News @ M-Media

Author: Ko Lay

  • မိမိကိုယ်ကို ကာကွယ်ရန် အမေရိကန် မွတ်စလင်အမျိုးသမီးများ တိုက်ခိုက်ရေးပညာ သင်ယူနေကြ

    မိမိကိုယ်ကို ကာကွယ်ရန် အမေရိကန် မွတ်စလင်အမျိုးသမီးများ တိုက်ခိုက်ရေးပညာ သင်ယူနေကြ

    မတ် ၁၄၊ ၂၀၁၆
    M-Media

    us muslim

    – အမေရိကန်ပြည်ထောင်စုမှာ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေ မြင့်တက်လာတာကို စိုးရိမ်တဲ့အတွက် ဟီဂျဘ်ဝတ်အမျိုးသမီးတွေဟာ သူတို့ကို တိုက်ခိုက်လာနိုင်ဖွယ်ရှိသူတွေကို ပြန်လည် ခုခံဖို့အတွက် တိုက်ခိုက်ရေးပညာတွေကို သင်ယူနေကြတယ်လို့ သိရပါတယ်။

    နိုင်ငံတစ်ဝှမ်း အဲဒီ တိုက်ခိုက်ရေးပညာ အတန်းတွေကို အီဂျစ်-အမေရိကန်သူဖြစ်ပြီး ရှိုတိုကန် ကရာတေး ခါးပတ်နက်ရထားတဲ့ ရာနာ အဘ်ဒဲလ် ဟာမစ်က ဦးဆောင်သင်ကြားပေးနေတာ ဖြစ်ပါတယ်။

    “ငါပြန်တိုက်မယ်ကွ – အဲဒီလိုမျိုး ကျယ်နိုင်သမျှ ကျယ်ကျယ် အော်စေချင်တယ်” လို့ သူမက ပြောကြားခဲ့ပါတယ်။ ဟမစ်ဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဟာမစ်ဟာ အမေရိကန်တစ်ဝှမ်းမှာ အလားတူသင်တန်းပေါင်းများစွာကို သင်ကြားပေးနေတာဖြစ်ပြီး မွတ်စလင်လူငယ်အမျိုးသမီး အတော်များများ တက်ရောက်နေကြပါတယ်။

    သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ နီးလာတဲ့အချိန် နိုင်ငံရေးသမားတစ်ချို့က လူပြိန်းကြိုက် မွတ်စလင်ဆန့်ကျင်ရေးသဘောထားတွေ ပြောကြားလာခဲ့ပြီးနောက်ပိုင်းမှာ နိုင်ငံအတွင်းက မွတ်စလင်တွေဟာ အမုန်းတရား ပပျောက်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြပါတယ်။

    ဟီဂျဘ်ဝတ်ဆင်ထားတဲ့ မွတ်စလင်အမျိုးသမီးတွေဟာ လူရမ်းကားတွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရဖို့ လွယ်ကူတဲ့အတွက်ကြောင့်မို့လို့ ဒီလိုသင်တန်းတွေ ဖွင့်လှစ်ပေးတာလို့ ဟာမစ်က ပြောကြားခဲ့ပါတယ်။ သင်တန်းထဲက သစ်လွင်မွတ်စလင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ခရစ်စတင်း ဂါရစ်တီ ဆီကာစီက တိုက်ခိုက်ခံလာရတဲ့အခါ ကိုယ်ကိုယ့်ကိုယ် ကာကွယ်နိုင်စွမ်းရှိချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ ပစ်မှတ်ထားခံရတယ်။ ဒါဟာ မမျှတပါဘူး။ ဒါပေမယ့် တစ်ကယ်ဖြစ်နေတာပါ။ ဒါကိုရင်ဆိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို စွမ်းရည်ဖြည့်ထားဖို့ လိုအပ်ပါတယ်”

    ခရစ္စတင်းဟာ ၀ါရှင်တန်က ဂျော့ဂ်ျတောင်းတက္ကသိုလ်မှာ အစ္စလာမ်ကြောက်ရောဂါကို ဆန်းစစ်လေ့လာနေတဲ့ လှုပ်ရှားမှုတစ်ခုမှာ အလုပ်လုပ်နေသူဖြစ်ပါတယ်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (CAIR) လို လူအခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက နိုဝင်ဘာမှာ ဖြစ်ပွားခဲ့တဲ့ ပဲရစ်တိုက်ခိုက်မှုနဲ့ ဆန်ဘာဒီနိုမှာ အစွန်းရောက်တွေရဲ့ပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပိုင်း အမေရိကန်မှာ မွတ်ဆလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေဟာ သုံးဆလောက် မြင့်တက်လာတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေရဲ့ ၈၀ ရာနှုန်းလောက်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုပါတယ်။

    “ဒီလူ့အဖွဲ့အစည်းထဲမှာ မွတ်စလင်အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ တကယ်ပဲလိုအပ်ပါတယ်” လို့ CAIR ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ဟူးပါးက ပြောကြားခဲ့ပါတယ်။

    Ref: IINA

  • နည်းပြထိုင်ခုံလှုပ်နေသည်ဆိုသည့် သတင်းမှာ ဟာသသဇာတ်လမ်းဖြစ်သည်ဟု ၀င်းဂါးပြော

    နည်းပြထိုင်ခုံလှုပ်နေသည်ဆိုသည့် သတင်းမှာ ဟာသသဇာတ်လမ်းဖြစ်သည်ဟု ၀င်းဂါးပြော

    မတ် ၁၄၊ ၂၀၁၆
    M-Media

    winter

    – ၀က်ဖို့ဒ်အား ရှုံးနိမ့်ကာ FA ဖလားမှ ထွက်ခွာခဲ့ရပြီးနောက်ပိုင်း ပေါ်ထွက်လာသည့် ကောလဟာလများအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဝေဖန်လိုက်ပြီး မိမိ၏နေရာအတွက် မသေမချာဖြစ်နေသည်ဆိုသည့် သတင်းမှာ ဟာသဇာတ်လမ်းတစ်ခုသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အာဆင်နယ်၏ ၃ နှစ်ဆက်တိုက် FA ဖလားဆွတ်ခူးနိုင်မည့် အိပ်မက်မှာ ယမန်နေ့က အီမရိတ်ကွင်းတွင် ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ၀က်ဖို့ဒ်အား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပျက်ပြယ်သွားခဲ့သည်။ ပရီးမီးယားလိဂ် ပြီးဆုံးရန် ၉ ပွဲအလိုတွင် အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၈ မှတ်ကွာဟနေပြီး၊ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမကျော့တွင် ဘာစီလိုနာအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားသောကြောင့် အာဆင်နယ်မှာ ဖလားလက်မဲ့ရာသီကို ရင်ဆိုင်ရဖွယ် ရှိနေသည်။

    ထို့ကြောင့် ၀င်းဂါးအပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    “ဒါတွေက ဟာသဇာတ်လမ်းတစ်ခုပါပဲ။ ကျွန်တော်တို့ တစ်ပွဲရှုံးခဲ့တယ်။ အဲဒီအတွက် ၀မ်းနည်းမိပြီး နောက်တစ်ပွဲအတွက် အာရုံစိုက်ချင်ပါတယ်။ သမိုင်းမှာလည်း အာဆင်နယ်က ပွဲတွေ ရှုံးခဲ့ဖူးပါတယ်။ အနာဂတ်မှာလည်း ဆက်ရှုံးနေအုံးမှာပါ။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ဒါကို ကျော်ဖြတ်ရမှာဖြစ်ပြီး နောက်တစ်ပွဲကို ယုံကြည်မှုအပြည့်နဲ့ ပြင်ဆင်ရမှာပါ။ (ဘာစီလိုနာနဲ့ပွဲမှာ) ကျွန်တော်တို့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ချင်တယ်။ အင်မတန် တောင့်တင်းတဲ့အသင်းကို ကျွန်တော်တို့ ယှဉ်ရမယ်ဆိုတာ သိပါတယ်။ အာရုံစူးစိုက်မှုရှိပြီး အကောင်းဆုံးတုံ့ပြန်ဖို့ အရေးကြီးပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    အာဆင်နယ်မှာ ယခုတစ်ပတ်အတွင်း ဘာစီလိုနာနှင့် နျူးကမ့်၌ ချန်ပီယံလိဂ် ဒုတိယကျော့ကို ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

    Ref: Goal

  • ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ပါလက်စတိုင်း ကျောင်းဆရာမ ဆွတ်ခူး

    ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ပါလက်စတိုင်း ကျောင်းဆရာမ ဆွတ်ခူး

    မတ် ၁၄၊ ၂၀၁၆
    M-Media

    teacher

    – ဒုက္ခသည်ကလေးငယ်များကို ပညာသင်ကြားပေးနေသည့် ပါလက်စတိုင်း ကျောင်းဆရာမ ဟာနန် အလ် ဟာရွဘ်မှာ ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါဆုမှာ ထိပ်တန်းပညာရေးဆုတစ်ခုဖြစ်ပြီး ဒူဘိုင်း၌ပြုလုပ်ခဲ့သည့် ဆုပေးပွဲအခမ်းအနားတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကိုယ်တိုင် ဗီဒီယိုမှတစ်ဆင့် ဆုရရှိသူကို ကြေငြာပေးခဲ့ခြင်းဖြစ်သည်။

    အလ် ဟာရွဘ်မှာ ပါလက်စတိုင်းဒုက္ခသည်စခန်းတွင် ကြီးပြင်းခဲ့သူဖြစ်ပြီး ဒုက္ခသည်ကလေးများကို ပညာသင်ကြားနေကာ အကြမ်းဖက်မှုများကြောင့် စိတ်ထိခိုက်ခံစားနေရသူများကိုလည်း ကူညီအားပေးနေသည်။ ပုပ်ရဟန်းမင်းကြီးက ကျောင်းဆရာများမှာ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို တည်ဆောက်သူများဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ ဗြိတိန် အိမ်ရှေ့မင်းသား ၀ီလီယံကလည်း ဗီဒီယိုမှတစ်ဆင့် အလ် ဟာရွဘ်အား ချီးကျူးစကား ပြောဆိုခဲ့သည်။

    ဟာနန် အလ် ဟာရွဘ်ကမူ ကျောင်းဆရာများမှာ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မည်ဟု ပြောကြားခဲ့သည်။

    “ဒီစင်မြင့်ပေါ်မှာ ရပ်ရတဲ့ ပါလက်စတိုင်းကျောင်းဆရာမတစ်ဦး ဖြစ်ရတာကို ကျွန်မ ဂုဏ်ယူပါတယ်” ဟု ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပြီး ရရှိသည့် ဆုကြေးငွေ ကန်ဒေါ်လာ ၁ သန်းကို ကျောင်းသားများအတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

    ကမ္ဘာလုံးဆိုင်ရာ ကျောင်းဆရာဆု၏ နောက်ဆုံး ဇကာတင်စာရင်းတွင် အိန္ဒိယ၊ ကင်ညာ၊ ဖင်လန်နှင့် အမေရိကန်တို့မှ ကျောင်းဆရာများ ပါဝင်ခဲ့သည်။ အဆိုပါဆုကို Varkey ဖောင်ဒေးရှင်းမှ ဖန်တီးချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ပညာသင်ကြားရေးကဏ္ဍ တိုးတက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

    Ref: BBC

  • လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြမှုများ အမေရိကန်တွင် မြင့်တက်လာ

    လူမျိုးရေးခွဲခြားသူ ဒေါ်နယ်ထရမ့်အား ဆန့်ကျင်ဆန္ဒပြမှုများ အမေရိကန်တွင် မြင့်တက်လာ

    မတ် ၁၃၊ ၂၀၁၆
    M-Media

    Trump

    – ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် ပါတီများ၏ သမ္မတလောင်းများ ရွေးချယ်ပွဲတွင် ရီပက်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရမည်ဟု တစ်ပြေးနေသည့် ဒေါ်နယ်ထရမ့်အပေါ် ပြည်သူများ၏ ဆန့်ကျင်မှုများမှာ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    မစ်ဇူရီပြည်နယ် ကန်းဆက်စ်မြို့တွင် ယမန်နေ့က ပြုလုပ်သော ဒေါ်နယ်ထရမ့်၏ ချီတက်လမ်းလျှောက်မှုကို အမေရိကန်ပြည်သူများက ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့က ငရုပ်ကောင်းစပရေးများ အသုံးပြု၍ လူစုခွဲခဲ့ရကာ ၂ ဦးကို ဖမ်းဆီးခဲ့သည်။

    လူမည်းများ၊ မက္ကဆီကန်များ၊ မသန်စွမ်းသူများနှင့် မွတ်စလင်များကို လူမျိုးရေးခွဲခြားကာ နှိမ့်ချစော်ကာမှုများ ပြုလုပ်ခဲ့သည့် ထရမ့်ကို အမေရိကန်တစ်ဝှမ်းတွင် ဆန့်ကျင်မှုများ မြင့်တက်လာခဲ့ပြီး စနေနေ့က အိုဟိုင်းယိုးပြည်နယ် ဒေတန်မြို့တွင် ပြုလုပ်ခဲ့သည့် ထရမ့်၏ ဟောပြောပွဲတွင်လည်း လူတစ်ဦးမှာ ၎င်းဟောပြောမည့် စင်ပေါ်သို့တက်ကာ ထရမ့်အား ဝေဖန်ပြောကြားခဲ့သည်။

    သောကြာနေ့ညပိုင်းက ချီကာဂို၌ ပြုလုပ်ရန်ရှိနေသည့် ထရမ့်၏ ဟောပြောပွဲတွင်မူ ၎င်းအားထောက်ခံသူများနှင့် ဆန့်ကျင်သူများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သောကြောင့် ဟောပြောပွဲအား ရပ်တန့်ခဲ့ရသည်။

    ထိုနေ့မနက်ပိုင်းက မစ်ဇူရီပြည်နယ် စိန့်လူးဝစ်မြို့တွင် ပြုလုပ်သည့် ထရမ့်၏ ချီတက်လမ်းလျှောက်မှုတွင်လည်း ၎င်းအား ဆန့်ကျင်သူများက အကြိမ်ပေါင်းများစွာ ကြားဖြတ်ဆန္ဒပြခဲ့ပြီး အနည်းဆုံး လူ ၁ ဦး ဒဏ်ရာရခဲ့ကာ ၃၂ ဦး ဖမ်းဆီးခံခဲ့ရသည်။

    Ref: Press TV

  • ပြင်သစ်အစိုးရ၏ အရေးပေါ်အခြေအနေ ကြေငြာထားမှုကို ပြည်သူများ ရှုတ်ချ

    ပြင်သစ်အစိုးရ၏ အရေးပေါ်အခြေအနေ ကြေငြာထားမှုကို ပြည်သူများ ရှုတ်ချ

    မတ် ၁၃၊ ၂၀၁၆
    M-Media

    france

    – နိုင်ငံအတွင်း အရေးပေါ်ဥပဒေများ ဆက်လက်ပြဌာန်း အကောင်အထည်ဖော်မှုကို ဆန့်ကျင်သည့်အနေဖြင့် ပြင်သစ်ပြည်သူများမှာ ပဲရစ်မြို့၌ ယမန်နေ့က ဆန္ဒပြခဲ့ကြပြီး ထိုဥပဒေများမှာ အာဏာသိမ်းခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    IS အကြမ်းဖက်အဖွဲ့က ပြုလုပ်ပြီး လူပေါင်း ၁၃၀ သေဆုံးခဲ့သည့် နိုဝင်ဘာ ၁၃ ပဲရစ် အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးမှာ အရေးပေါ်အခြေအနေ ကြေငြာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို လုပ်ပိုင်ခွင့် ပိုမိုပေးအပ်ခဲ့သည်။

    ထို့နောက် နိုင်ငံအတွင်းရှိ ဗလီဝတ်ကျောင်းတော်များ၊ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်း ၃၄၀၀ ခန့်မှာ ၀င်ရောက်စီးနင်းခံခဲ့ရပြီး လူပေါင်း ၃၀၀ ကျော်မှာ နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရသည်။ ထို့နောက် ဖေဖော်ဝါရီလတွင် ပြင်သစ်အစိုးရမှာ အဆိုပါ အရေးပေါ်အခြေအနေကို သက်တမ်းထပ်တိုးခဲ့ပြီး အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်မှာ အမြင့်ဆုံးအဆင့်အထိ ဆက်လက် ရှိနေဆဲဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆန္ဒပြမှုတွင် ပြည်သူများက အစိုးရမှာ အရေးပေါ်အခြေအနေအောက်တွင် မွတ်စလင်များကို မတရားသဖြင့် ပစ်မှတ်ထားနေပြီး၊ အစိုးရအတိုက်အခံများကို နှိပ်ကွပ်ရန်လည်း အသုံးချနေသည်ဟု ပြောကြားခဲ့သည်။

    လက်ဝဲပါတီမှ အဲရစ် ကွန်ကွာရဲလ်ကမူ အဆိုပါ အရေးပေါ်အခြေအနေ ကြေငြာထားခြင်းကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒအပေါ် မည်သည့်သက်ရောက်မှုမှ မရှိဘဲ၊ ပြည်သူများ၏ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ အရေးပေါ်အခြေအနေ ကြေငြာပြီးနောက် အစိုးရ၏လုပ်ရပ်များအတွက် မွတ်စလင်အဖွဲ့များက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး လူတစ်စု၏ လုပ်ရပ်အတွက် မွတ်စလင်လူ့အဖွဲ့အစည်းတစ်ခုလုံး တာဝန်ယူရမည့်ပုံစံမျိုး လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

    Ref: Aljazeera