News @ M-Media

Author: Ko Lay

  • ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူ

    ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူ

    မေ ၁၅၊ ၂၀၁၆
    M-Media

    real 1

    – လာလီဂါနောက်ဆုံးပွဲတွင် ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုမှာ ဘောလုံးသမိုင်းတွင် ၆ နှစ်ဆက်တိုက် အနည်းဆုံး ဂိုး ၅၀ သွင်းယူနိုင်သည့် ပထမဆုံး ကစားသမား ဖြစ်လာခဲ့သည်။

    ယမန်နေ့က ဒီပို့တီဗိုနှင့်ပွဲတွင် ၎င်းသွင်းယူခဲ့သည့် ၂ ဂိုးကြောင့် ယခုနှစ် ရီးယဲလ်အတွက် ပြိုင်ပွဲအားလုံးတွင် ၎င်းသွင်းယူခဲ့သည့် ဂိုးများမှာ ၅၁ ဂိုး ရှိခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၂၀၁၀-၂၀၁၁ ဘောလုံးရာသီမှစ၍ ရော်နယ်ဒိုမှာ ၆ နှစ်ဆက်တိုက် အသင်းအတွက် အနည်းဆုံး ဂိုး ၅၀ သွင်းယူပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးသမိုင်းတွင် မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့သည်။

    ဘာစီလိုနာမှ ၎င်း၏ပြိုင်ဘက် မက်ဆီကမူ ၂၀၁၀ နှင့် ၂၀၁၃ အကြား ၃ ရာသီဆက်တိုက် ဂိုး ၅၀ ကျော် သွင်းယူနိုင်ခဲ့သည်။ ယခုလအတွင်း ရီးယဲလ်မှာ မီလန်၌ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် အက်သလက်တီကိုနှင့် ကစားရမည်ဖြစ်သောကြောင့် ရော်နယ်ဒိုမှာ ၎င်း၏ သွင်းဂိုးစာရင်းတွင် ဂိုးများ ထပ်ပေါင်းထည့်နိုင်မည့် အလားအလာ ရှိနေသည်။

    Ref: Goal

  • ဖင်လန်မှာ ဒုက္ခသည် ၂ သောင်း ခွဲ ပျောက်ဆုံးနေ

    ဖင်လန်မှာ ဒုက္ခသည် ၂ သောင်း ခွဲ ပျောက်ဆုံးနေ

    မေ ၁၅၊ ၂၀၁၆
    M-Media

    finish

    – ဖင်လန်ဒုက္ခသည်လက်ခံရေးဌာနတွေကနေ ဒုက္ခသည် ၂၅၀၀၀ လောက် ပျောက်ဆုံးနေပြီး ဒေသခံအာဏာပိုင်တွေကတော့ အဲဒီလူတွေကို ဆက်သွယ်လို့မရတဲ့အတွက် ဘယ်ရောက်နေလဲ၊ ဘယ်လိုအသက်မွေးနေလဲဆိုတဲ့ သဲလွန်စတွေ ဘာမှမရဘူးလို့ ဆိုပါတယ်။

    “ဒါဟာ အန္တရာယ်များတဲ့ အခြေအနေပါ၊ ဒီမှာနေဖို့ဆုံးဖြတ်ထားပေမဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတဲ့ အခြေအနေမျိုး မရှိသေးတဲ့အတွက် သူတို့ဘယ်သူတွေလဲ၊ ဒီကိုဘာကြောင့်ရောက်လာလဲ၊ လက်ရှိ ဘယ်လိုလုပ်ကိုင်စားသောက်နေလဲဆိုတာ ဘာမှမသိရသေးပါဘူး” လို့ ထောက်လှမ်းရေးအဖွဲ့ချုပ်ဥက္ကဌ ဆန်နာပါလို က ယခုတစ်ပတ်အတွင်း ပြည်တွင်း မီဒီယာတစ်ခုနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

    ဥရောပက ဒုက္ခသည်လက်ခံရေးစင်တာတွေကနေ ဒုက္ခသည်တွေ ပျောက်ဆုံးနေတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပဘူး။ ၂၀၁၅ ခုနှစ်အတွင်း ဂျာမနီကို တရားဝင် ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေထဲက ၁၃ ရာခိုင်နှုန်းလောက်ဟာလည်း သူတို့အတွက် သတ်မှတ်ပေးထားတဲ့ နေရာထိုင်ခင်းတွေဆီ ရောက်မလာခဲ့ကြပါဘူး။

    ဂျာမနီမှာ ဒုက္ခသည်ကလေးငယ်တွေ ပျောက်ဆုံးမှုအရေအတွက်ကတော့ အနည်းဆုံး ၅၈၃၅ ဦးလောက်ရှိပြီး အဲဒီအထဲက ၅၅၅ ဦးဟာ အသက် ၁၄ နှစ်အောက်သာ ရှိပါသေးတယ်။

    Ref; Reuters

  • လာဂီဂါ ဂိုးသွင်းဘုရင် ဆွာရက်ဇ်က အသင်းဖော်များကို ကျေးဇူးတင်

    လာဂီဂါ ဂိုးသွင်းဘုရင် ဆွာရက်ဇ်က အသင်းဖော်များကို ကျေးဇူးတင်

    မေ ၁၅၊ ၂၀၁၆
    M-Media

    suarez

    – လာလီဂါတွင် ဂိုးအများဆုံး သွင်းယူနိုင်သည့် ကစားသမားအတွက် ချီးမြှင့်သော Pichichi ဆုကို ဘာစီလိုနာတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ရော်နယ်ဒိုနှင့် မက်ဆီတို့ကိုကျော်ကာ ထိုဆုအား ပထမဆုံး ရယူနိုင်ခဲ့သည့် ကစားသမား ဖြစ်လာခဲ့သည်။

    ဘာစီလိုနာအတွက် လာလီဂါတွင် ၃၅ ပွဲ ကစားခဲ့သည့် ဆွာရက်ဇ်ကမှာ ဂိုးပေါင်း ၄၀ သွင်းယူနိုင်ပြီး ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကိုထက် ၅ ဂိုး အသာဖြင့် လာလီဂါဂိုးသွင်းဘုရင်ဖြစ်ခဲ့သည်။ ယမန်နေ့က ကစားခဲ့သည့် ဂရာနာဒါနှင့် လာလီဂါနောက်ဆုံးပွဲတွင် ၎င်း၏ ဟက်ထရစ်သွင်းဂိုးက ဘာစီလိုနာအား ချန်ပီယံဖြစ်စေသကဲ့သို့ ၎င်းကိုလည်း Pichichi ဆု ရရှိစေခဲ့သည်။

    ဆွာရက်ဇ်မှာ ဘာကာအတွက် ပြိုင်ပွဲအားလုံးတွင် ၅၃ ဂိုး သွင်းယူပေးထားပြီး လာလီဂါ ဂိုးသွင်းဘုရင်ဆုနှင့် သွင်းဂိုးများအတွက် အသင်းဖော်များကို ကျေးဇူးတင်ခဲ့သည်။

    “အသင်းသားတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့သာမရှိရင် ကျွန်တော် ဒါမျိုး လုပ်နိုင်မှာ မဟုတ်ပါဘူး။ အခုလိုအခြေအနေမျိုးဟာ သူတို့မရှိရင် ဖြစ်လာမှာ မဟုတ်ပါဘူး။ သူတို့က ကျွန်တော့်ကို ဖန်တီးပေးပြီး ကျွန်တော်က ဂိုးသာ သွင်းပေးရတာပါ။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျေးဇူးတစ်ခေါက် ထပ်တင်ပါတယ်ဗျာ” ဟု ဆွာရက်ဇ်က ပြောကြားခဲ့သည်။

    Ref: Goal

  • ဖလားလက်လွှတ်ရသော်လည်း အသင်းသားများအတွက် ရီးယဲလ်နည်းပြ ဂုဏ်ယူနေ

    ဖလားလက်လွှတ်ရသော်လည်း အသင်းသားများအတွက် ရီးယဲလ်နည်းပြ ဂုဏ်ယူနေ

    မေ ၁၅၊ ၂၀၁၆
    M-Media

    zidane 1

    – ရီးယဲလ်အနေဖြင့် လာလီဂါဖလား မရရှိခဲ့သော်လည်း အသင်းသားများ၏ နောက်ဆုံးအချိန်အထိ အားထုတ်ကြိုးပမ်းမှုကို နည်းပြ ဇီဒိန်းက ချီးကျူးဂုဏ်ပြုလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် လာလီဂါနောက်ဆုံးပွဲစဉ်တွင် ရီးယဲလ်မှာ ရော်နယ်ဒို၏ သွင်းဂိုး ၂ ဂိုးဖြင့် ဒီပို့တီဗိုအား အနိုင်ရရှိခဲ့သော်လည်း ဘာစီလိုနာက ဆွာရက်ဇ်၏ ဟက်ထရစ်ဖြင့် ဂရာနာဒါကို အနိုင်ရရှိခဲ့သောကြောင့် ရီးယဲလ်အား ၁ မှတ်ဖြတ်ကာ လာလီဂါဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

    သို့သော်လည်း ဧပြီလအထိ ဘာစီလိုနာနှင့် ၁၀ မှတ်ကွာဟနေရာမှ ယခုကဲ့သို့ သူတင်ကိုယ်တင်ဖြစ်လာအောင် အားထုတ်ကြိုးပမ်းခဲ့သည့် အသင်းအား ဇီဒိန်းက အကောင်းမြင်ခဲ့သည်။

    “(ဖလားမရတဲ့အတွက်) စိတ်ပျက်တာပေါ့ဗျာ။ ဒါပေမယ့် ဘောလုံးလောကဆိုတာ ဒီလိုပါပဲ။ လုပ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်ဆောင်ခဲ့တယ်။ ဒါကသာ အရေးကြီးတာပါ။ အခုတော့ ကျွန်တော်တို့ဟာ နောက်ဆုံးကျန်နေတဲ့ပွဲ (အက်သလက်တီကိုနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ) အကြောင်းသာ ခေါင်းထဲထည့်ထားပါတယ်။ နောက်ဆုံးမှာ ဘာစီလိုနာရဲ့ နှာတစ်ဖျားသာမှုကို ကျွန်တော်တို့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ သူတို့ အမှတ်ပေးဖလား ရခဲ့တယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် လုပ်ခဲ့ပါတယ်” ဟု ဇီဒိန်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ထို့ပြင် ကစားသမားများအားလုံးအတွက် မိမိအနေဖြင့် ကျေနပ်မိပြီး အလွန်ဂုဏ်ယူမိကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: Goal

  • အင်္ဂလန်၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အခြေအနေ ဆိုးရွားလာနေ

    အင်္ဂလန်၏ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ အခြေအနေ ဆိုးရွားလာနေ

    မေ ၁၅၊ ၂၀၁၆
    M-Media

    NHS

    – အင်္ဂလန် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) က နိုင်ငံအတွင်းမှာရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေရဲ့ စံနှုန်းတွေ လျော့ကျလာနေတယ်လို့ ၎င်းတို့ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

    အဲဒီ အစီရင်ခံစာမှာ ၁၅ နှစ်တာအတွင်း ဆေးရုံတွေမှာ ၀န်ထမ်း ဒါမှမဟုတ် ကုတင်တွေ မရှိတော့တာကြောင့် ခွဲစိတ်မှုအတော်များများကို နောက်ဆုံးအချိန်ကျမှ ဖျက်သိမ်းလိုက်ရတယ်လို့ဆိုပြီး၊ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်ထဲမှာပဲ အင်္ဂလန်က လူနာ ၇၄၀၀၀ ကျော်ဟာ ကုသမှုနဲ့မဆိုင်တဲ့ အကြောင်းပြချက်တွေနဲ့ ဆေးခန်းပြမယ့်အစီအစဉ်တွေ ရွှေ့ဆိုင်းခံနေရတာမျိုး ရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

    တော်ဝင်သမားတော်များကောလိပ်က အဆိုပါအချက်အလက်တွေဟာ စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ပြောဆိုလိုက်ပြီး အခုလို ကြန့်ကြာမှုတွေကြောင့် လူနာတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ပါတယ်။

    ကျွမ်းကျင်သူတွေကတော့ ဒီအချက်အလက်တွေဟာ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဖိအားတွေ များလွန်းတာကြောင့် စံနှုန်းတွေ လျော့ကျလာတဲ့ လက္ခဏာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    NHS ရဲ့ အလုပ်ချိန်တိုးမြှင့်ပြီး လစာတိုးမပေးတာကြောင့် ပြီးခဲ့တဲ့လ နှောင်းပိုင်းမှာ အင်္ဂလန်က အငယ်တန်းဆရာဝန်တွေဟာ သပိတ်မှောက်ခဲ့ကြပြီး အဲဒီသပိတ်ကြောင့် ဖျက်ပစ်လိုက်ရတဲ့ ခွဲစိတ်ကုသမှု စာရင်းတွေကတော့ အခုထုတ်ပြန်တဲ့ အစီရင်ခံစာမှာ မပါဝင်ပါဘူး။

    Ref: Presstv