News @ M-Media

Author: Ko Lay

  • အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံကို ဘာရိန်းတွင် ကျင်းပမည်

    အစ္စလာမ့်ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံကို ဘာရိန်းတွင် ကျင်းပမည်

    ဇွန် ၂၄၊ ၂၀၁၆
    M-Media

    bah

    – ၁၁ ကြိမ်မြောက် အစ္စလာမ့်ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ နှစ်ပတ်လည်ညီလာခံကို ဘာရိန်းဗဟိုဘဏ်က ကမကထပြုပြီး ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းကာ နိုဝင်ဘာလ ၆ရက်နဲ့ ၇ ရက်တွေမှာ ဘာရိန်းနိုင်ငံတွင် ကျင်းပသွားမယ်လို့ အစ္စလာမ့် ဘဏ္ဍာရေးလုပ်ငန်းဆိုင်ရာ စာရင်းကိုင်နဲ့ စာရင်းစစ်အဖွဲ့အစည်း (AAOIFI) က ကြေငြာလိုက်ပါတယ်။

    အဲဒီညီလာခံမှာ မွတ်စလင်ကမ္ဘာရဲ့ ရေနံစီးပွားရေးအလွန် ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုတွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ နောက်ပြီး ဒီကဏ္ဍရဲ့ ၀န်ဆောင်မှုတွေနဲ အောင်မြင်မှုတွေကိုလည်း တင်ပြသွားမှာဖြစ်ပါတယ်။

    ပြောင်းလဲနေတဲ့စီးပွားရေးရပ်ဝန်းမှာ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း ဗျူဟာတွေအပေါ် ရိုက်ခတ်တဲ့ အကျိုးသက်ရောက်မှု၊ အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်းမှာ အစိုးရတွေရဲ့ အခန်းကဏ္ဍ၊ အစ္စလာမ်ဘဏ္ဍာရေးလုပ်ငန်းရဲ့ အနာဂတ်အလားအလာတွေကိုလည်း ဒီညီလာခံမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    အစ္စလာမ့်ဘဏ္ဍာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေမှာ ဗဟိုရှရှီအာဘုတ်အဖွဲ့ ဖွဲ့စည်းရေးနဲ့ စံနှုန်းများသတ်မှတ်ရေး အပါအ၀င် လုပ်ငန်းအပေါ် သက်ရောက်နိုင်တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဖော်ထုတ်အဖြေရှာရေး စတဲ့ ကိစ္စတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    Ref: IINA

  • အမေရိကန်တွင် ပထမဆုံးဖြစ်မည့် ကုရ်အာန်ပြပွဲတစ်ခုကို လာမည့်နှစ်ဆန်းတွင် ပြုလုပ်မည်

    အမေရိကန်တွင် ပထမဆုံးဖြစ်မည့် ကုရ်အာန်ပြပွဲတစ်ခုကို လာမည့်နှစ်ဆန်းတွင် ပြုလုပ်မည်

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    us quran

    – အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီက အနုပညာဆိုင်ရာ ပြတိုက်တစ်ခုဖြစ်တဲ့ Smithsonian’s Arthur M. Sackler Gallery က သူတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးလို့ဆိုရမယ့် ကုရ်အာန်ကျမ်းတော်မြတ် ပြပွဲတစ်ခုကို ခင်းကျင်းပြသသွားမယ်လို့ အင်္ဂနေ့မှာ ကြေငြာလိုက်ပါတယ်။

    The Art of the Qur’an: Treasures from the Museum of Turkish and Islamic Arts လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲမှာ အစ္စတန်ဘူလ်ပြတိုက်က ကုရ်အာန်ကျမ်းတော်မြတ်လက်ရေးမူ ၄၈ ခုအပြင်၊ Sackler and Freer Gallery of Art ပြခန်းက စုဆောင်းထားတဲ့ လက်ရေးမူတွေကိုလည်း ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။

    ပြပွဲကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီမှာ ပြုလုပ်သွားမှာဖြစ်ပြီး၊ ပြပွဲအတွင်း ဆွေးနွေးပွဲတွေ၊ စကားရည်လုပွဲတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ Sackler and Freer ပြခန်းရဲ့ ပြခန်းမှူးပြီး အစ္စလာမ့်အနုပညာရေးရာ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မာဆူမီ ဖာရ်ဟဒ်ကတော့ ဒီပြပွဲဟာ ကွဲပြားခြားနားတဲ့ သမိုင်းကြောင်းကို ပြသဖို့ အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : IINA

  • ဇီကာရောဂါအား ကုသနိုင်မည့်ဆေးဝါးကို လူတွင် စမ်းသပ်မည်

    ဇီကာရောဂါအား ကုသနိုင်မည့်ဆေးဝါးကို လူတွင် စမ်းသပ်မည်

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    zika

    – ဇီကာဗိုင်းရပ်စ်အတွက် လက်တွေ့ကုသနိုင်တဲ့ ဆေးဝါးတစ်ခုကို လူသားတွေမှာ စမ်းသပ်အသုံးပြုဖို့ အတည်ပြုချက် ပေးခဲ့တယ်လို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးစီမံခန့်ခွဲရေးအဖွဲ့ (FDA) က အခုတစ်ပတ်အစောပိုင်းမှာ ပြောကြားလိုက်ပါတယ်။

    အဲဒီဆေးအမည်ဟာ GLS-5700 ဖြစ်ပြီး Inovio Pharmaceuticals နဲ့ GeneOne Life Science ဆိုတဲ့ ဆေးကုမ္ပဏီတွေ ပူးပေါင်းဖန်တီးထုတ်လုပ်ခဲ့တာဖြစ်ကာ တိရစ္ဆာန်အငယ်တွေနဲ့ အကြီးတွေမှာ စမ်းသပ်ပြီးတဲ့နောက် ထိရောက်မှုရှိတာကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

    အဲဒီဆေးကို လူနာ ၄၀ လောက်မှာ စမ်းသပ်မယ်လို့ ရည်ရွယ်ထားပြီး ရလဒ်ကိုတော့ ဒီနှစ်ကုန်ပိုင်းလောက် ထုတ်ပြန်မယ်လို့ ကုမ္ပဏီတွေက ဆိုပါတယ်။

    အာဖရိကမှာ ပထမဆုံးတွေ့ရပြီး အမေရိကတိုက်တစ်လျှောက် လျင်မြန်စွာ ပြန့်နှံ့နေတဲ့ ဇီကာဗိုင်းရပ်စ်ကို ကုသဖို့အတွက် လက်ရှိမှာ ဆေးဝါးမရှိသေးပါဘူး။ ဇီကာဗိုင်းရပ်စ်ဟာ ခြင်ကိုက်ရာမှတဆင့် ဒါမှမဟုတ် လိင်ဆက်ဆံရာကတဆင့် ကူးစက်နိုင်တဲ့ ရောဂါမျိုးဖြစ်ပါတယ်။

    လက်ရှိအချိန်မှာ ဇီကာဗိုင်းရပ်စ်ဟာ တောင်အမေရိက၊ မြောက်အမေရိက၊ ကာရစ်ဘီယံဒေတွေက နိုင်ငံပေါင်း ၅၀ ခန့်မှာ ကူးစက်ပြန့်နှံ့နေပြီး နောက်ထပ်လည်း လူထောင်ပေါင်းများစွာကို ကူးစက်နိုင်တယ်လို့ ကျန်းမာရေးအဖွဲ့တွေက သတိပေးထားပါတယ်။

    Ref: IINA

  • အရွယ်မရောက်သည့် ကလေးများကို အလုပ်ခိုင်းပါက ထောင်ဒဏ် ၆ လအထိ ကျခံရနိုင်

    အရွယ်မရောက်သည့် ကလေးများကို အလုပ်ခိုင်းပါက ထောင်ဒဏ် ၆ လအထိ ကျခံရနိုင်

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    child worker

    – လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများတွင် ကလေးအလုပ်သမားများ ခန့်ထားခြင်းကို ရှောင်ရှားရန် အစိုးရက သတိပေးလိုက်ပြီး လိုက်နာခြင်းမရှိပါက ဒဏ်ငွေ အနည်းဆုံး သိန်း ၅၀ မှ အများဆုံး သိန်း ၁၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၆ လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သည်ဟု ပြောကြားလိုက်သည်။

    အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန လက်အောက်ရှိ စက်ရုံနှင့် အထွေထွေအလုပ်သမား ဥပဒေများ ဆန်းစစ်လေ့လာရေးဌာနက ဇွန်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ထိုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

    အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဟိုတယ်လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ အလယ်အလတ်နှင့် အငယ်စားစက်ရုံလုပ်ငန်းရှင်များနှင့် ခြားသော စီးပွားရေးသမားများ တက်ရောက်ခဲ့သည်။

    ဌာနတာဝန်ရှိသူများကမူ အသက် ၁၄ နှစ်မှ ၁၆ နှစ်အတွင်းရှိ ကလေးငယ်များအား တစ်နေ့လျှင် ၄ နာရီထက်ပို၍ အလုပ်ခိုင်းစေခြင်းမှာ ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေအရ တရားမ၀င်ဟု အသိပေးခဲ့သည်။

    “ဈေးဆိုင်ပိုင်ရှင်တွေနဲ့ အလုပ်ဌာနတွေဟာ အသက် ၁၄ နှစ်က ၁၆ အတွင်းရှိတဲ့ ကလေးငယ်တွေကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအကြားမှာ အလုပ်လုပ်ခိုင်းတာမျိုး ရှောင်ကျဉ်ရပါမယ်။ တစ်ချို့အလုပ်ရှင်တွေက ကလေးတွေကို သူတို့ဆိုင်မှာ ၄ နာရီလုပ်ခိုင်းပြီး၊ အမျိုးဆိုင်တစ်ခုမှာ နောက်ထပ် ၄ နာရီ အလုပ်လုပ်ခိုင်းတာမျိုးတွေ ရှိပါတယ်။ ဥပဒေက ဒါမျိုးတွေကို ခွင့်မပြုပါဘူး” ဟု ဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်က ပြောကြားခဲ့သည်။

    ထို့ပြင် မီးဖိုဆောင်များကဲ့သို့ အန္တရာယ်များသည့်နေရာများတွင် အလုပ်လုပ်ရသည့် ကလေးများကိုမူ အသေအချာ လေ့ကျင့်ပေးထားရမည်ဖြစ်ပြီး အသက် ၁၄ နှစ်မှ ၁၆ နှစ်အထိ ကလေးငယ်များကို အလုပ်ခိုင်းရာတွင်လည်း ဆရာဝန်ထံမှ အလုပ်လုပ်နိုင်သည်ဟု ထောက်ခံပေးထားသော လက်မှတ် လိုအပ်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ်အကြား ကလေးငယ် ၅ ဦးတွင် ကျောင်းမတက်ရဘဲ အလုပ်လုပ်ရသောသူမှာ ၁ ဦးထက်ပိုနေသည်ကို တွေ့ရှိခဲ့ရသည်။

    Ref: mmtiems

  • ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ ထွက်ပေါ်

    ယူရို ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ ထွက်ပေါ်

    ဇွန် ၂၃၊ ၂၀၁၆
    M-Media

    eu

    – ယူရို ၂၀၁၆ အုပ်စုပွဲစဉ်များမှာ ယနေ့မနက်တွင် ပြီးဆုံးသွားခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်သည့် အသင်းများနှင့် ၁၆ သင်းအဆင့်တွင် တွေ့ဆုံမည့် အသင်းများ၏ ပွဲစဉ်ဇယားများလည်း ထွက်ပေါ်လာခဲ့သည်။

    ၁၆ သင်းအဆင့်သို့ တက်ရောက်ခဲ့သည့် အသင်းများတွင် ပြင်သစ်၊ ဝေးလ်၊ ဂျာမနီ၊ ခရိုအေးရှား၊ အီတလီနှင့် ဟန်ဂေရီတို့က အုပ်စုပထမဖြင့်လည်းကောင်း၊ ဆွစ်ဇာလန်၊ အင်္ဂလန်၊ ပိုလန်၊ စပိန်၊ ဘယ်လ်ဂျီယံနှင့် အိုက်စလန်တို့က အုပ်စု ဒုတိယဖြင့်လည်းကောင်း အသီးသီး တက်ရောက်ခဲ့ကြသည်။

    အကောင်းဆုံး တတိယလေးသင်းဖြင့် နောက်တစ်ဆင့် တက်ရောက်သည့်အသင်းများမှာ စလိုဗက်ကီးယား၊ အိုင်ယာလန်၊ ပေါ်တူဂီနှင့် မြောက်အိုင်ယာလန်တို့ဖြစ်ကြသည်။ ၁၆ သင်း ရှုံးထွက်ပွဲစဉ် ၈ ပွဲကို ဇွန်လ ၂၅၊ ၂၆ နှင့် ၂၇ ရက်နေ့များတွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံသည့်အသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

    ဆွစ်ဇာလန် VS ပိုလန်
    ဝေးလ် VS မြောက်အိုင်ယာလန်
    ခရိုအေးရှား VS ပေါ်တူဂီ
    ပြင်သစ် VS အိုင်ယာလန်
    ဂျာမနီ VS ဆလိုဗက်ကီးယား
    ဟန်ဂေရီ VS ဘယ်လ်ဂျီယံ
    အီတလီ VS စပိန်
    အင်္ဂလန် VS အိုက်စလန်

    Ref : UEFA