News @ M-Media

Author: Ko Lay

  • ရုရှားတွင် အစ္စလာမ့်ရေးရာ ဆွေးနွေးပွဲတစ်ခု ကျင်းပမည်

    ရုရှားတွင် အစ္စလာမ့်ရေးရာ ဆွေးနွေးပွဲတစ်ခု ကျင်းပမည်

    မေ ၂၅၊ ၂၀၁၆
    M-Media

    kazan

    – ရုရှားနှင့် ကမ္ဘာတစ်ဝှမ်းလုံးမှ အစ္စလာမ့်ရေးရာ အကြောင်းအရာများကို ဆွေးနွေးသွားမည့် အခမ်းအနားတစ်ခုကို ရုရှားနိုင်ငံ တာတာစတန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော် ကာဇန်၌ ယနေ့တွင် စတင်ပြုလုပ်သွားမည်ဟု သိရသည်။

    Russia and the Islamic World ဟု အမည်ပေးထားသည့် အဆိုပါ ဆွေးနွေးပွဲမှာ ၄ ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ရှရှားနှင့် အစ္စလာမ်ကမ္ဘာ၏ ကောင်းမွန်သော ဆက်ဆံရေး ပိုမိုတိုးမြှင့်ရန် ဆွေးနွေးသွားမည်ဖြစ်သည်။

    ထို့ပြင် ဘာသာဝင်များအားလုံးအကြား လုံခြုံငြိမ်းချမ်းရေး၊ ဆွေးနွေးဖလှယ်ရေး၊ အတူယှဉ်တွဲနေထိုင်ရေးနှင့် မိမိတို့၏ ရိုးရာ နာမ်ပိုင်းဆိုင်ရာ တန်ဖိုးများ ဖြန့်ဖြူးရေး စသည့် ကိစ္စရပ်များအား တိုးမြှင့်ဆောင်ရွက်ရေးအတွက် ဆွေးနွေးမှုများလည်း ပါဝင်မည်ဖြစ်သည်။

    အစ္စလာမ့်ကမ္ဘာပြင်ပရှိ မွတ်စလင်များဆိုင်ရာ ပညာရေးနှင့် ယဉ်ကျေးမှုရေးရာ ကောင်စီ (ISESCO) ၏ အဖွဲ့ဝင်ဖြစ်ပြီး မော်စကို အစ္စလာမ့်ယဉ်ကျေးမှုဆိုင်ရာအသင်းမှ ဒါရိုက်တာဖြစ်သူ ဒေါက်တာ စအစ် ဟီဘာသွလ္လာဟ် ကာမီလက်ဗ်လည်း ထိုဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ISESCO ၏ အထွေထွေ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အဘ်ဒူလ် အဇစ် အွတ်စမန် အလ်သွာဂျီရီကိုယ်စား အဖွင့်မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။

    Ref: IINA

  • လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တူရကီတွင် ကျင်းပမည်

    လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တူရကီတွင် ကျင်းပမည်

    မေ ၂၄၊ ၂၀၁၆
    M-Media

    un

    – တူရကီမှာ ကျင်းပမယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထိပ်သီးညီလာခံဟာ ကမ္ဘာ့ပြည်သူလူထုရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အခွင့်အလမ်းတစ်ခု ဖြစ်မယ်လို့ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးနဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး စတီဖင် အိုဘရိုင်ယန်က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    ကမ္ဘာ့ပထမဆုံးဖြစ်မယ့် အဲဒီ ထိပ်သီးအစည်းဝေးကို တနင်္လာနဲ့ အင်္ဂါနေ့မှာ အစ္စတန်ဘူလ်မြို့မှာ ကျင်းပမှာဖြစ်ပြီး ကုလသမဂ္ဂရဲ့ အချက်အလက်တွေအရ ကမ္ဘာတစ်ဝှမ်း လူ သန်း ၁၃၀ လောက်ဟာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီအတွက် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးဖို့ ဒေါ်လာ ၂၅ မှ ၃၀ ဘီလီယံထိအထိ လိုအပ်ပြီး အဲဒီ ထိပ်သီးအစည်းအဝေးကို နိုင်ငံ့ခေါင်းဆောင် အနည်းဆုံး ၅၀ နဲ့အတူ ကုလအဖွဲ့ဝင် ၁၉၃ နိုင်ငံက ၁၂၅ နိုင်ငံ တက်ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။

    Ref: IINA

  • အစ္စရေး၏ ငြိမ်းချမ်းရေးကတိက၀တ်ကို ဘန်ကီမွန် မေးခွန်းထုတ်

    အစ္စရေး၏ ငြိမ်းချမ်းရေးကတိက၀တ်ကို ဘန်ကီမွန် မေးခွန်းထုတ်

    မေ ၂၄၊ ၂၀၁၆
    M-Media

    bn

    – အနာဂတ် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ဖို့ ရည်ရွယ်ထားတဲ့ ဒေသတွေမှာ အစ္စရေးက တရားမ၀င်ကျူးကျော်မှုတွေ ဆက်လက်ပြုလုပ်နေတာနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေး ကတိက၀တ်ကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မေးခွန်ထုတ်လိုက်ပါတယ်။

    ပါလက်စတိုင်းနယ်မြေတွေကို အခုလို ကျူးကျော်သိမ်းပိုက်မှုတွေဟာ နိုင်ငံတကာဥပေဒနဲ့ ငြိစွန်းရုံသာမက ၂ နိုင်ငံတည်ရှိရေး အဖြေကိုလည်း ဖျက်ဆီးပစ်ရာရောက်တယ်လို့ Anadolu သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဘန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “နေအိမ်တွေ ဖျက်ဆီးနေတာနဲ့ အဆောက်အအုံတွေ အခြေချဆောက်လုပ်နေတဲ့ အစ္စရေးရဲ့ အဆုံးစွန်သောရည်မှန်းချက်ဟာ အနောက်ဖက်ကမ်းကနေ ပါလက်စတိုင်းတွေကို အပြီးမောင်းထုတ်ပစ်ချင်တာလား ဒါမှမဟုတ် ပါလက်စတိုင်းနိုင်ငံရဲ့ ကောင်းမွန်တဲ့ အကူးအပြောင်းတစ်ရပ်ကို ဖျက်ဆီးနေတာလားဆိုပြီး မေးခွန်းထုတ်ချင်ပါတယ်”

    နောက်ပြီး ရပ်တန့်နေတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေကို နှစ်ဖက်စလုံး ပြန်လည်စတင်ဖို့လည်း ဘန်က တိုက်တွန်းခဲ့ပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးက တရားမ၀င်အိမ်ယာတွေ ဆောက်လုပ်နေမှုကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ရှုတ်ချထားပေမယ့် အစ္စရေးက လိုက်နာခြင်းမရှိပါဘူး။

    Ref : IINA

  • ဖီဖာ ဒုတိယအတွင်းရေးမှူး ၀တ္တရားဖောက်ဖျက်မှုဖြင့် ထုတ်ပယ်ခံရ

    ဖီဖာ ဒုတိယအတွင်းရေးမှူး ၀တ္တရားဖောက်ဖျက်မှုဖြင့် ထုတ်ပယ်ခံရ

    မေ ၂၄၊ ၂၀၁၆
    M-Media

    fifa 3

    – ယုံကြည်စိတ်ချစွာ အပ်နှံထားသော တာဝန်ဝတ္တရားများကို ချိုးဖောက်မှုဖြင့် မိမိတို့၏ ဒုတိယ အထွေထွေအတွင်းရေးမှူး မားကက်စ် ကတ္တနာအား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု ဖီဖာက ယမန်နေ့တွင် ကြေငြာလိုက်သည်။

    ဂျာမနီနိုင်ငံသားဖြစ်သူ ကတ္တနာမှာ ၂၀၁၁ ခုနှစ်က ဖီဖာဥက္ကဌ ဆပ်ဘလတ္တာမှ ယူအီးအက်ဖ်အေဥက္ကဌ မိုက်ကယ် ပလာတီနီထံသို့ မသမာသော ငွေကြေးပေးအပ်မှုအကြောင်းကို သိရှိသော်လည်း ဖုံးကွယ်ခဲ့သည်ဟု သတင်းများက ဖော်ပြကြသည်။ အဆိုပါ ငွေကြေးပေးအပ်မှုကြောင့် ဘလတ္တာနှင့် ပလာတီနီတို့မှာ ဘောလုံးလောကမှ ၆ နှစ် ပိတ်ပင်ခံခဲ့ရပြီး အားကစားဆိုင်ရာ ခုံရုံးသို့ အယူခံဝင်ပြီးနောက် ပလာတီနီ၏ ပြစ်ဒဏ်မှာ ၂ နှစ်လျော့ကျခဲ့သည်။

    ကတ္တနာမှာ ဖီဖာတွင် ဘဏ္ဍာရေးညွှန်ကြားရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး မသမာသော လုပ်ရပ်အများအပြား လုပ်ဆောင်မှုကို တွေ့ရှိရသောကြောင့် ဖီဖာကျင့်ဝတ်ကော်မတီမှ ထုတ်ပယ်ကာ ၁၂ လ ပိတ်ပင်ခဲ့သည့် အထွေထွေအတွင်းရေးမှူး ဂျယ်ရိုမီ ဗော့လ်ကီ၏ နေရာတွင် ခေတ္တ တာဝန်ယူခဲ့သည်။

    သို့သော်လည်း အဖွဲ့အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ကတ္တနာကိုယ်တိုင် ကျင့်ဝတ်ဖောက်ဖျက်သည်ကို တွေ့ရှိခဲ့ရသည်။ ၎င်း၏ နေရာအတွက် ဖီဖာအတွင်းရေးမှူးသစ် ဖာတမာ ဆမ်ဘာ ဒီအော့ဖ် ဆာမူရာက ယခုလအတွင်း ကျင်းပပြုလုပ်မည့် ၆၆ ကြိမ်မြောက် ဖီဖာညီလာခံတွင် ခန့်အပ်သွားမည်ဖြစ်သည်။

    Ref: Goal

  • အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှု မိမိတို့အချုပ်အခြာအာဏာကို ထိပါးသည်ဟု ပါကစ္စတန် ပြော

    အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှု မိမိတို့အချုပ်အခြာအာဏာကို ထိပါးသည်ဟု ပါကစ္စတန် ပြော

    မေ ၂၄၊ ၂၀၁၆
    M-Media

    – တာလီဘန်ခေါင်းဆောင် မူလာ အက်ခ်တာရ် မန်ဆူရ် သေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ ဒရုန်းလေယာဉ်နဲ့တိုက်ခိုက်မှုကို ပါကစ္စတန်အစိုးရက ယမန်နေ့မှာ ရှုတ်ချလိုက်ပြီး ဒီလိုလုပ်ရပ်ဟာ ပါကစ္စတန်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    အမေရိကန်က အာဖဂန်နယ်စပ်အနီးမှာ သောကြာနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီတိုက်ခိုက်မှုကြောင့် မိမိတို့ခါင်းဆောင် မန်ဆူရ် သေဆုံးခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ တာလီဘန်က အတည်ပြုခဲ့ပါတယ်။

    ဒါပေမယ့် အမေရိကန်ဟာ ဒီတိုက်ခိုက်မှု ပြုလုပ်ပြီးမှသာ မိမိတို့ကို အကြောင်းကြားခဲ့တာဖြစ်ပြီး မိမိတို့အနေနဲ့ ဒီအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့မှာ ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နောက်ပြီး ဒီလိုတိုက်ခိုက်မှုဟာ မိမိတို့ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်ပြီး ယခင်ကလည်း အမေရိကန်ကို ဒါမျိုးတွေမလုပ်ဖို့ ပြောကြားခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။ ၂၀၁၁ ခုနှစ် ဘင်လာဒင်ကို လုပ်ကြံတဲ့ စစ်ဆင်ရေးမှာလည်း အမေရိကန်က ပါကစ္စတန်အစိုးရရဲ့ ခွင့်ပြုချက်ကို မတောင်းခံခဲ့ပါဘူး။

    အခုကိစ္စအတွက် ပါကစ္စတန်အစိုးရကတော့ ငြိမ်းချမ်းရေးဟာ ဆွေးနွေးညှိနှိုင်းမှုတွေကနေ တစ်ဆင့်သာ ရရှိမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မြန်မာနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မန်ဆူရ်သေဆုံးမှုကို အတည်ပြုဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့တိုက်ခိုက်မှုတစ်ခုဟာ မန်ဆူရ်ကို ပစ်မှတ်ထားတာဖြစ်ပြီး အဲ့ဒီဆုံးဖြတ်ချက်ကို အိုဘားမားချခဲ့တာလို့လည်း ကယ်ရီက ဆိုပါတယ်။

    Ref: IINA