News @ M-Media
Author: Ko Lay
  • ကမ္ဘောဒီးယားတွင် အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး လုပ်ကြံခံရ
    ကမ္ဘောဒီးယားတွင် အတိုက်အခံ နိုင်ငံရေးသမားတစ်ဦး လုပ်ကြံခံရ
    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media
    cam
    – ကမ္ဘောဒီးယားအစိုးရကို ဝေဖန်မှုတွေကြောင့် လူသိများထင်ရှားတဲ့ အတိုက်အခံ နိုင်ငံရေးလေ့လာသုံးသပ်သူ ကင်မ်လေးဟာ ဖနွမ်းဖင်မြို့က ကဖေးတစ်ခုမှာ ယမန်နေ့က သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
    ကင်မ်လေးဟာ လူကြိုက်များတဲ့ ဝေဖန်သုံးသပ်သူတစ်ဦးနဲ့ အခြေခံလူတန်းစားအရေး လှုပ်ရှားသူတစ်ယောက်လည်းဖြစ်ပြီး ဓာတ်ဆီဆိုင်နဲ့ ကပ်လျပ်မှာရှိတဲ့ ကော်ဖီဆိုင်မှာ ကော်ဖီသောက်နေတုန်း ပစ်သတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သေနတ်သမားကိုတော့ အခင်းဖြစ်ရာနေရာအနီးမှာပဲ ဖမ်းမိခဲ့ပြီး အကြွေးမပေးနိုင်လို့ သတ်ပစ်တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
    “ဒါ့ပေမယ့် ကျွန်တော်တို့သူ့ကို မယုံသေးပါဘူး၊ ဒီအမှုကို ကျွန်တော်တို့ ဆက်လက်ကိုင်တွယ်သွားမှာပါ” လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကီရ် ချန်သာရစ်သ်က ပြောကြားခဲ့ပါတယ်။
    ကင်မ်လေးဟာ အစိုးရနဲ့ အတိုက်အခံ ၂ ဖက်စလုံးကို ဝေဖန်သူဖြစ်ပြီး လာမယ့် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘောဒီးယားမှာ သန့်ရှင်းတဲ့ နိုင်ငံရေးခေတ်သစ်ရောက်ဖို့ လှုံ့ဆော်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကင်မ်လေး အသတ်ခံရမှုအတွက် ကမ္ဘောဒီးယားပြည်သူတွေက ဆိုရှယ်မီဒီယာတွေကနေ ၀မ်းနည်းကြောင်း ပြောကြားခဲ့ကြပါတယ်။
    Ref: Aljazeera
  • ရှမ်းပြည်တိုက်ပွဲများကြောင့် ပြည်သူ ၃၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရ
    ရှမ်းပြည်တိုက်ပွဲများကြောင့် ပြည်သူ ၃၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရ
    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media
    TNLA
    – ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက်ခိုက်မှုများကြောင့် ပြည်သူ ၃၂၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု သိရသည်။
    အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာ မောင်းမောကျေးရွာအုပ်စုမှ ရွာသားများဖြစ်ကြပြီး နမ္မတူမြို့ရှိ ရွှေမြင်သာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရသည်။
    “တအန်းလက်နက်ကိုင်တပ်ဖွဲ့တွေက ရွာထဲကိုလာတယ်။ ရွာထဲမှာလည်း မြေမြှုပ်မိုင်းတွေက ဟိုနေရာတစ်ခု၊ ဒီနေရာတစ်ခု ပေါက်ကွဲနေတယ်။ ရွာသားတွေက ကြောက်ရွံ့တာကြောင့် ကျေးရွာကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာပါ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ယက် (Tai Youth Network) မှ စိုင်းထွန်းက ပြောကြားခဲ့သည်။
    ရွာပေါင်း ၄ ရွာဖြင့် ဖွဲ့စည်းထားသည့် မောင်းမော ကျေးရွာအုပ်စုမှာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း ထိုဒေသတွင် နေထိုင်သူအများစုမှာ ရှမ်းလူမျိုးများဖြစ်သည်။ ဒေသခံများကမူ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအန်းလွတ်မြောက်ရေး တပ်မတော် (TNLA) အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ၎င်းတို့ဒေသက မြေစာပင်ဖြစ်မည်ကို ကြောက်ရွံ့နေကြသည်။
    တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သော အဆိုပါ ၂ ဖွဲ့မှာ ပြီးခဲ့သည့် လများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ တိုက်ပွဲဒဏ်ခံရသည့်ရွာများတွင် မောင်းမော ကျေးရွာအုပ်စုမှာ အဆိုးဆုံးဖြစ်နေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အမျိုသားတစ်ဦးနှင့် နွား ၅ ကောင် သေဆုံးခဲ့သည်။
    စိုင်းထွန်းကမူ အိုးအိမ်စွန့်ခွာထွက်ပြေးကာ ဘုန်းကြီးကျောင်း၌ ခိုလှုံနေရသူများမှ တစ်ဝက်ခန့်မှာ ကျောင်းနေအရွယ် ကလေးများဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပြဿနာများကို ပြေလည်စေရန်တွက် သမ္မတက ဖြေရှင်းပေးစေချင်ကြောင်းထပ်လောင်းပြောကြားခဲ့သည်။
    Ref: mmtimes
  • ပါကစ္စတန်၏ ထိပ်တန်း လူသားအကျိုးပြုသူတစ်ဦး ကွယ်လွန်
    ပါကစ္စတန်၏ ထိပ်တန်း လူသားအကျိုးပြုသူတစ်ဦး ကွယ်လွန်
    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media
    edhi
    – သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ပါကစ္စတန်က ပရဟိတနဲ့ လူသားအကျိုးပြုသူတစ်ဦးဖြစ်တဲ့ အဘ်ဒူလ် ဆတ္တာရ် အဒ်ဟီရဲ့ နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို စနေနေ့က ကရာချီမြို့မှာ ပြုလုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
    အသက် ၈၈ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဒ်ဟီဟာ ကျောက်ကပ်ရောဂါကို ကာလကြာရှည်စွာ ခံစားရပြီးတဲ့နောက်ပိုင်း ကရာချီဆေးရုံမှာ ကွယ်လွန်သေဆုံးသွားခဲ့တာဖြစ်ပြီး၊ လူမှုရေး၊ လူမျိုးရေး၊ ဘာသာရေးကွဲပြားမှု ဘောင်တွေကိုကျော်လွန်ကာ လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တဲ့ အဒ်ဟီကို ဆုံးရှုံးခဲ့ရတဲ့အတွက် သန်း ၁၉၀ သော ပါကစ္စတန်ပြည်သူတွေက ကြေကွဲဝမ်းနည်းခဲ့ကြပါတယ်။
    ကရာချီအမျိုးသားအားကစားရုံမှာ ပြုလုပ်ခဲ့တဲ့ အဲဒီဈာပနဟာ ၁၉၈၀ နောက်ပိုင်း ပထမဆုံး ပါကစ္စတန်ရဲ့ နိုင်ငံတော်အဆင့် ဈာပနဖြစ်ပြီး အစိုးရခေါင်းဆောင်များ၊ စစ်ဖက်ဆိုင်ရာအကြီးအကဲတွေနဲ့ အရပ်ဖက် အကြီးအကဲတွေအပါအ၀င် လူထောင်သောင်းချီ တက်ရောက်ခဲ့ကြပါတယ်။
    ‘ကရုဏာနတ်သား’ (Angel of Mercy) လို့အမည်တွင်ပြီး ပါကစ္စတန်ရဲ့ မာသာထရီဇာလို့ သမုတ်ခံရတဲ့ အဒ်ဟီဟာ ဇနီးဖြစ်သူနဲ့အတူ Edhi Foundation ကို လွန်ခဲ့တဲ့ နှစ် ၆၀ အရင်က ထူထောင်ခဲ့ပြီး အဲဒီအချိန်ကတည်းက နိုင်ငံတစ်ဝှမ်း ဆေးခန်းတွေ၊ မိဘမဲ့ကလေးဂေဟာတွေကို ဖွင့်လှစ်ပေးခဲ့ကာ အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလှုံရေး စနစ်တွေနဲ့ အလှမ်းကွာဝေးတဲ့ ဆင်းရဲသားလူ့အဖွဲ့အစည်းတွေအတွက် အလွန်လိုအပ်တဲ့ လူနာတင်ယာဉ်တွေကိုလည်း လှူဒါန်း ထောက်ပံ့ပေးခဲ့သူ ဖြစ်ပါတယ်။
    ပါကစ္စတန် ၀န်ကြီးချုပ် နာဝက်ဇ်ရှရစ်ကတော့ မိမိတို့တိုင်းပြည်ဟာ ‘ကြီးကျယ်တဲ့ လူသားဝါဒီ’ တစ်ဦးကို ဆုံးရှုံးခဲ့ရပြီလို့ ပြောကြားခဲ့ပါတယ်။
    အိန္ဒိယကို ဗြိတိန်အုပ်ချုပ်ချိန် ဂူဂျာရတ်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ အဒ်ဟီဟာ ၁၉၄၇ ခုနှစ်မှာ ပါကစ္စတန်ကို မိသားစုနဲ့အတူ ရွှေ့ပြောင်းလာခဲ့ပြီး၊ ဆေးစွဲနေသူတွေ၊ ပျက်ဆီးနေတဲ့အမျိုးသမီးတွေ၊ မိဘမဲ့တွေနဲ့ မသန်စွမ်းသူတွေကို အဓိကဦးတည်ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ပေးခဲ့ပါတယ်။
    ငွေကြေး ထားစရာမရှိအောင် ချမ်းသာပေမယ့် အဒ်ဟီတစ်ယောက် သူ့ရဲ့ဖောင်ဒေးရှင်းရုံးချုပ်နဲ့ ကပ်ရပ်က အခန်း ၂ ခုသာပါတဲ့ တိုက်ခန်းကျဉ်းလေးမှာ အသက်သေဆုံးတဲ့အထိ ရိုးရှင်းစွာ နေထိုင်သွားခဲ့ပါတယ်။
    အဒ်ဟီဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ သဘောထားတင်းမာသူတွေကိုလည်း ပွင့်ပွင့်လင်းလင်း ရှုတ်ချလေ့ရှိပြီး၊ အစိုးရရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း၊ ချစားခြင်း၊ လူချမ်းသာတွေကို အခွန်လျော့ပေါ့ပေးခြင်း စတာတွေအတွက်လည်း ဝေဖန်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။
    Ref; Aljazeera
  • ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း လာမည့်နှစ်တွင်မှ စတင်နိုင်မည်
    ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း လာမည့်နှစ်တွင်မှ စတင်နိုင်မည်
    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media
    dala
    – ရန်ုကုန်မြို့လည်ကောင်မှ တစ်ဖက်ကမ်း ဒလဘက်သို့ တံတားထိုးရန် စီမံကိန်းမှာ အနည်းငယ်ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်မှ စတင်နိုင်မည်ဟု သိရသည်။
    အဆိုပါ စီမံကိန်းကို ယခုနှစ်တွင် စတင်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မြို့ပြနှင့် တံထားဌာနမှ အထွေထွေမန်နေဂျာဖြစ်သူ ကျော်ကောင်းချိုက လာမည့်နှစ်တွင်မှ လုပ်ငန်းစနိုင်မည်ဟု ဆိုသည်။
    “တံတားဆောက်လုပ်ရေးအတွက် အကြံပေးကော်မတီကို ဒီလအတွင်းမှာ ရွေးချယ်ဖွဲ့စည်းသွားမှာပါ။ တံတားဒီဇိုင်းရွေးချယ်ဖို့ ၆ လကနေ ၈ လအထိ ကြာမြင့်မှာဖြစ်ပါတယ်။ အခုအချိန်မှာ တံတားစီမံကိန်းအတွက် အားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့ နစ်နာကြေးတွေအားလုံး ပေးပြီးပါပြီ” ဟု ကျော်ကောင်းချိုက ပြောကြားခဲ့သည်။
    ဘုန်းကြီးလမ်းမှ ဒလက်ဘက်သို့ မြစ်ကူးတံတားတည်ဆောက်ရန် ၂၀၁၂ ခုနှစ်ကတည်းက သဘောတူညီခဲ့ခြင်းဖြစ်သော်လည်း တံတားလမ်းကြောင်းတွင် ထိခိုက်နစ်နာသူများအတွက် နစ်နာကြေးပေးအပ်မှုကိုမှု မကြာသေးမီကမှ အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါမြစ်ကူးတံတားကို တောင်ကိုရီးယားထံမှ ချေးငွေဖြင့် ဆောက်လုပ်သွားမည်ဖြစ်သည်။
    Ref: Yangon.coconuts
  • လူမည်းများအသတ်ခံရမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှု အမေရိကန်တစ်ဝှမ်း ပြုလုပ်
    လူမည်းများအသတ်ခံရမှုကို ဆန့်ကျင်သည့် ဆန္ဒပြမှု အမေရိကန်တစ်ဝှမ်း ပြုလုပ်
    ဇူလိုင် ၁၁၊ ၂၀၁၆
    M-Media
    us 2
    – လူမည်းတွေကို ရဲတပ်ဖွဲ့က တရားလက်လွတ်ပစ်သတ်မှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုတွေဟာ ၅ ရက်မြောက်လာခဲ့ပြီး၊ ရဲတပ်ဖွဲ့ကတော့ အကြမ်းဖက်မှုနဲ့ ဖျက်လိုဖျက်ဆီး ပြုလုပ်မှုတွေအတွက် ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးအပါအ၀င် လူတော်တော်များများကို ဖမ်းဆီးခဲ့ပါတယ်။
    Black Lives Matter ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အဲဒီဆန္ဒပြမှုတွေဟာ လွန်ခဲ့တဲ့ ၅ ရက်က လူဝီစီးယားနားပြည်နယ် ဘာတန် ရက်ဂ်မြို့မှာ ကလေး ၅ ယောက်ဖခင် အသက် ၃၇ နှစ် အရွယ် အလ်တန် စတာလင်လို့ခေါ်တဲ့ လူမည်းတစ်ဦးကို လူဖြူရဲတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
    စတာလင်အသတ်ခံရမှု မတိုင်ခင် မင်နီဆိုတာပြည်နယ် စာသင်ကျောင်းတစ်ခုမှာ မုန့်ရောင်းတဲ့ ဖီလန်ဒို ကက်စ်တီလီဆိုတဲ့ လူမည်းတစ်ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဒီအဖြစ်အပျက်ကို ကက်စ်တီလီရဲ့ ချစ်သူက ဗီဒီယိုရိုက်ကာ Facebook စာမျက်နှာမှာ လွှင့်တင်ခဲ့ပါတယ်။
    ဒီကိစ္စတွေကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေအတွင်း ကြာသာပတေးနေ့က ဒါးလက်စ်မြို့မှာ အမေရိကန်စစ်သားဟောင်းတစ်ဦးဖြစ်သူ မီကာ ဂျွန်ဆင်က လူဖြူ ရဲအရာရှိ ၅ ဦးကို စနိုက်ပါနဲ့ ပစ်သတ်ခဲ့ပြီး သူက မိမိအနေနဲ့ လူဖြူတွေကို သတ်ပစ်ချင်တယ်လို့ ပြောခဲ့ပါတယ်။
    အမေရိကန်သမ္မတ ဘာရက်အိုဘားမားကတော့ ဒီသီတင်းပတ်ဟာ ခက်ခဲကြမ်းတမ်းတဲ့ သီတင်းပတ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ရဲတွေကို ပစ်သတ်မှုကို အမေရိကန်က လူမျိုးပေါင်းစုံကနေ ဒေါသထွက်တာ မှန်ကန်ကြောင်း၊ စတာလင်နဲ့ ကက်စ်တီလီတို့ ရက်ရက်စက်စက် အသက်ခံရမှုအတွက် ၀မ်းနည်းပြီး ဒေါသဖြစ်တာကလည်း မှန်ကန်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Aljazeera