News @ M-Media

Author: Ko Lay

  • စင်ကာပူ Marina Bay ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် စီစဉ်ထားသူများကို အင်ဒိုဖမ်းဆီး

    စင်ကာပူ Marina Bay ကို ဒုံးကျည်ဖြင့် တိုက်ခိုက်ရန် စီစဉ်ထားသူများကို အင်ဒိုဖမ်းဆီး

    သြဂုတ် ၅၊ ၂၀၁၆
    M-Media

    sing 2

    – စင်ကာပူနိုင်ငံရှိ အထင်ကရနေရာတစ်ခုဖြစ်သော Mrina Bay အား ဒုံးကျည်ဖြင့်တိုက်ခိုက်ရန် စီစဉ်ထားသည့် အဖွဲ့မှ ခေါင်း ဆောင်တစ်ဦးအပါအ၀င် အကြမ်းဖက်သံသယရှိသူ ၆ ဦးကို အင်ဒိုနီးရှားအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု အင်ဒိုနီးရှားမီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    ဖမ်းဆီးခံထားရသူများမှာ အသက် ၁၆ နှစ်မှ ၄၆ နှစ်အရွယ်အထိ ရှိကြပြီး အင်ဒိုနီးရှားပိုင် ဘာတမ်ကျွန်းငယ်လေးမှ တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်ကာ ၎င်းတို့ကိုလည်း ထိုကျွန်းတွင်ပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အိမ်ယာတစ်ခုတွင် ၎င်းတို့ လက်နက်များ သိုဝှက်ထားမှုကိုလည်း တွေ့ရှိခဲ့သည်။

    အဆိုပါ ၆ ဦးမှာ အသက် ၃၁ နှစ်အရွယ် ဂီဂီ ရဟ်မတ် ဒီဝါ ဦးဆောင်သည့် Katibah Gigih Rahmat အဖွဲ့မှဖြစ်ပြီး ဒီဝါမှာ Marina Bay အားတိုက်ခိုက်ရန် ဦးဆောင်စီစဉ်သူဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ အစီအစဉ်မှာ ဆီးရီးယားတွင် သွားရောက်တိုက်ခိုက်နေသော အင်ဒိုနီးရှားစစ်သွေးကြွတစ်ဦးဖြစ်သည့် ဘူရွန် နအင်းမ်၏ အကူအညီဖြင့် ဘာတမ်ကျွန်းမှ ပစ်ခတ်ရန်ဖြစ်သည်။

    “ဟုတ်ပါတယ်။ တိုက်ခိုက်ဖို့အတွက် သူတို့ တစ်ကယ်ကို စီစဉ်ထားတာပါ။ ဒါပေမယ့် လက်တွေ့တော့ အကောင်အထည်မဖော်ရသေးပါဘူး” ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဘွိုင် ရက်ဖ်လီက ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုတိုက်ခိုက်မှု၏နောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းရှိသည်ဆိုသည်ကို မသိရှိရသေးဘဲ၊ ဒုံးကျည်ဖြင့်တိုက်ခိုက်မည့် ထိုအစီအစဉ်တွင် ဒုံးကျည်သဲလွန်စများကိုလည်း မတွေ့ရကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    ဖမ်းဆီးထားသူများကို အကြမ်းဖက် IS အဖွဲ့၏ အင်ဒိုနီးရှားကွန်ယက်တွင် ပါဝင်ပတ်သက်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့က စစ်ဆေးနေသည်။

    Ref: Channelnewsasia

  • ဂရိမြို့တော် အေသင်တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး အစိုးရက ဆောက်လုပ်ပေးမည်

    ဂရိမြို့တော် အေသင်တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး အစိုးရက ဆောက်လုပ်ပေးမည်

    သြဂုတ် ၅၊ ၂၀၁၆
    M-Media

    ဂရိမွတ်စလင်တစ်ဦး ၀တ်ပြုနေပုံ

    – နိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ လွယ်ကူစွာ ၀တ်ပြုဆုတောင်းနိုင်ရန်အတွက် မြို့တော်အေသင်တွင် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်မည့် စီမံကိန်းကို ဂရိအစိုးရက ယမန်နေ့တွင် အတည်ပြုလိုက်ပြီး နှစ်ပေါင်း ၁၅၀ အတွင်း အေသင်၌ ပထမဆုံး ဗလီဝတ်ကျောင်းတော် ပေါ်ပေါက်လာမည့် စီမံကိန်းလည်းဖြစ်သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်တည်ဆောက်မှုမှာ ကန်ဒေါ်လာ ၁ သန်းဝန်းကျင် ကုန်ကျမည်ဖြစ်ပြီး အစိုးရက အကုန်အကျခံသွားမည်ဖြစ်သည်။ အေသင်တွင် အစ္စလာမ်ဘာသာဝင်ပေါင်း ၃ သိန်းခန့်ရှိပြီး အများစုမှာ ဘော်လ်ကန်လူမျိုးများဖြစ်ကြသည်။

    အေသင်ရှိမွတ်စလင်များမှာ ရာစုနှစ်တစ်ခုခုကျော်ကျော်မျှ အဆင်ပြေသည့်နေရာများတွင် စုပေါင်းဝတ်ပြုခဲ့ကြရသည်။ အေသင်တွင် နောက်ဆုံး တည်ရှိခဲ့သည့် ဗလီဝတ်ကျောင်းတော်မှာ ၁၈၂၉ ခုနှစ်က အဆုံးသတ်သွားခဲ့သည့် အော်တိုမန်အင်ပါယာလက်ထက်ကဖြစ်ပြီး ယခုတွင် အနုပညာပြတိုက်အဖြစ် အသုံးပြုထားသည်။ ယခင်က ထိုဗလီဝတ်ကျောင်းတော် အဆောက်အဦးကို အကျဉ်းထောင်၊ စစ်စခန်းနှင့် ဂိုထောင်များအဖြစ် အသုံးပြုခဲ့သည်။

    ဗလီဝတ်ကျောင်းတော်တည်ဆောက်ရေးအတွက် တိုက်တွန်းသူများကမူ ထိုသို့ တည်ဆောက်ပေးခြင်းအားဖြင့် အေသင်သို့ ရောက်ရှိလာသော ဒုက္ခသည်ထောင်ပေါင်းများစွာကို အကြမ်းဖက်အဖွဲ့များက သွေးဆောင်ဖျားယောင်းကာ အစွန်းရောက်စေခြင်းမှ ကာကွယ်နိုင်မည်ဟု ဆိုသည်။

    “ပြင်သစ်နဲ့ ဘယ်လ်ဂျီယံတို့မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရှောင်ရှားချင်တယ်ဆိုရင် သူတို့လုပ်ခဲ့တဲ့ အမှားမျိုးကို ကျွန်တော်တို့ လုပ်လို့မရပါဘူး။ ဗလီဝတ်ကျောင်းတော်မရှိဘဲ အဆင်ပြေတဲ့နေရာတွေမှာသာ စုပေါင်းဝတ်ပြုရတယ်ဆိုတာ တိုင်းပြည်နဲ့ မွတ်စလင်လူ့အဖွဲ့အစည်းအတွက် ရှက်စရာတော်တော်ကောင်းပါတယ်။ ပြီးတော့ အမျိုးသားလုံခြုံရေးအတွက်လည်း အန္တရာယ် ရှိစေပါတယ်” ဟု ဂရိ ပညာရေးဝန်ကြီး နီကို့စ် ဖီလစ်က ပြောကြားခဲ့သည်။

    ထိုစီမံကိန်းကို နာဇီလက်သစ် Golden Dawn ပါတီကဲ့သို့ ကွန်ဆာဗေးတစ်များနှင့် လက်ယာအုပ်စုများ၊ နိုင်ငံ၏ တရားဝင်ဘာသာတရားတစ်ခုဖြစ်သော ဂရိ အော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ဂရိအစိုးရမှာ ၂၀၀၆ ခုနှစ်ကလည်း ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ရန် ကြိုးစားခဲ့ပြီး ဥပဒေပိုင်းဆိုင်ရာ ကိစ္စများကြောင့် ရှေ့ဆက်မတိုးခဲ့ရပေ။

    REf: theatlantic.com

  • ရေအရင်းအမြစ် စီမံခန့်ခွဲမှု – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၃)

    ရေအရင်းအမြစ် စီမံခန့်ခွဲမှု – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၃)

    သြဂုတ် ၅၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    Qanat (1)
    မွတ်စလင်များ တီထွင်ခဲ့ပြီး ကွာနက်ဟုခေါ်သည့် မြေအောက်ရေသွယ်မြောင်း ရေပေးဝေရေးစနစ်

    – အန်ဒါလူစီယာပဲဖြစ်ဖြစ်၊ အာဖဂန်၊ ချီကာဂို၊ ကိုင်ရို ဘယ်နေရာပဲဖြစ်ဖြစ် ရေဟာ လယ်ယာစိုက်ပျိုးရေးနဲ့ လူသားတွေ အသက်ရှင်ရပ်တည်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ ရင်းမြစ်တစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ရေဟာ သက်ရှိအားလုံးရဲ့ မူလဖြစ်တည်ရာလည်း ဖြစ်ပါတယ်။ မွတ်စလင်တွေဟာ အဲဒီရေအရင်းမြစ်ကို စနစ်တကျ အသုံးချနိုင်ရေးအတွက် နည်းလမ်းအဟောင်းတွေကို ထိန်းသိမ်းခဲ့ရုံသာမက ဒီနည်းလမ်းတွေကို  မွမ်းမံကာ တိုးတက်အောင်ဆောင်ရွက်ခဲ့ကြပြီး နည်းလမ်းအသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ဒီနေ့ခေတ် အသုံးပြုနေတဲ့ ရေပေးဝေရေးနည်းလမ်းတွေဟာ မွတ်စလင်တွေ ချန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေထဲ တစ်ခု ဖြစ်ပါတယ်။

    သင်္ချာနယ်ပယ်မှာ မွတ်စလင်တွေရဲ့ ထူးချွန်မှုက အင်ဂျင်နီယာကဏ္ဍကိုပါ တစ်ပါတည်း တိုးတက်စေခဲ့ပြီး ဇလဗေဒနယ်ပယ်၊ ရေပေးဝေရေးနည်းလမ်းတွေကို ရှာဖွေဖော်ထုတ်တည်ဆောက်နိုင်မယ့် စက်ပစ္စည်းပိုင်းဆိုင်ရာ နယ်ပယ်တွေကိုလည်း မွတ်စလင်တွေက သိသိသာသာကို တော်လှန်ပြောင်းလဲပစ်လိုက်ပါတယ်။ ၁၁ ရာစုမှာ ပါရှန်သင်္ချာပညာရှင်နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်သူ မိုဟာမက် အလ်-ကာရာဂျီ (Muhammad al-Karaji) ဟာ “မြေအောက်ရေများကို ထုတ်ယူသုံးစွဲခြင်း” ဆိုတဲ့ အကြောင်းအရာကို စတင်ပြောကြားခဲ့ပါတယ်။ ပြီးတော့ သူဟာ မြေအောက်ရေ ရှာဖွေရေး ကိရိယာတွေ၊ မြေအောက်ရေရှိကြောင်း သိရှိနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေဖော်ထုတ်ခဲ့ပြီး၊ မြေအောက် ရေသွယ်မြောင်းတွေ တူးဖော်ဖို့ နည်းလမ်းတွေကိုလည်း ရေးသားခဲ့ပါသေးတယ်။

    မြေအောက်ရေသွယ်မြောင်း

    foggaras
    မြေအောက်ရသွယ်မြောင်းကွန်ရက်မှ ပုံရိပ်တစ်ခု

    ဒီလို မြေအောက်ရေသွယ်မြောင်းတွေ တူးဖော်ရတာဟာ အပူချိန်ကြောင့် ရေငွေ့ပြန်မှုကို တားဆီးဖို့ ဖြစ်ပါတယ်။ အာရဘီလို ‘ကွာနက်စ်’ (quanat) လို့ခေါ်တဲ့ အဲဒီရေသွယ်မြောင်းတွေထဲက ရှေးအကျဆုံးတစ်ခုကိုတော့ ပါရှားပြည် (ယခုအီရန်) နိုင်ငံမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကြောင့် လယ်ယာစိုက်ပျိုးရေးနယ်ပယ်ဟာ ဖွံ့ဖြိုးလာခဲ့ပြီး၊ ကောက်ပဲသီးနှံ အများအပြားကိုလည်း စိုက်လာနိုင်တာကြောင့် ‘ကွာနက်စ်’ တည်ဆောက်မှုဟာ မွတ်စလင်ကမ္ဘာမှာ အထူးသဖြင့် ပူပြင်းခြောက်သွေတဲ့ ရာသီဥတုရှိတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။ နောက်ပိုင်းမှာတော့ မွတ်စလင်တွေရဲ့ ဒီနည်းလမ်းဟာ စပိန်နိုင်ငံ ကော်ဒိုဘာကို ရောက်ရှိခဲ့ပြီး မြို့ပြရေပေးဝေမှုစနစ်ကို သန္ဓေတည် ပေါက်ဖွားစေခဲ့ပါတော့တယ်။

    ပါရှန်နိုင်ငံနဲ့ ယနေ့ခေတ် အာဖဂန်နစ္စတန်တို့မှာ ဒီလိုမြေအောက်ရေသွယ်မြောင်းတွေနဲ့ ဆက်သွယ်ထားတဲ့ ရေတွင်းပေါင်း ထောင်နဲ့ချီ တွေ့ရှိနိုင်ပါတယ်။ ဒီရေသွယ်မြောင်းတွေကို နုန်းကျမှု၊ ပျက်ဆီးယိုယွင်းမှုတွေ ခံနိုင်အောင် တည်ဆောက်ထားတာဖြစ်ပြီး ကြမ်းတမ်းတဲ့ သဲကန္တာရ၊ မာကျောတဲ့ ကျောက်ဆောင် ကျောက်တန်းတွေကို အန်တုကာ ရေတွေ အဆက်မပြတ်စီဆင်းစေဖို့ ဒီဇိုင်းထုတ်ထားတာလည်း ဖြစ်ပါတယ်။ အင်မတန်မာတဲ့ ကျောက်ဆောင်တွေအနား ရောက်ရင်တော့ ဒီရေသွယ်မြောင်းတွေဟာ မြေပြင်ပေါ်တက်လာပြီး၊ မြေအခြေအနေ ပြောင်းလဲသွားတာနဲ့အမျှ မြေအောက်ကို  ပြန်ရောက်သွားပါတယ်။ အလ်ဂျီးရီးယားက ဆာဟာရဒေသမှာ ဒီလို မြေအောက် ရေသွယ်မြောင်းကွန်ယက် မြောက်များစွာ ရှိပြီး အဲဒီကွန်ယက်တွေကို ‘ဖော့ဂါရက်စ်’ (Foggaras) လို့ ခေါ်တွင်ပါတယ်။

    အဲဒီဒေသတွေက လယ်သမားတွေ ရေကို အချိန်မီရရှိဖို့၊ နေ့ညမပြတ် ညီတူညီမျှ ရရှိဖို့ဆိုတဲ့ ရေပေးဝေမှု ထိန်းချုပ်ရေးစနစ်အတွက် လယ်သမားတွေဟာ ‘ကလပ်ဆိုက်ဒရာ’ (clepsydra) လို့ခေါ်တဲ့ ရေနာရီကို အသုံးပြုကြပါတယ်။ ယနေ့ခေတ် ရေအားလျှပ်စစ်နဲ့လည်ပတ်တဲ့ ဆည်ကြီးတွေ၊ ခေတ်ပေါ် ရေပေးဝေမှုစနစ်တွေ ရှိနေပေမယ့်လည်း အီရန်နိုင်ငံရဲ့ အချို့ဒေသတွေမှာ ဒီ ‘ကွာနက်စ်’ တွေဟာ လယ်သမားတွေရဲ့ အသက်သွေးကြောအဖြစ် ရပ်တည်နေပါတယ်။ ရှီရက်ဇ်ဒေသ အရှေ့မြောက်ပိုင်းမှာဆိုရင် လိုအပ်တဲ့ရေအရင်းအမြစ်ကို မြေအောက်ရေမြောင်းတွေနဲ့ သွယ်တန်းထားတဲ့ ရေတွင်းတွေကနေ ရရှိနေတာဖြစ်ပါတယ်။

    ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိတဲ့ အဲဒီဒေသတွေမှာ ရေဟာ ရွှေထက်တန်ဖိုးရှိတာကြောင့် မွတ်စလင်တွေဟာ ဒီနေ့ခေတ်လိုမျိုးပဲ ရေအရင်းအမြစ်ကို ထိန်းညှိဖို့ ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီခေတ်အခါက အာဏာပိုင်တွေဟာ ဒီကိစ္စမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြပါတယ်။ အီရတ်နိုင်ငံမှာဆိုရင် ဆည်တမံတွေလို ဟိုက်ဒရောလစ်စနစ်သုံး ကြီးမားတဲ့ ရေပေးဝေမှု ရင်းမြစ်တွေကို ဒေသကြီးတွေမှာ အသုံးပြုဖို့ စီစဉ်ခဲ့ပြီး ဒေသငယ်လေးတွေက ပြည်သူတွေကတော့ ရေစီးကြောင်းစွမ်းအင်အသုံးပြု ရေစုပ်စက်လို စက်ငယ်လေးတွေကို အဓိကထား သုံးစွဲခဲ့ကြပါတယ်။

    အီဂျစ်နိုင်ငံမှာတော့ နိုင်းမြစ်ကရေကို စီမံခန့်ခွဲခြင်းဟာ နိုင်ငံအတွင်းက သက်ရှိတိုင်း အသက်ရှင်ရပ်တည်ဖို့အတွက် အရေးပါတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ၁၄ ရာစု အီဂျစ်သမိုင်းပညာရှင်တွေဖြစ်တဲ့ အလ်-နူဝေရီ (Al-Nuwayri) နဲ့ အလ်-မက်ရီဇီ (Al-Maqrizi) တို့ကတော့ သူတို့ရဲ့ စာအုပ်တွေထဲမှာ နိုင်းမြစ်ပေါ် တည်ဆောက်ထားတဲ့ ရေလှောင်တမံတွေ၊ ရေလမ်းကြောင်း ထိန်းသိမ်းမှုတွေရဲ့ အခန်းကဏ္ဍကို ရေးသားဖော်ပြခဲ့ကြပါတယ်။ အီရတ်နိုင်ငံမှာ ဘုရင်က ရေအရင်းအမြစ်စီမံခန့်ခွဲရေး အဆောက်အဦးကြီးတွေကို ဆောက်လုပ်ပြီး ပြည်သူတွေကတော့ အသေးစားလေးတွေကို ဆောက်လုပ်ကြပါတယ်။ ပြည်နယ်အလိုက် ခန့်အပ်ထားတဲ့ ခေါင်းဆောင် (အမီရ်) တွေ၊ အာဏာပိုင်တွေကလည်း ဒီအလုပ်ကို အဓိကထားပြီး စီမံကြီးကြပ်ကြပါတယ်။ မမ်လွက်မင်းဆက် (Mamluks) တွေလက်ထက်မှာဆိုရင် ကာရှစ်ဖ် အလ်-ဂျူဆူရ် (Kashif al-Jusur) ဆိုတဲ့ အမည်နဲ့ ရာထူးတစ်ခုကို ဖန်တီးပေထားပြီး အီဂျစ်က ပြည်နယ်တစ်ခုချင်းစီတိုင်းမှာရှိတဲ့ ဆည်တမံတွေကို စစ်ဆေးရတဲ့အလုပ် ဖြစ်ပါတယ်။

    ရေအရင်းအမြစ် စီမံခန့်ခွဲရေးခုံရုံး

    ဒါတင်မကသေးဘဲ ရေခွဲဝေရေးနဲ့ပတ်သက်တဲ့ အငြင်းပွားမှု၊ စည်းကမ်းချိုးဖောက်မှုတွေ ကိုင်တွယ်ဖြေရှင်းဖို့အတွက် လယ်သမားတွေကိုယ်တိုင်က ရွေးချယ်တင်မြောက်ထားတဲ့ တရားသူကြီးတွေ ရုံးထိုင်တဲ့ တရားရုံးတစ်ခုလည်း ရှိပြီး ရေဖြုန်းတီးမှုကို ပိတ်ပင်တာအပါအ၀င် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပါတယ်။ ဒီတရားရုံးကိုတော့ ‘ရေအရင်းအမြစ် စီမံခန့်ခွဲရေး ခုံးရုံး’ လို့ခေါ်ဆိုပြီး ကြာသာပတေးနေ့တိုင်းမှာ ဒေသတွင်းရ အရေးပါတဲ့ ဗလီဝတ်ကျောင်းတော်မှာ ရုံးထိုင်လေ့ရှိပါတယ်။ ရာစုနှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ ဒီခုံရုံးစနစ်ဟာ စပိန်နိုင်ငံ ဗလင်စီယာကို ရောက်လာခဲ့ပြီး ဒီအချိန်မှာတော့ ခရစ်ယာန်ဘုရားကျောင်းမှာ ရုံးထိုင်တာဖြစ်ပါတယ်။

    အစက်ချစိုက်ပျိုးနည်း

    drip
    ယနေ့ခေတ်တွင် တွင်တွင်ကျယ်ကျယ်အသုံးပြုနေသည့် အစက်ချစိုက်ပျိုးနည်းကို မွတ်စလင်ပညာရှင်ကြီး အစ်ဗနေ့ အလ်-အော်ဝမ် က ဖော်ထုတ်ခဲ့သည်။

    ၁၂ ရာစု မွတ်စလင် ရုက္ခဗေဒပညာရှင် အစ်ဗနေ့ အလ်-အော်ဝမ် (Ibn al-Awwan) ဟာ သူ့ရဲ့ Book of Agriculture (လယ်ယာစိုက်ပျိုးရေးဆိုင်ရာကျမ်း) မှာ ကောက်ပဲသီးနှံတွေအတွက် အစက်ချရေပေးဝေနည်းစနစ်ကို တင်ပြခဲ့ပြီး ဒီနည်းလမ်းဟာ ရေအလေအလွင့်မဖြစ်အောင်၊ အချို့သော ကောက်ပဲသီးနှံတွေမှာ ရေလိုတာထက် မပိုသွားအောင် ထိန်းသိမ်းနိုင်တယ်လို့ ရေးသားခဲ့ပါတယ်။ သူက ရေထည့်ထားတဲ့ အိုးတွေကို အပင်တွေရဲ့အခြေမှာ မြှုပ်ထားပြီး အဲဒီမှာဖောက်ထားတဲ့ သတ်မှတ်အပေါက်လေးတွေကနေ လိုအပ်သလောက် ရေကိုသာ အစက်ချပေးတာ ဖြစ်ပါတယ်။ အစ်ဗနေ့ အလ်-အော်ဝမ် တီထွင်ခဲ့တဲ့ ဒီနည်းစနစ်ကို ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

    လူမှုသိပ္ပံနဲ့ စက်မှုပိုင်းဆိုင်ရာ တီထွင်ကြံဆမှုမှာ တစ်ဖက်ကမ်းခတ်တော်ကြတဲ့ မွတ်စလင်တွေရဲ့ ရေအရင်းမြစ် ထုတ်ယူသုံးစွဲမှု၊ စီမံခန့်ခွဲမှုကို ဘယ်လိုပြဿနာမျိုးကမှ မဟန့်တားနိုင်ခဲ့ပါဘူး။ ရေဟာ အလွန်အင်တန်မှနက်ရှိုင်းတဲ့ ချေက်နက်ကြီးတဲ့မှာပဲ ရှိနေပါစေ မွတ်စလင်တွေဟာ အဲဒီခေတ်အခါက အဆန်းပြားဆုံး ရေတင်စက်တွေ၊ ရေစုပ်စက်တွေကို တီထွင်ဖန်တီးက လူမှုအဆင့်အတန်းကို တော်လှန်ပြောင်းလဲပစ်ခဲ့ပါတော့တယ်။

    water rising machine
    မွတ်စလင်များ ဆောက်လုပ်ခဲ့ပြီး စပိန်နိုင်ငံ ကော်ဒိုဘာမြို့တွင် ယနေ့အချိန်အထိ တွေ့မြင်နိုင်သည့် ရေစီးအားသုံး ရေစုပ်စက်

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • တောင်ကိုရီးယားတွင် အမေရိကန်ဒုံးခွင်းစနစ်အပေါ် ဆန့်ကျင်မှု လွှတ်တော်အမတ်များ ပါဝင်လာ

    တောင်ကိုရီးယားတွင် အမေရိကန်ဒုံးခွင်းစနစ်အပေါ် ဆန့်ကျင်မှု လွှတ်တော်အမတ်များ ပါဝင်လာ

    သြဂုတ် ၄၊ ၂၀၁၅
    M-Media

    korea

    – အမရေိကန်ဒုံးခွင်းစနစ် THAAD ကို တောင်ကိုရီးယားမှာ ချထားမယ့်အရေး ဆန့်ကျင်ကန့်ကွင်မှုတွေမှာ ပြည်သူတွေအပါအ၀င် လွှတ်တော်အမတ်တွေလည်း ပါဝင်လာကြတယ်လို့ သိရပါတယ်။

    အဓိကအတိုက်အခံပါတီဖြစ်တဲ့ မင်ဂျူပါတီက ဥပဒေပြုလွှတ်တော်အမတ် ကင်ယောင်ဟိုက ဆွန်ဂျူဒေသမှာ အဲဒီ ဒုံးခွင်းစနစ် ချထားမယ့်အစီအစဉ်ကို ၎င်းရဲ့ပါတီကလည်း ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    တောင်ကိုးရီးယားနဲ့ အမေရိကန်တို့ကတော့ ဒီအစီအစဉ်ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်ရန် တွေကနေ ကာကွယ်ဖို့ဖြစ်ပြီး လာမယ့်နှစ်အဆုံးပိုင်းမှာ တပ်ဆင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားပြည်သူတွေကတော့ အပြင်းအထန်ကန့်ကွက်နေကြပါတယ်။

    ကင်ယောင်ဟိုက မိမိတို့ပါတီဝင်ထက်ဝက်ခန့်လောက်ဟာ THAAD စနစ်တပ်ဆင်မယ့်အပေါ် အပြင်းအထန်ဆန့်ကျင် ကန့်ကွက်ကြပြီး၊ ဒီကိစ္စအပေါ် ပြန်လည်သုံးသပ်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

    အမေရိကန်ရဲ့ ဒီဒုံးခွင်းစနစ်တပ်ဆင်မယ့်အစီအစဉ်ကို တောင်ကိုရီးယားပြည်တွင်းမှာသာမကဘဲ ပြည်ပနိုင်ငံတွေကလည်း ကန့်ကွက်နေကြပြီး တရုတ်နဲ့ ရုရှားကတော့ ဒီဆောင်ရွက်မှုဟာ ကိုရီးယားကျွန်းဆွယ်အတွင်းမှာ လုံခြုံရေး၊ တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှာဖြစ်ပြီး နျူကင်းစင်ဒေသဖြစ်ဖို့အတွက်ည ဘာအထောက်အကူမှဖြစ်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    Ref : Presstv

  • မြန်မာစစ်တပ်မှာ စစ်ရာဇ၀တ်မှုကျူးလွန်သည်ဟု ALP ပါတီ၏ ပြောဆိုမှု ပယ်ဖျက်ပေးရန် နယ်စပ်ရေးရာဝန်ကြီး တောင်းဆို

    မြန်မာစစ်တပ်မှာ စစ်ရာဇ၀တ်မှုကျူးလွန်သည်ဟု ALP ပါတီ၏ ပြောဆိုမှု ပယ်ဖျက်ပေးရန် နယ်စပ်ရေးရာဝန်ကြီး တောင်းဆို

    သြဂုတ် ၄၊ ၂၀၁၆
    M-Media

    army

    – မြန်မာအစိုးရစစ်တပ်မှာ ရခိုင်ပြည်နယ်အတွင်း စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့ပြီး၊ ရခိုင်ပြည်သူများကို အလုပ်သမားများ၊ လူတံတိုင်းများအဖြစ် ဖမ်းဆီးအသုံးပြုကာ ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်သည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ၏ စွပ်စွဲပြောဆိုမှုများကို ရုပ်သိမ်းပေးရန်အတွက် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက ထပ်လောင်း တိုက်တွန်းလိုက်သည်။

    ALP က ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် သတင်းထုတ်ပြန်ချက်တွင် အစိုးရစစ်တပ်အား ထိုကဲ့သို့ စွပ်စွဲထားခြင်းဖြစ်ပြီး ဗီဒီယိုနှင့် ဓာတ်ပုံအထောက်အထားများလည်း ပါဝင်ခဲ့သည်။ စစ်တပ်ကမူ ထိုစွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဇူလိုင်လ ၂၅ ရက်နေ့က ALP က ဆက်ဆံရေးအရာရှိ ဦးခိုင်မျိုထွန်းမှာ ဖမ်းဆီးခံခဲ့ရပြီး ပြစ်မှုဆိုင်ရာ ဥပေဒ ပုဒ်မ ၅၀၅ (ခ)-(ဂ) တို့ဖြင့် တရားစွဲဆိုခံထားရသည်။

    ဇူလိုင်လ ၂၉ ရက်နေ့က ALP ပါတီမှာ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထင်လင်းနှင့် တွေ့ဆုံခဲ့သော်လည်း မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ဟု ALP ၏ အကြီးတန်းအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်ကြီး ခိုင်နေလင်းက ပြောကြားခဲ့သည်။ ထိုတွေ့ဆုံမှုအတွင်း စစ်တပ်အား စော်ကားသည့် စွပ်စွဲမှုကို ရုပ်သိပ်ပေးရန် သို့မဟုတ် ပြင်ဆင်ပေးရန် ၀န်ကြီးက တိုက်တွန်းခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဆက်ဆံရေးအရာရှိကို ပြန်လည်လွှတ်ပေးရန်လည်း ၀န်ကြီးက ငြင်းဆိုခဲ့သည်။

    ဗိုလ်ကြီးခိုင်နေလင်းကမူ နယ်စပ်ရေးရာဝန်ကြီး၏ တောင်းဆိုမှုအတွက် မိမိတို့ပါတီ၏ အမှုဆောင်ကော်မတီများမှာ ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ် ပြန်ကြားရေးဌာနကလည်း ဇူလိုင် ၂၉ ရက်တွေ့ဆုံမှုနှင့် ဆွေးနွေးမှုအတွင်း အဖြေမထွက်ခဲ့မှုတို့ကို အတည်ပြုခဲ့ပြီး နှစ်ဖက် ထပ်မံဆွေးနွေးမှု ဆက်လုပ်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    Ref: mmtimes