News @ M-Media

Author: Ko Lay

  • သီရိလင်္ကာတွင် အစိုးရဆန့်ကျင်ရေး တိုက်ခိုက်မှုအဖြစ် အသွင်ပြောင်း

    သီရိလင်္ကာတွင် အစိုးရဆန့်ကျင်ရေး တိုက်ခိုက်မှုအဖြစ် အသွင်ပြောင်း

    မေ ၁၀၊ ၂၀၂၂

    M-Media 


    -သီရိလင်္ကာနိုင်ငံမှာ စီးပွားပျက်ကပ်ကြောင့် ဖြစ်လာတဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ တိုက်ခိုက်မှုတွေအထိ ပြင်းထန်လာခဲ့ပြီး တနင်္လာနေ့တစ်ရက်တည်းမှာပဲ အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။ 

    ဆန္ဒပြသူတွေဟာ အာဏာရပါတီက အရေးပါတဲ့သူတွေ၊ အမာခံတွေနဲ့ သူတို့ပိုင်ဆိုင်တဲ့ နေအိမ်အဆောက်အဦးတွေကို နိုင်ငံတစ်၀ှမ်း ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမို ပြုလုပ်လာပါတယ်။

    မနေ့က မြို့တော်ကိုလံဘိုမှာရှိတဲ့ ၀န်ကြီးချုပ်နေထိုင်ရာ အဆောက်အဦးအရှေ့မှာ ထောင်နဲ့ချီတဲ့သူတွေ ဆန္ဒပြခဲ့ကြပြီး အဓိကဂိတ်ပေါက်၀ကို ချိုးဖောက်၀င်ရောက်ကာ ထရပ်ကားတစ်စီးကို မီးရှို့ခဲ့ပါတယ်။ အဆောက်အဦးထဲက လုံခြုံရေးတွေကလည်း ဆန္ဒပြသူတွေကို ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ 

    ကိုလံဘိုဆင်ခြေဖုံးက မြို့တစ်ခုမှာ အာဏာရပါတီက လွှတ်တော်အမတ်တစ်ဦးဟာ ၀ိုင်းလာတဲ့ လူအုပ်ကို သေနတ်နဲ့ ပစ်ခဲ့တဲ့အတွက် လူ ၂ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီ လွှတ်တော်အမတ်နဲ့ လုံခြုံရေးအရာရှိိတို့ကိုလည်း နောက်ပိုင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ 

    ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာရဲ့ နိုင်ငံတောင်ပိုင်းက ဇာတိရွာမှာ ရှိတဲ့ ရာဂျာပက်ဆာ ပြတိုက်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ 

    အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အစိုးရထောက်ခံသူတွေက တုတ်တွေနဲ့၀င်ရိုက်တာတွေလည်း ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၅၀ လောက် ဒဏ်ရာရခဲ့ပါတယ်။ 

    မနေ့က အဖြစ်အပျက်တွေကြောင့် ၀န်ကြီးချုပ် မာဟင်ဒါ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ညီဖြစ်သူ သမ္မတ ဂိုတာဘာယာကတော့ ရာထူးမှာဆက်ရှိနေပါတယ်။ 

    စီးပွားပျက်ကပ်ဆိုက်ပြီး နိုင်ငံတစ်၀ှမ်း အထွေထွေအကြပ်အတည်းနဲ့ ကြုံတွေ့နေရတာကြောင့် သီရိလင်္ကာပြည်သူတွေဟာ ပြီးခဲ့တဲ့သီတင်းပတ်အနည်းကစလို့ နိုင်ငံတစ်၀ှမ်း ဆန္ဒပြပွဲတွေ ပြုလုပ်ကာ အစိုးရတစ်ဖွဲ့လုံးနှုတ်ထွက်ဖို့ တောင်းဆိုနေကြတာပါ။ 

    ရာဂျာပက်ဆာမိသားစုဟာ သီရိလင်္ကာနိုင်ငံရေးကို နှစ်ပေါင်းများစွာ ကြီးစိုးလာတာ ဖြစ်ပါတယ်။ 

    Ref: BBC 

  • မြန်မာပြည်သူများအား ကူညီရန်ပင် မလွယ်ကူဟု အာဆီယံအထူးကိုယ်စားလှယ် ပြော

    မြန်မာပြည်သူများအား ကူညီရန်ပင် မလွယ်ကူဟု အာဆီယံအထူးကိုယ်စားလှယ် ပြော

    မေ ၉၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး ဆောင်ရွက်နေရာမှာ တိုးတက်မှုတွေ ရှိနေပမယ့် အခက်အခဲအများအပြား ကျန်ရှိနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆိုခွန်က ပြောပါတယ်။ 

    အာဆီယံအဖွဲ့၀င်နိုင်ငံတွေ၊ အကူအညီပေးရေးအဖွဲ့အစည်းတွေက တာ၀န်ရှိသူတွေဟာ မေလ ၆ ရက်နေ့က ကမ္ဘောဒီယားနိုင်ငံ ဖနွမ်ပင်မြို့မှာ အစည်းအ၀ေးလုပ်ပြီး မြန်မာပြည်သူတွေကို အကူအညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြတာပါ။ 

    ဒီအစည်းအ၀ေးကို အာဏာသိမ်းစစ်ကောင်စီခန့်၀န်ကြီး ဦကိုကိုလှိုင် ဦးဆောင်တဲ့အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။ 

    အစည်းအ၀ေးမှာ အကူအညီပေးရေးကဏ္ဍမှာ ရှိနေတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ရေး၊ အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုအတွက် မူဘောင်တစ်ခုနဲ့ ကိုဗစ်ကာကွယ်ဆေး စီမံမှုဆိုင်ရာ မူဘောင်တစ်ခု ချမှတ်ရေး အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ 

    ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေကို အကူအညီတွေ အရင်ဆုံး ပေးအပ်ရေး အစည်းအ၀ေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ 

    ဦးကိုကိုလှိုင်ဦးဆောင်တဲ့အဖွဲ့ကလည်း သူတို့အလုပ်အဖွဲ့ဟာ ထိထိရောက်ရောက် အကူအညီပေးရေး ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြပြီး လုပ်ငန်းတွေမဆောင်ရွက်ခင် လိုအပ်တဲ့ စာရွက်စာတမ်းတွေ အရင်ဆုံး ပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ 

    စစ်ကောင်စီခန့်အဖွဲ့ကို အာဆီယံက အစည်းအ၀ေး တက်ရောက်ခွင့်ပြုမှုအတွက် ၀ေဖန်မှုတွေလည်း ရှိနေပါတယ်။ 

    Ref: The Star

  • သီရိလင်္ကာ အထွေထွေအကြပ်အတည်း ပိုဆိုးလာ

    သီရိလင်္ကာ အထွေထွေအကြပ်အတည်း ပိုဆိုးလာ

    မေ ၆၊ ၂၀၂၂

    M-Media


    -ဒေ၀ါလီခံလိုက်ရတဲ့ သီရိလင်္ကာနိုင်ငံမှာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အထွေထွေအကြပ်အတည်းဟာ ပိုဆိုးလာပါတယ်။ 

    ဆန်စျေး၊ လောင်စာဆီစျေး ၁၀၀ ရာခိုင်နှုန်းအထိ တက်လာသလို နို့မှုန့်၊ ဂက်စ်နဲ့ ဆေး၀ါး စတဲ့ အခြေခံကုန်ပစ္စည်းတွေလည်း ပြတ်လပ်နေဆဲပါ။ 

    လူသုံးကုန်၊ စားသောက်ကုန်တွေကို လိုင်းစီ ၀ယ်ယူရင်း အပူဒဏ်ကြောင့် သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဖေဖော်၀ါရီလက စတင်ပြီး နိုင်ငံတစ်၀ှမ်း တစ်နေ့ကို ၁၃ နာရီလောက်အထိ ဓာတ်အား ပြတ်တောက်နေပါတယ်။ 

    ပြည်သူတွေဟာ နေ့စဥ်လိုလို ဆန္ဒပြမှုတွေလုပ်ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာအစိုးရ နှုတ်ထွက်ဖို့ တောင်းဆိုနေပေမယ့် ဂိုတာဘာယာကတော့ မဆင်းသေးပါဘူး။ 

    ဂိုတာဘာယာဟာ ဆင်ဟာလာ အမျိုးသားရေး၀ါဒီတစ်ယောက်ဖြစ်ပြီး မိသားစုလိုက် အာဏာကို ချုပ်ကိုင်ထားတဲ့အတွက် အရင်ကတည်းက ၀ေဖန်ခံနေရတာ ဖြစ်ပါတယ်။ 

    တရုတ်ရဲ့ အကြွေးထောင်ချောက် ရှိနေတဲ့အချိန် ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းတာ၊ ဂိုတာဘာယာအစိုးရရဲ့ မူ၀ါဒအမှားတွေ၊ နိုင်ငံခြားအရန်ငွေလျော့နည်းတာတွေကြောင့် သီရိလင်္ကာဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက စီးပွားပျက်မှုကို ခံစားခဲ့ရပြီး အခုနှစ်မတ်လမှာတော့ ဒေ၀ါလီခံကြောင်း အစိုးရက တရား၀င်ကြေငြာခဲ့ပါတယ်။ 

    Ref: Asia Times 

  • အာရှတွင် ယူကရိန်းကဲ့သို့ ဖြစ်လာနိုင်ကြောင်း ဂျပန်သတိပေး

    အာရှတွင် ယူကရိန်းကဲ့သို့ ဖြစ်လာနိုင်ကြောင်း ဂျပန်သတိပေး

    မေ ၆၊ ၂၀၂၂
    M-Media

    -ယူကရိန်းကိစ္စကို ကမ္ဘာ့နိုင်ငံတွေက တစ်စုတစ်စည်း မတုန့်ပြန်ဘူးဆိုရင် အာရှမှာ ဒီလိုပုံစံတူ ဖြစ်လာလိမ့်မယ်လို့ လန်ဒန်ကို ရောက်နေတဲ့ ဂျပန်၀န်ကြီးချုပ် ဖူမီယို ကီရှီဒါက သတိပေးလိုက်ပါတယ်။

    ထိုင်၀မ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ထိန်းသိမ်းထားရမယ်လို့ ကီရှီဒါက ထည့်သွင်းပြောဆိုခဲ့ပြီး ဒါဟာ တရုတ်က ထိုင်၀မ်ကို ၀င်သိမ်းနိုင်ခြေကို သွယ်၀ိုက်သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

    ယူကရိန်းအပေါ် ရုရှားက ကျူးကျော်တိုက်ခိုက်မှု စဖြစ်ကတည်းက တရုတ်ကလည်း အာရှမှာ ဒီလိုလုပ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာပါ။

    ဗြိတိန်၀န်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ တွေ့ဆုံစဥ်မှာ ဂျပန်၀န်ကြီးချုပ်က G7 နိုင်ငံတွေ ညီညွတ်ဖို့ တိုက်တွန်းခဲ့ပြီး အင်ဒို ပစိဖိတ်ဒေသ၊ အထူးသဖြင့် အရှေ့အာရှရဲ့ လက်ရှိအနေအထားကို အင်အားသုံးပြီး ပြောင်းလဲဖို့ တစ်ဖက်သတ် ဆောင်ရွက်တာမျိုးကို သည်းခံနေလို့မရဘူးလို့လည်း ဆိုပါတယ်။

    “အရှေ့အာရှမှာလည်း ယူကရိန်းလို ဖြစ်လာနိုင်ပါတယ်”

    ထိုင်၀မ်ဟာ မိိမိတို့ပိုင်နက်ဖြစ်ပြီး လိုအပ်ရင် အင်အားသုံး သိမ်းပိုက်မယ်လို့ တရုတ်က ပြောကြားထားတာပါ။

    ကီရှီဒါက ထိုင်၀မ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ ဂျပန်ရဲ့ လုံခြုံရေးအတွက်သာ မဟုတ်ဘဲ နိုင်ငံတကာအသိုင်းအ၀ိုင်း တည်ငြိမ်အေးချမ်းရေးအတွက်ပါ အရေးကြီးတယ်လို့လည်း ထည့်သွင်းသတိပေးခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေး အာဆီယံက ဆွေးနွေးအဖြေရှာမည်

    မြန်မာပြည်သူများကို အကူအညီပေးနိုင်ရေး အာဆီယံက ဆွေးနွေးအဖြေရှာမည်

    မေ ၅၊ ၂၀၂၂

    M-Media 


    -မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးနိုင်ရေး အာဆီယံနိုင်ငံတွေက သောကြာနေ့မှာ ဆွေးနွေးပွဲတစ်ခု လုပ်ဖို့ရှိနေပါတယ်။ 

    မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှုး ဖြစ်တဲ့ အာဆီယံ အထွေထွေအတွင်းရေးမှုး လင်ဂျွတ်ဟွေတို့က ဒီဆွေးနွေးပွဲကို ဦးဆောင်မှာပါ။ 

    ဆွေးနွေးပွဲကို ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်မှာလုပ်မှာဖြစ်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံအားလုံးက အဆင်မြင့်အရာရှိတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းက တာ၀န်ရှိသူတွေ တစ်ချို့ လူကိုယ်တိုင် တက်ရောက်ကာ၊ တစ်ချို့ကတော့ အွန်လိုင်းက တက်ရောက်မှာ ဖြစ်ပါတယ်။ 

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မူတွေကို အခြေခံကာ ခွဲခြားမှုမရှိဘဲ မြန်မာနိုင်ငံအတွင်းက လူ့အဖွဲ့အစည်းအားလုံးကို အကူအညီတွေပေးနိုင်ရေး လမ်းညွှန်ချက်တစ်ရက် ထွက်လာစေမယ့် ဆွေးနွေးပွဲမျိုး ဖြစ်လိမ့်မယ်လို့ ကမ္ဘောဒီးယားရဲ့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ကမ္ဘောဒီးယားဟာ အခုနှစ် အာဆီယံအဖွဲ့ ဥက္ကဌအဖြစ် တာ၀န်ယူထားတာပါ။ 

    မြန်မာနိုင်ငံကို အကူအညီပေးရေးမှာ အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းက ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ ကိုဗစ်ကာကွယ်ဆေးကို လူ့အဖွဲ့အစည်းတိုင်းရအောင် ဆောင်ရွက်နိုင်ရေး ကိစ္စတွေကို အစည်းအ၀ေးမှာ ဆွေးနွေးဖို့ ရှိနေပါတယ်။ 

    Ref: The Star