သြဂုတ် ၅၊ ၂၀၁၆
M-Media
– စင်ကာပူနိုင်ငံရှိ အထင်ကရနေရာတစ်ခုဖြစ်သော Mrina Bay အား ဒုံးကျည်ဖြင့်တိုက်ခိုက်ရန် စီစဉ်ထားသည့် အဖွဲ့မှ ခေါင်း ဆောင်တစ်ဦးအပါအ၀င် အကြမ်းဖက်သံသယရှိသူ ၆ ဦးကို အင်ဒိုနီးရှားအာဏာပိုင်များက ဖမ်းဆီးလိုက်သည်ဟု အင်ဒိုနီးရှားမီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။
ဖမ်းဆီးခံထားရသူများမှာ အသက် ၁၆ နှစ်မှ ၄၆ နှစ်အရွယ်အထိ ရှိကြပြီး အင်ဒိုနီးရှားပိုင် ဘာတမ်ကျွန်းငယ်လေးမှ တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်ကာ ၎င်းတို့ကိုလည်း ထိုကျွန်းတွင်ပင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အိမ်ယာတစ်ခုတွင် ၎င်းတို့ လက်နက်များ သိုဝှက်ထားမှုကိုလည်း တွေ့ရှိခဲ့သည်။
အဆိုပါ ၆ ဦးမှာ အသက် ၃၁ နှစ်အရွယ် ဂီဂီ ရဟ်မတ် ဒီဝါ ဦးဆောင်သည့် Katibah Gigih Rahmat အဖွဲ့မှဖြစ်ပြီး ဒီဝါမှာ Marina Bay အားတိုက်ခိုက်ရန် ဦးဆောင်စီစဉ်သူဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့၏ အစီအစဉ်မှာ ဆီးရီးယားတွင် သွားရောက်တိုက်ခိုက်နေသော အင်ဒိုနီးရှားစစ်သွေးကြွတစ်ဦးဖြစ်သည့် ဘူရွန် နအင်းမ်၏ အကူအညီဖြင့် ဘာတမ်ကျွန်းမှ ပစ်ခတ်ရန်ဖြစ်သည်။
“ဟုတ်ပါတယ်။ တိုက်ခိုက်ဖို့အတွက် သူတို့ တစ်ကယ်ကို စီစဉ်ထားတာပါ။ ဒါပေမယ့် လက်တွေ့တော့ အကောင်အထည်မဖော်ရသေးပါဘူး” ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဘွိုင် ရက်ဖ်လီက ပြောကြားခဲ့သည်။
သို့သော်လည်း ထိုတိုက်ခိုက်မှု၏နောက်ကွယ်တွင် မည်သည့်အကြောင်းအရင်းရှိသည်ဆိုသည်ကို မသိရှိရသေးဘဲ၊ ဒုံးကျည်ဖြင့်တိုက်ခိုက်မည့် ထိုအစီအစဉ်တွင် ဒုံးကျည်သဲလွန်စများကိုလည်း မတွေ့ရကြောင်း ၎င်းက ထည်သွင်းပြောကြားခဲ့သည်။
ဖမ်းဆီးထားသူများကို အကြမ်းဖက် IS အဖွဲ့၏ အင်ဒိုနီးရှားကွန်ယက်တွင် ပါဝင်ပတ်သက်မှုနှင့်ပတ်သက်၍ အင်ဒိုနီးရှား အကြမ်းဖက်နှိမ်နှင်းရေး အထူးတပ်ဖွဲ့က စစ်ဆေးနေသည်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.