News @ M-Media

Author: Ko Lay

  • အာရပ်ပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်ဝါဒကို တိုက်ဖျက်တော့မည်

    အာရပ်ပူးပေါင်းတပ်ဖွဲ့က အကြမ်းဖက်ဝါဒကို တိုက်ဖျက်တော့မည်

    ဧပြီ ၁၂၊ ၂၀၁၆
    M-Media

    joint

    – အစ္စလာမ်သာသနာရဲ့ အမည်နာမကို အလွဲသုံးစားလုပ်နေတဲ့ အကြမ်းဖက်ဝါဒကို မိမိတို့ အာရပ်ပူးပေါင်းတပ်ဖွဲ့က မကြာမီတိုက်ဖျက်သွားတော့မယ်လို့ ဆော်ဒီဘုရင်ကြီး ဆလ်မန်က အီဂျစ်ပါလီမန်မှာ တနင်္ဂနွေနေ့က ပြောကြားလိုက်ပြီး မွတ်စလင်ကမ္ဘာအနေနဲ့ စည်းလုံးညီညွတ်မှုရှိကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဘုရင်ကြီး ဆလ်မန်ရဲ့ အဲဒီမိန့်ခွန်းဟာ ကိုင်ရိုင်မှာ အာရပ်ခေါင်းဆောင်တစ်ဦးရဲ့ ပထမဆုံး ပြောကြားမှုလည်းဖြစ်ပါတယ်။

    “ပါလက်စတိုင်းအရေးကိစ္စအပါအ၀င် ကျွန်တော်တို့နိုင်ငံတွေရဲ့ ပြဿနာတွေကို ကုစားဖို့အတွက် အားလုံး တစ်သွေးတည်းတစ်သားတည်း စည်းလုံးညီညွှတ်ဖို့ လိုအပ်နေပါပြီ။ ယနေ့မြင်နေရတဲ့ ဆော်ဒီ-အီဂျစ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ နှစ်ပေါင်းများစွာ ယိုယွင်းပျက်စီးခဲ့ရာကနေ ကျွန်တော်တို့ အာရပ်တွေနဲ့ မွတ်စလင်ကမ္ဘာအတွက် သဟဇာတဖြစ်ဖို့ ကောင်းမွန်တဲ့ စတင်ခြင်းဖြစ်ပါတယ်” လို့ ဆော်ဒီဘုရင်က ပြောကြားခဲ့ပါတယ်။

    ဘုရင် ဆလ်မန်ရဲ့ ဒီပြောကြားမှုအတွက် အီဂျစ် လွှတ်တော်အမတ်တွေက မတ်တပ်ရပ် လက်ခုပ်သြဘာပေးတဲ့အထိ ဖြစ်ခဲ့ပါတယ်။ တစ်ချို့အမတ်တွေကတော့ ဆော်ဒီရဲ့ အစိမ်းရောင်အလံကို ဝှေ့ရမ်းပြပြီး တစ်ချို့ကလည်း ‘အီဂျစ်နိုင်ငံသားတွေ သင့်ကို နှုတ်ခွန်းဆက်ပါတယ်’ လို့ ကြွေးကြော်ခဲ့ကြပါတယ်။

    ဆော်ဒီနဲ့ အီဂျစ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အားထုတ်မှုတွေဟာ အကြမ်းဖက်ဝါဒ အမြစ်ဖြတ်ရေး ပိုမို အားကောင်းစေမယ်လို့လည်း ဘုရင်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အာရပ်မဟာမိတ်တပ်ဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သက်လို့လည်း မိမိတို့က လုပ်ဆောင်နေကြောင်း အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို စီးပွားရေးအရ၊ စစ်ရေးအရ၊ ၀ါဒရေးရာအရပါ အပြတ်နှိမ်နင်းရမှာဖြစ်ကြောင်း ၎င်းက ထပ်လောင်ပြောကြားခဲ့ပါတယ်။

    “အီဂျစ်နဲ့ ဆော်ဒီအာရေဗျတို့ဟာ အာရပ်ကမ္ဘာနဲ့ အစ္စလာမ်နိုင်ငံတွေရဲ့ အဓိကကျောရိုးကြီးဖြစ်ပါတယ်။ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးကသာလျှင် ရန်သူတွေရဲ့ အစီအစဉ်ကို တိုက်ဖျက်ဖို့နဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ နည်းလမ်းတစ်ခုပါပဲ”

    Ref: ArabNews

  • ရုရှား၏ လေကြောင်းရန် ကာကွယ်ရေးစနစ် အီရန်သို့ပေးပို့ရေး အကောင်အထည်ဖော်နေ

    ရုရှား၏ လေကြောင်းရန် ကာကွယ်ရေးစနစ် အီရန်သို့ပေးပို့ရေး အကောင်အထည်ဖော်နေ

    ဧပြီ ၁၂၊ ၂၀၁၆
    M-Media

    russia 3

    – ရုရှားရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ် S-300 ကို အီရန်သို့ပေးပို့ရေး သဘောတူညီချက်ကို မိမိတို့နှစ်နိုင်ငံက စတင်အကောင်အထည်ဖော်နေပြီလို့ အီရန်က ပြောကြားလိုက်ပါတယ်။

    “သဘောတူညီချက်စာချုပ်အရ ပထမအဆင့် အောင်မြင်စွာ အကောင်အထည်ဖော်ပြီးပါပြီ။ အစီအစဉ်သစ်အောက်မှာ လုပ်ကိုင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို သဘောတူညီချက်အဆုံးထိ ပြီးမြောက်အောင် လုပ်သွားမှာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ ဟူစိန် ဂျာဘရီ အန်ဆွာရီက တနင်္လာနေ့ တီဟီရန်မြို့မှာ ပြုလုပ်တဲ့ အပတ်စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ကန်ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ S-300 ဒုံးကာကွယ်ရေးစနစ်ကို ရုရှားကပေးပို့ဖို့ ၂၀၀၇ ခုနှစ်ကတည်းက အီရန်နဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့တာပါ။

    အနောက်နိုင်ငံတွေရဲ့ ဖိအားတွေကြောင့် ၂၀၁၀ ခုနှစ်မှာ ရုရှားက သဘောတူညီချက်ကို ရုတ်သိမ်းခဲ့ပါတယ်။ ဇူလိုင်လက အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ နျူသဘောတူညီမှု ချုပ်ဆိုခဲ့တဲ့ပြီးတဲ့ နောက်ပိုင်းမှာတော့ သမ္မတ ဗလာဒီမီရ်ပူတင်ကနေ သူကိုယ်တိုင်ထုတ်ပြန်ခဲ့တဲ့ ရုတ်သိမ်းမှုကို ၂၀၁၅ ဧပြီမှာ ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။

    အီရန်ကို S-300 ပေးပို့မယ့် ရုရှားရဲ့ သဘောတူညီချက်ကြောင့် အီရန်ရဲ့နျူစက်ရုံတွေကို တိုက်ခိုက်မယ်လို့ မပြတ်ခြိမ်းခြောက်နေတဲ့ အစ္စရေးကို စိုးရိမ်သောက ရောက်စေခဲ့ပါတယ်။

    Ref : Presstv

  • စပိန်ရှိ စာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများ သင်ကြားပေးမည်

    စပိန်ရှိ စာသင်ကျောင်းများတွင် အစ္စလာမ့်ရေးရာများ သင်ကြားပေးမည်

    ဧပြီ ၁၁၊ ၂၀၁၆
    M-Media

    spain

    – နိုင်ငံတစ်ဝှမ်းက အစိုးရကျောင်းတွေမှာ အစ္စလာမ်အကြောင်း သင်ကြားပေးခြင်းဖြင့် အကြမ်းဖက်မှုကို တိုက်ထုတ်ဖို့ စပိန်အစိုးရက ရည်ရွယ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

    ကျောင်းသားတွေကို အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေနဲ့ ထိတွေ့စေမှာဖြစ်ပြီး Gatestone တက္ကသိုလ်ကတော့ ဒါဟာ ၁၉၇၈ ခုနှစ် စပိန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၂၇ အပိုဒ် ၃ မှာ ဖော်ပြထားတဲ့ ” နိုင်ငံတော်အနေဖြင့် ကလေးငယ်များ၏ အယူဝါဒနှင့် လိုက်လျောညီထွေဖြစ်စေမည့် ဘာသာရေးနှင့် ကိုယ်ကျင့်တရား အဆုံးအမများအား သင်ကြားပေးရမည်” ဆိုတဲ့ ပြဌာန်းချက်နဲ့ ကိုက်ညီတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အစိုးရနဲ့ မွတ်စလင် လူ့အဖွဲ့အစည်းတွေကြား သဘောတူညီချက်တွေလည်း ရှိနေပြီး လက်ရှိ အစ္စလာမ့်ရေးရာ သင်ကြားမှု လမ်းညွှန်ချက်တွေကို စပိန် အစ္စလာမ့်ရေးရာ ကော်မရှင်က ရေးဆွဲထုတ်ပြန်တာ ဖြစ်ပါတယ်။

    မူကြို၊ မူလတန်း၊ အလယ်တန်းတွေက ကျောင်းသားတွေကို အစ္စလာမ်အကြောင်းသင်ကြားပေးရမယ့် အဲဒီ လမ်းညွှန်ချက်ကို ပညာရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်နဲ့ အစိုးရသတင်းစာမှာ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။

    အစ္စလာမ့်ရေးရာနဲ့ပတ်သက်ပြီး သင်ယူချင်တယ်ဆိုရင်တော့ ကျောင်းသားတွေဟာ ကျောင်းက တာဝန်ရှိသူတွေထံ တောင်းဆိုရမှာဖြစ်ပြီး မွတ်စလင်လူ့အဖွဲ့အစည်းက ဆရားတွနဲ့ ပြဌာန်းစာအုပ်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

    ဒီသင်ကြားမှုဟာ အသက် ၃ နှစ်ကနေ ၆ နှစ်အရွယ် မူကြိုကလေးငယ်တွေအထိ ပါဝင်မှာဖြစ်ပြီး အတန်းမြင့်လာတာနဲ့အမျှ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အကြောင်းတွေ၊ တမန်တော်မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတွေကို တစ်ဆင့်ချင်းဆီ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

    SM/IINA

  • ဗြိတိန်လုပ်ငန်းများ မွတ်စလင်ဈေးကွက်ကို မျက်စိကျလာ

    ဗြိတိန်လုပ်ငန်းများ မွတ်စလင်ဈေးကွက်ကို မျက်စိကျလာ

    ဧပြီ ၁၁၊ ၂၀၁၆
    M-Media

    fashion

    – အ၀တ်အစားမှသည်၊ မိတ်ဆက်ကဒ်ပြား၊ အွန်လိုင်းအားကစားသင်တန်းတွေအထိ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်စားသုံးသူတွေအတွက် ဈေးကွက်ချဲ့ထွင်ဖို့ ဗြိတိန်စီးပွားရေးလုပ်ငန်းရှင်တွေက ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

    အဲဒီလို ကြိုးစားနေတဲ့ လုပ်ငန်းတွေမှာ လုပ်ငန်းငယ်တွေသာမက လုပ်ငန်းကြီးတွေလည်း ပါဝင်ပြီး မွတ်စလင်သီးသန့် အဓိကထားတဲ့ ကုန်ပစ္စည်းတွေနဲ့ပတ်သက်လို့ ဗြိတိန်ဟာ အခြားဥရောပနိုင်ငံတွေထက် ပိုပြီး အကွက်မြင်ပါတယ်။

    “ဟာလာဆိုတာတာ အစားအသောက်ပေါ်မှာပဲ သတ်မှတ်တာမဟုတ်ပါဘူး။ စီးပွားရေးကျင့်ဝတ်လို့လည်း မှတ်ယူနိုင်ပြီး အ၀တ်အစား စသဖြင့် ကုန်ပစ္စည်းတွေမှာ အရည်သွေးမီ၊ စံချိန်မီ ရောင်းချတာလည်း ပါဝင်ပါတယ်” လို့ မွတ်စလင်စာသုံးသူများအတွက် ကုန်စည်ပြပွဲများကို ဦးဆောင်ကျင်းပနေတဲ့ မွတ်စလင်လူနေမှုပြပွဲ (MLE) ရဲ့ ဒါရိုက်တာ ရာအွဖ် မီရ်ဇာက ပြောကြားခဲ့ပါတယ်။

    ဗြိတိန်က နာမည်ကျော် ဖက်ရှင်ကုမ္ပဏီ Marks & Spencer ဟာ အစ္စလာမ့်ဖက်ရှင်ဈေးကွက်ကို ၀င်ရောက်လာခဲ့ပြီး၊ အီတလီနာမည်ကျော်ဖက်ရှင်စတိုး Dolce & Gabbana၊ ဂျပန်ရဲ့ Uniqlo စတဲ့ လုပ်ငန်းတွေကလည်း မွတ်စလင်စားသုံးသူတွေကို ပစ်မှတ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ထုတ်လုပ်လာခဲ့ကြပါတယ်။

    မွတ်စလင်တွေအတွက်ရည်ရွယ်တဲ့ မိတ်ဆက်ကဒ်လုပ်ငန်း ထူထောင်ခဲ့သူ ဗြိတိန်အမျိုးသမီး အီလာရာက သူမဟာ မိတ်ဆက်ကဒ်ပြားတွေမှာ အရက်ပုလင်းပုံတွေ၊ ခရစ်ယာန်ဘုရားကျောင်းပုံတွေ စတဲ့ မွတ်စလင်တွေနဲ့ သင့်လျော်မှုမရှိတာတွေကို တွေ့မြင်ပြီးနောက်ပိုင်းမှာ ဒီလုပ်ငန်းစတင်ဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကြော်ငြာကုမ္ပဏီတစ်ခုဖြစ်တဲ့ Ogilvy Noor က ဒုတိယဥက္ကဌဖြစ်သူ ရှိလီနာ ဂျန်မိုဟာမက်ကတော့ မွတ်စလင် လူနေမှုကဏ္ဍဈေးကွက်မှာ နှစ်စဉ်သုံးစွဲမှုတန်ဖိုးဟာ ကန်ဒေါ်လာ ၂.၆ ထရီလီယံရှိတယ်လို့ ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။

    ဂုဏ်သိက္ခာကြီးပြီး သြဇာရှိတဲ့လုပ်ငန်းများအား မွတ်စလင်စားသုံးသူတွေဆီ တိုက်ရိုက်ဈေးကွက်ဖြန့်ချီဖို့ အထူးစိတ်ဝင်စားလာကြပါတယ်။ အဲ့ဒီထဲမှာ ဗြိတိသျှစူပါမားကတ်လုပ်ငန်းစု Tesco လည်း ပါဝင်ပြီး ပြီးခဲ့တဲ့နှစ် ရမ်ဇန်ဥပုသ်လက မွတ်စလင်တွေကိုရည်ရွယ်တဲ့ ကြော်ငြာလှုပ်ရှားမှုတစ်ခုကို ဆောင်ရွက်ခဲ့ပါတယ်။

    “တကယ်လို့ ခင်ဗျားသာ ကမ္ဘာ့နာမည်ကြီးလုပ်ငန်းတစ်ခု ဖြစ်မယ်ဆိုရင် လူသန်းပေါင်း ၁၆၀၀ လောက်ကို ခင်ဗျား ဘယ်လို လျစ်လျူရှုနိုင်ပါသလဲ” လို့ မီရ်ဇာက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ဆော်ဒီကျောင်းသူတစ်ဦး ကုလလူငယ်သံတမန်အဖြစ် ရွေးချယ်ခံရ

    ဆော်ဒီကျောင်းသူတစ်ဦး ကုလလူငယ်သံတမန်အဖြစ် ရွေးချယ်ခံရ

    ဧပြီ ၁၁၊ ၂၀၁၆
    M-Media

    Un 1

    – “၂၀၃၀ ခုနှစ်မှာ ဒို့လိုချင်တဲ့ကမ္ဘာ” ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူငယ်ညီလာခံမှာ အသက် ၁၈ နှစ်အရွယ် ဆော်ဒီကျောင်းသူ ရာဇန် အလ်-အကီးလ်ကို ကုသမဂ္ဂဆိုင်ရာ အာရပ်လူငယ် သံတမန်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

    အလ်အကီးလ်ဟာ အမေရိကန်ပြည်ထောင်စု မြောက်ကာရိုလိုင်းနားပြည်နယ်ရဲ့ အပါလာချီယန်တက္ကသိုလ်မှာ ပထမနှစ် နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမက ဆော်ဒီအာရေဗျမှာ လူသားအကျိုးပြုလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ အလေးထားလုပ်ဆောင်ရေးအပြင် ကမ္ဘာကြီးပူနွေးလာမှု၊ ပတ်ဝန်းကျင်ဆိုင်ရာပြဿနာ အကျိုးဆက်တွေနဲ့ပက်သက်ပြီး ညီလာခံမှာ အလေးထားပြောသွားခဲ့ပါတယ်။

    ကမ္ဘာ့လူငယ်တွေရဲ့ အဲဒီညီလာခံမှာ ကမ္ဘာတစ်ဝှမ်းက ပြဿနာပေါင်း ၁၅၀ ကျော်လောက်ကို ဆွေးနွေးခဲ့ကြပါတယ်။

    သူမက လူမှုအသိပညာပေးလှုံ့ဆော်မှုတွေမှာ ဆော်ဒီ လူငယ်တွေက အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်တဲ့ အခန်းကဏ္ဍနဲ့ ပက်သက်လို့လည်း ဆွေးနွေးသွားခဲ့ပါတယ်။

    ရာဇန်အလ်အကီးလ်ဟာ ကုလသမဂ္ဂလူငယ်ညီလာခံမှာ ပါဝင်တက်ရောက်ခဲ့တဲ့ ပထမဦးဆုံး ဆော်ဒီနိုင်ငံသား၊ အာရပ်အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ ဆော်ဒီနိုင်ငံမှာ နာရီပေါင်း ၂၅၀ ကျော် စေတနာ့ဝန်ထမ်းလုပ်ကိုင်ခဲ့ပြီး အမေရိကန်မှာ နာရီပေါင်း ၁၀၀ လုပ်ကိုင်ခဲ့သူဖြစ်တဲ့အလျောက် အခုလို နိုင်ငံတကာ အခမ်းအနားမျိုးမှာ မိမိနိုင်ငံကိုယ်စားပြုနိုင်တဲ့အထိ အရည်အချင်းပြည့်မီခဲ့တာ ဖြစ်ပါတယ်။

    သူမက “လူငယ်တွေဟာ ကမ္ဘာကြီးကို ကွဲပြားခြားနားမှုတွေ ဖန်တီပေးနိုင်မယ်လို့ ကျမယုံကြည်ပါတယ်။ လူငယ်ဆိုတာ မနက်ဖြန်ရဲ့ လူကြီးတွေပါပဲ၊ ဒါ့ကြောင့်မို့ နောက်ထပ်ဆယ်နှစ်အကြာမှာ သစ်လွင်တဲ့ ကမ္ဘာကြီးတစ်ခုကိုတွေ့မြင်ရဖို့ စောင့်မျှော်နေပါမယ်” လို့ပြောကြားခဲ့ပါတယ်။

    အလ်အကီးလ်ဟာ အမေရိကန် မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ နှစ်နိုင်ငံ ကျောင်းသားဖလှယ်ရေးအစီအစဉ်နဲ့ ပညာသင်ကြားနေသူ ဖြစ်ပါတယ်။ နိုင်ငံရေးသိပံ္ပဘွဲ့ရရှိထားပြီး တက္ကသိုလ်သံတမန်ရွေးချယ်ရေးအစီအစဉ်မှာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးနောက် လူငယ်ကဏ္ဍအတွက် ဆော်ဒီကိုယ်စားပြုသူအဖြစ် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

    Ref: IINA