News @ M-Media

Author: Ko Lay

  • ဘယ်လ်ဂျီယံပွဲတွင် အကြောက်ဆုံးကိစ္စ ဖြစ်လာခဲ့သည်ဟု ဝေးလ်နည်းပြပြော

    ဘယ်လ်ဂျီယံပွဲတွင် အကြောက်ဆုံးကိစ္စ ဖြစ်လာခဲ့သည်ဟု ဝေးလ်နည်းပြပြော

    ဇူလိုင် ၂၊ ၂၀၁၆
    M-Media

    wale

    – ဘယ်လ်ဂျီယံနှင့် ကွာတားဖိုင်နယ်ပွဲတွင် မိမိအကြောက်ဆုံးကိစ္စ ဖြစ်လာခဲ့သော်လည်း အသင်းမှာ ပွဲကို စိုးမိုးနိုင်ခဲ့သည်ဟု ဝေးလ်နည်းပြ ခရစ် ကိုးလ်မန်းက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ဝေးလ်မှာ ပထမပိုင်း ၁၃ မိနစ်မှာပင် ဦးဆောင်ဂိုးပေးခဲ့ရသည်။ သို့သော်လည်း အက်ရှ်လေ ၀ီလီယံ၊ ဟာလ် ရော့ဘ်ဆန် ကာနူနှင့် ဆမ် ဗိုအာက်စ်တို့က ဝေးလ်အတွက် ချေပဂိုးများနှင့် အနိုင်ဂိုးများသွင်းကာ သမိုင်းဝင်နိုင်ပွဲကို ရရှိစေခဲ့သည်။

    ကိုးလ်မန်းကမူ ထိုပွဲတွင် မိမိအကြောက်ဆုံးဖြစ်သည့် ဦးဆောင်ဂိုးပေးရမှုမှာ အမှန်တကယ် ဖြစ်လာခဲ့သည်ဟု ဆိုသည်။

    “ဘယ်လ်ဂျီယံလိုအသင်းမျိုးနဲ့ပွဲမှာ မဖြစ်ချင်တဲ့အရာက ပထမ ၁၀ မိနစ်အတွင်းမှာ ၁ ဂိုးပေးလိုက်ရတာပါပဲ။ အဲဒါဆို သူတို့က ဘောလုံးကို ကိုင်ကစားပြီး ပြိုင်ဘက်ကို စိတ်ဓာတ်ကျစေမယ်။ ဟာဇာ့ဒ်လိုကစားသမားမျိုးက တစ်ခုခု လုပ်ပြနိုင်တယ်ဆိုတာလည်း အားလုံး သိကြပါတယ်။ တစ်ဂိုးသာနေတဲ့ သူတို့က ပြိုင်ဘက်ကို ဒုက္ခရောက်စေမှာဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေပြီးလည်း ဂိုးတွေအများကြီး သွင်းသွားနိုင်ပါတယ်။ ကျွန်တော့်တို့ ဂိုးပေးလိုက်ရတာဟာ အကြောက်ဆုံး ကိစ္စ ဖြစ်လာတာပါပဲ” ဟု ကိုးလ်မန်းက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံမှာ မိမိတို့၏ ကစားပုံကို မယှဉ်နိုင်ခဲ့ကြောင်း၊ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ဘယ်လ်ဂျီယံနဲ့ကစားတဲ့အခါ ဒီလိုလုပ်နိုင်တဲ့အသင်း များများစားစား မရှိပါဘူး”

    ဝေးလ်မှာ ဆီမီးဖိုင်နယ်တွင် ပေါ်တူဂီနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • ဘာသာရေးအကြမ်းဖက်မှုများကို နှိမ်နှင်းရန် ကုလအထူးကိုယ်စားလှယ်က မြန်မာအစိုးရကို တိုက်တွန်း

    ဘာသာရေးအကြမ်းဖက်မှုများကို နှိမ်နှင်းရန် ကုလအထူးကိုယ်စားလှယ်က မြန်မာအစိုးရကို တိုက်တွန်း

    ဇူလိုင် ၂၊ ၂၀၁၆
    M-Media

    – ပြီးခဲ့သည့် တစ်ပတ်က ပဲခူးတိုင်းဒေသကြီးတွင် ဗလီဝတ်ကျောင်းတော်အား လူအုပ်စုကြီးဖြင့် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန်နှင့် နိုင်ငံအတွင်းရှိ ဘာသာရေးအကြမ်းဖက်မှုများကို နှိမ်နှင်းရန်အတွက် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာအစိုးရအား တိုက်တွန်း ပြောကြားလိုက်သည်။

    သူရဲသမိန် ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် လူလုပ်စုကြီးမှာ အဆောက်အဦးတစ်ခု ဆောက်လုပ်မှုအတွက် အငြင်းပွားရာမှ ဗလီဝတ်ကျောင်းတော်တစ်လုံးအား ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မွတ်စလင်အမျိုးသားတစ်ဦးကိုလည်း ရိုက်နှက်ခဲ့သည်။

    သောကြာနေ့ကလည်း မြန်မာနိုင်ငံမြောက်ပိုင်းရှိ မွတ်စလင်ဝတ်ပြုဆောင်တစ်ခုကို လူအုပ်စုကြီးက မီးရှို့ဖျက်ဆီးခဲ့သည်။

    အဆိုပါ တိုက်ခိုက်မှုများက ဆယ်စုနှစ်များစွာကြာ အုပ်စိုးခဲ့သည့် စစ်အာဏာရှင်စနစ်၏ အမွေဆိုးဖြစ်သော ဘာသာရေးနှင့် လူမျိုးရေး စိတ်ဝမ်းကွဲမှုကို ဒေါ်အောင်ဆန်းစုကြည်က ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။

    မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ယန်ဟီးလီမူ သူရဲသမိန်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုကို အစိုးရက စုံစမ်းစစ်ဆေးမှု မပြုလုပ်ခြင်းအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    “ဒါမျိုး ငြိမ်နေတာဟာ မှားယွင်းတဲ့ခြေလှမ်းမျိုးပါ။ တိုင်းရင်းသား လူနည်းစုတွေနဲ့ ဘာသာရေးလူနည်းစုတွေအပေါ် ရန်တိုက်ပေးတာ၊ အကြမ်းဖက်တာတွေဟာ မြန်မာနိုင်ငံအတွင်းမှာ နေရာမရှိဘူးဆိုတာကို အစိုးရက လုပ်ပြရမှာပါ” ဟု ၎င်း၏ ၁၂ ရက်ကြာခရီးစဉ်၏ နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ထို့ပြင် အမုန်းစကားဖြန့်ဖြူးမှု၊ ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှု၊ အကြမ်းဖက်မှုနှင့် ဘာသာရေး သည်းမခံနိုင်မှုတို့မှာလည်း စိုးရိမ်စရာကောင်းသည့် အခြေအနေဖြစ်သည်ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    “ဒီဖြစ်ရပ်က အရင်ကရှိခဲ့တဲ့၊ လက်ရှိ ရှိနေတဲ့၊ နောင်လည်းရှိအုံးမယ့် လူ့အဖွဲ့အစည်းတစ်ခုအပေါ် တိုက်ခိုက်မှုလို့ ရှုမြင်နိုင်ပါတယ်။ ပြည့်ဝတဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်တာ၊ ကြိုးကိုင်သူတွေကို တာဝန်ခံစေတာ အပါအ၀င် အစိုးရအနေနဲ့ အရေးယူဖို့ မဖြစ်မနေ လုပ်ရမှာပါ”

    ယမန်နေ့က ယန်ဟီးလီ သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့်အချိန်မှာပင် ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ၀တ်ပြုဆောင်တစ်ခုမှာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

    “ဆိုးရွားတဲ့ ပဋိပက္ခတွေမဖြစ်ဖို့ ကျွန်တော်တို့ ညှိနှိုင်းခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်သူမှ သူတို့ကို တားလို့မရပါဘူး” ဟု ဒေသဆိုင်ရာ NLD လွှတ်တော်အမတ်ဖြစ်သူ ဦးတင်စိုးက ပြောကြားခဲ့သည်။

    လူအုပ်ကြီးမှာ ၀တ်ပြုဆောင်အား စောင့်ကြပ်ထားသည့် ရဲများကိုလည်း တိုက်ခိုက်ခဲ့ပြီး မီးသတ်ကားများ မလာနိုင်အောင်လည်း ပိတ်ဆို့ထားသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ထိုအဖြစ်အတွက် ပါဝင်သူများကို ဖမ်းဆီခြင်း မရှိသေးပေ။

    Human Rights Watch အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဖီးလ် ရောဘတ်ဆန်ကမူ လက်ရှိအချိန်မှာ မြန်မာအစိုးရအတွက် နိုးထရန် အချိန်ရောက်ပြီဖြစ်ပြီး ဘာသာရေးအခြေခံသည့် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်သူများအတွက် အမြင့်ဆုံးပြစ်ဒဏ်များ သတ်မှတ်ပြဌာန်းရမည်ဟု ပြောကြားခဲ့သည်။

    Ref: reuters

  • ဘင်္ဂလားဒေ့ရှ်ရှိ စားသောက်ဆိုင်တစ်ခုကို သေနတ်သမားများ ၀င်ရောက်စီးနင်း

    ဘင်္ဂလားဒေ့ရှ်ရှိ စားသောက်ဆိုင်တစ်ခုကို သေနတ်သမားများ ၀င်ရောက်စီးနင်း

    ဇူလိုင် ၂၊ ၂၀၁၆
    M-Media

    bang

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ သံတမန်ရပ်ကွက်အတွင်းမှ စားသောက်ဆိုက်တစ်ခုကို သေနတ်သမား အုပ်စုတစ်ခုက ယမန်နေ့ညပိုင်းတွင် ၀င်ရောက်စီနင်းကာ စားသုံးသူများကို ဓားစားခံများအဖြစ် ဖမ်းဆီးထားသည်ဟု သိရသည်။

    O’Kitchen ဟု အမည်ရသည့် စားသောက်ဆိုင်ဖြစ်ပြီး သေနတ်သမား ၉ ဦးခန့်ပါဝင်သည့် ထိုတိုက်ခိုက်မှုအတွင်း အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကာ IS က ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ သေနတ်သမားများမှာ နိုင်ငံခြားသားအများစုအပါအ၀င် အနည်းဆုံး လူ၂၀ ခန့်ကို ဓားစားခံအဖြစ် ဖမ်းဆီးထားပြီး၊ ထိုအထဲတွင် အီတလီနိုင်ငံသားများ လည်းပါဝင်သည်ဟု ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ စားသောက်ဆိုင်၌ ညစာ စားသောက်နေကြစဉ် သောကြာနေ့ည ၉ နာရီခွဲခန့်က သေနတ်သမားများမှာ ဗုံးများ ဖောက်ခွဲကာ ၀င်ရောက်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင် အထူးတပ်ဖွဲ့ဝင်များက အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားနေကြပြီး အထူးတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဘန်နာဇီရ် အဟ်မဒ်က မိမိတို့မှာ ဓာစားခံများ၏အသက်ကို ကယ်တင်ရန် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    အခင်းဖြစ်ပွားနေသည့် ဂူလ်ရှန်ရပ်ကွက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ပိတ်ဆို့ထားလိုက်ပြီး အပြန်အလှန်ပစ်ခတ်မှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ဒဏ်ရာရမှုများလည်း ရှိနေသည်။

    Ref: Aljazeera

  • ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဂါဇာနှင့် ကပ်နေသည့် ရာဖာနယ်ခြားကို အီဂျစ်က ၅ ရက်ကြာ ဖွင့်ပေး

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    rafa

    – အစ္စရေးက ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းပိုင် ဂါဇာကမ်းမြှောင်နဲ့ထိစပ်နေတဲ့ ရာဖာနယ်ခြားကို ငါးရက်ကြာ ပြန်လည်ဖွင့်လှစ်ပေးလိုက်တယ်လို့ အီဂျစ်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။

    “နယ်စပ်ဝင်ပေါက်ကို နှစ်ဖက်စလုံးသွားလာနိုင်အောင် ငါးရက်ကြာ အီဂျစ်အာဏာပိုင်တွေက ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်” လို့ ဂါဇာနယ်စပ်အာဏာပိုင်အဖွဲ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

    ကျောင်းသားတွေ၊ လူနာတွေနဲ့ ပြည်ပနေထိုင်ခွင့် ကိုင်ဆောင်ထားသူတွေဟာ အဲဒီနယ်စပ်ကနေ အီဂျစ်နိုင်ငံထဲ ၀င်ရောက်ခွင့် ပြုမှာဖြစ်ပါတယ်။ ဇွန်လ အစောပိုင်းတုန်းကလည်း အီဂျစ်အာဏာပိုင်တွေက ယင်းနယ်စပ်ကို လေးရက်ဆက်တိုက် ဖွင့်လှစ်ခဲ့ပြီး နေမကောင်းသူတွေနဲ့ ကျောင်းသားအများစုအပါအ၀င် ပါလက်စတိုင်းပြည်သူ ၃၀၀၀ လောက် အီဂျစ်ပိုက်နက်ထဲ ၀င်ရောက်ခွင့်ရခဲ့ပါတယ်။

    ဟားမက်စ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကတော့ ပါလက်စတိုင်းပြည်သူ ၂၄၀၀၀ လောက်ဟာ ရာဖာနယ်ခြားကို ဖြတ်ကာ အကူအညီတွေရယူဖို့ စောင့်ဆိုင်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ရာဖာနယ်ခြားကို အီဂျစ်ဖက်က အချိန်တော်တော်များများ ပိတ်ထားခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွင်းမှာတော့ အဲဒီနယ်ခြားကို ၂၁ ရက်သာ ဖွင့်ပေးခဲ့ပါတယ်။

    အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြှောင်ရဲ့ တစ်ခုတည်းသော ထွက်ပေါဟာ အီဂျစ်နဲ့ကပ်နေတဲ့ အဲဒီ ရာဖာနယ်ခြားဖြစ်ပြီး အီဂျစ်ကလည်း နယ်ခြားကို ပိတ်ထားတာကြောင့် ဂါဇာပြည်သူ ၁.၉ သန်းလောက်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းတွေနဲ့ တွေ့ကြုံနေရပါတယ်။

    Ref : IINA

  • လေအိတ်နှင့် ကာဘွန်ထိန်းချုပ်မှုပိုင်းပြဿနာကြောင့် တိုယိုတာက ကား ၃ သန်းကျော် ပြန်သိမ်းမည်

    လေအိတ်နှင့် ကာဘွန်ထိန်းချုပ်မှုပိုင်းပြဿနာကြောင့် တိုယိုတာက ကား ၃ သန်းကျော် ပြန်သိမ်းမည်

    ဇူလိုင် ၁၊ ၂၀၁၆
    M-Media

    toyota

    – လေအိတ်တွေနဲ့ ကာဘွန်ထုတ်လွှတ်မှု ထိန်းချုပ်ရေး အပိုင်းတွေမှာ ချို့ယွင်းမှုတွေရှိနိုင်တဲ့ ကားအစီးရေ ၃.၃၇ သန်းကို ပြန်လည်သိမ်းယူသွားမယ်လို့ ဂျပန် နာမည်ကြီး ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ တိုယိုတာက ဗုဒ္ဓဟူးနေ့မှာ ကြေငြာလိုက်ပါတယ်။

    ပြန်သိမ်းမယ့်အထဲမှာ ၂၀၁၀ မှ ၂၀၁၂ ခုနှစ်ကြား ထုတ်လုပ်ခဲ့တဲ့ Prius မော်ဒယ်နဲ့ Lexus CT200h မော်ဒယ် တွေပါဝင်ပြီး လေအိတ်အခန်းများအဖြစ် ကန့်ထားတဲ့နေရာမှာ ဂဟေဆက်ကြောင်းတစ်ခုကနေ အက်ကွဲကြောင်း ဖြစ်ပေါ်နိုင်တာကြောင့် ဖြစ်ပါတယ်။

    ဒါ့အပြင် ကာဗွန်ထုတ်လွှတ်မှုထိန်းချုပ်ရေးပိုင်းမှာ ချို့ယွင်းချက်ရှိနိုင်တဲ့ ကားစီးရေ ၂.၈၇ သန်း ကို ပြန်လည်အပ်နှံဖို့ ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့ကလည်း လေအိတ်နဲ့ပတ်သကတဲ့ ပြဿနာတစ်ခုတွက် ကားအစီးရေ ၁.၄၃ သန်းကို ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ကုမ္ပဏီက ကြေငြာခဲ့ပါတယ်။

    ဓာတ်ဆီ-လျှပ်စစ် နှစ်မျိုးစပ်သုံး Prius မော်ဒယ် ကားအချို့မှာ ဖော်ပြပါ ချို့ယွင်းချက်နှစ်ခုလုံး ဖြစ်ပေါ်နိုင်တဲ့အလားအလာတွေရှိပြီး ပြန်လည်အပ်နှံဖို့ တောင်းဆိုထားတဲ့ ကားစီးရေ စုစုပေါင်း ၃.၃၇ သန်းအထိ ရှိပါတယ်။ ဒီချို့ယွင်းမှုတွေနဲ့ပက်သက်ပြီး လက်ရှိအချိန်အထိ ထိခိုက်မှုသတင်းတွေတော့ မကြားရသေးပါဘူး။

    Ref: IINA