News @ M-Media
Author: Ko Lay
  • ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်
    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာမည်
    ဇွန် ၁၃၊ ၂၀၁၆
    M-Media
    french
    – ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်း-မာ့ခ် အေရုလ်မှာ ယခုလအတွင်း မြန်မာနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်မည်ဟု ရန်ကုန်မြို့ရှိ ပြင်သစ်သံရုံးက ပြောကြားလိုက်သည်။
    အဆိုပါခရီးစဉ်မှာ ဇွန်လ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးထင်ကျော်အပါအ၀င် ထိပ်တန်းတာဝန်ရှိသူများနှင့် တွေ့ဆုံရန် ရှိနေသည်ဟု သံရုံး၏ ပထမအတွင်းဝန် ဆိုနီယာ တဘ်ဘက်ခ်က ပြောကြားခဲ့သည်။
    ထို့ပြင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းတို့နှင့်လည်း တစ်နေ့တည်း တွေ့ဆုံသွားရန် ရှိနေသည်။
    “ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံက ဒီမိုကရေစီအကူးအပြောင်းအတွက် ပြင်သစ်အစိုးရရဲ့ ထောက်ခံအားပေးမှုကို ပြန်လည်းဆန်းသစ်ဖို့နဲ့ ပြင်သစ်ဖွံ့ဖြိုးရေးအေဂျစီကနေတစ်ဆင့် ပေးနေတဲ့ ပြင်သစ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီမှာ လာမည့်နှစ်တွေအတွက် ဘဏ္ဍာငွေထည့်ဝင်သွားမယ်ဆိုတာကို ကြေငြာဖို့ဖြစ်ပါတယ်” ဟု မစ် တဘ်ဘက်ခ်က ထပ်လောင်းပြောကြားခဲ့သည်။
    မစ္စတာအေရုလ်မှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်၊ ပြင်သစ် အန်ဂျီအိုအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ အရပ်ဖက်အဖွဲ့အစည်းများနှင့်လည်း ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ဆုံမည်ဖြစ်သည်။ ဇွန်လ ၁၉ ရက်နေ့တွင်မူ ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံးဟောင်းနှင့် ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ နေအိမ်သို့ သွားရောက်လည်ပတ်မည်ဖြစ်သည်။
    ၎င်းလာရောက်လည်ပတ်မှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ဖေဖော်ဝါရီလတွင် အာဏာရပါတီအဖြစ် တာဝန်ယူခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ၏ ကိုယ်စားလှယ်တစ်ဦး ပထမဆုံး လာရောက်လည်ပတ်ခြင်းဖြစ်သည်။
    Ref: mmtimes
  • လူ ၅၀ သေဆုံးခဲ့သည့် အော်လန်ဒိုသေနတ်ပစ်မှုကို အမေရိကန် မွတ်စလင်များ ရှုတ်ချ
    လူ ၅၀ သေဆုံးခဲ့သည့် အော်လန်ဒိုသေနတ်ပစ်မှုကို အမေရိကန် မွတ်စလင်များ ရှုတ်ချ
    ဇွန် ၁၃၊ ၂၀၁၆
    M-Media
    orlando
    – အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လိင်တူချစ်သူများစုဝေးရာ နိုက်ကလပ်တွင် ဖြစ်ပွားခဲ့သော သေနတ်ဖြင့်ပစ်ခတ်မှုအတွက် အမေရိကန် မွတ်စလင်အဖွဲ့အစည်းများက ရှုတ်ချခဲ့ကြသည်။
    မနက်အစောပိုင်း ဖြစ်ပွားခဲ့သည့် အဆိုပါ ပစ်ခတ်မှုအတွင်း လူ ၅၀ ခန့် သေဆုံးခဲ့ပြီး ၆၀ ၀န်းကျင် ဒဏ်ရာရရှိခဲ့သည်။ သေနတ်သမားမှာ အိုမာရ် မာတင်းဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့၏ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သည်။ IS ကမူ မာတင်းမှာ မိမိတို့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိုပစ်ခတ်မှုမှာ မိမိတို့လက်ချက်ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
    အိုမာရ် မာတင်း၏ ဇနီးဟောင်းဖြစ်သူ ဆီတိုရာ ယူဆူဖီက မာတင်းမှာ စိတ်ပိုင်းဆိုင်ရာအရ ဂဏာမငြိမ်ဘဲ၊ အလွန်အမင်းပျော်ရွှင်မှု သို့မဟုတ် ဒေါသထွက်မှုကြောင့် စိတ်မတည်မငြိမ်ဖြစ်တတ်သည့် စိတ်ကျရောဂါမျိုး ရှိနေကြောင်း၊ တစ်ခါတစ်ရံတွင် လိင်တူချစ်သူများအား မနှစ်မြို့သည့် လက္ခဏာများ ပြတတ်ကြောင်း ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။
    “ပထမဆုံး ခံစားရတာကတော့ ၀မ်းနည်းမှုပါပဲ။ ဒီတိုက်ခိုက်မှုအတွင်းမှာ အသက်ဆုံးရှုံးခဲ့ရသူတွေ၊ သူတို့ရဲ့မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါတယ်။ နောက်ထပ်ပြောချင်တာကတော့ ဒီလူတွေ (ကျူးလွန်သူ)ဟာ ကျွန်တော်တို့ သာသနာကို ညှိုးနွမ်းစေသူတွေ ဖြစ်တယ်ဆိုတာပါပဲ” ဟု ဖီလာဒဲလ်ဖီးယားပြည်နယ် ဂျာမန်တောင်းမြို့ရှိ ဂျာမန်တောင်း ဗလီဝတ်ကျောင်းတော်မှ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဟာဆန် အဘ်ဒီက ပြောကြားခဲ့သည်။
    တက္ကဆက်ပြည်နယ် ဒါးလက်စ်မြို့ရှိ ဘိုက်သွလ် အစ်က္ကရမ် ဗလီဝတ်ကျောင်းတော်ကလည်း တနင်္ဂနွေနေ့ညပိုင်းတွင် အထူးဝတ်ပြုဆုတောင်းမှုတစ်ခုပြုလုပ်ကာ တိုက်ခိုက်မှုအတွင်း ထိခိုက်ခဲ့သူများအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်။ ထို့ပြင် ထိုပစ်ခတ်မှုကိုလည်း ရှုတ်ချခဲ့သည်။
    “ဒီလူတွေကတော့ သူတို့ကိုသူတို့ မွတ်စလင်လို့ ခေါ်ကြတယ်။ ဒါပေမယ့် ဒါမျိုးသွန်သင်မှုတွေ သူတို့ ဘယ်ကယူသလဲတော့ ကျွန်တော် မပြောတတ်ပါဘူး” ဟု ဒါးလက်စ်မြို့ရှိ မွတ်စလင် လူအဖွဲ့စည်းစင်တာမှ ဥက္ကဌဖြစ်သူ ဆူဟေးလ် ကူဆာရ်က ပြောကြားခဲ့သည်။
    “သူတို့တွေက အစ္စလာမ့်ရဲ့ ငြိမ်းချမ်းတဲ့သတင်းစကားပြန်နှံ့ဖို့ နေ့ရောညပါ ကြိုးစားနေကြပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးက ဒီအလုပ်ကို ခြေလှမ်းထောင်ပေါင်းများစွာ အနောက်ပြန်ရောက်သွားစေပါတယ်။ ပြီးတော့ လူ့အဖွဲ့အစည်းအတွင်း အတူတကွ တစ်ညီတစ်ညွတ်တည်းရှိဖို့ ကျွန်တော်တို့ အစကနေ ပြန်စရပါတော့မယ်။ တော်တော်လေး ထိခိုက်တယ်ဗျာ”
    ကူဆာရ်ကမူ မိမိတို့အနေဖြင့် အတူယှဉ်တွဲနေထိုင်ရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာ၊ ဂရုဏာများ ထားရှိရမည်ဖြစ်ကြောင်း၊ ထိုစကားမှာ မိမိတို့ပေးချင်သော သတင်းစကားဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    တန်နက်ဆီးပြည်နယ် ဂရိတ်တားချက်တာနူဂါ မြို့ရှိ ဗလီဝတ်ကျောင်းတော်အပြင်ဘက်တွင်လည်း မွတ်စလင်လူငယ်အဖွဲ့တစ်ခုက ယမန်နေ့ညတွင် စုဝေးခဲ့ကြကာ အော်လန်ဒိုတိုက်ခိုက်မှုအတွင်း သေဆုံးသူများအတွက် ဆုတောင်းခဲ့ကြသည်။
    “ဒါမျိုးဖြစ်သွားတဲ့အတွက် ကျွန်တော်တို့ တော်တော်လေး စိတ်မကောင်းပါဘူး။ ဒါမျိုးဖြစ်တဲ့အခါတိုင်း ကျွန်တော်တို့ ပုခုံးမှာ ၀န်ထုတ်ဝန်ပိုးတွေ ပိုများလာတယ်လို့ ခံစားရတယ်။ ဒါက ကျွန်တော်တို့အပြစ်တော့ မဟုတ်ဘူးပေါ့လေ။ ကျွန်တော်တို့ ဘာသာဝင်ထဲကတစ်ယောက်က ဒါမျိုးလုပ်တော့ ၀န်ထုတ်ဝန်ပိုးလို့ ခံစားရတာပါ။ တစ်ခုခုတော့ မှားနေပြီလို့လည်း ကျွန်တော်တို့ ခံစားရပါတယ်။ ဒါပေမယ့် မွတ်စလင်အများစုကတော့ ငြိမ်းချမ်းရေးမြတ်နိုးသူတွေဆိုတာ ခင်ဗျားတို့ တွေ့မှာပါ” ဟု ဗလီဝတ်ကျောင်းတော်၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အာရစ်ဖ် ရှာဖီက ပြောကြားခဲ့သည်။
    Ref: RT, IINA
  • အထုတ်ခံမည်ကို မကြောက်တော့ဟု ဘရာဇီးလ်နည်းပြပြော
    အထုတ်ခံမည်ကို မကြောက်တော့ဟု ဘရာဇီးလ်နည်းပြပြော
    ဇွန် ၁၃၊ ၂၀၁၆
    M-Media
    brazil
    – ကိုပါအမေရိကဖလားတွင် အုပ်စုမှ ထွက်ခဲ့ရခြင်းအတွက် မိမိအနေဖြင့် တုန်လှုပ်မိပြီး အနာဂတ်အတွက်လည်း စိုးရိမ်မှုမရှိတော့ဟု ဘရာဇီးလ်နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။
    ယနေ့မနက်က ကစားခဲ့သည့် ပီရူးအသင်းနှင့်ပွဲတွင် ဘရာဇီးလ်မှာ အငြင်းပွားဖွယ် လက်ထိဂိုးပေးခဲ့ရကာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ကိုပါအမေရိကဖလား ၈ ကြိမ် ရရှိထားသည့် ဘရာဇီးလ်မှာ ၁၉၈၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ရသည်။
    ပထမကြိမ်ကိုင်တွယ်စဉ် ၂၀၁၀ ကမ္ဘာဖလား ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရမှုကြောင့် အထုတ်ခံခဲ့ရသည့် နည်းပြ ဒွန်ဂါမှာ ယခုရလဒ်ကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည်။
    “ကျွန်တော်တို့ လုပ်ခဲ့တာတွေ၊ ကြိုးစားခဲ့တာတွေကို ဘောလုံးအဖွဲ့ချုပ်ဥက္ကဌက သိပါတယ်။ ဘရာဇီးလ်အသင်းအတွက် အလုပ်လုပ်မယ်ဆိုရင် ရလဒ်မကောင်းတဲ့အခါ ဝေဖန်မှုတွေကို သောသောညံမယ်ဆိုတာ သိထားရပါမယ်။ ဘရာဇီးလ်မှာ မျက်စိတစ်မှိတ်အတွင်း အားလုံးပြောင်းလဲတာမျိုး လိုချင်ကြပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာတော့ စိတ်ရှည်ရတယ်ဗျ။ အထုတ်ခံရမှာ ကျွန်တော် မကြောက်ပါဘူး။ သေမှာတစ်ခုတည်းပဲ ကြောက်ပါတယ်” ဟု ဒွန်ဂါက ပြောကြားခဲ့သည်။
    Ref: Goal
  • ကမ္ဘာ့ဖလား အရိပ်မည်းများကို ယူရိုအောင်မြင်မှုဖြင့် ချေဖျက်မည်ဟု အင်နီယေစတာပြော
    ကမ္ဘာ့ဖလား အရိပ်မည်းများကို ယူရိုအောင်မြင်မှုဖြင့် ချေဖျက်မည်ဟု အင်နီယေစတာပြော
    ဇွန် ၁၃၊ ၂၀၁၆
    M-Media
    spain 2
    – မိမိတို့စပိန်အသင်းမှာ ယူရိုပြိုင်ပွဲတွင် ဗိုလ်စွဲကာ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားမှ အရိပ်မည်းများအား ချေဖျက်ရန် အသင့်ဖြစ်နေသည်ဟု ကွင်းလယ်လူ အင်နီယေစတာက ပြောကြားလိုက်သည်။
    ၂၀၀၈ ခုနှစ်နှင့် ၂၀၁၂ ယူရိုပြိုင်ပွဲများတွင် ၂ ကြိမ်ဆက်ချန်ပီယံဖြစ်ထားသည့် စပိန်အသင်းမှာ ၂၀၁၄ ကမ္ဘ့ာဖလားတွင် အုပ်စုမှပင် လှည့်ပြန်ခဲ့ရသည်။ သို့သော်လည်း ယခု ယူရို ၂၀၁၆ ခြေစစ်ပွဲတွင် စပိန်မှာ ၁၀ ပွဲကစား ၉ ပွဲအနိုင်ရ၍ အုပ်စုထိပ်ဆုံးဖြင့် ခြေစစ်ပွဲအောင်ခဲ့ပြီး ယူရို ၃ ကြိမ်ဆက်ချန်ပီယံဖြစ်ရန် တစ်ပေးခြင်း ခံထားရသည်။
    အင်နီယေစတာကမူ ယနေ့ညတွင် ချက်အသင်းနှင့် အုပ်စုအဖွင့်ပွဲစဉ်တွင် ယှဉ်ပြိုင်ရမည့် ၎င်းတို့အသင်းမှာ ဘောလုံးလောကတွင် ပြန်လည်လွှမ်းမိုးရန် အသင့်ဖြစ်နေသည်ဟု ဆိုသည်။
    “ဘရာဇီလ်းမှာ တွေ့ခံရတဲ့ စိတ်ပျက်စရာတွေဟာ ဒီပြိုင်ပွဲမှာ အရင်ထက် ပိုပြီးအာရုံစိုက်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံဘွဲ့ကာကွယ်ဖို့ဆိုတဲ့တာဝန်နဲ့ ဒီရောက်လာတာဖြစ်ပြီး၊ ကျွန်တော်တို့ကလည်း လုပ်နိုင်သလောက် လုပ်သွားချင်ပါတယ်။ ပြိုင်ပွဲတစ်ခုနဲ့တစ်ခုက မတူပါဘူး။ အခု ကျွန်တော်တို့မှာ ကောင်းမွန်တဲ့လူစာရင်းရှိပြီး ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အင်နီယေစတာက ပြောကြားခဲ့သည်။
    Ref: Goal
  • မလေးရှားရောက် မြန်မာနိုင်ငံသားများအား ကူညီရေး သံရုံးဦးဆောင်ကာ ကော်မတီတစ်ခု ဖွဲ့စည်းမည်
    မလေးရှားရောက် မြန်မာနိုင်ငံသားများအား ကူညီရေး သံရုံးဦးဆောင်ကာ ကော်မတီတစ်ခု ဖွဲ့စည်းမည်
    ဇွန် ၁၃၊ ၂၀၁၆
    M-Media
    migrant
    – မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးနိုင်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းနိုင်ရန်အတွက် ကွာလာလမ်ပူရှိ မြန်မာသံရုံးမှာ မလေးရှားအခြေစိုက် မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် အနီးကပ်ဆောင်ရွက်နေသည်ဟု သိရသည်။
    မြန်မာသံရုံးမှာ ဇွန်လ ၅ ရက်နေ့မှာ မလေးရှားရှိ မြန်မာအရပ်ဖက်လူမှုအဖွဲ့အစည်း ၅၀ ခန့်နှင့် တွေ့ဆုံခဲ့ပြီး ကော်မတီဖွဲ့စည်းရေး ဆွေးနွေးခဲ့ကြသည်။
    “တကယ်လို့ ကျွန်တော်တို့ပါဝင်ရင် ကျွန်တော်တို့ဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အရင်ကထက် ပိုကူညီနိုင်မှာဖြစ်ပြီး မြန်မာသံရုံးကလည်း ရွှေ့ပြောင်းလုပ်သားတွေရဲ့ ယုံကြည်အားထားမှုကို ပြန်ရလာနိုင်ပါတယ်။ အခုအချိန်မှာတော့ ရွှေ့ပြောင်းလုပ်သားတွေအားလုံးက မြန်မာသံရုံးကို ချဉ်နေကြပြီး ကြောက်လည်း ကြောက်နေကြပါတယ်” ဟု ဂျိုဟိုးရှိ ရတနာ့စက္က အခမဲ့ နာရေးကူညီမှုအသင်း၏ ဥက္ကဌဖြစ်သူ ကိုကျော်ဇေလွင်က ပြောကြားခဲ့သည်။
    သီတဂူဆရာတော်အား အားပေးထောက်ခံသည့် အဖွဲ့တစ်ခုမှ အကြီးအကဲဖြစ်သူ ဦးသီဟမောင်မောင်က အဆိုပါ အဖွဲ့အစည်းအသစ်နှင့် ဆက်သွယ်ထားပါက ရွှေ့ပြောင်းလုပ်သားများ ဆေးရုံတက်သည့်အခါ ဆေးကုသစားရိတ်ကို ထက်ဝက်ခန့် လျှော့ချနိုင်မည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် မလေးရှာရှိ မြန်မာ အရပ်ဖက်လူမှုအဖွဲ့အစည်းများအနေဖြင့် မြန်မာသံရုံးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရွှေ့ပြောင်းလုပ်သားများအရေး မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပိုမို ထိရောက်စွာ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဟု ၎င်းက ထပ်လောင်း ပြောဆိုခဲ့သည်။
    မလေးရှားရောက် မြန်မာနိုင်ငံသားများအား ကာကွယ်စောင့်ရှောက်ပေးရန် ဖွဲ့စည်းမည့် အဆိုပါ ကော်မတီတွင် သံအမတ်၊ ဒုတိယသံအမတ်နှင့် စစ်သံမှူးတို့အား ဥက္ကဌ၊ ဒုဥက္ကဌများအဖြစ် အသီးသီးခန့်အပ်ရန် စီစဉ်ထားပြီး အရပ်ဖက် လူမှုအဖွဲ့အစည်းများကမူ ၎င်းတို့၏အဖွဲ့ကို ကိုယ်စားပြု ပါဝင်သွားမည်ဖြစ်သည်။
    ထိုကော်မတီကို တစ်လအတွင်း ဖွဲ့စည်းသွားမည်ဖြစ်ကာ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်သွားမည်ဖြစ်သည်။ မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားအရေအတွက်မှာ ၄၅၀,၀၀၀ မှ ၅၀၀,၀၀၀ အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး အများစုမှာ တရားမ၀င် သွားရောက်ကြသူများဖြစ်သည်။
    Ref: mmtimes