News @ M-Media

Author: Ko Lay

  • အမေရိကန်ရှိ ဆန္ဒပြပွဲတစ်ခုတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ရဲ ၅ ဦး သေဆုံး

    အမေရိကန်ရှိ ဆန္ဒပြပွဲတစ်ခုတွင် စနိုက်ပါဖြင့် ပစ်ခတ်မှုကြောင့် ရဲ ၅ ဦး သေဆုံး

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    dallas

    – မကြာသေးမီက အမေရိကန်တစ်ဝှမ်း ရဲတပ်ဖွဲ့မှ လူမည်းများအား ပစ်ခတ်သတ်ဖြတ်မှုကို ဆန့်ကျင်သည့် အနေဖြင့် တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့တွင်ပြုလုပ်သည့် ဆန္ဒပြပွဲတွက် စနိုက်ပါဖြင့်အပါအ၀င် ပစ်ခတ်မှုများကြောင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

    ယမန်နေ့ညပိုင်းက Black Lives Matter ဟူသည့်ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်သော်လည်း စနိုက်ပါသမားများက အမြင့်နေရာများမှနေ၍ ရဲတပ်ဖွဲ့ဝင်များအား ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒါးလက်စ် ရဲဌာနက ပြောကြားခဲ့သည်။ ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၇ ဦးနှင့် အရပ်သား ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။

    “သံသယရှိသူက မကြာသေးမီးအတွင်း ဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကို မကျေနပ်ဘူး၊ လူဖြူတွေကို မကျေနပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ သူက လူဖြူတွေ အထူးသဖြင့် လူဖြူရဲအရာရှိတွေကို သတ်ချင်တယ်လို့လည်း ပြောပါတယ်။ စက်ရုံဗုံးကိုလည်း တွေ့သွားတယ်လို့ ပြောခဲ့ကာ သူ့အနေနဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘဲ တစ်ယောက်တည်း လုပ်တယ်ဆိုတဲ့အကြောင်း ပြောကြားခဲ့ပါတယ်” ဟု ရဲဌာနမှ တာဝန်ရှိသူ ဘရောင်းက သံသယရှိသူများထဲမှ တစ်ဦးနှင့် ညှိနှိုင်းဆွေးမှုနှင့်ပတ်သက်၍ သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို ညှိနှိုင်းဆွေးနွေးမှု မအောင်မြင်သောကြောင့် ဒါးလက်စ်မြို့လယ်ကောင်ရှိ El Centro ကောလိပ်ကားပါကင်တွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နောက်ဆုံးတွင် ရဲတပ်ဖွဲ့ စက်ရုပ်ဗုံးဖြင့် ဖောက်ခွဲကာ ရှင်းလင်းခဲ့သည်။

    ဘရောင်းကမူ ညှိနှိုင်းမှု ပျက်သွားပြီးနောက် မိမိတို့အနေဖြင့် ရွေးစရာမရှိတော့၍ စက်ရုပ်ဗုံးကို အသုံးပြုရခြင်းဖြစ်ကြောင်း၊ အခြား သံသယရှိသူ ၃ ဦးကိုမူ မိမိတို့က ဖမ်းဆီးထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • မော်ရိုကိုရှိ ကမ္ဘာ့အစောဆုံး တက္ကသိုလ်မှ စာကြည့်တိုက်ကြီး ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်မည်

    မော်ရိုကိုရှိ ကမ္ဘာ့အစောဆုံး တက္ကသိုလ်မှ စာကြည့်တိုက်ကြီး ယခုနှစ်နှောင်းပိုင်းတွင် ဖွင့်လှစ်မည်

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    libary
    စာကြည့်တိုက်အတွင်းပိုင်း

    – မော်ရိုကိုနိုင်ငံမှာ ၉ ရာစုဝန်းကျင်က မွတ်စလင်အမျိုးသမီးတစ်ဦး တည်ထောင်ဖွင့်လှစ်ခဲ့တဲ့ အလ်ကွာရာဝီယင်တက္ကသိုလ်မှာ အလွန်ရှေးကျတဲ့ သမိုင်းဝင်စာအုပ်တွေကို ခင်းကျင်းပြသထားတဲ့ စာကြည့်တိုက်တစ်ခုကို အခုနှစ်နှောင်းပိုင်းမှာ အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ဖို့ ဖွင့်လှစ်သွားတော့မယ်လို့ သိရပါတယ်။

    ဖက်ဇ်မြို့မှာ သက္ကရာဇ် ၈၅၉ ခုနှစ်က ဖွင့်လှစ်ခဲ့တဲ့ အဲဒီတက္ကသိုလ်ဟာ ကမ္ဘာ့ရှေးအကျဆုံး တက္ကသိုလ်တစ်ခုလည်းဖြစ်ပြီး စတင်ဖွင့်လှစ်စဉ်ကတည်းက ဧရာမစာကြည့်တိုက်ကြီးတစ်ခု ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာကြည့်တိုက်ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ကနေဒီယန်-မော်ရိုကန် ဗိသုကာပညာရှင် အဇီဇာ ချူနီက ကြီးကြပ်ကာ ပြန်လည် ပြင်ဆင်မွမ်းမံခဲ့ပြီး အခုနှစ်ကုန်ပိုင်းလောက်မှာ ပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ခဲ့တာပါ။

    libary 2
    မွတ်စလင် ၀ိဇ္ဇာသိပ္ပံပညာရှင်ကြီး အစ်ဗနေ့ အလ်-ခါလ်ဒန်၏ လကရေးမူ ကျမ်းတစ်အုပ်

    ဒီစာကြည့်တိုက်မှာ ရှားပါးစာအုပ်တွေနဲ့ ဒေသတွင်း ကျော်ကြားတဲ့ ပညာရှင်တွေ ရေးသားထားတဲ့ အာရဘီ လက်ရေးမူ စုစုပေါင်း ၄၀၀၀ လောက် ထားရှိထားပါတယ်။ အဲဒီအထဲမှာ ၉ ရာစုက ကုရ်အာန်လက်ရေးမူနဲ့ နာမည်ကျော် မွတ်စလင်ဒဿနပညာရှင် အေဗာရို့စ် ရေးသားခဲ့တဲ့ အစ္စလာမ့်တရားစီရင်ထုံးဆိုင်ရာ လေ့လာမှုကျမ်း လက်ရေးမူတွေလည်း ပါဝင်ပါတယ်။

    ဗလီဝတ်ကျောင်းတော်အခြေပြု တက္ကသိုလ်ဖြစ်တဲ့ အဲဒီ အလ်ကွာရာဝီယင်တက္ကသိုလ်ကို ဖာတီမာ အလ်-ဖီဟ်ရီဆိုတဲ့ အမျိုးသမီးက ဒီနေ့ခေတ် တူနီးရှားနိုင်ငံကနေ ဖက်ဇ်မြိ့ကို ပြောင်းရွှေ့ပြီးနောက်ပိုင်း သူမကိုယ်တိုင် ငွေကြေးစိုက်ထုတ် ကြီးကြပ် ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

    အလ်-ဖီဟ်ရီကို တက်ကြွပြီး ဗဟုသုတပြည့်ဝကာ ကမ္ဘာကြီးအကြောင်း လေ့လာစူးစမ်းချင်သူတစ်ယောက်အဖြစ် သမိုင်းဆရာတွေက ဖော်ပြပါတယ်။ သူတည်ထောင်ခဲ့တဲ့ အလ်ကွာရာဝီယင် တက္ကသိုလ်ကလည်း မွတ်စလင်ကမ္ဘာမှာရဲ့ ဘာသာရေးနဲ့ ပညာရေးကဏ္ဍမှာ အရေးပါတဲ့ ဌာနကြီး ဖြစ်ခဲ့ပါတယ်။

    တက္ကသိုလ်က စာကြည့်တိုက်ကို ပြုပြင်ထိန်းသိမ်းရေးတွေ ပြုလုပ်ခဲ့တဲ့ ချူနီကတော့ မော်ရိုကို ယဉ်ကျေးမှု ၀န်ကြီးဌာနက ဒီစာကြည့်တိုက်ပြင်ဆင်ရေး ၂၀၁၂ ခုနှစ်မှာ သူမကို တာဝန်မပေးခင်အထိ ဒီစာကြည့်တိုက်အကြောင်းကို မသိရှိခဲ့ဘူးလို့ ဆိုပါတယ်။

    “ပြီးခဲ့တဲ့နှစ်တွေမှာ ဒီစာကြည့်တိုက်ကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း တော်တော်များများ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အဆောက်အဦးဟာ ယိုယွင်းပျက်ဆီးမှုတွေ ဆက်ရှိနေပြီး၊ အပူဒဏ်မခံနိုင်တာတွေ၊ ရေဆိုးစွန့်ပစ်မှုစနစ် ပိတ်ဆို့နေတာ၊ မျက်နှာကျက်တွေ ကွဲနေတာ၊ သစ်သားတန်းတွေ ဆွေးနေတာ၊ လျှစ်စစ်ဝါယာတွေ ပေါက်မြဲနေတာမျိုးတွေလည်း ရှိနေပါတယ်” လို့ ချူနီက ပြောကြားခဲ့ပါတယ်။

    အခုပြင်ဆင်အတွင်းမှာ ဆိုလာဓာတ်အားပေးစနစ်၊ ရှားပါးစာအုပ်များ သိမ်းသည့်အခန်းတွင် ဒစ်ဂျစ်တယ် သော့စနစ်၊ အခန်းအတွင်း အပူချိန်ကို ထိန်းညှိပေးနိုင်ပြီး စာအုပ်များ ပျက်ဆီးခြင်းကနေ ကာကွယ်နိုင်မယ့် လေအေးပေးစနစ် စတာတွေကိုလည်း တပ်ဆင်ခဲ့ပါတယ်။

    ဒီစာကြည့်တိုက်ကို အရင်က စာပေပညာရှင်တွေ သုတေသန ပညာရှင်တွေအတွက်သာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။ အခု အများပြည်သူ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် စာအုပ်ပြခန်းနဲ့ ကော်ဖီခန်းတစ်ခုကိုလည်း ထည့်သွင်းထားပါတယ်။

    Ref qz.com

  • ဆီးရီးယားအရေး သဘောထားမမှန်သော နိုင်ငံများကို ပုပ်ရဟန်းမင်းကြီး ဝေဖန်

    ဆီးရီးယားအရေး သဘောထားမမှန်သော နိုင်ငံများကို ပုပ်ရဟန်းမင်းကြီး ဝေဖန်

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    – ဆီးရီးယားပြည်တွင်းစစ်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးစကားပြောနေသော နိုင်ငံများကိုယ်တိုင် ထိုစစ်ပွဲအတွက် လက်နက်များ ထောက်ပံ့ပေးနေသည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝေဖန်ပြောကြားလိုက်သည်။

    ဆီးရီးယားနိုင်ငံဆိုင်ရာ ပရဟိတအဖွဲ့ ညီလာခံသို့ အင်္ဂါနေ့က ပေးပို့သည့် ဗီဒီယိုမိန့်ခွန်းတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရည်ညွှန်းလိုသည့် နိုင်ငံများ၏ အမည်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

    ၂၀၁၁ ခုနှစ်က စတင်ခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်တွင် သမ္မတ ဘာရှာအလ်အာဆတ်အစိုးရအား ရုရှားနှင့် အီရန်တို့ကဲ့သို့ နိုင်ငံများက စစ်ရေးနှင့် အခြားအကူအညီများ ပေးနေပြီး၊ သူပုန်များကိုမူ ဒေသတွင်း စွန်နီအင်အားကြီး နိုင်ငံများနှင့် အနောက်နိုင်ငံတို့က ပံ့ပိုးပေးနေကြသည်။

    “ပြည်သူတွေက ထိခိုက်ခံစားနေရတဲ့အချိန်မှာ တိုက်ခိုက်ရေးသမားတွေကို လက်နက်ထောက်ပံ့ဖို့ ငွေလုံးငွေရင်းနဲ့ အကုန်အကျခံသူတွေ ရှိနေပါတယ်။ အဲဒီလို ပံ့ပိုးပေးနေတဲ့ နိုင်ငံတွေကပဲ ငြိမ်းချမ်းရေးစကား ပြောကြပြန်ပါတယ်။ မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်ဖြစ်နေတဲ့ အဲဒီသူတွေကို ဘယ်လိုလုပ် ယုံကြည်ရမလဲ” ဟု ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့သည်။

    ၅ နှစ်တာ ကြာမြင့်နေပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲတွင် သေဆုံးသူမှာ ၂၅၀၀၀၀ ကျော် ရှိလာခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မှာလည်း ၁၁ သန်း ရှိနေသည်။

    ကုလက ကြားဝင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ လက်ရှိအချိန်တွင် ရပ်တန့်နေပြီး၊ နောက်တစ်ကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မည်သည့်အချိန်တွင် ဖြစ်မည်ကို ရှင်းရှင်းလင်းလင်း မသိရဟု ဆီးရီးယားဆိုင်ရာ ကုသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့က လုံခြုံရေးကောင်စီသို့ ပြီးခဲ့သည့်တစ်ပတ်တွင် တင်ပြခဲ့သည်။

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှာ ဆီးရီးယားငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အစဉ်တစ်စိုက် မေတ္တာရပ်ခံ တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီး လက်နက်ထုတ်လုပ်သူများ၊ မှောင်ခိုရောင်းဝယ်သူများကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်ဖူးသည်။

    Ref: Huffingtonpost

  • ကရင်ဒုက္ခသည် အမျိုးသမီးများအတွက် KNU က အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး

    ကရင်ဒုက္ခသည် အမျိုးသမီးများအတွက် KNU က အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    kayin

    – ဒေသတွင်းတိုက်ပွဲများကြောင့် အခြေပျက်ခဲ့ရသော ကရင်တိုင်းရင်းသား အမျိုးသမီးများကို ကရင်အမျိုးသားအစည်းအရုံး (KNU) က အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေသည်ဟု သိရသည်။

    “အပစ်ရပ်ရေး သဘောတူညီချက် လက်မှတ်ထိုးပြီးနောက်ပိုင်း ခရိုင် ၅ ခုမှာ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးခဲ့ပါတယ်။ တိုက်ပွဲတွေအတွင်းမှာ အမျိုးသမီးတွေဟာ တော်တော်လေး ထိခိုက်ခံစားခဲ့ရပါတယ်။ အခုတော့ ပြန်လည်ထူထောင်ရေးကာလမှာ သူတို့တွေဟာ အခြားအထောက်အပံ့တွေကို မှီခိုစရာမလိုဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်နေပါပြီ” ဟု KNU မှာ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူး စောရှီးရှိုက ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ခုတို့အကြား ရရှိခဲ့သည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ရည်ညွှန်းပြောကြားခဲ့သည်။

    KNU မှ ဖန်တီးပေးခဲ့သည့် အလုပ်အကိုင်များမှာ လယ်ယာကဏ္ဍနှင့် တိရစ္ဆာန်မွေးမြူးရေ ကဏ္ဍများတွင်ဖြစ်ပြီး မိသားစုပေါင်း ၁၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။ ဖားအံမြို့နယ်မှ တက်ကြွလှုပ်ရှားသူ မစင်သီယာဝင်းကမူ ထိုဆောင်ရွက်မှုမှာ တိုက်ပွဲများကြောင့် အမျိုးသမီးများ ရရှိခဲ့သည့် စိတ်ဒဏ်ရာများကို ကုစားရာတွင် အကူအညီဖြစ်စေသည်ဟု ဆိုသည်။

    “လုပ်စရာအလုပ်ရှိနေတဲ့ အမျိုးသမီးတွေက တိုက်ပွဲတွေကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေကို မေ့ပျောက်နိုင်ကြပါတယ်” ဟု သူမက ပြောဆိုခဲ့သည်။

    သို့သော်လည်း အမျိုးသမီးများမှာ မိသားစု အတူနေထိုင်နိုင်ရေးအတွက် ထိုင်းကဲ့သို့ နိုင်ငံရပ်ခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေရသည့် ၎င်းတို့၏ ခင်ပွန်းများ ဒေသတွင်း အလုပ်ရရှိရန် ဆန္ဒရှိနေကြသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လွန်ခဲ့သည့် နှစ် ၇၀ နီးပါးအတွင်း KNU နှင့် အစိုးရတပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကရင်ပြည်နယ်တွင် လူပေါင်း တစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကာ၊ အများစုမှာ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် သွားရောက်ခိုလှုံနေရသည်။

    Ref: mmtimes

  • တနင်္ဂနေ့တွင် သမိုင်းသစ်ရေးထိုးချင်သည်ဟု ပြင်သစ်တိုက်စစ်မှူး ပြော

    တနင်္ဂနေ့တွင် သမိုင်းသစ်ရေးထိုးချင်သည်ဟု ပြင်သစ်တိုက်စစ်မှူး ပြော

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    giroud 2

    – ဂျာမနီကို အနိုင်ရရှိခဲ့သည့် ဆီးမီးဖိုင်နယ်ခြေစွမ်းအား တနင်္ဂနွေနေ့တွင်ကစားမည့် ယူရိုဖိုင်နယ်အထိ ယူဆောင်သွားရမည်ဟု ပြင်သစ်တိုက်စစ်မှူး ဂျရူးက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ သမိုင်းသစ်ရေးထိုးနိုင်မည်ဟု ဆိုသည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အိမ်ရှင်ပြင်သစ်မှာ အန်တိုနီယို ဂရစ်ဇ်မန်း၏ ဂိုး ၂ ဂိုးဖြင့် ဂျာမနီအား အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ပေါ်တူဂီအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ထိုနိုင်ပွဲမှာ ၁၉၅၈ နောက်ပိုင်း အဓိကပြိုင်ပွဲတွင် ပြင်သစ်က ဂျာမနီအား ပထမဆုံး အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

    ဂျရူးကမူ မိမိတို့မှာ ထိုရလဒ်အား ကျေနပ်နေရုံဖြင့်မရဘဲ တတိယအကြိမြောက် ယူရိုချန်ပီယံဖြစ်ရန် ဆောင်ရွက်ရမည်ဟု ဆိုသည်။

    “အင်မတန် စိတ်လှုပ်ရှားစရာကောင်းတဲ့ ညပါပဲ။ ဒီအတွက် ကျွန်တော်တို့ ပျော်ရွှင်မိပြီး ပေါ်တူဂီနဲ့ပွဲအတွက် အာရုံစိုက်ရပါမယ်။ ဦးဆောင်ဂိုးရဖို့က အဓိကကျခဲ့ပြီး ပင်နယ်တီရခဲ့တာက ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ပထမပိုင်းမှာ ဂျာမနီဟာ အခွင့်အရေးတော်တော်များများ ရပြီး ဂိုးမသွင်းနိုင်လို့ပါ။ …. ကျွန်တော်တို့အနေနဲ့ တနင်္ဂနွေနေ့မှာ သမိုင်းသစ်မှတ်တမ်းသစ်တစ်ခု ရေးထိုးချင်ပြီး အင်မတန် ကြီးကျယ်တဲ့ အောင်မြင်မှုကိုလည်း ရရှိခံစားချင်ပါတယ်” ဟု ဂျရူးက ပြောကြားခဲ့သည်။

    ပြင်သစ်မှာ ၁၉၈၄ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်တို့တွင် ဥရောပဖလားကို ၂ ကြိမ် ရရှိထားသည်။

    Ref: Goal