News @ M-Media

Author: Ko Lay

  • အစ္စရေးပညာရှင်တစ်ဦးက ၎င်း၏ ဆုကြေးငွေကို အဖိနှိပ်ခံ ပါလက်စတိုင်းများအတွက် သုံးစွဲမည်

    အစ္စရေးပညာရှင်တစ်ဦးက ၎င်း၏ ဆုကြေးငွေကို အဖိနှိပ်ခံ ပါလက်စတိုင်းများအတွက် သုံးစွဲမည်

    မေ ၁၆၊ ၂၀၁၆
    M-Media

    profesor

    – အစ္စရေးနိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို ရရှိခဲ့တဲ့ ပါမောက္ခတစ်ဦးက သူရရှိတဲ့ ငွေသားဆုကြေးကို အစ္စရေးရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ခံနေရတဲ့ ပါလက်စတိုင်းပြည်သူတွေအတွက် ကူညီနေတဲ့ အဖွဲ့တစ်ခုကို လှူဒါန်းမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။

    ပါမောက္ခ ဒေးဗစ် ရှူလ်မန်ဆိုသူဖြစ်ပြီး ဂျေရုဆလင် ဟီဘရူးတက္ကသိုလ်က အာရှရေးရာပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။ အမေရိကန်ဖွားဖြစ်တဲ့ သူဟာ ပညာရေးဆိုင်ရာ လုပ်ငန်းတစ်ခုအတွက် အခုလို ဂုဏ်ပြုဆုကို ရရှိခဲ့တာဖြစ်ပြီး ဆုရရှိခဲ့တဲ့ ကန်ဒေါ်လာ ၂၀၀၀၀ ကို ပါလက်စတိုင်းပြည်သူတွေကို အကူအညီပေးနေတဲ့ Ta’ayush အဖွဲ့ကို လှူဒါန်းသွားမှာဖြစ်ပါတယ်။

    “(အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ) အခြေအနေတွေ ဆိုးရွားနေတဲ့ ဒီလိုအချိန်၊ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးစားနေတဲ့ အဖွဲ့တွေနဲ့ လက်ယာစွန်းရောက်တွေက Ta’ayush နဲ့ အခြားသော လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ဖိနှိပ်ချုပ်ချယ်နေတဲ့ ဒီလိုအချိန်မျိုးမှာ ဒီဆုကို လက်ခံရမှာ မ၀ံ့မရဲ ဖြစ်မိပါတယ်။ အပြစ်မဲ့ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ ဆက်လက်ဖြစ်ပွားနေဆဲ အကြမ်းဖက်မှုဒဏ် ခံစားနေရတဲ့ သူတို့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးဖို့ဆိုတာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ်လို့ Ta’ayush အဖွဲ့နဲ့အတူ ကျွန်တော်လည်း ခံစားရပါတယ်” လို့ ပါမောက္ခ ရှူလ်မန်က ပြောကြားခဲ့ပါတယ်။

    Ta’ayush အဖွဲ့ဟာ အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းပြည်သူတွေကို သူတို့ရဲ့ နေအိမ်တွေ၊ စိုက်ပျိုးမြေတွေ ပြန်လည်ရရှိဖို့ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    Ref: IINA

  • ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နှင်းရေး နိုက်ဂျီရီးယားတွင် ဆွေးနွေး

    ဘိုကိုဟာရမ်အဖွဲ့ကို နှိမ်နှင်းရေး နိုက်ဂျီရီးယားတွင် ဆွေးနွေး

    မေ ၁၆၊ ၂၀၁၆
    M-Media

    – ဘိုကိုဟာရမ်အဖွဲ့ရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပက်သက်ပြီး အာဖရိကဒေသတွင်းနဲ့ အနောက်နိုင်ငံတွေက ခေါင်းဆောင်တွေဟာ နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်အဘူဂျာမှာ စနေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒီအကြမ်းဖက်အဖွဲ့ကို ချဒ်ရေကန်ကြီး ပတ်ဝန်းကျင်ကနေ မောင်းထုတ်ပစ်ရမယ်လို့ သဘောတူညီခဲ့ကြပါတယ်။

    ဒါပေမယ့် အဲဒီ အကြမ်းဖက်အုပ်စုကို မောင်းထုတ်ဖို့ ဘဏ္ဍာရေးအကူအညီနဲ့ စစ်ရေးအကူအညီတွေ များများပေးဖို့နဲ့ ဒီအဖွဲ့ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ သူတွေကို ကူညီပေးဖို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    ပြင်သစ်သမ္မတ ဖရန်စစ္စကို အော်လွန်းကတော့ ဘိုကိုဟာရမ်အဖွဲ့အပေါ် အကြီးစားစစ်ရေးအောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ခြိမ်းခြောက်မှုတွေတော့ ရှိနေဆဲလို့ ဒီဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဆွေးနွေးပွဲအဆုံးမှာတော့ ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဲဒီကြေငြာချက်မှာ ဘိုကိုဟရမ်အဖွဲ့ကို နှိမ်နှင်းဖို့ဟာ စစ်ရေးဆိုင်ရာ တစ်ခုတည်းအပေါ်မှာ မူတည်နေတာမဟုတ်ဘဲ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းဖို့ အစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုတွေ ပိုမို လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

    ဘိုကိုဟာရမ်ကြောင့် ၂၀၀၉ ခုနှစ်ကတည်းက အနောက်အာဖရိကတစ်ဝှမ်းမှာ လူပေါင်း ၂၀၀၀၀ လောက် သေဆုံးခဲ့ပြီး ၂.၆ သန်းဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒီအဖွဲ့ကိုတိုက်ထုတ်ဖို့ နိုက်ဂျီးရီးယားနဲ့ အိမ်နီးချင်းနိုင်ငံတွေက တပ်ဖွဲ့ဝင် ၈၅၀၀ လောက်ချထားဖို့ အစီအစဉ်ဟာ နှောင့်နှေးကြန့်ကြာနေပြီး ဒီကိစ္စကိုလည်း အဘူဂျာအစည်းအဝေးမှာ ဆွေးနွေးခဲ့ပါတယ်။

    Ref: IINA

  • မွတ်စလင်များ၏ ဥပုသ်စောင့်ခြင်းက အသည်းအဆီဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်

    မွတ်စလင်များ၏ ဥပုသ်စောင့်ခြင်းက အသည်းအဆီဖုံးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်

    မေ ၁၆၊ ၂၀၁၆
    M-Media

    fasting

    – အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လမှာ ဥပုသ်သီလဆောက်တည်သလို အစာရေစာကို အချိန်အတိုင်းအတာတစ်ခုအထိ ရှောင်ကျဉ်ခြင်းက လူခန္ဓာကိုယ်အပေါ်မှာ ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုရှိပြီး အထူးသဖြင့် တစ်ကမ္ဘာလုံးမှာ အဖြစ်များလေ့ရှိတဲ့ အသည်းအဆီဖုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ ဂျာမန်သိပ္ပံပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။

    အဲဒီ လေ့လာမှုကို Helmholtz Zentrum München သုတေသနဌာနမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ခဏတာ အစာရေစာဖြတ်တောက်ထားခြင်းက အသည်းရဲ့ဇီဝရုပ်ဖြစ်စဉ်ကို ထိန်းညှိပေးတဲ့ ပရိုတိန်းတစ်ချို့ထွက်ရှိစေကြာင်း တွေ့ရှိခဲ့တာဖြစ်ကာ လေ့လာမှုရလဒ်ကိုတော့ EMBO Molecular Medicine ဆိုတဲ့ ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။

    “ဥပုသ်စောင့်ထိန်းခြင်းက ကျွန်တော်တို့ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအပေါ် ဘယ်လို လွှမ်းမိုးနိုင်စွမ်း ရှိလဲဆိုတာကို နားလည်လာတဲ့အခါ ဒီအကျိုးသက်ရောက်မှုကို ရောဂါကုထုံးဆိုင်ရာ လုပ်ငန်းတွေမှာ အကျိုးရှိရှိ အသုံးချနိုင်မှာ ဖြစ်ပါတယ်” လို့ ဌာနရဲ့ ဂျာမန်ကင်ဆာသုတေသနစင်တာမှာ တာဝန်ယူထားတဲ့ ဒေါက်တာ အဒမ် ဂျေ ရို့စ်က ပြောကြားခဲ့ပါတယ်။

    မကြာခင်က ပြုလုပ်ခဲ့တဲ့ အဲဒီလေ့လာမှုမှာ သိပ္ပံပညာရှင်တွေဟာ ဥပုသ်စောင့်ခြင်းကြောင့် အသည်းမှာရှိတဲ့ ဆဲလ်တွေရဲ့ မျိုးရိုးဗီဇဆိုင်ရာလှုပ်ရှားမှု ခြားနားချက်ဖြစ်ပေါ်လာတာကို ဖော်ထုတ်နိုင်ခဲ့တာပါ။ ဆာလောင်မှုပြင်းထန်လာလေ အသည်းမှာ GADD45β ဆိုတဲ့ ပရိုတိန်းမော်လီကျူးများများ ပိုထွက်လာလေဖြစ်ပြီး ယင်းမော်လီကျူးဟာ DNA ပျက်စီးခြင်းနဲ့ ဆဲလ်သံသရာစက်ဝန်း ပျက်စီးခြင်းကို ပြန်လည်ပြုပြင်ပေးတယ်လို့လည်း တွေ့ရှိခဲ့ပါတယ်။

    GADD45β ဟာ အသည်းမှာ အဆီကို စုပ်ယူမှုလုပ်ငန်းစဉ်ကို ထိန်းချုပ်ပေးတဲ့ တာဝန်ကိုလည်း ထမ်းဆောင်ပြီး ဒီမော်လီကျူးတွေ နည်းလာပြီဆိုရင်တော့ အသည်းမှာ အဆီဖုံးမှု ပိုမိုများပြားလာစေပါတယ်။ ဥပုသ်စောင့်ခြင်းဟာ GADD45β ပရိုတင်းကို ပိုမိုထွက်ရှိစေတာကြောင့် အသည်းအဆီဖုံးရောဂါဖြစ်ပွားမှု အန္တရာယ်ကနေ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

    Ref: IINA

  • ရက် ၁၀၀ အတွင်း ဆည်မြောင်းတာတမံများ ပြုပြင်သွားမည်

    ရက် ၁၀၀ အတွင်း ဆည်မြောင်းတာတမံများ ပြုပြင်သွားမည်

    မေ ၁၅၊ ၂၀၁၆
    M-Media

    tha
    သဖန်းဆိပ်ဆည် ရေလွှတ်နေမှု မြင်ကွင်း

    – အစိုးရ၏ ရက် ၁၀၀ စံမီကိန်းအတွင်း နိုင်ငံတစ်ဝှမ်းရှိ ဆည်မြောင်းတာတမံများကို ပြုပြင်ကာ ဆန်စပါးစိုက်ပျိုးရာ ဒေသများသို့ ရေပေးဝေမှုကို ၂ ဆမြင့်တက်အောင် ပြုလုပ်သွားမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းထွန်းက ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံအတွင်း ဆည်မြောင်း၊ တာတမံများမှာ ဆယ်စုနှစ် ၂ ခုကြာ ပြုပြင်ထိန်းသိမ်းမှု မရှိသောကြောင့် နိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အားနေစေခဲ့ပြီး အရှေ့တောင်အာရှတွင် အရှည်ဆုံး ရေလှောင်တမံများမှ တစ်ခုပါအ၀င်ဖြစ်သည့် သဖန်းဆိပ် ရေလှောင်တမံအား ပြုပြင်မှု စတင်ပြုလုပ်သွားမည်ဟု ၀န်ကြီးက ဆိုသည်။

    “နောက်ထပ် ရက် ၁၀၀ အတွင်းမှာ ကျွန်တော်တို့ဟာာ တိမ်ကောနေတဲ့ ရေလှောင်တမံတွေကို တူးဖော်သွားမှာဖြစ်ပြီး မြောင်းတွေက ရေစိမ့်ပေါက်တွေကိုလည်း ဖာထေးသွားမှာဖြစ်ပါတယ်” ဟု ဦးဝင်းထွန်းက ပြောကြားခဲ့ပြီး တစ်နိုင်ငံလုံးတွင် ဖြန့်ကျက်လုပ်ကိုင်ရမည်ဖြစ်သောကြောင့် ထိုလုပ်ငန်းမှာ မလွယ်ကူဟုလည်း ဆိုသည်။

    “ရထားတဲ့ဘက်ဂျက်နဲ့ လုပ်နိုင်တာအားလုံးကို ကျွန်တော်တို့ လုပ်သွားမှာပါ”

    သဖန်းဆိပ်ဆည်မှာ မြန်မာနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးရှိ ဧရိယာအများအပြားကို ရေပေးဝေနေသောကြာင့် ထိုဆည်အား ပထမဆုံး ပြင်ဆင်ရန် ရွေးချယ်ရခြင်းဖြစ်သည်။

    မြန်မာနိုင်ငံရှိ ဆည်ပေါင်း ၅၀၀ ခန့်တွင် အများစုမှာ လယ်ယာများသို့ ရေလုံလုံလောက်လောက် မပေးနိုင်ဘဲ၊ ဆည်မှထွက်သော မြောင်းများမှာလည်း ကောင်းမွန်စွာ အလုပ်မလုပ်သောကြောင့် ရေများ လေလွင့်နေသည်။ တိမ်ကောနေသော ရေလှောင်တမံများကြောင့် မိုးရာသီတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ၊ နွေရာသီတွင် အချိန်မတိုင်ခင် ရေခန်းခြောက်မှု ဖြစ်ပွားနေသည်။

    Ref: mmtimes

  • အလ်နီညို ဇွန်လအထိ ဆက်ရှိပြီး၊ စက်တင်ဘာတွင် လာနီညာလာမည်

    အလ်နီညို ဇွန်လအထိ ဆက်ရှိပြီး၊ စက်တင်ဘာတွင် လာနီညာလာမည်

    မေ ၁၅၊ ၂၀၁၆
    M-Media

    hil

    – မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကြုံတွေ့နေရသည့် အလ်နီညိုရာသီဥတုမှာ လက်ရှိအချိန်တွင် အားနည်းသွားသော်လည်း ဇွန်လအထိ သက်ရောက်မှုဆက်ရှိနေမည်ဟု မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

    အလ်နီညိုကြာင့် နိုင်ငံတစ်ဝှမ်း အပူချိန်မြင့်မားမှုများကို ခံစားခဲ့ရပြီး နိုင်ငံအထက်ပိုင်းတွင် မိုးရွာသွန်းမှုများ၊ လေပြင်းတိုက်ခက်မှုများ ဖြစ်ပွားခဲ့သည်။ မိုးလေ၀သနှင့် ဇလဗေဒဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးကမူ မေလ ဒုတိယသီတင်းပတ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်း၌ မိုးရာသီ ရောက်ရှိတော့မည်ဟု ဆိုသည်။

    “အလ်နီညိုရဲ့ ရိုတ်ခတ်မှုကြောင့် ပုံမှန်မဟုတ်တဲ့ ရာသီဥတုအခြေအနေတွေကို ဆက်လက် ခံစားနေရဆဲပါပဲ။ ဒါပေမယ့် ပြင်းအားကတော့ လျော့သွားပါတယ်။ မြန်မာနိုင်ငံအထက်ပိုင်းမှာ မိုင်းသက်မုန်တိုင်း၊ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေမှုတွေကို ဧပြီလအတွင်းမှာ ခံစားခဲ့ရပါတယ်။ အောက်ပိုင်းမှာတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ကြုံတွေ့ခဲ့ရပေမယ့် မိုးတော့ မရွာခဲ့ပါဘူး” ဟု ဦးကျော်လွင်ဦးက ပြောကြားခဲ့သည်။

    ဧပြီ ၂၉-၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော နိုင်ငံတစ်ဝှမ်း လေပြင်းတိုက်ခတ်မှုများကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ကျောင်းများ၊ ဘုန်းကြီးကျောင်းများနှင့် စေတီပုထိုးများ ပျက်ဆီးခဲ့သည်။ မိုးလေ၀သနှင့် ဇလဗေဒဌာနကမူ ထိုအခြေအနေမျိုးကို မေလတွင် ထပ်မံကြုံတွေ့ရနိုင်သည်ဟု သတိပေးထားသည်။

    ထို့ပြင် စက်တင်ဘာမှစတင်ကာ လာနီညာ ရာသီဥတုကို ရင်ဆိုင်ရနိုင်သည်ဟု ဌာန၏ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ဆိုသည်။

    “လာနီညာကတော့ အလ်နီညိုနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး အေးကာ စိုထိုင်းတဲ့ ရာသီဥတုကို ခံစားရပါလိမ့်မယ်။ ဆောင်းတွင်းမှာ သာမန်ထက်ပိုအေးပြီး အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ မိုးကြီးပါမယ်” ဟု ဦးကျာ်မိုးဦးက ပြောကြားခဲ့ပြီး စက်တင်ဘာလတွင် လာနီညာဒဏ်ကို ၄၀ မှ ၅၀ ရာခိုင်နှုန်းကြား ခံစားရနိုင်ပြီး ယခုနှစ်အဆုံးပိုင်းတွင် ၇၀ ရာခိုင်နှုန်းအထိ ခံစားရမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: mmtimes