News @ M-Media

Author: Ko Lay

  • ကိုဗစ်ဖြစ်နေကြောင်း မြောက်ကိုရီးယားက ထူးထူးခြားခြား ထုတ်ပြန်

    ကိုဗစ်ဖြစ်နေကြောင်း မြောက်ကိုရီးယားက ထူးထူးခြားခြား ထုတ်ပြန်

    မေ ၁၂၊ ၂၀၂၂

    M-Media 


    -ကိုဗစ်ကပ်ရောဂါကူးစက်မှု ဖြစ်ပွားနေတာကြောင့် တစ်နိုင်ငံလုံးကို လော့ဒေါင်းချလိုက်တယ်လို့ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ပါတယ်။ 

    ဒါဟာ တစ်ကမ္ဘာလုံး ကိုဗစ်ကူးစက်ပြီး ၂ နှစ်ကျော်ကြာမှ ပထမဆုံး တရား၀င်ထုတ်ပြန်မှု ဖြစ်ပါတယ်။  မြို့တော်ပြုံယမ်းမှာ လွန်ခဲ့တဲ့ ၄ ရက်ကစတင်ကာ အိုမီခရွန် ကူးစက်နေတာလို့ဆိုပြီး အရေအတွက်ကို မထုတ်ပြန်ပါဘူး။ 

    ခေါင်းဆောင်ကင်ဂျုံအွန်ဟာ အရေးပေါ်အခြေအနေကြေငြာကာ လော့ဒေါင်းချဖို့၊ လုပ်ငန်းတွေမှာ ကိုဗစ်ကန့်သတ်မှုတွေ လုပ်ဆောင်ဖို့ အမိန့်ပေးခဲ့တယ်လို့လည်း နိုင်ငံပိုင်သတင်းဌာနက ထည့်သွင်းကြေငြာခဲ့ပါတယ်။

    လူဦးရေ ၂၅ သန်းရှိတဲ့ မြောက်ကိုရီးယားမှာ အရင်ကတည်းက ကိုဗစ်ကူးစက်တာတွေ ရှိနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ 

    နိုင်ငံတကာအသိုင်းအ၀ိုင်းက AstraZeneca နဲ့ Sinovac တို့လို ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီ ထောက်ပံ့ဖို့ ပြီးခဲ့တဲ့နှစ်မှာ စီစဥ်ခဲ့ပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က လက်မခံပါဘူး။ 

    ကင်ဂျုံအွန်ဟာ ကိုဗစ်စဖြစ်တဲ့ ၂၀၂၀ ဇန်န၀ါရီလကတည်းက နိုင်ငံနယ်စပ်တွေကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ 

    Ref: BBC

  • ပါလက်စတိုင်းတွင် အလ်ဂျာဇီရားသတင်းထောက်ကို အစ္စရေးက ပစ်သတ်

    ပါလက်စတိုင်းတွင် အလ်ဂျာဇီရားသတင်းထောက်ကို အစ္စရေးက ပစ်သတ်

    မေ ၁၁၊ ၂၀၂၂

    M-Media


    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ဒုက္ခသည်စခန်းကို အစ္စရေးတပ်တွေ ၀င်ရောက်စီးနင်းစဥ်အတွင်း အလ်ဂျာဇီးရားသတင်းထောက် ရှီရင် အဘူ အက္ကလာကို ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ 

    ဂျီနင်မြို့က အစ္စရေးတပ်ဖွဲ့တွေရဲ့ ၀င်ရောက်စီးနင်းမှုကို အဘူ အက္ကလာကတစ်ယောက် တိုက်ရိုက်တင်ဆက်နေတဲ့အချိန် စာနယ်ဇင်းသမားဖြစ်ကြောင်း ဖော်ပြတဲ့ ‘Press’ စာတမ်းပါ ဂျာကင်နဲ့ ဦးထုပ်ကို ၀တ်ဆင်ထားပေမယ့် အစ္စရေးတပ်ဖွဲ့တွေက ဦးခေါင်းကို ချိန်ရွယ် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ 

    အဘူ အက္ကလာဟာ ၁၉၉၇ ခုနှစ်ကစတင်ကာ အလ်ဂျာရီဇားသတင်းဌာနမှာ အလုပ်၀င်လုပ်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၅၁ နှစ် ရှိပါပြီ။ 

    သတင်းထောက်တစ်ယောက်ကို ဒီလို သတ်ဖြတ်တာဟာ လူသတ်မှု၊ ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုဖြစ်ပြီး၊ အမှန်တရားကို ဖော်ပြနိုင်ရေး မီဒီယာတွေရဲ့ကြိုးပမ်းမှုကို တားဆီးတာဖြစ်တယ်လို့ အယ်ဂျာဇီးရားသတင်းဌာနက ထုတ်ပြန်ပါတယ်။ 

    ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာလည်း ဖြစ်ပါတယ်။ 

    ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က ဒီသတ်ဖြတ်မှုကို ရှုတ်ချကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး အစ္စရေးဟာ  အမှန်တရားဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားကာ ရာဇ၀တ်မှုကျူးလွန်နေကြောင်း၊ ဒီအတွက် အစ္စရေးအစိုးရမှာ တာ၀န်ရှိကြောင်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ 

    အစ္စရေးစစ်တပ်က စာနယ်ဇင်းသမားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးမရှိဘဲ ဂျီနင်က ဒုက္ခသည်စခန်းကို ၀င်ရောက်စီးနင်းမှုအတွင်း ပါလက်စတိုင်းတိုက်ခိုက်ရေးသမားတွေနဲ့ အပြန်အလှန် ပစ်ခတ်တာမျိုး ရှိခဲ့တယ်လို့ ကြေငြာချက် ထုတ်ပြန်ပါတယ်။ 

    အဘူ အက္ကလာနဲ့အတူ လိုက်ပါသတင်းယူတဲ့ ဂျာနယ်လစ်တွေက ဒီအဖြစ်အပျက် ဖြစ်ပွားစဥ်အတွင်း ဘယ်လို အပြန်အလှန် ပစ်ခတ်မှုမျိုးမှ ရှိမနေဘဲ အစ္စရေးတပ်ဖွဲ့တွေက မိမိတို့ကိုသာ ချိန်ရွယ်ပစ်ခတ်တာဖြစ်ကြောင်း၊ အဘူအက္ကလာ လဲကျသွားတဲ့အချိန်မှာတောင် ဆက်လက်ပစ်ခတ်နေတဲ့အတွက် အလောင်းမကောက်နိုင်ဘဲ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရကြောင်း ပြောကြားခဲ့ကြပါတယ်။ 

    အဘူအက္ကလာ သတ်ဖြတ်ခံရမှုကို ကမ္ဘာတစ်၀ှမ်း စာနယ်ဇင်းအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ 

    Ref: Aljazeera 

  • ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း၏သား အနိုင်ရ

    ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် အာဏာရှင်ဟောင်း၏သား အနိုင်ရ

    မေ ၁၁၊ ၂၀၂၂

    M-Media 


    -ဖိလစ်ပိုင်မှာ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ်ရဲ့သားဖြစ်သူ ဂျူနီယာ မားကို့စ်ဟာ ပြီးခဲ့တဲ့တစ်ပတ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားခဲ့ပါတယ်။ 

    ဂျူနီယာ မားကို့စ်ဟာ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၆ ခုနှစ်အထိ တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ အာဏာရှင် ဖာဒီနန် မားကို့စ်ရဲ့ တစ်ဦးတည်းသောသား ဖြစ်ပါတယ်။ 

    နိုင်ငံရေးသမား သမိုင်းတစ်လျှောက် ဖခင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ၀န်မခံဘဲ မသိမသာ ဖာထေးခဲ့တဲ့ ဂျူနီယာမားကို့စ် သမ္မတ ဖြစ်လာတာဟာ ဖိလစ်ပိုင်မှာ နောက်ထပ် အာဏာရှင််မျိုးဆက်တစ်ခု ပေါ်ထွန်းလာတော့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိလာပါတယ်။ 

    ဖိလစ်ပိုင် အာဏာရှင်နဲ့ သူ့ရဲ့မိသားစုအကြောင်းကို တစ်ပုံချင်းဆီမှာ ဖတ်ရှုနိုင်ပါတယ်။ 

    Ref: BBC, Reuters 

    အာဏာရှင် ဖာဒီနန် မားကို့စ်


    ၁၉၆၅ ခုနှစ်မှာ ရွေးကောက်ပွဲကနေတစ်ဆင့် သမ္မတဖြစ်လာတဲ့ ဖာဒီနန်ဟာ သမ္မတသက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှာ ရာထူးက ဆင်းပေးရမှာပါ။ ဒါပေမယ့် ရာထူးကမဆင်းက ၁ နှစ်အလို ၁၉၇၂ ခုနှစ်မှာ နိုင်ငံတစ်၀ှမ်း မာရှယ်လောထုတ်ပြီး အာဏာကို ဆက်လက် ချုပ်ကိုင်ထားခဲ့ပါတယ်။ 

    အာဏာရှင် ဖာဒီနန် မားကို့စ်ရဲ့ လက်ထက်မှာ သူ့ရဲ့ လက်ကိုင်တုတ် စစ်တပ်နဲ့ရဲတို့ဟာ အတိုက်အခံ နိုင်ငံရေးသမားတွေ၊ ပြည်သူတွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ညှင်းပမ်းခဲ့ပါတယ်။ 

    သူ့ရဲ့ အုပ်စိုးမှုဟာ ဖိလစ်ပိုင်းသမိုင်းတစ်လျှောက် အမှောင်မိုက်ဆုံးကာလ ဖြစ်ခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ်ဖြစ်ခဲ့သလို၊ အုပ်ချုပ်ရေး ယန္တရားမှာလည်း ခြစားမှုတွေနဲ့ ပြည့်နှက်ခဲ့ပါတယ်။ 

    အာဏာရှင်အသိုင်းအ၀ိုင်းကလူတွေ၊ ခရိုနီတွေက ကျိကျိတက် ချမ်းသာခဲ့ပေမယ့် သန်းပေါင်းများစွာသော ပြည်သူလူထုက ဆင်းရဲတွင်းထဲမှာ ငတ်မွတ်ခေါင်းပါးစွာ နေထိုင်ခဲ့ရပါတယ်။ 

    အလှည့်အပြောင်း 


    ဖာဒီနန်မားကို့စ် ရာထူးကဆင်းပေးရမယ့် အလှည့်အပြောင်းတစ်ခုက ၁၉၈၃ ခုနှစ်မှာ ပေါ်လာပါတယ်။ 

    အတိုက်အခံခေါင်းဆောင် ဘန်အစ်နို အကွီနိုဟာ အမေရိကန်ကနေ ဖိလစ်ပိုင်ကို နိုင်ငံရေးလုပ်ဖို့အတွက် ပြန်လာတဲ့အချိန် မနီလာလေဆိပ်မှာ လေယာဥ်ပေါ်က ဆင်းဆင်းချင်းပဲ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံလိုက်ရပါတယ်။ 

    နောက်ဆက်တွဲ လူထုအုံကြွမှုနဲ့ ဒီမိုကရေစီတောင်းဆိုမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ဖာဒီနန်ကလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပါတယ်။ 

    လူထုကျေနပ်အောင် ၁၉၈၆ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်ပေးခဲ့ပေမယ့် မဲမသာမှုတွေနဲ့အတူ ဖာဒီနန် မားကို့စ်သာ အနိုင်ရခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း မကျေနပ်တဲ့ လူထုဟာ လမ်းပေါ်  ထွက်လာပါတယ်။ 

    ပြည်သူ့ပါ၀ါ တော်လှန်ရေး (People’s Power Revolution) 


    ဒီတစ်ကြိမ် ဖိလစ်ပိုင်ပြည်သူတွေရဲ့ တော်လှန်ရေးကို ကမ္ဘာတစ်၀ှမ်းက ထောက်ခံအားပေးခဲ့ကြပါတယ်။ 

    နိုင်ငံရဲ့ အကြီးဆုံး ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ခရစ်ယာန်ကက်သလစ်အသင်းတော်က ပြည်သူတွေဖက်က ရပ်တည်ခဲ့သလို ဖာဒီနန်ရဲ့ လက်ကိုင်တုတ် စစ်တပ်က ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့လည်း ပြည်သူနဲ့ ပူးပေါင်းလာပါတယ်။ 

    ဆန္ဒပြသူတွေကို ပစ်ဖို့ ဖာဒီနန်ရဲ့အမိန့်ကို စစ်သားတွေက မနာခံတော့ပါဘူး။ 

    ၄ ရက်ကြာ အကြီးအကျယ် ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ဖာဒီနန်မားကို့စ်တို့ မိသားစု ဖိလစ်ပိုင်ကနေ အမေရိကန်ပြည်ထောင်စု ဟာ၀ိုင်ယီကျွန်းကို ထွက်ပြေးသွားခဲ့ပါတယ်။ 

    ပြည်သူ့ဘဏ္ဏာများ ယူဆောင်သွား 


    ဖာဒီနန်မားကို့စ်တို့ ထွက်ပြေးတဲ့အချိန် လက်၀တ်ရတနာတွေ၊ တန်ဖိုးကြီးအ၀တ်အစားတွေနဲ့ ငွေသား ဒေါ်လာသန်းချီ ယူဆောင်သွားခဲ့ပါတယ်။ 

    ဖာဒီနန်ရဲ့ အုပ်စိုးမှုကာလအတွင်း သူ့မိသားစုနဲ့ ခရိုနီတွေဟာ နိုင်ငံ့ဘဏ္ဏာ စုစုပေါင်း ဒေါ်လာ ၁၀ ဘီလီယံဖိုးလောက် မတရား သုံးစွဲယူငင်သွားခဲ့ပြီး ၄ ဘီလီယံဖိုးသာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။ 

    ဖာဒီနန်မားကို့်စ်ဟာ ၁၉၈၉ ခုနှစ် ဟာ၀ိုင်ယီမှာပဲ သေဆုံးသွားခဲ့ပါတယ်။ 

    အီမဲလ်ဒါ မားကို့စ်


    ဖာဒီနန်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့အတူ ဇနီးဖြစ်သူ အီမဲလ်ဒါ မားကို့်စ်ရဲ့ ဇိမ်ခံဖြုန်းတီးမှုကလည်း ကျော်ကြားပါတယ်။ 

    အလှမယ်ဟောင်းဖြစ်တဲ့ အီမဲလ်ဒါဟာ တန်ဖိုးကြီး အ၀တ်အစား အသုံးအဆောင်တွေကို အငမ်းမရ ၀ယ်ယူသုံးစွဲသူဖြစ်ပြီး သူတို့ထွက်ပြေးချိန် သမ္မတနန်းတော်ထဲမှာ တန်ဖိုးကြီး ဖိနပ်ပေါင်း အရံ ၃ ထောင်ကျော်လောက် သိမ်းဆည်းရရှိခဲ့ပါတယ်။ 

    အီမဲလ်ဒါဟာ အသက် ၉၂ နှစ်ရှိပြီဖြစ်ပြီး အခုအချိန်အထိ မြို့တော်မနီလာမှာ သက်ရှိထင်ရှား ရှိနေပါသေးတယ်။ ဖာဒီနန်သေဆုံးပြီး နိုင်ငံရေးလောကထဲ၀င်ရောက်လာတဲ့ အီမဲလ်ဒါဟာ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။ 

    ဖအေတူသားလား 


    ပြီးခဲ့တဲ့တစ်ပတ် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဂျူနီယာမားကို့စ်ဟာ ၁၉၉၀ ပြည့်နှစ်တွေရောက်မှ ဖိလစ်ပိုင်ကို ပြန်လာပြီး နိုင်ငံရေးလောကထဲ ၀င်ရောက်လာခဲ့တာပါ။ 

    ပြည်နယ်အုပ်ချုပ်ရေးမှုူး၊ အောက်လွှတ်တော်အမတ်၊ အထက်လွှတ်တော်အမတ် စသဖြင့် နေရာရခဲ့ပါတယ်။ 

    အသက် ၆၄ နှစ်အရွယ် ဂျူနီယာမားကို့စ်ကို ဖိလစ်ပိုင်လူငယ်တွေက တော်တော်လေး ထောက်ခံအားပေးကြပါတယ်။ ဒါပေမယ့် သူ့အဖေရဲ့ လုပ်ရပ်တွေ မှားခဲ့တယ်လို့ ဘယ်တုန်းကမှ ၀န်မခံပါဘူး။ 

    သူ့အဖေလက်ထက်မှာ စီးပွားရေးတိုးတက်မှုတွေရှိခဲ့တယ်လို့ မကြာမကြာပြောပြီး လူ့အခွင့်အရေးချိုးဖောက်မှု အကြောင်းကိုတော့ သိပ်မဟပါဘူး။ 

    အဲဒီအချိန်က သူ့အသက်ငယ်သေးတာကြောင့် ဖခင်ရဲ့ လုပ်ဆောင်မှုတွေအတွက် သူ့မှာ တာ၀န်မရှိဘူးလို့လည်း ဂျူနီယာမားကို့စ်က ပြောပါတယ်။ 

    ဖိလစ်ပိုင်မှာ သူ့ကို့ ‘ဘွန်ဘွန်’ လို့လည်း ခေါ်ကြပါတယ်။ 

  • မက်ဆီကို ခရီးသွားသံတမန်အဖြစ် ဆော်ဒီခန့်အပ်

    မက်ဆီကို ခရီးသွားသံတမန်အဖြစ် ဆော်ဒီခန့်အပ်

    မေ ၁၀၊ ၂၀၂၂

    M-Media 


    -ပီအက်စ်ဂျီအသင်းက အာဂျင်တီးနားတိုက်စစ်မှုး လီယွန်နယ် မက်ဆီကို ခရီးသွားလုပ်ငန်းဆိုင်ရာ သံတမန်အဖြစ် ဆော်ဒီအာရေဗျက ခန့်အပ်ခဲ့ပြီး တနင်္လာနေ့မှာတော့ မက်ဆီဟာ ဂျစ်ဒါကို ရောက်ရှိလာခဲ့ပါတယ်။ 

    ပင်လယ်နီဒေသက အဖိုးမဖြတ်နိုင်တာတွေ၊ ဆော်ဒီအာရဗျရဲ့ သမိုင်းကြောင်းနဲ့ ဂျစ်ဒါခရီးသွားရာသီတို့ကို မက်ဆီနဲ့အတူ လေ့လာရှာဖွေ ဖြတ်သန်းရမယ့်အတွက် စိတ်လှုပ်ရှားမိတယ်လို့ ဆော်ဒီခရီးသွား၀န်ကြီး အဟ်မဒ် အလ် ခါသစ်ဘ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    မက်ဆီရဲ့ ဒီတစ်ခေါက်ခရီးစဥ်ဟာ ဆော်ဒီအာရေဗျကို ပထမဆုံး လာရောက်တာမဟုတ်သလို နောက်ဆုံးလည်းမဟုတ်ဘဲ နောက်ထပ် လာရောက်အုံးမယ်လို့လည်း ခါသစ်ဘ်က ဆိုပါတယ်။ 

    ဆော်ဒီဟာ ၂၀၃၀ ရည်မှန်းချက် တစ်စိတ်တစ်ပိုင်းအဖြစ် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေပြီး နိုင်ငံတစ်၀ှမ်းမှာ ခရီးသွားမြို့တွေ၊ အဖန်းဖြေကမ်းခြေတွေ တည်ဆောက်နေပါတယ်။ 

    Ref: Arab News 

  • အာဆီယံအပေါ် ၀ေဖန်မှုများလျှော့ရန် NUG ကို ဂျကာတာပို့စ်က တိုက်တွန်း

    အာဆီယံအပေါ် ၀ေဖန်မှုများလျှော့ရန် NUG ကို ဂျကာတာပို့စ်က တိုက်တွန်း

    မေ ၁၀၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို အ၀ေးရောက် NUG အစိုးရက ၀ေဖန်နေတာဟာ ဘာကောင်းကျိုးမှ ရလာမှမဟုတ်ဘဲ၊ အာဆီယံနိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ ချဥ်းကပ်ဆက်ဆံမှုမျိုး ပိုမိုလုပ်ဆောင်သင့်တယ်လို့ ဂျကာတာပိုစ်ရဲ့ ဒီကနေ့ အယ်ဒီတာ့အာဘော်မှာ ထောက်ပြ ရေးသားထားပါတယ်။ 

    ပြီးခဲ့တဲ့သောကြာနေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန် ဦးဆောင်ပြီး မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စကို အာဆီယံနိုင်ငံတွေက ဆွေးနွးခဲ့ကြပါတယ်။

    ဒီဆွေးနွေးပွဲကို အာဏာသိမ်းစစ်ကောင်စီက ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး NUG က ဒီကိစ္စကို ၀ေဖန်ခဲ့ကာ၊ အာဆီယံအဖွဲ့က သူတို့နဲ့ ဆက်သွယ်ဆောက်ရွက်မှုမရှိဘူးဆိုတဲ့ အပြစ်တင်တဲ့သဘောမျိုး တနင်္ဂနွေနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

    ဂျကာတာပို့်စ်ရဲ့ အယ်ဒီတာ့အာဘော်မှာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့လို အာဆီယံနိုင်ငံတစ်ချို့က လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကိစ္စတွေကနေ စတင်ပြီး တစ်ဖြည်းဖြည်းချင်း ဆက်သွယ်ဆောင်ရွက်သွားမယ့် အစီအစဥ်ကို NUG က နားမလည်ဘဲ  ၀ေဖန်ပြစ်တင်တာတွေဟာ ဒီအစီအစဥ်ကို ထိခိုက်ပျက်ဆီးစေနိုင်ကြောင်း သတိပေးထားပါတယ်။ 

    မလေးရှားနိုင်ငံခြားရေး၀န်ကြီး ဆိုက်ဖူဒင် အဘ်ဒူလာဟာ NUG တာ၀န်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ လအနည်းငယ်က တွေ့ဆုံခဲ့ပြီး အာဆီယံကိုလည်း NUG နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ တိုက်တွန်းထားတာကို ဆောင်းပါးမှာ ထောက်ပြထားပါတယ်။ 

    ဆိုက်ဖူဒင်ရဲ့ ဒီပြောကြားမှုကို အာဏာသိမ်းစစ်ကောင်စီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။  

    အာဆီယံအဖွဲ့ဟာ မိမိဆန္ဒရှိတဲ့အတိုင်း လုပ်ဆောင်လို့မရဘဲ မြန်မာပြည်သူတွေ လွတ်လပ်မှုပြန်ရဖို့နဲ့ အနာဂတ်ကို ကိုယ်တိုင်ဆုံးဖြတ်နိုင်ဖို့ ဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့အစည်းတွေထဲမှာ ကိုယ်တိုင်ပါ၀င်နေတယ်ဆိုတာ NUG က နားလည်ဖို့ လိုကြောင်း၊ NUG က မလုံလောက်သေးဘူးလို့ ထင်မြင်ယူဆနေပေမယ့် အာဆီယံအဖွဲ့အစည်းဟာ ၀င်မစွက်ရေးမူ၀ါဒကိုတောင် လစ်လျူရှုပြီး မြန်မာပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေကြောင်း အယ်ဒီတာ့အာဘော်မှာ ဖော်ပြထားပါတယ်။ 

    အာဆီယံက ဒီလို ကူညီဆောင်ရွက်ပေးနေပမယ့် NUG က ခေါင်းဆောင်တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံတွေ အထူးသဖြင့် အင်ဒိုနီးရှားနဲ့ မလေးရှားတို့အပေါ်မှာ အယုံအကြည်နည်းကာ ရန်ထောင်ခဲ့ပြီး၊ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားမှုကိုတောင် ငြင်းဆိုခဲ့ကြောင်း ထောက်ပြထားပါတယ်။ 

    အာဆီယံအစည်းအ၀ေးတွေမှာ တက်ရောက်ခွင့်မပေးတာလို့ မကြုံစဖူးဆောင်ရွက်ချက်တွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အာဆီယံက အပြစ်ပေးထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၉ ခုနှစ် နိုင်ငံတကာ ခုံသမာဓိရုံး ICJ မှာ မြန်မာစစ်တပ်ကို လိုလိုလားလား ကာကွယ်ပေးခဲ့တာကို အာဆီယံကို ၀ေဖန်နေတဲ့ NUG က သတိချပ်ဖို့လိုကြောင်းလည်း ထောက်ပြထားပါတယ်။ 

    မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံနိုင်ငံတွေအကြား သဘောထားကွဲလွဲနေပြီး အထူသဖြင့် ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံနေတယ်လို့ အယ်ဒီတာ့အာဘော်မှာ ရေးသားထားပါတယ်။ 

    အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးနိုင်ရေးအတွက် အာဆီယံဟာ လိုအပ်တာထက် ပိုမိုလုပ်ဆောင်ထားကြောင်း၊ ကူညီမယ့်သူမရှိတဲ့ NUG အနေနဲ့ အာဆီယံရဲ့ လုပ်ရပ်ကို ရှုတ်ချတာတွေ၊ ၀ေဖန်တာတွေ လုပ်နေမယ်ဆိုရင် ဆိုးကျိုးတွေသာ ရရှိမှာဖြစ်ပြီး အာဆီယံအဖွဲ့နဲ့ သံတမန်ရေးရာ ပိုမိုချဥ်းကပ်ဆောင်ရွက်ဖို့ ဂျကာတာပို့စ်ရဲ့ အယ်ဒီတာ့အာဘော်အဆုံးပိုင်းမှာ တိုက်တွန်းထားပါတယ်။ 

    Ref: The Jakarta Post