News @ M-Media

Author: Ko Lay

  • ယနေ့ပွဲမနိုင်ပါက ကစားသမားများကို အဆုံးစီရင်မည်ဟု လက်စတာနည်းပြ အရွှန်းဖောက်

    ယနေ့ပွဲမနိုင်ပါက ကစားသမားများကို အဆုံးစီရင်မည်ဟု လက်စတာနည်းပြ အရွှန်းဖောက်

    မေ ၇၊ ၂၀၁၆
    M-Media

    leis

    – ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ကာ သမိုင်းဝင်အောင်ပွဲ ရရှိထားသော်လည်း ယနေ့ပွဲတွင် ခြေစွမ်းမပြနိုင်ပါက ကစားသမားများအား အသက်သေသည်အထိ ရိုက်နှက်သွားမည်ဟု လက်စတာနည်းပြ ကလော်ဒီယို ရာနီယေးရီက အရွှန်းဖောက်ပြောကြားလိုက်သည်။

    လက်စတာမှာ ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံဖြစ်ထားပြီး ယနေ့ အိမ်ကွင်းတွင် အဲဗာတန်နှင့် ကစားမည့်ပွဲပြီးနောက် ပရီးမီးယားလိဂ်ဖလားကို လက်ဝယ်ရရှိမည်ဖြစ်သည်။ ရာနီယေးရီကမူ အသင်းသားများအနေဖြင့် ထိုပွဲတွင် ပုံမှန်ခြေစွမ်းကောင်းကို ပြသနိုင်ရန် မျှော်လင့်ထားသည်။

    “(ခြေစွမ်းပြနိုင်ဘူးဆိုရင်) ကျွန်တော့်လက်နဲ့ သူတို့ကို မသေမချင်း ထုထောင်းမယ်။ လည်ပင်းလည်း ညှစ်မှာပါ။ ကျွန်တော်တို့ရဲ့အလုပ်က ကစားဖို့ပါ။ ဒီပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်မှာဖြစ်ပြီး အဲဗာတန်ကလည်း ကျွန်တော်တို့ကို နိုင်ချင်မှာပါ။ ဆုလာဘ်အနေနဲ့ ကစားသမားတွေကို အားလပ်ရပ်အပို ကျွန်တော် ပေးထားတယ်။ ဒါပေမယ့် လေ့ကျင့်ကွင်းမှာတော့ သူတို့ ကောင်းနေတုန်းဆိုတာ ကျွန်တော် တွေ့ခဲ့ရပါတယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ပါလက်စတိုင်းများအား ကူညီရေး ရန်ပုံငွေပိုမိုထည့်ဝင်ရန် ဘန်ကီမွန်တိုက်တွန်း

    ပါလက်စတိုင်းများအား ကူညီရေး ရန်ပုံငွေပိုမိုထည့်ဝင်ရန် ဘန်ကီမွန်တိုက်တွန်း

    မေ ၇၊ ၂၀၁၆
    M-Media

    pales

    – ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ UNRWA ကို အလှူရှင်တွေအနေနဲ့ ငွေကြေး ပိုမို ထောက်ပံ့ကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က တိုက်တွန်းဆော်သြလိုက်ပြီး ဒီအဖွဲ့ရဲ့ လှုပ်ရှားမှုတွေအပေါ် ငွေကြေးထောက်ပံ့မှု မပြုလုပ်နိုင်တာက ပါလက်စတိုင်းဒေသအတွင်းမှာ မျှော်လင့်ချက်ကင်းမဲ့မှု၊ အလွန်အမင်း ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေ ပိုမို ဖြစ်ပွားလာနိုင်တယ်လို့လည်း သတိပေး ပြောကြားလိုက်ပါတယ်။

    UNRWA ဟာ အရှေ့အလယ်ပိုင်းတစ်ဝှမ်းက ပါလက်စတိုင်းဒုက္ခသည်ပေါင်း ၅.၂ သန်းအတွက် အသက်ရှင်သန်ရေး မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်ပြီး ပါလက်စတိုင်း ကလေးငယ် ငါးသိန်းအတွက် စာသင်ကျောင်း ၇၀၀ ကို ဖွင့်လှစ်သင်ကြားပေးနေတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီအဖွဲ့ဟာ ရန်ပုံငွေ ကန်ဒေါ်လာ ၈၁ သန်းလောက် အရေးပေါ် လိုအပ်နေပါတယ်။

    “ဘက်ဂျက်ရဖို့ မသေချာတာက ပေးဆပ်ရမှု ကြီးကြီးမားမားကို ဖြစ်စေနိုင်ပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်တွေ နာလန်ပြန်မထူနိုင်တော့ဘူးဆိုရင် နောက်ဆက်တွဲဖြစ်တဲ့ လူငယ်တွေ မျှော်လင့်ချက်ကင်းမဲ့တာ၊ အစွန်းရောက်အန္တရာယ် မြင့်တက်လာတာ၊ ဆင်းရဲတွင်း နက်သထက်နက်လာတာ၊ အနာဂတ်နဲ့ ဂုဏ်သိက္ခာ ပျောက်ဆုံးလာတာ၊ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုပြီးဖြစ်လာနိုင်တာ စတာတွေ ကြုံတွေရနိုင်တယ်ဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး” လို့ ဘန်က UNRWA ဆက်လက်ရပ်တည်နိုင်ရေး ယခုတစ်ပတ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အထူးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ကျူးကျော်နယ်ချဲ့မှုတွေ၊ ဖိနှိပ်ငြှင်းပမ်းမှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် ပါလက်စတိုင်း ဒုက္ခသည်အရေအတွက်ဟာ တစ်နေ့တစ်ခြားမြင့်တက်လာနေပါတယ်။

    Ref: IINA

  • အမေရိကန်ကို တုန့်ပြန်မယ့် ဒုံးကျည်ကာကွယ်ရေးလေ့ကျင့်မှု တရုတ်နှင့်ရုရှား ပြုလုပ်မည်

    အမေရိကန်ကို တုန့်ပြန်မယ့် ဒုံးကျည်ကာကွယ်ရေးလေ့ကျင့်မှု တရုတ်နှင့်ရုရှား ပြုလုပ်မည်

    မေ ၇၊ ၂၀၁၆
    M-Media

    russia

    – မြောက်ကိုရီးယားရန်ကြောင့် ကိုရီးယားကျွန်းဆွယ်မှာ ဒုံးကျည်ကာကွယ်ရေးစနစ်ထားရှိဖို့ အမေရိကန်နဲ့ တောင်ကိုရီးတို့ရဲ့ ဆွေးနွေးမှုကို တုန့်ပြန်တဲ့အနေနဲ့ တရုတ်နဲ့ ရုရှားတို့ ပူးပေါင်းကာ ကွန်ပျူတာ အကူအညီနဲ့ ဒုံးကျည်ကာကွယ်ရေး စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မယ်လို့ သိရပါတယ်။

    ဇန်န၀ါရီ ၆ရက်နေ့ မြောက်ကိုရီးယားက သူတို့ရဲ့ ၄ ကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်က လေကြောင်းရန် ကာကွယ်ရေးစနစ် THAAD ကို ကိုရီးယားကျွန်းဆွယ်မှာထားရှိဖို့ စီစဉ်နေတာပါ။ တရုတ်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ပြီးခဲ့တဲ့တစ်ပတ်မှာ ထိုကိစ္စကို ရှေ့ဆက်မတိုးဖို့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ကို သတိပေးခဲ့ပြီး နောက်ပိုင်းမှာ ဒီလို ဒုံးကျည်ဖျက် စစ်ရေးလေ့ကျင်မှုလုပ်ဖို့ တာဆူလာတာဖြစ်ပါတယ်။

    အဲဒီစစ်ရေးလေ့ကျင့်မှုကို ဒီလအတွင်းမှာ ရုရှားရဲ့ စစ်ဖက်ဆိုင်ရာ သုတေသနစင်တာမှာ ပြုလုပ်သွားမယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားမှုကို ကိုးကားပြီးတော့ China Daily သတင်းစာက ဖော်ပြထားပါတယ်။

    အသေးစိတ်အချက်အလက်ကို ရေးသားထားခြင်းမရှိပေမယ့် ဒီ စစ်ရေးလေ့ကျင့်မှုဟာ နှစ်နိုင်ငံ စစ်တပ်တွေမှာရှိတဲ့ သက်ဆိုင်ရာစစ်ဌာနချုပ်တွေအကြား ပိုမိုရင်းနှီးလာစေပြီး အချက်အလက်ပေးပို့မှုလုပ်ငန်းစဉ်မှာ အကူအညီဖြစ်စေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြားကြောင်း သတင်းစာက ဖော်ပြပါတယ်။

    Source: Reuters

  • လန်ဒန်မြို့တော်ဝန်အဖြစ် မွတ်စလင်နိုင်ငံရေးသမား ရွေးချယ်ခံရ

    လန်ဒန်မြို့တော်ဝန်အဖြစ် မွတ်စလင်နိုင်ငံရေးသမား ရွေးချယ်ခံရ

    မေ ၇၊ ၂၀၁၆
    M-Media

    khan

    – ယူကေတွင် သြဇာကြီမားသည့် လန်ဒန်မြို့တော်ဝန်သစ်အဖြစ် လေဘာပါတီမှ မွတ်စလင်နိုင်ငံရေးသမား ဆာဒစ်က် ခန်းက ရွေးချယ်ခံခဲ့ရပြီး စကော့တလန်ရွေးကောက်ပွဲများတွင် အခြေအနေမလှခဲ့သည့် လေဘာပါတီအတွက် အားသစ်လောင်းလိုက်နိုင်ခြင်းလည်းဖြစ်သည်။

    ပြိုင်ဘက် တိုရီဇက်ခ် ဂိုးလ်စမစ်ကို မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည့် ခန်းမှာ လန်ဒန်မြို့၏ ပထမဆုံး မွတ်စလင်မြို့တော်ဝန် ဖြစ်လာခဲ့ပြီး ကွန်ဆာဗေးတစ်များ ၈ နှစ်ကြာ ကြီးစိုးထားမှုကို အဆုံးသတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

    ဆာဒစ်က် ခန်းမှာ ယူကေတွင် ထင်ရှားသည့် နိုင်ငံရေးသမားဖြစ်ပြီး မြို့တော်ဝန်ရွေးချယ်ပွဲ မတိုင်မီကပင် အနိုင်ရမည်ဟု ရေပန်းစားခဲ့သည်။

    အနိုင်ရပြီးနောက်ပြောကြားသည့်မိန့်ခွန်းတွင် ခန်းက မိမိအနေဖြင့် ထိုကဲ့သို့ လန်ဒန်မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရမည်ဆိုသည်ကို စဉ်းပင်မစဉ်းစားဘူးကြောင်း၊ လန်ဒန်ပြည်သူအားလုံး၏ အကျိုးကို ဆောင်ရွက်ပေးသည့် မြို့တော်ဝန်ကောင်းတစ်ယောက်အဖြစ် ကတိပြုပါကြောင်း ပြောကြားခဲ့သည်။

    “လန်ဒန်ဟာ ကြောက်ရွံ့မှုကိုကျော်ပြီး မျှော်လင့်ချက်ကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့မြို့မှာ ကြောက်ရွံ့မှုတွေရှိနေတဲ့ နိုင်ငံရေးကို မကြိုဆိုပါဘူး”

    ခန်း ရွေးချယ်ခံရမှုအတွက် လေဘာပါတီခေါင်းဆောင် ဂျယ်ရီမီ ကောရ်ဘန်ကလည်း Twiiter စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့သည်။

    “လန်ဒန်ကို ပြည်သူအားလုံးအတွက် မျှတကောင်းမွန်တဲ့ အသိုက်အ၀န်းလေးဖြစ်အောင် ဖန်တီးရေး ခင်ဗျားနဲ့အတူ အလုပ်တွဲလုပ်ဖို့ မစောင့်နိုင်တော့ပါဘူး” ဟု ကောရ်ဘန်က ရေးသားခဲ့သည်။

    Ref: BBC

  • အီရန်တွင် နိုင်ငံတကာ ရေနံထွက်ကုန်ပြပွဲ ကျင်းပ

    အီရန်တွင် နိုင်ငံတကာ ရေနံထွက်ကုန်ပြပွဲ ကျင်းပ

    မေ ၆၊ ၂၀၁၆
    M-Media

    iran

    – ၂၁ ကြိမ်မြောက် နိုင်ငံတကာ ရေနံသန့်စင်ခြင်းနဲ့ ရေနံထွက်ပစ္စည်းများပြပွဲကို အီရန်နိုင်ငံ တီဟီရန်မြို့မှာ ယမန်နေ့က စတင်ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    အဲဒီ ကုန်စည်ပြပွဲကို အီရန်မှ ကုမ္ပဏီ ၉၀၀၊ အခြား ၃၈ နိုင်ငံက ကုမ္ပဏီပေါင်း ၈၈၀ နဲ့ စုစုပေါင်း ကုမ္ပဏီ ၁၉၀၀ ခန့်ဟာ သူတို့ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်တွေကို ခင်းကျင်းပြသခဲ့ပါတယ်။

    ဒီနှစ်ပြပွဲကို တက်ရောက်လာတဲ့ ကုမ္ပဏီအရေအတွက်ဟာ မနှစ်ကထက် ၆၀ ရာခိုင်နှုန်းလောက် ပိုများလာတာကို တွေ့ရပါတယ်။ အီရန်အာဏာပိုင်တွေရဲ့ပြောကြားချက်အရတော့ နိုင်ငံတကာက ပိတ်ဆို့မှုတွေ ရုပ်သိမ်းလိုက်အပြီးမှာ အီရန်ရဲ့ ရေနံစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုတဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေရဲ့ စိတ်ဝင်စားမှုဟာ မြင့်တက်လာတယ်လို့ သိရပါတယ်။

    အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးလိုက်ခြင်းဟာ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုစွမ်းရည်ကို နှစ်ဆမြင့်တက်သွားစေပြီး နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးမှုတွေအတွက် အီရန်ကို ချဉ်းကပ်လာခဲ့ကြပါတယ်။

    Ref: Presstv