News @ M-Media

Author: Ko Lay

  • ဇီကာနှင့် ဦနှောက်သေးရောဂါ ဆက်နွယ်မှုကို တရုတ်ပညာရှင်များ ဖော်ထုတ်

    ဇီကာနှင့် ဦနှောက်သေးရောဂါ ဆက်နွယ်မှုကို တရုတ်ပညာရှင်များ ဖော်ထုတ်

    မေ ၁၄၊ ၂၀၁၆
    M-Media

    zika

    – မွေးကင်းစကလေးငယ်တွေမှာဖြစ်တတ်တဲ့ ဦးနှောက်သေးရောဂါနဲ့ ဇီကာဗိုင်းရပ်စ် တိုက်ရိုက်ဆက်နွယ်မှုရှိကြောင်းကို တရုတ်သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ရှာဖွေဖော်ထုတ်လိုက်ပါတယ်။

    ဦးနှောက်သေးရောဂါဆိုတာ ဦးနှောက်နဲ့ ဦးခေါင်းခွံတို့ ပုံမှန် ဖွံဖြိုးမှုမရှိတဲ့ အခြေအနေဖြစ်ပြီး ဘရာဇီးနဲ့ အခြားနေရာတွေမှာ ဦးနှောက်သေးရောဂါနဲ့မွေးဖွားလာကြတဲ့ မွေးကင်းစကလေးငယ်တွေရဲ့ မိခင်တွေဟာ ဇီကာဗိုင်းရပ်စ်သယ်ဆောင်ထားတဲ့ ခြင် အကိုက်ခံရကြောင်း အတွေ့ရများလာပြီးတဲ့နောက်မှာ ၎င်းတို့ကြားဆက်စပ်မှုကို သံသယ၀င်လာကြပါတယ်။

    အခုတော့ တရုတ်သိပ္ပံအကယ်ဒမီကျောင်းက မျိုးရိုးဗီဇနဲ့ ဖွံ့ဖြိုးမှုဇီဝဗေဒဌာနက သိပ္ပံပညာရှင်တွေ၊ စစ်ဘက်ဆေးသိပ္ပံအကယ်ဒမီလက်အောက်က အနုဇီဝဗေဒနဲ့ ရောဂါပျံ့ပွားမှုထိန်းချုပ်ရေးဌာနက သိပ္ပံပညာရှင်တွေဟာ တိုက်ရိုက်ဆက်နွယ်မှုကို တွေ့ရှိထားပြီးဖြစ်ကြောင်း CCTV သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    တရုတ်လူနာတစ်ဦးစီက ဗိုင်းရပ်စ်နမူနာကိုယူကာ မွေးကင်းစကြွက်လေးတွေ ဦးနှောက်မှာ ထည့်သွင်းလေ့လာခဲ့တာဖြစ်ပြီး၊ ဦးနှောက်သေးရောဂါနဲ့ စက်ဆပ်နေတဲ့ လက္ခဏာတွေအားလုံးကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

    စမ်းသပ်မှုမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကွင်ကတော့ ဒီလိုဖော်ထုတ်နိုင်တာဟာ ဦးနှောက်သေးရောဂါကို ကုသနိုင်မယ့် ဆေးဝါးနဲ့ ကာကွယ်ဆေးတွေ ထုတ်လုပ်ရာမှာ အသုံးဝင်မှာဖြစ်ပြီး ဇီကာကူးစက်နိုင်မှုကို တားဆီးရေးနဲ့ ကုသရေးတို့မှာလည်း အကူအညီဖြစ်စေနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Reuter

  • ဖီဖာက ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးကို ခန့်အပ်

    ဖီဖာက ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးကို ခန့်အပ်

    မေ ၁၄၊ ၂၀၁၆
    M-Media

    fifa 1

    – ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာမှာ အဖွဲ့၏ အထွေထွေအတွင်းရေးမှူး ရာထူးအတွက် အမျိုးသမီးတစ်ဦးကို ပထမဆုံးခန့်အပ်ခဲ့ပြီး သမိုင်းသစ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ခန့်အပ်ခံရသူမှာ ဆီနီဂေါနိုင်ငံသူ ဖာတမာ ဆာမူရာဖြစ်ပြီး ဥရောပမဟုတ်သည့် နိုင်ငံမှ ပထမဆုံး ဖီဖာအတွင်းရေးမှူးရာထူးကို ရရှိခဲ့သူဖြစ်သည်။ မက္ကဆီကိုတွင် ပြုလုပ်ခဲ့သည့် ဖီဖာကွန်ဂရက်တွင် ယမနေ့က ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ဆာမူရာမှာ ဇွန်လမှစ၍ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။

    အသက် ၅၄ နှစ်အရွယ်ရှိ ဆာမူရာမှာ လက်ရှိတွင် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အတွက် နိုက်ဂျီးရီးယားနိုင်ငံတွင် အခြေစိုက် လှုပ်ရှားနေပြီး သူမမှာ ကုလသမဂ္ဂ ကိုယ်စားပြု၍ အာဖရိကတစ်ဝှမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေသည်မှာ ဆယ်စုနှစ် ၂ ခု ရှိပြီဖြစ်သည်။

    “ကျွန်တော်တို့ဟာ မတူကွဲပြားမှုကို ကျင့်သုံးချင်ပါတယ်။ ပြီးတော့ ကျား၊ မ တန်းတူညီမျှရေးရဲ့ စွမ်းအားကိုလည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ သူမဟာ အဖွဲ့အစည်းအကြီးကြီးတွေ၊ ဘက်ဂျက်ကြီးတွေ၊ လူ့စွမ်းအား အရင်းအမြစ်တွေကို စီမံခန့်ခွဲခဲ့ဖူးတယ်။ ဖီဖာအတွက် အားသစ်အင်သစ်ကို သူမ ဆောင်ယူလာမှာဖြစ်ပြီး အနာဂတ်မှာ မှန်ကန်တဲ့ အရာတွေကို ဖီဖာက ဆောင်ရွက်ရာမှာ သူက ကူညီပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဖီဖာဥက္ကဌ ဂီယန်နီ အင်ဖန်တီနိုက ပြောကြားခဲ့သည်။

    ဖီဖာ၏ အထွေထွေအတွင်းရေးမှူးဟောင်း ပြင်သစ်နိုင်ငံသား ဂျယ်ရိုမီ ဗော့လ်ကီမှာ ရုပ်သံ စာချုပ်များနှင့် ကမ္ဘာ့ဖလား လက်မှတ်များ ရောင်းချမှုကိစ္စတွင် မလျော်ကန်သည့် လုပ်ရပ်များ ပြုမူခဲ့ခြင်းကြောင့် ဇန်န၀ါရီလက အထုတ်ခံခဲ့ရကာ ဘောလုံးလောကမှ ၁၂ နှစ် ပိတ်ပင်ခံခဲ့ရသည်။

    Ref: Aljazeera

  • အိုဘားမားအား လုပ်ကြံရန် လှုံ့ဆော်မှုအတွက် စုံစမ်းစစ်ဆေးနေ

    အိုဘားမားအား လုပ်ကြံရန် လှုံ့ဆော်မှုအတွက် စုံစမ်းစစ်ဆေးနေ

    မေ ၁၄၊ ၂၀၁၆
    M-Media

    trump

    – သမ္မတအိုဘားမားကို လုပ်ကြံသတ်ဖြတ်ဖို့ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ဘဏ္ဍာစိုးဟောင်းက တိုက်တွန်းဆော်သြမှုအတွက် အမေရိကန်ပြည်ထောင်စု လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင် ပြုလုပ်နေတယ်လို့ သိရပါတယ်။

    အဲဒီလို ဆော်သြခဲ့သူကတော့ အသက် ၇၄ နှစ်အရွယ် အန်သိုနီ ဆီနီကယ်ဆိုသူဖြစ်ပြီး အိုဘားမားအနေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုအတွက် ကြိုးပေးသင့်တယ်ဆိုပြီး ၂၀၁၅ ခုနှစ်က Facebook ပေါ် ရေးသားထားတဲ့ စာသားတစ်ခုနဲ့ပတ်သက်ကာ စုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်။

    ဆီနီကယ်ဟာ ထရမ့်ပိုင်တဲ့ Palm Beach စံအိမ်ကြီးမှာ ဘဏ္ဍာထိန်းအဖြစ် ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့သူပါ။ သူ့ရဲ့ ပြောကြားမှုအပေါ် ဝေဖန်မှုတွေ ပေါ်ထွက်လာပြီးတဲ့နောက်မှာတော့ အမေရိကန်လျှို့ဝှက်စုံစမ်းရေးအဖွဲ့က ၎င်းတို့အနေနဲ့ ယင်းကိစ္စအပေါ် သတိထားနေမှာဖြစ်ပြီး သင့်တော်တဲ့ စုံစမ်းရှာဖွေမှုတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

    ၂၀၀၉ ခုနှစ်က ထရမ့်ဘဏ္ဍာစိုးအဖြစ်ကနေ အနားယူခဲ့တဲ့ ဆီနီကယ်ဟာ အိုဘားမားကို သေနတ်နဲ့ပစ်သတ်ဖို့ လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။

    Ref: Presstv

  • ဆော်ဒီက ပါလက်စတိုင်းသို့ ကန်ဒေါ်လာ သန်း ၆၀ လှူဒါန်း

    ဆော်ဒီက ပါလက်စတိုင်းသို့ ကန်ဒေါ်လာ သန်း ၆၀ လှူဒါန်း

    မေ ၁၃၊ ၂၀၁၆
    M-Media

    saudi 1

    – အစ္စရေးရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံနေရတဲ့ ပါလက်စတိုင်းအစိုးရအတွက် ဆော်ဒီဖွံ့ဖြိုးရေးရန်ပုံငွေအဖွဲ့ SFD က ကန်ဒေါ်လာ သန်း ၆၀ ငွေသားကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

    ပါလက်စတိုင်း ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘဏ်စာရင်းထဲကို အင်္ဂါနေ့မှာ လွှဲပေးခဲ့တာဖြစ်ပြီး အီဂျစ်ဆိုင်ရာ ဆော်ဒီသံအမတ်နဲ့ အာရပ်လိဂ်ဆိုင်ရာ ဆော်ဒီအမြဲတမ်းကိုယ်စားလှယ် အဟ်မဒ် ကတ္တန်က ယခုပေးလိုက်တဲ့ ပမာဏဟာ ပါလက်စတိုင်း အမျိုးသားအာဏာပိုင်အဖွဲ့ကို ထောက်ပံ့ပေးတဲ့ ဆော်ဒီရဲ့ လစဉ်ပံ့ပိုးငွေဖြစ်တယ်လို့ ဆိုပါတယ်။

    “ပေးပို့လိုက်တဲ့ငွေတွေဟာ တစ်လ ဒေါ်လာသန်း ၂၀ နှုန်းနဲ့ ပြီးခဲ့သုံးလ ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်လ သုံးလစာအတွက် ဆော်ဒီရဲ့ ကူညီထောက်ပံ့ငွေဖြစ်ပါတယ်” လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ဆော်ဒီအာရေဗျအနေနဲ့ ပါလက်စတိုင်းအတွက် ထောက်ပံ့ငွေကို ၂၀၁၃ ကစပြီး တစ်လ ဒေါ်လာ ၁၄ သန်းကနေ ဒေါ်လာ သန်း ၂၀ ထိ တိုးမြင့်လိုက်တယ်လို့လည်း ကတ္တန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • မိမိအသင်းမှာ ချန်ပီယံလိဂ်နှင့် ထိုက်တန်သည်ဟု မန်စီးတီးနည်းပြပြော

    မိမိအသင်းမှာ ချန်ပီယံလိဂ်နှင့် ထိုက်တန်သည်ဟု မန်စီးတီးနည်းပြပြော

    မေ ၁၃၊ ၂၀၁၆
    M-Media

    – ရာသီပြီးဆုံးရန် တစ်ပွဲလိုတော့သည့်အချိန် မြို့ခံပြိုင်ဘက် မန်ယူနှင့် ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ယှဉ်ပြိုင်နေရသည့် မန်စီးတီးနည်းပြ ပယ်လီဂရီနီက မိမိအသင်းမှာ ချန်ပီယံလိဂ်နေရာနှင့် ထိုက်တန်သည်ဟု ပြောကြားလိုက်သည်။

    မန်စီးတီးမှာ လက်ရှိတွင် အဆင့် ၄ နေရာ၌ ရှိနေပြီး အဆင့် ၅ မှ မန်ယူအား ၂ မှတ်ဖြတ်ထားကာ နောက်ဆုံးပွဲအဖြစ် ဆွမ်ဆီးအသင်းနှင့် အဝေးကွင်တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မန်စီးတီးတွင် ၃ နှစ် တာဝန်ယူပြီး ပရီးမီးယားလိဂ် ၁ ကြိမ်နှင့် လိဂ်ဖလား ၂ ကြိမ် ရယူပေးထားသည့် ပယ်လီဂရီနီက အသင်းသားများမှာ ချန်ပီယံလိဂ်နေရာနှင့် ထိုက်တန်သည်ဟု ဆိုသည်။

    “ကျွန်တော်တို့ ချန်ပီယံလိဂ်ရောက်ဖို့ ထိုက်တန်ပါတယ်။ (၂ ဂိုးစီသရေကျခဲ့သည့်) အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဥရောပ၀င်ခွင့်ရဖို့လည်း ကျွန်တော်တို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဆိုတာ မလွယ်ကူပါဘူး။ အာဆင်နယ်နဲ့တုန်းက ကစားပုံမျိုးနဲ့ပဲ ရာသီကို အဆုံးသတ်ချင်ပါတယ်။ (ချန်ပီယံလိဂ်) ရီးယဲလ်နဲ့ပွဲအတွက် ကျွန်တော်စိတ်ပျက်ခဲ့ရပြီး အဲဒီတုန်းက ကျွန်တော့်အသင်းနဲ့ကို မတူပါဘူး။ ဖလားတွေရတာကို ကျွန်တော်ဂုဏ်ယူမိသလို ကစားပုံအတွက်လည်း ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ဟာ ပရိတ်သတ်တွေအတွက် ကစားကြတာပါ” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref : Goal