News @ M-Media

Author: Ko Lay

  • ဒါကာအကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံ၏ ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဒါကာအကြမ်းဖက်တိုက်ခိုက်မှုကို နိုင်ငံ၏ ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချ

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    bang 2

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ပြီးခဲ့သည့်တစ်ပတ်က ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုအတွက် နိုင်ငံ၏ ထိပ်တန်း အစ္စလာမ်ဘာသာရေးအဖွဲ့က ရှုတ်ချလိုက်ပြီး အပြစ်မဲ့သူများအား သတ်ဖြတ်ခြင်းမှာ တမန်တော်မုဟမ္မဒ်သခင်၏ သွန်သင်မှုနှင့် ဆန့်ကျင်နေသည်ဟု ပြောကြားလိုက်သည်။

    စစ်သွေးကြွအုပ်စုတစ်ခုမှာ သောကြာနေ့ညနေပိုင်းက ဒါကာမြို့ သံတမန်ရပ်ကွက်အတွင်းရှိ နိုင်ငံခြားသားအများစု လာရောက်လေ့ရှိရာ စားသောက်ဆိုင်သို့ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လူ ၂၀ ကျော် သေဆုံးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့များ၏ ရှင်းလင်းမှုအတွင်း တိုက်ခိုက်ရေးသမား ၆ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့ကမူ ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဟု ပြောကြားခဲ့သည်။

    နိုင်ငံ၏ ထိပ်တန်းအစ္စလာမ်ဘာသာရေးအဖွဲ့ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အိုလမာ အစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့ BJU ၏ ဥက္ကဌဖြစ်သူ ဖာရီဒွတ်ဒင်း မက်စ်အွဒ်ကမူ ထိုကဲ့သို့ အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်းမှာ စက်ဆုပ်ဖွယ်ရာ လုပ်ရပ်ဖြစ်ပြီး၊ မွတ်စလင်မဟုတ်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းမှာလည်း အစ္စလာမ်သာသနာ၏ သွန်သင်မှုများနှင့် ဖီလာဆန့်ကျင်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    “မွတ်စလင်အများစုရှိရာဒေသတွေမှာ မှီတင်းနေထိုင်ကြတဲ့ မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်သတ်ဖြတ်သူတွေဟာ ဂျန္နသ်နိဗ္ဗာန်ရဲ့ အနံ့ကိုတောင် ရှုရှိုက်ခွင့်ရမှာ မဟုတ်ပါဘူး။ နိဗ္ဗာန်ကိုလည်း ၀င်ရောက်ခွင့်ရမှာမဟုတ်ပါဘူး။ မွတ်စလင်မဟုတ်သူတွေကို တိုက်ခိုက်သတ်ဖြတ်ခြင်းဟာ ဟရမ် (တာမြစ်ထားသည့်ကိစ္စ) ဖြစ်ပြီး၊ အစ္စလာမ်သာသနာက လက်မခံတဲ့လုပ်ရပ်ပါ” ဟု မက်စ်အွဒ်က ဆိုသည်။

    “မွတ်စလင်မဟုတ်သူတွေရဲ့ အသွေးအသား၊ ဂုဏ်သိက္ခာ၊ ချမ်းသာကြွယ်ဝမှု အားလုံးဟာ မွတ်လင်တွေနဲ့တန်းတူ တန်းဖိုးရှိပါတယ်”

    ဘင်္ဂလားဒေ့ရှ် အိုလမာ အစ္စလာမ့်သာသနာ့ပညာရှင်များအဖွဲ့မှာ အကြမ်းဖက်တိုက်ခိုက်မှုများကို အစဉ်တစ်စိုက် ရှုတ်ချခဲ့သည့် အဖွဲ့ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ကလည်း အကြမ်းဖက်ဝါဒနှင့် စစ်သွေးကြွဝါဒ၊ မွတ်စလင်မဟုတ်သူများအား အကြမ်းဖက်တိုက်ခိုက်မှု စသည်တို့မှာ အစ္စလာမ်သာသနာ၏ သွန်သင်ချက်များနှင့် ဆန့်ကျင်ကြောင်း ဖသ်ဝါဓမ္မသတ် ထုတ်ပြန်ခဲ့သည်။ ထိုဓမ္မသတ်တွင် နိုင်ငံတစ်ဝှမ်းမှ အစ္စလာမ့်ပညာရှင်၊ ဥပဒေပညာရှင် စုစုပေါင်း တစ်သိန်းကျော် လက်မှတ်ရေးထိုးခဲ့ကြသည်။

    “တမန်တော်မုဟမ္မဒ်ရဲ့ သြ၀ါဒတော်အရ ပြောရရင် ဒီလိုလုပ်ရပ်တွေဟာ ပြင်းထန်တဲ့ အပြစ်ပေးမှုနဲ့သာ ထိုက်တန်ပါတယ်” ဟု မက်စ်အွဒ်က ထပ်လောင်းပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာကလည်း ထိုအကြမ်းဖက်တိုက်ခိုက်မှုမှာ အစ္စလာမ်သာသနာ၏ ပုံရိပ်ကို ညစ်နွမ်းစေသည်ဟု ယမန်နေ့တွင် ပြောကြားခဲ့ပြီး ထိုအဖြစ်အပျက်အတွက် နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့သည်။

    Ref: VOA

  • အီရန်တွင် ဂျေရုစလင်နေ့ကို သောင်းသောင်းဖျဖျ ကျင်းပ

    အီရန်တွင် ဂျေရုစလင်နေ့ကို သောင်းသောင်းဖျဖျ ကျင်းပ

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    iran

    – အစ္စရေးရဲ့ ကျူးကျော်နယ်ချဲ့မှုကိုဆန့်ကျင်ပြီး ပါလက်စတိုင်းတွေရဲ့ လွတ်မြောက်ရေးကို အားပေးထောက်ခံတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ ‘ဂျေရုစလင်နေ့’ (Al-Quds Day) ချီတက်ဆန္ဒပြပွဲကို သောကြာနေ့က အီရန်နိုင်ငံတစ်ဝှမ်း တစ်ခဲနက် ကျင်းပခဲ့ကြပြီး မြို့တော် တီဟီရန်တစ်မြို့တည်းမှာပဲ ထောင်ပေါင်းများစွာသော အီရန်ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။

    ပါလက်စတိုင်းပြည်သူတွေနဲ့ တစ်သားတည်းရှိကြောင်း ပြသတဲ့ အဲဒီ Al-Quds Day ကို ရမ်ဇာန်ဥပုသ်လရဲ့ နောက်ဆုံး သောကြာနေ့အဖြစ် အီရန်က သတ်မှတ်ထားပြီး အမေရိကန်ကျောထောက်နာက်ခံပြု  အာဏာရှင်ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့တဲ့ အီရန် အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်တဲ့ ၁၉၇၉ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့တာ ဖြစ်ပါတယ်။

    တီဟီရန်မှာပြုလုပ်တဲ့ ချီတက်ဆန္ဒပြပွဲမှာ ကလေးငယ်တွေကနေ သက်ကြီးရွယ်အိုတွေအထိ ပါဝင်ခဲ့ပြီး အများစုက “အစ္စရေးကိုတွန်းလှန်ကြပါစို့” ဆိုသည့် နဖူးစီးများ စည်းထားကြကာ တစ်ချို့တွေကတော့ ဦးခေါင်းထိပ်မှာ ဒေးဗစ်ကြယ်တစ်ခု တပ်ဆင်ထားတဲ့ လေဘာတီ ရုပ်တုပုံတူကို မီးရှို့ခဲ့ကြပါတယ်။

    အဆိုပါလမ်းလျှောက်ဆန္ဒပြပွဲကို အီရန်သမ္မ ဟာဆန်ရူဟာနီလည်း တက်ရောက်ခဲ့ပြီး ဒေသတွင်းပဋိပက္ခတွေဟာ ပါလက်စတိုင်းအရေးကို ကိုင်တွယ်ဖို့ ပိုမိုခက်ခဲအောင် ပြုလုပ်နေတယ်လို့ ပြောဆိုခဲ့ကာ မွတ်စလင်တွေ ပိုပြီးစည်းလုံးညီညွှတ်ကြဖို့ကိုလည်း သမ္မတက တိုက်တွန်းပြောကြားခဲ့ပါတယ်။

    “လက်ဘနွန်မှာ ဒုံးကျည် တစ်သိန်းလောက်ဟာ ဇီယွန်ဝါဒီတွေရဲ့ နှလုံးသားဆီ ပျံသန်းဖို့ အသင့်ဖြစ်နေကြတယ်။ နောက်ထပ် ဒုံးကျည် ထောင်ပေါင်းများစွာကိုလည်း အစ္စလာမ့်ကမ္ဘာတစ်ဝှမ်းမှာ တပ်ဆင်ထားပြီး အမိန့်ကို စောင့်နေကြတာပါ။ အဲဒီ ခလုပ်ကို တစ်ချက်တည်းနှိပ်လိုက်တာနဲ့ ကောင်းကျိုးမပေးတဲ့၊ ကမ္ဘာ့ ပထ၀ီနိုင်ငံက ဆူးညှောင့်ခလုပ်တစ်ခုဟာ ထာဝရ ပျောက်ကွယ်သွားမှာပါ” လို့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ဒုတိယအကြေီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ရမ်ဇာန်ဥပုသ်လ၏ ရည်ရွယ်ချက်ကို ရောင်ပြန်ဟပ်သည့် လန်ဒန်မှ စားသောက်ဆိုင်

    ရမ်ဇာန်ဥပုသ်လ၏ ရည်ရွယ်ချက်ကို ရောင်ပြန်ဟပ်သည့် လန်ဒန်မှ စားသောက်ဆိုင်

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    london

    – ဆင်းရဲချို့တဲ့သူတွေကို ညှာတာထောက်ထားဖို့ဆိုတဲ့ ရမ်ဇာန်ဥပုသ်လရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ လန်ဒန်မြို့က မွတ်စလင်စားသောက်ဆိုင်တစ်ခုဟာ ချို့တဲ့သူတွေကို ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

    အခုသီတင်းပတ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီလှုပ်ရှားမှုမှာ ပူပူနွေးနွေး ထမင်းဟင်းလျာ ၂၀၀ ကို ဝေငှခဲ့တာ ဖြစ်ပါတယ်။

    “အစ္စလာမ်ဘာလဲဆိုတာ လူတွေကို သိစေချင်တာပါ” လို့ လှူဒါန်းမှုပြုလုပ်ခဲ့တဲ့ Shelby’s Food Express စားသောက်ဆိုင်ပိုင်ရှင် ယာဇန် အလ် ရှာလာဘီက ပြောကြားခဲ့ပါတယ်။ အလ် ရှာလာဘီရဲ့ ဒီဆိုင်ဟာ လန်ဒန်မြို့လယ်ခေါင်မှာ တည်ရှိပြီး အရှေ့အလယ်ပိုင်း အစားအသောက်တွေ ရောင်းချတာဖြစ်ပါတယ်။

    အလ်ရှာလာဘီဟာ လန်ဒန်က လူမှုရေးအသင်းအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဆင်းရဲချို့တဲ့သူတွေကို ဖိတ်မန္တက ပြုကာ လှူဒါန်းကျွေးမွေးခဲ့တာပါ။

    လာရောက်စားသုံးသူတစ်ဦးဖြစ်တဲ့ ၁၂ တန်းကျောင်းသူ ခရစ်စတင်း ဖီရွန်က ” အစ္စလာမ်သာသနာနဲ့ပက်သက်လို့ မသိ
    နားမလည်တဲ့သူတွေဟာ မီဒီယာရဲ့ ၀ါဒဖြန့်မှုနောက်ကို ပါသွားတတ်ပါတယ်။ ပြီးတော့ သူတို့ဟာ တစ်ယောက်မကောင်းတာနဲ့ အားလုံးကို သိမ်းကျုံးပြီး မကောင်းမြင်တတ်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုက သူတို့ရဲ့ အထင်အမြင်မှားယွင်းမှုကို ချေဖျက်ပြီး ပိုမိုကောင်းမွန်တဲ့ နားလည်မှုကို ရရှိစေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    အလ်ရှာလာဘီရဲ့ ဒီစားသောက်ဆိုင်ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီလိုလှူဒါန်းပေါင်း ၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။

    Ref : IINA

  • ဂျော်ဒန်နယ်စပ်တွင် ဆီးရီးယားကလေးငယ်သုံးသောင်း အစာရေစာပြတ်လပ်

    ဂျော်ဒန်နယ်စပ်တွင် ဆီးရီးယားကလေးငယ်သုံးသောင်း အစာရေစာပြတ်လပ်

    ဇူလိုင် ၃၊ ၂၀၁၆
    M-Media

    syria 3

    – ဂျော်ဒန်နိုင်ငံ အရှေ့မြောက်ပိုင်း ဆီးရီးယားနဲ့ ကပ်နေတဲ့ နယ်စပ်တစ်လျှောက်က ဒုက္ခသည်တွေကို အသက်ရှင်ရပ်တည်ဖို့ မဖြစ်မနေလိုအပ်တဲ့ အစားအသောက်တွေ၊ ဆေးဝါးအကူအညီတွေ ထောက်ပံ့ပေးမှုကို ဂျော်ဒန်အစိုးရက ဆိုင်းငံ့လိုက်တာကြောင့် ဆီးရီးယားကလေးငယ် ၃၀၀၀၀ ကျော်လောက်ဟာ ငတ်မွတ်ခေါင်းပါးမှုအခြေအနေကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့လမှာ အဲဒီနယ်စပ်က berm လို့ ခေါ်တဲ့ဒေသမှာ ISIS အဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ဂျော်ဒန်အာဏာပိုင်တွေဟာ မိန်းမနဲ့ ကလေးအများစုအပါအ၀င် ဒုက္ခသည်ပေါင်း ၆၀၀၀၀ နဲ့ ၇၀၀၀၀ အတွက် အရေးပေါ်အကူအညီပေးပို့ရေးလမ်းကြောင်းကို ပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။

    တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာခင်မှာပဲ ဂျော်ဒန်အာဏာပိုင်တွေက Rukban ဒုက္ခသည်စခန်းကို ပိတ်ဆို့လိုက်ပြီး တစ်ခုခုလှုပ်ရှားမှုတွေ့တာနဲ့ ထောက်ထားညှာတာမှုမရှိပဲ အရေးယူမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့တွေကတော့ ဂျော်ဒန်ရဲ့ ဒီလုပ်ရပ်ဟာ ဒုက္ခသည်တွေအတွက် အန္တရာယ်ဖြစ်ပေါ်စေနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    အပူချိန် ၃၅ ဒီဂရီ ဆဲလ်စီးယပ်စ်ကျော်လွန်နေတဲ့ အခုလိုအချိန်မှာ ဒီလိုကြမ်းတမ်းတဲ့အခြေအနေတွေကြောင့် ဒုက္ခသည်အချို့ဟာ ဆီးရီးယားကို ပြန်သွားရတာမျိုး လည်းရှိနေပါတယ်။

    Ref : Aljazeera

  • မက္ကာရှိ ၀တ်ကျောင်းတော်အတွက် လမ်းညွှန်စနစ်သစ်များကို ဆော်ဒီ ထားရှိ

    မက္ကာရှိ ၀တ်ကျောင်းတော်အတွက် လမ်းညွှန်စနစ်သစ်များကို ဆော်ဒီ ထားရှိ

    ဇူလိုင် ၂၊ ၂၀၁၆
    M-Media

    al haram

    – မက္ကာမြို့က မြင့်မြတ်သော မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို တိုးချဲ့ပြီးနောက်ပိုင်းမှာ ဘုရားဖူး လာရောက်သူတွေ အဆင်ပြေစေဖို့အတွက် လမ်းညွှန်မှုဆိုင်ရာ နည်းလမ်အသစ်တွေကို ဆော်ဒီအစိုးရက ဆောင်ရွက်ထားပြီး၊ ဖုန်းဆော့ဖ်ဝဲတစ်ခုကိုလည်း ဖန်တီးထားတယ်လို့ သိရပါတယ်။

    အဲဒီဆောင်ရွက်မှုတွေထဲမှာ ဗလီဝတ်ကျောင်းတော်တဲ့ အတွင်း၊ အပြင် အီလက်ထရောနစ် စခရင် ၇၅ ခု တပ်ဆင်ထားမှုလည်း ပါဝင်ပြီး အဲဒီစခရင်ကနေ ဘုရားဖူးလာရောက်သူတွေ သိရှိရမယ့် သတင်းအချက်အလက်တွေကို ဘာသာစကားပေါင်းစုံနဲ့ ဖော်ပြပေးမှာဖြစ်တယ်လို့ ဗလီဝတ်ကျောင်းတော် လည်ပတ်ရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးဌာနက ညွှန်ကြားရေးမျူးဖြစ်သူ ဖာရစ် ဘင် မာဖူးဇ် အလ်-ဆာဒီက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး Al-Maqsad လို့ အမည်ပေးထားတဲ့ လမ်းညွှန်ဆော့ဖ်ဝဲတစ်ခုကိုလည်း ဖန်တီးထားပြီး ဘယ်ဖုန်းမှာမဆို အသုံးပြုနိုင်မယ့် အဲဒီဆော့ဖ်ဝဲမှာ ဗလီဝတ်ကျောင်းတော်ရဲ့ ပထ၀ီအနေအထားတွေကို ထည့်သွင်းပေးထားပြီး ကအ်ဘာကျောင်းတော်နဲ့ အခြားအဓိကနေရာတွေ၊ ၀င်ပေါက်ထွက်ပေါက်တွေကို ရှာဖွေရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    အဲဒီဆော့ဖ်ဝဲကို ထီထွင်ထုတ်လုပ်ခဲ့တဲ့ Makkah Valley Company ကုမ္ပဏီက စီအီးအို ဆာလေဟ် ဘီဆာလာမ်ကတော့ ဆော့ဖ်ဝဲကို အာရဘီ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး အင်တာနက်ဖွင့်စရာ မလိုဘူးလို့ ပြောကြားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒီဆော့ဖ်ဝဲကို မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ မြေညီထပ်မှာ အီလက်ထရောနစ်စကင်နဲ့ ပြသထားပြီး နောက်ပိုင်းမှာ ဒုတိယထပ်မှာ တပ်ဆင်သွားဖို့လည်း အစီအစဉ်ရှိနေပါတယ်။

    Ref:s ArabNews