မေ ၇၊ ၂၀၁၆
M-Media
– ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ ကူညီကယ်ဆယ်ရေးအဖွဲ့ UNRWA ကို အလှူရှင်တွေအနေနဲ့ ငွေကြေး ပိုမို ထောက်ပံ့ကြဖို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က တိုက်တွန်းဆော်သြလိုက်ပြီး ဒီအဖွဲ့ရဲ့ လှုပ်ရှားမှုတွေအပေါ် ငွေကြေးထောက်ပံ့မှု မပြုလုပ်နိုင်တာက ပါလက်စတိုင်းဒေသအတွင်းမှာ မျှော်လင့်ချက်ကင်းမဲ့မှု၊ အလွန်အမင်း ဆင်းရဲမွဲတေမှုနဲ့ ပဋိပက္ခတွေ ပိုမို ဖြစ်ပွားလာနိုင်တယ်လို့လည်း သတိပေး ပြောကြားလိုက်ပါတယ်။
UNRWA ဟာ အရှေ့အလယ်ပိုင်းတစ်ဝှမ်းက ပါလက်စတိုင်းဒုက္ခသည်ပေါင်း ၅.၂ သန်းအတွက် အသက်ရှင်သန်ရေး မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတဲ့အဖွဲ့ဖြစ်ပြီး ပါလက်စတိုင်း ကလေးငယ် ငါးသိန်းအတွက် စာသင်ကျောင်း ၇၀၀ ကို ဖွင့်လှစ်သင်ကြားပေးနေတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဒီအဖွဲ့ဟာ ရန်ပုံငွေ ကန်ဒေါ်လာ ၈၁ သန်းလောက် အရေးပေါ် လိုအပ်နေပါတယ်။
“ဘက်ဂျက်ရဖို့ မသေချာတာက ပေးဆပ်ရမှု ကြီးကြီးမားမားကို ဖြစ်စေနိုင်ပါတယ်။ ပါလက်စတိုင်း ဒုက္ခသည်တွေ နာလန်ပြန်မထူနိုင်တော့ဘူးဆိုရင် နောက်ဆက်တွဲဖြစ်တဲ့ လူငယ်တွေ မျှော်လင့်ချက်ကင်းမဲ့တာ၊ အစွန်းရောက်အန္တရာယ် မြင့်တက်လာတာ၊ ဆင်းရဲတွင်း နက်သထက်နက်လာတာ၊ အနာဂတ်နဲ့ ဂုဏ်သိက္ခာ ပျောက်ဆုံးလာတာ၊ အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုပြီးဖြစ်လာနိုင်တာ စတာတွေ ကြုံတွေရနိုင်တယ်ဆိုတာ ကျွန်တော်တို့ မမေ့သင့်ပါဘူး” လို့ ဘန်က UNRWA ဆက်လက်ရပ်တည်နိုင်ရေး ယခုတစ်ပတ်အတွင်းမှာ ပြုလုပ်ခဲ့တဲ့ အထူးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးရဲ့ ကျူးကျော်နယ်ချဲ့မှုတွေ၊ ဖိနှိပ်ငြှင်းပမ်းမှုတွေ၊ ပိတ်ဆို့မှုတွေကြောင့် ပါလက်စတိုင်း ဒုက္ခသည်အရေအတွက်ဟာ တစ်နေ့တစ်ခြားမြင့်တက်လာနေပါတယ်။
Ref: IINA


Leave a Reply
You must be logged in to post a comment.