုပ်ပိုင်းဆိုင်ရာဒဏ်ရာကို ကုသခြင်းမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရမှုများကို ပြေပျောက်အောင် ကုသပေးသည့် အစီအစဉ်ဖြစ်ကာ ဂျော့ဂ်ျဝါရှင်တန်တက္ကသိုလ်မှ ပါလက်စတိုင်းကျောင်းသူ အီလီယာ ဟာမဒ်က ဦးဆောင်ဦးရွက် ပြုခြင်းဖြစ်သည်။

    အီလီယာမှာ စေတနာ့ဝန်ထမ်းများ စုဆောင်းကာ ဆွေမျိုး မိတ်သင်္ဂဟမရှိသော လူနာများထံ သွားရောက်ရန် စီစဉ်ထားပြီး၊ အဆိုပါစေတနာ့ဝန်ထမ်းများအား သင်တန်းပေးမှု အစီအစဉ်ကို ဖောလ်ချာ့ခ်ျရှိ ‘ဒါရုလ်ဟစ်ဂ်ျရာ’ ဗလီဝတ်ကျောင်းတော်တွင် ပြုလုပ်ခဲ့သည်။

    “ကျွန်မဒီမှာနေရတာ များသေားအားဖြင့် မိသားစုနဲ့ ကင်းကွာပြီး နေရတာပါ။ တစ်ခေါက် သည်းခြေမှာ ကျောက်တည်ပြီး ဆေးရုံတက်ခွဲရတော့ ကျွန်မ လိုအပ်ချက်တစ်ခုကို သွားတွေ့ခဲ့ပါတယ်။ အဲဒါကတော့ ဒီမှာလည်း မိသားစုမရှိတဲ့သူ အများကြီး ရှိတယ်ဆိုတာပါပဲ” ဟု အီလီယာက ဖွင့်ဟခဲ့သည်။

    washintong 2
    အီမာမ် ဂျိုဟ်ရီ အဘ်ဒူလ် မာလစ်

    ထို့နောက် ၂၀၀၉ ခုနှစ်တွင် အီလီယာမှာ ထိုအစီအစဉ်ကို စတင်ခဲ့ပြီး ဆေးရုံများရှိ အထီးကျန်နေသူများထံသို့ လည်ပတ်သူများကို ပို့ဆောင်ပေးခဲ့သည်။ ပထမနှစ်မှာပင် စေတနာ့ဝန်ထမ်းပေါင်း ၃၀ ကျော် ပါဝင်ခဲ့ကြသည်။

    ဗာဂျီးနီးယား ဆေးရုံမှ ဆရာတော် ဂရေဟမ် ဘာ့ဒ်စလေက ဤသို့ ဖွင့်ဟခဲ့သည်။

    “ဗလီဝတ်ကျောင်းတော်ကလာတဲ့ ဧည်သည့်တွေကို ကျွန်တော်မှာရှိတဲ့ ကဒ်ပြားလေးတစ်ခု တပ်ပေးထားပြီး အဲဒီမှာ သူတို့ရဲ့ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်နဲ့ တီဘီရောဂါစမ်းသပ်ပြီးကြောင်း အထောက်အထားတွေ ရေးပေးထားပါတယ်။ လူနာတွေကို ကာကွယ်ဖို့အတွက် တီဘီရောဂါကို တစ်နှစ်တစ်ခါ ပုံမှန်စစ်ရပါတယ်”

    အဆိုပါအစီအစဉ်တွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်သူ လီယာလီခန်းကလည်း “ကျွန်မ ဇန်န၀ါရီလလောက်ကစပြီး ဒီအစီအစဉ်မှာ ပါဝင်တာပါ။ ကျွန်မဟာ တစ်နေ့ကို လူနာ ၃၊ ၄ ယောက်လောက်ကို သွားကြည်ပါတယ်။ တစ်ပတ်ကို ၁၂ ယောက်ကနေ၊ ၁၅ ယောက်လောက်အထိပေါ့” ဟု ပြောကြားခဲ့သည်။

    အခြားစေတနာ့ဝန်ထမ်းတစ်ဦးဖြစ်သူ ဆူရ်ရာယာ ဟူစိန်ကလည်း အနည်းဆုံး တစ်ပတ်လျှင်တစ်ခေါက် ရောက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အနည်းဆုံး တစ်ပတ်ကို တစ်ခေါက်လောက်တော့ ကျွန်မ ရောက်ဖြစ်ပါတယ်။ ကျွန်မမှာ ကလေးတွေရှိတော့ တစ်ခါတစ်လေ ကျွန်မတစ်ယောက်တည်း လာရပါတယ်။ တစ်ခါတစ်လေ ဧည့်တွေချိန်မဟုတ်ပဲ လူနာတွေနဲ့ စကားပြောလို့ရအောင် ကျွန်မ ချောင်းဝင်လာလေ့ ရှိပါတယ်”

    ဒါရူလ်ဟစ်ဂ်ျရာ အစ္စလာမ့်စင်တာ၏ ခေါင်းဆောင်များမှ တစ်ဦးဖြစ်သူ အီမာမ် ဂျိုဟ်ရီ အဘ်ဒူလ် မာလစ်ကလည်း ထိုအစီအစဉ်အား ချီးကျူးခဲ့သည်။

    “ဆေးရုံမှာ လူနာတွေကို လာကြည့်တဲ့သူတွေဟာ အဲဒီလူနာတွေကို တစ်ခုခုပေးနေတာဖြစ်တယ်လို့ ကျွန်တော်တို့ တွေးမိပါတယ်။ နေမကောင်းဖြစ်နေတဲ့သူ၊ ကလေးတစ်ဖက်နဲ့ ချို့တဲ့သူတွေကိုလက်ဆောင်ပေးတာ၊ ဒီလို သွားရောက်ကူညီဖေးမတာဟာ အလ္လာဟ်အရှင်မြတ်နဲ့ သင်တို့ကြားက ဆက်သွယ်မှုပါပဲ”

    အီလီယာကမူ ၎င်း၏ ထိုအစီအစဉ်အတွက် စေတနာ့ဝန်ထမ်းများ ရှာဖွေရာတွင် မလွယ်ကူဟုဆိုသည်။ သို့သော်လည်း သူမနှင့် သူမ၏ အသင်းကတော့ ထိုအစီအစဉ်၏ တိုးတက်မှုများကြောင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့လေသည်။

    Ref: VOA

  • အာကာသထဲ ခရီးထွက်ကြမလား

    အာကာသထဲ ခရီးထွက်ကြမလား

    သြဂုတ် ၂၂၊ ၂၀၁၆
    M-Media

    space
    အာကာသယာဉ်ဆိုက်ကပ်နိုင်မည့် နေရာသစ်ကို တပ်ဆင်ခဲ့ကြသည့် ဂျက်ဖ် ၀ီလီယံနှင့် ကိသ်ရူဘင်

    – အာကာသကို ခရီးသွားဖို့ဆိုတာ အရင်ကတော့ လူတော်တော်များများ အိပ်မက်ထဲမှာသာ ထည့်မက်ရတဲ့ ခရီးစဉ်တစ်ခုသာ ဖြစ်ခဲ့ပေမယ့် အခုတော့ ဒီအိပ်မက်တွေ အကောင်အထည်ဖော်ဖို့ နီးစပ်လာခဲ့ပါပြီ။

    ဘာ့ကြောင့်လည်းဆိုတော့ နိုင်ငံတကာ အာကာသစခန်းက အဖွဲ့ဝင်တွေဟာ စီးပွားဆိုင်ရာ အာကာသယာဉ်တွေ ဆိုပ်ကပ်ဖို့အတွက် နေရာတစ်ခုကို နိုင်ငံတကာစခန်းမှာ တပ်ဆင်လိုက်တာကြောင့် ဖြစ်ပါတယ်။ အဲဒီနေရာဟာ ‘universal’ ဖြစ်တာကြောင့် ဘယ်လိုအာကာသယာဉ်မျိုးမဆို ဆိုက်ကပ်နိုင်မှာဖြစ်ပါတယ်။

    ဒီဆိုက်ကပ်နိုင်မယ့်နေရာကို Expedition 48 အာကာသအဖွဲ့ရဲ့ ကြီးကြပ်ရေးမှူး ဂျက်ဖ် ၀ီလီယံနဲ့ လေကြောင်းအင်ဂျင်နီယာ ကိသ်ရူဘင်တို့က စနေနေ့မနက်မှာ အာကာသထဲလမ်းလျှောက်ပြီး ၅ နာရီရဲ့ ၅၈ မိနစ်ကြာ တပ်ဆင်ခဲ့ရတာဖြစ်ပါတယ်။ နိုင်ငံတကာ အာကာသစခန်းကို တစ်နေ့နေ့တစ်ချိန်ချိန်မှာ သွားရောက်မယ်လို့ ရည်မှန်းထားသူတွေအတွက်တော့ ဒါဟာ သတင်းကောင်းပါပဲ။

    အရင်က နိုင်ငံတကာအာကာသစခန်းမှာ ရုရှားလုပ်ယာဉ်တွေသာ ဆိုက်ကပ်နိုင်ခဲ့ပေမယ့် အခု တပ်ဆင်လိုက်တဲ့ အာကာသယာဉ် ဆိုက်ကပ်ရာ နေရာအသစ်ဟာ Space X နဲ့ ဘိုအင်းတို့က ထုတ်လုပ်တဲ့ အာကာသယာဉ်တွေလည်း ဆိုက်ကပ်နိုင်မှာ ဖြစ်ပါတယ်။

    အမေရိကန် အာကာသအေဂျင်စီ နာဆာဟာ ‘ကမ္ဘာပတ်လမ်းသို့ စီးပွားဖြစ် ပို့ဆောင်ရေး ၀န်ဆောင်မှု’ အစီအစဉ်ကနေတစ်ဆင့် အာကာသယာဉ်မှူးတွေကို အာကာသထဲ အသွားအပြန်လုပ်ခိုင်းဖို့အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေဖြစ်ကြတဲ့ SpaceX နဲ့ ဘိုအင်းတို့ကို တာဝန်ပေး ခန့်အပ်ထားပါတယ်။

    ဒီအစီအစဉ်မှာ နိုင်ငံတကာ အာကာသစခန်းကို ထောက်ပံ့ရေးပစ္စည်းတွေလည်း ပေးပို့သွားမှာပါ။ SpaceX ကတော့ ပထမဆုံး စမ်းသပ်ပျံသန်းမယ့် ခရီးစဉ်ကို ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ စတင်မှာဖြစ်ပြီး အာကာသယာဉ်မှူးနှစ်ဦးကို ပို့ဆောင်မှာဖြစ်ပါတယ်။ ဘိုးအင်းကတော့ ၂၀၁၈ ခုနှစ်မှာ စတင်ပျံသန်းမှာ ဖြစ်ပါတယ်။

    Ref: RT