News @ M-Media

Author: Ko Lay

  • ယူကရိန်းက ရုရှားကို ထိုးစစ်ဆင်တော့မည်

    ယူကရိန်းက ရုရှားကို ထိုးစစ်ဆင်တော့မည်

    မေ ၅၊ ၂၀၂၂

    M-Media 


    -မဟာမိတ်တွေထံကနေ လက်နက်အလုံအလောက် ရလာမယ့် ဇွန်လ အလယ်ပိုင်းလောက်ကနေစပြီး ရုရှားကို တန်ပြန်ထိုးစစ်ဆင်တော့မယ်လို့ ယူကရိန်းသမ္မတ အကြံပေး အိုလက်စီယီ အရက်စတိုဗစ်ချ်က ပြောပါတယ်။

    ယူကရိန်းဟာ လက်ရှိမှာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံနေရတာဖြစ်ပြီး တန်ပြန်ထိုးစစ် ဆင်မယ်ဆိုရင် စစ်ပွဲပိုမိုကြီးမားကာ ပတ်၀န်းကျင်နိုင်ငံတွေကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။ 

    ရုရှားဟာ မေလ ၉ ရက်နေ့မှာ ဒုတိယကမ္ဘာစစ် နာဇီကိုအောင်နိုင်မှု အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့ ရှိနေပြီး အရက်စတိုဗစ်ချ်က အဲဒီနေ့မတိုင်ခင် ရုရှားဟာ ယူကရိန်းမှာ ဘယ်လိုအောင်ပွဲမှ မရနိုင်ဘူးလို့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေဟာ ဗျူဟာမြောက် လက်နက်တွေအပါအ၀င် စစ်လက်နက်ပစ္စည်းတွေ အမြောက်အများ ထောက်ပံ့ခဲ့ပြီး ဆက်လက်ထောက်ပံ့ဖို့လည်း စီစဥ်နေပါတယ်။

    Ref: Reuters 

  • ဂျေရုစလင်ရှိ ခရစ်ယာန်လူ့အဖွဲ့အစည်း ပပျောက်အောင် ဂျူးအစွန်းရောက်အဖွဲ့များက လုပ်ဆောင်နေ

    ဂျေရုစလင်ရှိ ခရစ်ယာန်လူ့အဖွဲ့အစည်း ပပျောက်အောင် ဂျူးအစွန်းရောက်အဖွဲ့များက လုပ်ဆောင်နေ

    မေ ၄၊ ၂၀၂၂
    M-Media

    -ဂျူးအစွန်းရောက်အဖွဲ့တွေက ဂျေရုစလင်မှာရှိတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာပြီး အစ္စရေးအစိုးရကလည်း ကျူးလွန်သူတွေကို အရေးယူမှု မရှိဘူးလို့ အမေရိကန် လွှတ်တော်အမတ်များအဖွဲ့က ပြောကြားလိုက်ပါတယ်။

    ဒီမိုကရက်နဲ့ ရီပက်ဘလစ်ကန် ပါတီက လွှတ်တော်အမတ်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါလက်စတိုင်းက ခရစ်ယာန်တွေ ထိခိုက်ခံစားရမှုကို ဖော်ပြထားပါတယ်။

    အစ္စရေးအစိုးရနဲ့ ဂျူးအစွန်းရောက်အဖွဲ့တွေက ခရစ်ယာန်တွေအပေါ် ဒုက္ခပေးမှုနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်အမတ်တွေ လူသိရှင်ကြား၀ေဖန်တာ ကြုံတောင့်ကြုံခဲ ဖြစ်ပါတယ်။

    အခု အစီရင်ခံစာမှာတော့ ဂျူးအစွန်းရောက်တွေဟာ ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းကို မောင်းထုတ်ကာ မြို့ရဲ့ ဘာသာစုံ၊ လူမျိုးစုံ မတူကွဲပြားစွာ ညီညွတ်မှုကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ဖော်ပြထားပါတယ်။

    “ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်မှုတွေ မြင့်တက်လာတဲ့အတွက် အလွန်အမင်းစိုးရိမ်မိကြောင်း ပါတီနှစ်ခုက လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်တော်တို့အဖွဲ့က ထုတ်ဖော်ပြောကြားလိုပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    ပါလက်စတိုင်းပိုင် ဂျေရုစလင်မှာ ခရစ်ယာန်ဘုရားကျောင်း ၉၅ ကျောင်းရှိပြီး ဂရိအော်သိုဒေ့ါစ်၊ ဂရိကက်သလစ်၊ ရိုမန်ကက်သလစ်၊ ဆီရီအက်နဲ့ အာမေးနီးယန်းခရစ်ယာန်ဘာသာ၀င်တွေ ရှိနေကြတာ ဖြစ်ပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၁၀၀ က ဂျေရုစလင်မြို့ စုစုပေါင်းလူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းဟာ ခရစ်ယာန်ဘာသာ၀င်တွေ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ၂ ရာခိုင်နှုန်းသာ ရှိပါတော့တယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ခရစ်ယာန်အသင်းတော် ၁၃ ခုက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစွန်းရောက်အဖွဲ့တွေက ဂျေရုစလင်မှာရှိတဲ့ ခရစ်ယာန်ဘာသာ၀င်တွေကို မောင်းထုတ်ဖို့ ဆောင်ရွက်နေမှုကို အစ္စရေးအစိုးရက အရေးယူဆောင်ရွက်တာမျိုး မရှိဘူးလို့ ၀ေဖန်ထားပါတယ်။

    Ref: Middle East Eye

    mmInternationalNews

  • မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုက အာဆီယံနိုင်များ၏ ပြည်တွင်းရေးကို ထိခိုက်နေ

    မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုက အာဆီယံနိုင်များ၏ ပြည်တွင်းရေးကို ထိခိုက်နေ

    မေ ၁၊ ၂၀၂၁

    M-Media 

    -မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုကနေ ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်ပြဿနာဟာ အာဆီယံနိုင်ငံတွေအတွက် ၀န်ထုပ်၀န်ပိုး ဖြစ်လာတာကြောင့် ဒါကို အာဆီယံအဖွဲ့က ထိထိရောက်ရောက် ဖြေရှင်းသင့်တယ်လို့ မလေးရှားသတင်းဌာန The Straits Times ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။ 

    စစ်တပ်ရဲ့ ဖိနှိပ်သတ်ဖြတ်မှုကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေက ကိုင်တွယ်ဆောက်ရွက်ရ ခက်တာကို ဒီဆောင်းပါးမှာ ဖော်ပြထားသလို ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ဖို့နဲ့ မြန်မာစစ်တပ်က နောက်ထပ် ဒီလိုမလုပ်အောင် ဆောင်ရွက်ဖို့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။ 

    ရိုင်ဟင်ဂျာတွေဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး နေရပ်ပြန်ရမယ့် လူတွေဖြစ်တာကြောင့် မလေးရှားက သူတို့ကို ဥပဒေကြောင်းအရ ဒုက္ခသည်အဖြစ် သတ်မှတ်လို့မရပါဘူး။ မွေးရပ်နိုင်ငံ ရှိတဲ့အတွက် မွေးရပ်ကိုပြန်ကာ မြန်မာနိုင်ငံသားဖြစ်ရေးသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

    မလေးရှားမှာ ရိုဟင်ဂျာတွေနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားရတာဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးနယ်ပယ်တွေမှာ ထိခိုက်မှုတွေ ဖြစ်နေတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပြီး ဧပြီ ၂၀ ရက် ကဒါပြည်နယ် ထိန်းသိမ်းရေးစခန်းကနေ ရိုဟင်ဂျာ ၅၂၇ ဦး ထွက်ပြေးလွတ်မြောက်သွားတဲ့ အဖြစ်အပျက်ကို ထောက်ပြထားပါတယ်။ 

    ထိန်းသိမ်းရေးစခန်းကနေ ထွက်ပြေးပြီး အ၀ေးပြေးလမ်းကို ဖြတ်ပြေးတာကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအ၀င် ရိုဟင်ဂျာ ၆ ဦး ကားတိုက်သေဆုံးခဲ့ပါတယ်။ 

    မလေးရှားက လက်နက်ကိုင်တပ်ဖွဲ့တွေ၊ အစိုးရတာ၀န်ရှိသူတွေ ပူးပေါင်းကာ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို လိုက်လံရှာဖွေနေသလို မလေးရှားလူ့အဖွဲ့အစည်းအတွင်းမှာလည်း ရိုဟင်ဂျာဒုက္ခသည်ပြဿနာနဲ့ပတ်သက်ပြီး ထိထိရောက်ရောက်ဖြေရှင်းဖို့ ပိုမို တိုက်တွန်း ဆော်သြလာကြပါတယ်။ 

    အာဆီယံသဘောတူညီချက်အရ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို နောက်တစ်နိုင်ငံက ၀င်ရောက်စွက်ဖက်ခွင့် မရှိပေမယ့် နိုင်ငံတစ်နိုင်ငံက လုပ်ဆောင်နေတဲ့ မူ၀ါဒတွေဟာ တစ်ခြားတစ်နိုင်ငံကို ဒုက္ခရောက်စေတယ်ဆိုရင် ဒါဟာ ၀င်ရောက်စွက်ဖက်တယ်လို့ မှတ်ယူလို့ရကြောင်း သုံးသပ်ထားပါတယ်။

    မြန်မာစစ်တပ်ဟာ အိမ်နီးချင်းနိုင်ငံတွေ ၀န်ထုပ်၀န်ပိုးဖြစ်မှာ သိိိလျက်နဲ့ ရိုဟင်ဂျာတွေကို ဌာနေကနေ မောင်းထုတ်တာဖြစ်ပြီး၊ ဒီကိစ္စအတွက် မြန်မာနိုင်ငံကသာ အပြည့်အ၀ တာ၀န်ယူရမယ်လို့လည်း ဆောင်းပါးက ဆိုပါတယ်။ 

    ဧပြီလ ၂၀ ရက်နေ့ အဖြစ်အပျက်ဟာ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး မလေးရှားအစိုးရရဲ့ လုပ်ထုံးလုပ်နည်းအမှားကြောင့် ဖြစ်တာမဟုတ်ဘဲ မြန်မာစစ်တပ်က ဖန်တီးတဲ့ ပြဿနာကြောင့်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်ဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်စေမယ့်၊ မလေးရှားနိုင်ငံရဲ့ တည်ငြိမ်မှုကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေ လုပ်ဆောင်နေကြောင်း ဆောင်းပါးမှာ ပြစ်တင်ထားပါတယ်။ 

    ရိုဟင်ဂျာတွေရဲ့ အသက်ရှင်ရပ်တည်မှု ပိုမိုကောင်းမွန်အောင် မလေးရှားက ခေတ္တသာ ဆောင်ရွက်ပေးထားနိုပြီး၊ အခြားနိုင်ငံတစ်ခုက မူ၀ါဒတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒီပြဿနာကို အပြီးသတ်အဖြေထုတ်ပေးလို့ မရဘူးလို့လည်း ဆိုပါတယ်။ 

    ရိုဟင်ဂျာပြဿနာကို မြန်မာစစ်တပ်က ဖန်တီးတာဖြစ်ပြီး ဒါကို အရေးယူဆောင်ရွက်မှု မလုပ်နိုင်တာကြောင့် စစ်တပ်ဟာ ဒီကိစ္စကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆောင်းပါးမှာ ထည့်သွင်းရေးသားထားပါတယ်။ 

    တစ်ခြားနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်မစွက်ရဆိုတဲ့ အာဆီယံရဲ့မူကြောင့် မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ လူမျိုးတုန်းသတ်ဖြတ်ခံရမှု ပြဿနာကို မဖြေရှင်းနိုင်တာ အတော်ကြာပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံက ဖန်တီးတဲ့ ဒီပြဿနာဟာ မလေးရှားလို နိုင်ငံမျိုးကို တစ်နှစ်ထက်တစ်နှစ် ပိုမို ထိခိုက်စေတာကြောင့် ဒီကိစ္စကို အာဆီယံက ဆက်လက် ခွင့်မပြုသင့်တော့ဘူးလို့ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။ 

    Ref: The Strait Times 

  • မြ၀တီတွင် ထိုင်းအမျိုးသမီး ၃၀၀ ကျော် လိင်ကျွန်ဖြစ်နေ

    မြ၀တီတွင် ထိုင်းအမျိုးသမီး ၃၀၀ ကျော် လိင်ကျွန်ဖြစ်နေ

    ဧပြီ ၂၉၊ ၂၀၂၂

    M-Media 

    -ထိုင်းနဲ့ ကပ်နေတဲ့ မြန်မာနယ်စပ်မြို့ မြ၀တီက ကာစီနိုရုံတွေမှာ ထိုင်းအမျိုးသမီး ၃၀၀ လောက် ပြည့်တန်ဆာအဖြစ် အဓမ္မ ခိုင်းစေခံနေရတယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

    အဲဒီအမျိုးသမီးဟာ ဧပြီ ၁၀ ရက်နေ့က သူလုပ်ကိုင်နေတဲ့ ကာစီနိုရုံကနေ ခိုးထွက်ကာ နယ်စပ်က အစောင့် မြန်မာစစ်သားတွေ အဆိုင်းပြောင်းနေတဲ့အချိန် နယ်ခြားစည်းကို ပြေးပြီး ထိုင်းဖက်က စစ်သားတွေထံ ဟစ်အော် အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ 

    ဒါကို မြန်မာစစ်သားတွေကတွေ့ပြီး လိုက်ဖမ်းပေမယ့် ထိုင်းစစ်သားတွေက နယ်ခြားချောင်းကိုဖြတ်ကာ ပြေးလာဖို့ပြောတာကြောင့် ဒီအမျိုးသမီး လွတ်မြောက်သွားခဲ့ပါတယ်။ 

    အခုနှစ်အစောပိုင်းက အွန်လိုင်းဆယ်လီတစ်ဦးရဲ့ Live လွှင့်မှုအတွင်း မြန်မာဘက်နယ်စပ်မှာ အလုပ်ရှိကြောင်း၊ ဖျော်ဖြေရးကဏ္ဍမှာ လုပ်ရမှာဖြစ်ပြီး လိင်ကိစ္စမပါကြောင်းပြောကာ လူခေါ်တဲ့အတွက် သွားမိတယ်လို့ ထွက်ပြေးလာသူအမျိုးသမီးက မနေ့က အမှုဖွင့်စဥ်မှာ ပြောကြားခဲ့ပါတယ်။ 

    ဒါပေမယ့် မြ၀တီက ကာစီနိုရုံကို ရောက်တဲ့အချိန်မှာတော့ ပြည့်တန်ဆာလုပ်ရမှာဖြစ်ပြီး မလုပ်နိုင်ရင် ပြန်ပေးငွေ ဘတ် ၂၅၀၀၀ ပေးရမယ်လို့ အကြပ်ကိုင်ခံခဲ့ရပါတယ်။ 

    ဒီလိုအကြပ်ကိုင်မှုကြောင့် ပြည့်တန်ဆာအဖြစ် အလုပ်လုပ်နေရသူ ထိုင်းအမျိုးသမီး ၃၀၀ လောက်ရှိတယ်လို့လည်း သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ထိုင်းရဲတပ်ဖွဲ့ လွတ်မြောက်လာတဲ့အမျိုးသမီးကို သေချာစွာ စစ်ဆေးနေပြီး၊ အဲဒါပြီးမှ လုပ်သင့်တာ ဆက်လုပ်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

    Ref: Bangkok Post 

  • မြန်မာစစ်တပ်နှင့် ၀ေး၀ေးနေရန် လူ့အခွင့်အရေးအဖွဲ့က ဂျပန်ကို တိုက်တွန်း

    ဧပြီ ၂၈၊ ၂၀၂၂

    M-Media 


    -မြန်မာစစ်တပ်က တပ်ဖွဲ့၀င် ၃ ဦးကို စစ်ဖက်ဆိုင်ရာ လေ့ကျင်သင်ကြားပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဂျပန်ကာကွယ်ရေး၀န်ကြီးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒါဟာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ ဂျပန်နိုင်ငံကပါ ကြံရာပါ ဖြစ်သွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ 

    စစ်တပ်က ဗိုလ်လောင်းနှစ်ဦးနဲ့ အရာရှိတစ်ဦးကို ဂျပန်ကာကွယ်ရေးတက္ကသိုလ်နဲ့ လေကြောင်းကာကွယ်ရေး သင်တန်းကျောင်းတွေမှာ လေ့ကျင်သင်ကြားပေးမှာ ဖြစ်ပါတယ်။ 

    ဒါဟာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်နိုင်ငံက စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို ဒုတိအကြိမ်မြောက် လေ့ကျင့်သင်ကြားပေးမှု ဖြစ်ပါတယ်။ 

    တိုင်းရင်းသားဒေသတွေနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုကြောင့် မြန်မာစစ်တပ်ဟာ အရင်ကတည်းက နာမည်ပျက် ရှိနေတာဖြစ်ပြီး၊ အခုတစ်ကြိမ် အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းခဲ့ကြပါတယ်။ 

    လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဂျပန်ဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ကူညီပေးချင်တယ်ဆိုရင် မြန်မာစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရမှာဖြစ်ပြီး စစ်ခေါင်းဆောင်တွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။ 

    ဒီလိုမဟုတ်ဘဲ မြန်မာစစ်တပ်ကို ဆက်လက် ပံ့ပိုးကူညီပေးနေမယ်ဆိုရင် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ တိုက်ရိုက်၊ ဒါမှမဟုတ် သွယ်၀ိုက်ပြီး ကြံရာပါဖြစ်လိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။ 

    Ref: HRW