News @ M-Media

Author: Ko Lay

  • ရော်နယ်ဒိုအတွက် မိမိဝမ်းနည်းမိသည်ဟု ဘိုင်ယန်နည်းပြ အရွှန်းဖောက်

    ရော်နယ်ဒိုအတွက် မိမိဝမ်းနည်းမိသည်ဟု ဘိုင်ယန်နည်းပြ အရွှန်းဖောက်

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    byern

    – ဆီမီးဖိုင်နယ်တွင် ဘင်ဖီကာအသင်းနှင့် တွေ့ဆုံချင်သည့် ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒို၏ အိပ်မက်အား ဖျက်ဆီးမိခဲ့သည့်အတွက် မိမိအနေဖြင့် ၀မ်းနည်းမိသည်ဟု ဘိုင်ယန်မြူးနစ်နည်းပြ ပက် ဂွာဒီယိုလာက အရွှန်းဖောက် ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် ဘိုင်ယန်မှာ ဘင်ဖီကာအား ၂ ဂိုးစီသရေကစားခဲ့ပြီး နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

    ရီးယဲလ်မှာလည်း ဗုဒ္ဓဟူးနေ့မနက်ပိုင်းတွင် ၀ုလ်ဖ်ဘာ့ဂ်အသင်းအား ၃ ဂိုးပြတ်ဖြင့် အနိုင်ရရှိကာ နှစ်ကျော့ပေါင်း ၃ ဂိုး ၂ ဂိုးဖြင့် ဆီမီးတက်သွားခဲ့ပြီး ထိုပွဲ၏ ဟက်ထရစ်ရှင် ရော်နယ်ဒိုကမူ ဆီမီးဖိုင်နယ်တွင် ဘင်ဖီကာနှင့် တွေ့ဆုံချင်သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ဂွာဒီယိုလာကမူ ရော်နယ်ဒို၏ ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် ၀မ်းနည်းမိသည်ဟု ဆိုသည်။

    “ရော်နယ်ဒိုက ဆီးမီးဖိုင်နယ်မှာ ဘင်ဖီကာနဲ့ တွေ့ချင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူ့အတွက် ကျွန်တော်ဝမ်းနည်းမိပါတယ်” ဟု ဂွာဒီယိုလာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ရာသီကုန်တွင် မန်စီးတီးသို့ ပြောင်းရွှေ့မည်ဖြစ်သည့်အတွက် ယခုနှစ် ချန်ပီယံလိဂ်တွင် ဗိုလ်စွဲနိုင်ခဲ့ပါကလည်း ဘိုင်ယန်ပရိတ်သတ်များ၏ ကျေနပ်မှုကို ရရှိမည်မဟုတ်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • မွတ်စလင်ဆန့်ကျင်ရေးကို ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ခုကို အမေရိကန် အမျိုးသမီးတစ်ဦး စတင်

    မွတ်စလင်ဆန့်ကျင်ရေးကို ကန့်ကွက်သည့် လှုပ်ရှားမှုတစ်ခုကို အမေရိကန် အမျိုးသမီးတစ်ဦး စတင်

    ဧပြီ ၁၄၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရဲ့ စိန့်သြဂတ်စတင်းကမ်းခြေမှာ ထောင်ထားတဲ့ အစ္စလာမ်ဆန့်ကျင်ရေးကြော်ငြာဘုတ်အတွက် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို မွတ်စလင်မဟုတ်သူ အမျိုးသမီးတစ်ဦးက စတင်လိုက်တယ်လို့ သိရပါတယ်။

    ဘက်ကီ ၀ီလီယံဆိုတဲ့ အမျိုးသမီးဖြစ်ပြီး အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတွေအပေါ် မိမိတို့လူ့အဖွဲ့စည်းက ပေးချင်တဲ့သတင်းစကားက ဒီလို အမုန်းတရားမျိုးမဟုတ်ဘူးလို့ သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ဒါဟာကျမကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ကျွန်မသမီးနဲ့ ထိုင်နေတုန်းမှာ ဘယ်လို တွေးမိလဲဆိုတော့ ‘တကယ်လို့ ဒါဟာ ကျွန်မတို့ သက်ဝင်ယုံကြည်တဲ့ ဘာသာတရားဖြစ်နေရင် ကျွန်မ သမီးကို ဘယ်လိုရှင်းပြရမလဲ ဆိုတာပါပဲ’ ”

    ဒါ့ကြောင့်သူမဟာ ပြီးခဲ့တဲ့ စနနေ့ကစပြီး ဒီလို အမုန်းတရား ပြန့်နှံ့စေတဲ့ လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းစာတစ်စောင်ကို ရေးသားက အွန်လိုင်းကနေ ဖြန့်ချီခဲ့ပြီး အဲဒီ တိုက်တွန်းစာမှာ လူပေါင်း၂၀၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲ့ဒီထဲက တစ်ချို့တွေဟာ အိန္ဒိယလို ဝေးလံတဲ့နေရာတွေကလည်း ပါဝင်ပါတယ်။

    စိန့်သြဂတ်စတင်း အစ္စလာမ့်စင်တာက ရှေ့ဆောင်အီမာမ်ဖြစ်သူ အနတ်စ် ဘန်ဂျီလွန်ကတော့ ဒီလိုအမုန်းတရားကို ပြန့်နှံ့စေတဲ့ ကြော်ငြာဆိုင်းဘုတ်အတွက် မိမိတို့အနေနဲ့ အံအားသင့်ခဲ့ရကြောင်း၊ ဘယ်သူက ငွေကြေးစိုက်ထုတ်ပေးလဲဆိုတာ မသိရကြောင်း ပြောကြားခဲ့ပါတယ်။

    ဒီလုပ်ရပ်ကို မွတ်စလင်မဟုတ်တဲ့ အမျိုးသမီးက ဆန့်ကျင်တယ်ဆိုတဲ့ အခြေအနေမျိုးဟာ မိမိရဲ့ နှလုံးသားကို ကိုင်လှုပ်လိုက်သလို ဖြစ်ခဲ့တယ်လို့လည်း ရှေ့ဆောင်အီမာမ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “ကျွန်တော် သူမနဲ့ မဆုံတွေ့ဖူးပါဘူး။ သူတို့တွေဟာ ကျွန်တော်နေတဲ့ စိန့်သြဂတ်စတင်းက အကြင်နာ မေတ္တာနဲ့ ပြည့်ဝတဲ့ လူတွေပါပဲ။ ဒီလို မွတ်စလင်မဟုတ်တဲ့လူတစ်ယောက်ရဲ့လုပ်ရပ်မျိုးကို တွေ့မြင်လိုက်ရတာဟာ စိန့်သြဂတ်စတင်းမှာ နေထိုင်တဲ့သူတွေရဲ့ အကြင်နာတရားကို သက်သေပြလိုက်တာပါပဲ” လို့ အနတ်စ်က ပြောကြားခဲ့ပါတယ်။

    ဘက်ကီ ၀ီလီယံကတော့ မတရားတဲ့ အဖြစ်အပျက်တစ်ခုကို မြင်တွေ့ပြီဆိုရင် ငြိမ်မနေသင့်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

    “မတရားတဲ့အဖြစ်အပျက်တစ်ခုခုကို ရှင်တို့မြင်တွေ့လိုက်ရတဲ့အခါ မတရားလုပ်ခံရတဲ့သူဘက်က ရပ်တည်ပြီး တစ်ခုခုလုပ်ပါ။ ဘယ်လောက်သေးငယ်တဲ့လုပ်ရပ်ဖြစ်ဖြစ် ကိစ္စမရှိပါဘူး”

    Ref: IINA

  • အိုအိုင်စီညီလာခံတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အဓိကထား ဆွေးနွေးမည်

    အိုအိုင်စီညီလာခံတွင် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အဓိကထား ဆွေးနွေးမည်

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    oic

    – အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် (အိုအိုင်စီ) က တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ၎င်းတို့ရဲ့ ပုံမှန်စည်းဝေးပွဲတစ်ခုကို စတင်ကျင်းပနေပြီး ပါလက်စတိုင်းကိစ္စ၊ အဖွဲ့ဝင်နိုင်ငံများအကြား ပဋိပက္ခများနဲ့ အကြမ်းဖက်နှိမ်နင်းရေး စတာတွေကို အလေးထား ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

    ၁၃ ကြိမ်မြောက် အိုအိုင်စီ ပုံမှန်ညီလာခံကို တနင်္လာနေ့မှာ စတင်ခဲ့ပြီး ပထမနေ့မှာ ဆွေးနွေးမယ့်အကြောင်းအရာတွေကို သတ်မှတ်ခဲ့ကာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။

    ကြာသပတေးနဲ့ သောကြာနေ့မှာတော့ တူရကီသမ္မတ အာဒိုဂန်က ဦးဆောင်ကျင်းပတဲ့ အဲဒီ ထိပ်သီးအစည်းအဝေးကို နိုင်ငံ့ခေါင်းဆောင် ၃၀ ကျော် တက်ရောက်မှာ ဖြစ်ပါတယ်။ ဧည့်သည်တော်အဖြစ် တက်ရောက်မယ့်သူတွေထဲမှာ ဆော်ဒီဘုရင် ဆလ်မန်လည်း ပါဝင်မှာဖြစ်ပြီး အခမ်းအနားအတွက် အစ္စတန်ဘူတစ်မြို့လုံးမှာ လုံခြုံရေးကို အမြင့်ဆုံး ချထားပါတယ်။

    ဆော်ဒီဘုရင်ကြီးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အီဂျစ်ကို သွားရောက်ခဲ့ရာမှာ အစ္စလာမ်ကမ္ဘာစည်းလုံးညီညွတ်ဖို့၊ အကြမ်းဖက်ဝါဒကို ပူးပေါင်းတိုက်ဖျက်တို့အတွက် တိုက်တွန်းဆော်သြခဲ့ပါတယ်။

    Ref: Arab News

  • ဇီကာဗိုင်းရပ်စ်မှာ ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည် အမေရိကန်ပြော

    ဇီကာဗိုင်းရပ်စ်မှာ ထင်ထားသည်ထက် ပိုမိုကြောက်စရာကောင်းသည် အမေရိကန်ပြော

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    zika

    – ဇီကာဗိုင်းရပ်စ်ပိုးဟာ အရင်တုန်းက ခန့်မှန်းထားတာထက် ပိုပြီး ကြောက်စရာကောင်းတယ်လို့ အမေရိကန် ကျန်းမာရေးတာဝန်ရှိသူတွေက တနင်္လာနေ့မှာ သတိပေးလိုက်ပြီး မွေးရာပါ ဦးနှောက်ချို့ယွင်းမှုတွေနဲ့ ဆက်နွယ်နေတဲ့ ဒီဗိုင်းရပ်စ်ကို နှိမ်နင်းဖို့အတွက် ရံပုံငွေတွေ တိုးမြှင့်ပေးဖို့ လွှတ်တော်ကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

    ဇီကာဗိုင်းရပ်စ်အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်အောင် ဒေါ်လာ ၁.၉ ဘီလီယံ ထုတ်ပေးဖို့ အိုဘားမားအစိုးရအဖွဲ့ဟာ လွှတ်တော်မှာ တောင်းဆိုထားပေးမယ့် အဲဒီတောင်းဆိုမှုကိုတော့ လွှတ်တော်က ဆိုင်းငံ့ထားပါတယ်။

    Aedes aegypti ခြင်အမျိုးအစားကနေ ပေါက်ဖွားတဲ့ ဇီကာဗိုင်းရပ်စ်ဟာ မနှစ်ကတည်းက လက်တင်အမေရိကနဲ့ ကာရေဘီယန်ရဲ့ နေရာ ၃၀ ကျော်မှာ လျင်မြန်စွာ ကူးစက်ပြန့်နှံ့ ခဲ့ပါတယ်။ ယင်းဗိုင်းရပ်စ်ဟာ လိင်မှတဆင့် ကူးစက်တာကိုလည်း ရှားရှားပါးပါးတွေ့မြင်ရပါတယ်။

    “ကျွန်မတို့ လုံးဝ အသင့်ပြင်ထားရပါမယ်။ ဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ကျွန်မတို့တွေ့နေရတဲ့ အရာအားလုံးက ပထမကထင်ထားတာထက် ပိုကြောက်စရာကောင်းပါတယ်” လို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန တွဲဖက်ဒါရိုက်တာ အန်နီ စခူးချက်က ပြောကြားခဲ့ပါတယ်။

    အမေရိကန်ပိုင်နက်မှာရှိတဲ့ ပေါ်တိုရီကိုဒေသမှာ လာမယ့်နှစ်ကုန်ပိုင်းမှာ လူသိန်းနဲ့ချီ ဇီကာဗိုင်းရပ်စ် ကူးစက်နိုင်တယ်လို့ သတိပေးမှုလည်း ရှိနေပါတယ်။

    Ref: Arab news

  • နောက်ဆုံး ၅ ပွဲက လက်စတာအတွက် ကြောက်မက်ဖွယ်ဖြစ်မည်ဟု နည်းပြပြော

    နောက်ဆုံး ၅ ပွဲက လက်စတာအတွက် ကြောက်မက်ဖွယ်ဖြစ်မည်ဟု နည်းပြပြော

    ဧပြီ ၁၃၊ ၂၀၁၆
    M-Media

    leister

    – ယခုတစ်ပတ်တွင် ဆန်းဒါးလန်းအား ၂ ဂိုးပြတ်ဖြင့် အနိုင်ကစားပြီး ဒုတိယနေရာမှ စပါးအသင်းအား ၇ မှတ်ဖြတ်ကာ ပရီးမီးယားလိဂ်ကို ဦးဆောင်ထားနိုင်သော်လည်း လက်ကျန် ၅ ပွဲမှာ မိမိတို့အတွက် ကြောက်မက်ဖွယ်ကောင်းသည့် စမ်းသပ်မှုဖြစ်မည်ဟု လက်စတာနည်းပြ ရာနီယေးရီက ပြောကြားလိုက်သည်။

    လက်စတာမှာ နောက်ဆုံး ၅ ပွဲကို ၀က်စ်ဟမ်း၊ ဆွမ်ဆီး၊ မန်ယူ၊ အဲဗာတန်၊ ချယ်ဆီးတို့နှင့် ကစားရမည်ဖြစ်ပြီး ၃ ပွဲ နိုင်ရုံမျှဖြင့် ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မည်ဖြစ်သည်။ သို့သော်လည်း ရာနီယေးရီက မိမိတို့မှာ ကြိုးပမ်းအားထုတ်မှု လျှော့၍မရဟု ဆိုသည်။

    “ပွဲမပြီးသေးပါဘူး။ ကျွန်တော်တို့ အနည်းဆုံးတော့ ချန်ပီယံလိဂ်နေရာ သေချာသွားပါပြီ။ ဒါပေမယ့် နောက်ဆုံး ၃ ပွဲက ကြောက်စရာကောင်းတဲ့ စမ်းသပ်မှု ဖြစ်မှာပါ။ စပါးဟာလည်း အရှုံးပေးမှာ မဟုတ်သလို ကျွန်တော်တို့ကလည်း ဆက်လက်ပြီး အာရုံစူးစိုက်နေရပါမယ်” ဟု ရာနီယေးရီက ပြောကြားခဲ့သည်။

    ထို့ပြင် ဆန်းဒါးလန်းနှင့်ပွဲတွင် အင်တိုက်အားတိုက် အားပေးခဲ့သည့် ပရိတ်သတ်များ၏ အပြုအမူအတွက် မိမိ၏ နှလုံးသားအား ဖမ်းစားနိုင်ခဲ့သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal