ဇွန် ၁၅၊ ၂၀၁၆
M-Media
– ယူရို ၂၀၁၆ အုပ်စု H အဖွင့်ပွဲစဉ်တွင် သရေတစ်မှတ်ရယူနိုင်ခဲ့သည့် အိုက်စလန်အသင်းမှာ အားကစားစိတ်ဓာတ် အနည်းငယ်သာရှိသည်ဟု ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုက ဝေဖန်ပြောကြားလိုက်သည်။
ယနေ့မနက်က ပေါ်တူဂီနှင့်ကစားခဲ့သည့် ထိုပွဲတွင် နာနီ၏ ဦးဆောင်ဂိုးကို အိုက်စလန်က ပြန်လည်ချေပနိုင်ခဲ့ပြီး သမိုင်းတစ်လျှောက် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် အဓိကပြိုင်ပွဲကြီးတစ်ခုတွင် မဖြစ်နိုင်ဆုံး သရေတစ်မှတ်ကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုပွဲတွင် ဂိုးသွင်းခွင့်အများအပြား ရရှိခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့သည့် ရော်နယ်ဒိုကမူ အိုက်စလန်အသင်းအား ဝေဖန်ခဲ့သည်။
“နည်းနည်းတော့ စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီပွဲကိုနိုင်ဖို့ ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပါတယ်။ အိုက်စလန်ကတော့ ဘာမှကို မကြိုးစားခဲ့ပါဘူး။ သူတို့ ၁ ဂိုးရသွားတယ်။ မိနစ် ၉၀ လုံးမှာမှ သူတို့ ၂ ကြိမ်လောက်သာ အခွင့်အရေးရတာပါ။ ကျန်တဲ့အချိန်တွေမှာ သူတို့ ကစားသမားတွေဟာ ဘောလုံးကို မထိပါဘူး။ ဂိုးနားမှာ ဘတ်စ်ကားကြီးလို ပိတ်နေပြီး၊ အသင်းတစ်သင်းက ဒီလို ကြိုးစားအားထုတ်မှုမရှိဘူးဆိုရင် ကစားရတာ ခက်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီကတော့ ဘောလုံးကို ဘောလုံးနဲ့တူအောင် ကစားခဲ့ပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်” ဟု ရော်နယ်ဒိုက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
Ref: Goal