News @ M-Media

Author: Ko Lay

  • ဘာသာရေးအရ ထိခိုက်သော စကားများ ပြောဆိုခံခဲ့ရသည့် အမေရိကန်မွတ်စလင် အားကစားမယ်ကို သက်ဆိုင်သူများ ပြန်လည်တောင်းပန်

    ဘာသာရေးအရ ထိခိုက်သော စကားများ ပြောဆိုခံခဲ့ရသည့် အမေရိကန်မွတ်စလင် အားကစားမယ်ကို သက်ဆိုင်သူများ ပြန်လည်တောင်းပန်

    မတ် ၁၄၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်နိုင်ငံကိုယ်စားပြု မွတ်စလင်အားကစားမယ်အား ၀န်ထမ်းတစ်ဦးက ဘာသာရေးအရ ထိခိုက်သောစကားများ ပြောဆိုခဲ့ခြင်းအတွက် တက္ကဆက်တွင် ကျင်းပပြုလုပ်သည့် South by Southwest (SXSW) အနုပညာပွဲတော်ကို ကျင်းပသူများက ယမန်နေ့တွင် တောင်းပန်လိုက်သည်ဟု သိရသည်။

    အော်စတင်မြို့တွင်ပြုလုပ်သည့် အဆိုပါရုပ်ရှင်နှင့် ဂီတပွဲတော်သို့ အမေရိကန် ဓားသိုင်းအားကစားမယ် အစ်ဗသီဟဂ်ျ မိုဟာမက်က ယမန်နေ့က သွားရောက်ရာတွင် စေတနာ့ဝန်ထမ်းတစ်ဦးက ၎င်း၏ ဟိဂျဘ်ပုဝါကို ဖယ်ရှားပေးမှ ၀င်ခွင့်အထောက်အထားလက်မှတ်အတွက် ဓာတ်ပုံရိုက်ပေးမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဒါက ဘာသာရေးသွန်သင်မှုကြောင့် ၀တ်ဆင်ထားတာလို့ ကျွန်မက ရှင်းပြပေမယ့် သူက ကျွန်မဟီဂျဘ်ကို ချွတ်ရမယ်လို့ပဲ ပြောခဲ့ပါတယ်” ဟု အစ်ဗသီဟဂ်ျက ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    SXSW ပွဲတော်ကို ကျင်းပပြုလုပ်သူများက Ruters သို့ ပေးပို့သော အီမေးလ်တွင် ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ဟီဂျဘ်ချွတ်ရန် ပြောဆိုခဲ့သည့် စေတနာ့ဝန်ထမ်းကို အခမ်းအနားတွင် တာဝန်ထမ်းဆောင်ခြင်းမှ ဖယ်ရှားလိုက်သည်ဟု ဖော်ပြထားသည်။

    “ဒီကိစ္စအတွက် ကျွန်တော်တို့ အရှက်ရမိသလို၊ အစ်ဗသီဟဂ်ျကိုလည်း တောင်းပန်ပါတယ်။ ဒီအဖြစ်အပျက်တွက် ကျွန်တော်တို့ တကယ့်ကို နောင်တရမိပါတယ်” ဟု SXSW မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် အစ်သီဟဂ်ျမှာ အမေရိကန်ကိုယ်စားပြု  အားကစားသမားများထဲတွင် ဟီဂျဘ်ဝတ်ဆင်၍ ယှဉ်ပြိုင်မည့် ပထမဆုံး မွတ်စလင်အမျိုးသမီးကစားသမားဖြစ်ပြီး ရီယိုဒီဂျနေရိုးတွင်ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲတွင် အမေရိကန်ကိုယ်စားပြုယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသည်။

    သူမမှာ မွတ်စလင်များကို စော်ကားပြောဆိုမှုများ ပြုလုပ်နေသည့် ရီပက်ဘလစ်ကန်နိုင်ငံရေးသမား ဒေါ်နယ် ထရမ့်အား လူသိရှင်ကြား ဝေဖန်သူလည်းဖြစ်သည်။

    “တစ်ယောက်ယောက်က ‘ကဲ မွတ်စလင်တွေကို သူတို့နိုင်ငံ ပြန်ပို့စမ်း’ လို့ပြောတာကြားရရင်၊ ကျွန်မက ‘ငါက အမေရိကန်လေ။ ငါက ဘယ်ကိုသွားရမှာတုန်း’ လို့ ပြန်ပြောလိုက်ချင်တယ်” ဟု ဗုဒ္ဓဟူးနေ့က ထရမ့်နှင့်ပတ်သက်၍ သတင်းထောက်များအား ပြောကြားခဲ့သည်။SXSW တွင် ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း အစ်ဗသီဟဂ်ျမှာ မှားယွင်းသည့် သက်သေခံကဒ်ကို ရရှိခဲ့သည်။

    “ကျွန်မ မှားယွင်းတဲ့ သက်သေခံလက်မှတ်တစ်ခုကို ရရှိခဲ့ပါတယ်။ အခုအချိန်ကစပြီး ကျွန်မနာမည်ဟာ တာမီရ်ဖြစ်ပြီး Time Warner Inc အတွက် အလုပ်လုပ်နေသူပါ” ဟု ၎င်း၏ Twitter စာမျက်နှာတွင် ထပ်မံရေးသားခဲ့သည်။

    Ref: IINA

  • မြောက်ကိုရီးယားအစိုးရကို လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုဖြင့် တရားစွဲရန် ကုလတိုက်တွန်း

    မြောက်ကိုရီးယားအစိုးရကို လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုဖြင့် တရားစွဲရန် ကုလတိုက်တွန်း

    မတ် ၁၄၊ ၂၀၁၆
    M-Media

    north

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် ၎င်း၏ အကြီးတန်းတာဝန်ရှိသူများကို လူသားထုအပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တရားစွဲဆိုရန် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မာဇူကီ ဒါရုစ်မန်က ယနေ့တွင် တိုက်တွန်းဆော်သြလိုက်သည်။

    ကုလလူ့အခွင့်အရေးကောင်စီတွင် ပြောကြားသည့်မိန့်ခွန်းတွင် ဒါရုစ်မန်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားမှာ နျူကလီးယားနှင့် အခြား ဖျက်အားပြင်းလက်နက် အမြောက်အများထုတ်လုပ်ရန် တိုင်းပြည်၏ ရင်းမြစ်များကို အသုံးချနေပြီး ပြည်သူများမှာ ငတ်မွတ်ခေါင်းပါးနေသည်ဟု ဆိုသည်။

    ၎င်း၏ တိုက်တွန်းမှုကို ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ကလည်း ထောက်ခံခဲ့ပြီး၊ တရုတ်နိုင်ငံကမူ လူ့အခွင့်အရေးပြဿနာများကို နိုင်ငံရေးအတွက် အမြတ်မထုတ်သင့်ဟု ပြောဆိုခဲ့ကာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတွင် ပြည့်ဝသည့် နည်းလမ်းတစ်ခု ဖော်ဆောင်ရန် တိုက်တွန်းခဲ့သည်။

    ဒါရုစ်မန်မှာ ပြီးခဲ့သည့်လက မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ကျူးလွန်မှုများနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာတစ်ခု တင်သွင်းခဲ့ပြီး ထိုအစီရင်ခံစာတွင် မြောက်ကိုရီးယားရှိ အကျဉ်းစခန်းများ၊ ကျွန်ပြုခိုင်းစေမှုများ၊ ဘာသာရေး ဖိနှိပ်ချုပ်ချယ်မှုများကို ဖော်ပြထားသည်။

    ကုလမှာ မြောက်ကိုရီးယား၏ လူသားထုအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    Ref : Channelnewsasia

  • အီရန်၏ ကမ္ဘာ့အကြီးဆုံး ရေနံသန့်စင်စက်ရုံကို မကြာမီလည်ပတ်မည်

    အီရန်၏ ကမ္ဘာ့အကြီးဆုံး ရေနံသန့်စင်စက်ရုံကို မကြာမီလည်ပတ်မည်

    မတ် ၁၄၊ ၂၀၁၆
    M-Media

    oil

    – အီရန်မှာ တည်ဆောက်လျက်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရေနံသန့်စင်စက်ရုံကို အခုနှစ်ဝက်မှာ စတင်လည်ပတ်နိုင်တော့မယ်လို့ အီရန် ရေနံဝန်ကြီး ဘီဂျန် ဇန်ဂျီနီက ပြောကြားလိုက်ပါတယ်။

    ဘန်ဒါ အဘတ်စ်မှာ ဆောက်လုပ်ထားပြီး Persian Gulf Star လို့ အမည်ပေးထားတဲ့ အဲဒီ ရေနံသန့်စင်စက်ရုံကို ဇန်ဂျီနီနဲ့ အခြားသော အကြီးတန်းအရာရှိတွေက ယမန်နေ့မှာ သွားရောက်လည်ပတ်ခဲ့ပြီး၊ မီးရှူးမီးပန်း ပစ်ဖောက် ဖွင့်လှစ်ပေးခဲ့ပါတယ်။

    ဒီစက်ရုံဟာ တစ်နေ့ကို ရေနံစည် သုံးသိန်းခြောက်သောင်းလောက် သန့်စင်ပေးနိုင်မှာဖြစ်ပြီး ကန်ဒေါ်လာ ၄.၇ ဘီလီယံလောက် အကုန်ကျခံ တည်ဆောက်ကာ အီရန်ကို အကြီးစားဓာတ်ဆီတင်ပို့သူနိုင်ငံအဖြစ် ပြောင်းလဲပေးမှာဖြစ်ပါတယ်။

    တစ်နေ့ကို ထုတ်လုပ်ပေးနိုင်မယ့် ဓာတ်ဆီပမာဏက လီတာ ၃၆ သန်း ရှိမှာဖြစ်ပါတယ်။ ပထမအဆင့် လည်ပတ်မှုကို လာမယ့်လအနည်းငယ်အတွင်းမှာ ပြုလုပ်မှာဖြစ်ပြီး လီတာ ၁၂ သန်းလောက်ထုတ်လုပ်ကာ နိုင်ငံရဲ့ လောင်စာလိုအပ်ချက်ကို ကာမိစေဖို့အတွက် ထုတ်လုပ်ပေးမှာဖြစ်ပါတယ်။

    ကျန်ရှိတဲ့ အဆင့်နှစ်ဆင့်ကိုတော့ ၂၀၁၇ အဆုံးပိုင်းလောက်မှာ စတင်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။ ဒီရေနံသန့်စင် စက်ရုံဟာ အီရန်ရဲ့ အရေးပါဆုံး ရေနံ့သန့်စင်ရေး စီမံကိန်းလည်း ဖြစ်ပါတယ်။ အီရန်ဟာ အဓိက ဓာတ်ဆီထုတ်လုပ်သူနိုင်ငံဖြစ်သော်လည်း ပြည်တွင်းဝယ်လိုအားကို လုံလောက်အောင် မဖြည့်ဆည်းပေးနိုင်ပါဘူး။

    “အီရန်ရဲ့ စာမျက်နှာသစ် ပထမပိုင်းမှာ Euro-4 ဓာတ်ဆီ လီတာပေါင်း ၁၂ သန်းလောက် ထုတ်နိုင်ဖို့ မျှော်မှန်းထားပြီး ဓာတ်ဆီတင်သွင်းနေရတဲ့ အခြေအနေကနေ ကင်းဝေးသွားမှာ ဖြစ်ပါတယ်” လို့ ဇန်ဂျီနီက ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ အထိ အီရန်နိုင်ငံဟာ အမေရိကန်ရဲ့ အကြမ်းတမ်းဆုံး အရေးယူဒဏ်ခတ်မှုတွေ ခံစားလိုက်ရတဲ့အတွက် စက်ရုံပြီးစီးဖို့ အကြိမ်ပေါင်းများစွာ နောက်ဆုတ်ခဲ့ရပါတယ်။

    Ref: Presstv

  • နိုင်ငံတကာ ရေကြောင်းဆိုင်ရာ တရားရေးဌာနတစ်ခု တရုတ်ဖွင့်လှစ်

    နိုင်ငံတကာ ရေကြောင်းဆိုင်ရာ တရားရေးဌာနတစ်ခု တရုတ်ဖွင့်လှစ်

    မတ် ၁၄၊ ၂၀၁၆
    M-Media

    china

    – အရှေ့နဲ့ တောင်တရုတ်ပင်လယ်မှာ ရေပိုင်နက်အငြင်းပွားမှုတွေ အရှိန်မြင့်တက်လာနေတဲ့အချိန် တရုတ်နိုင်ငံက နိုင်ငံတကာရေကြောင်းဆိုင်ရာ တရားရေးဌာနတစ်ခု ဖွင့်လှစ်ထားရှိသွားမယ်လို့ တရုတ်ပြည်သူ့တရားရုံးချုပ်က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    တရုတ် အမျိုးသားပြည့်သူကွန်ဂရက် (NPC) ရဲ့ ဥပဒေပြုဌာန နှစ်ပတ်လည်အစည်းအဝေးကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဒီလို ကြေငြာလိုက်တာဖြစ်ပါတယ်။

    တရားရုံးချုပ် အကြီးအကဲ ကျိုးကွင်း က အသစ်ဖွင့်လှစ်မယ့် ပင်လယ်ရေကြောင်းတရားရေးဌာနဟာ “ရေကြောင်းအင်အားကြီးနိုင်ငံ ဖြစ်လာစေမယ့် မဟာဗျုဟာတွေ ချမှတ်ပေးနိုင်ခြင်း” “နိုင်ငံတော် အချုပ်အခြာအာဏာ၊ ရေကြောင်းဆိုင်ရာရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို အကာအကွယ် အပြည့်အ၀ပေးနိုင်ခြင်း” စတဲ့ ကိစ္စတွေမှာ အကူအညီပေးနိုင်မယ်လို့ ဆိုပါတယ်။

    လက်ရှိ ရှိနေတဲ့ တရားရေးဌာနတွေနဲ့ အသစ်ဖွင့်မယ့်ဌာနတို့ ဘယ်လိုကွာခြားလဲဆိုတာကိုတော့ ကျိုးက အသေးစိတ် မပြောခဲ့ပါဘူး။

    ပြီးခဲ့တဲ့နှစ်က အဆင့်မြင့်တရားရုံးရဲ့ထုတ်ပြန်ကြေညာချက်အရ တရုတ်မှာ လွန်ခဲ့တဲ့ နှစ်သုံးဆယ်အတွင်း အမှုပေါင်း ၂၂၅,၀၀၀ ကျော်ကို တရားဝင် အမိန့်ချ ဖြေရှင်းပေးခဲ့ဖူးတဲ့ ပင်လယ်ရေကြောင်းတရားရေးစနစ်တစ်ခု ရှိပြီးသားဖြစ်တယ်လို့ သိရပါတယ်။

    တရုတ်နိုင်ငံဟာ အရှေ့နဲ့ တောင်တရုတ်ပင်လယ်အတွင်း ဂျပန်၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်တို့နဲ့ ပိုင်နက်အငြင်းပွားမှုတွေ ရှိနေပါတယ်။ မကြာခင်ကပဲ ဖိလစ်ပိုင်ဟာ တရုတ်နဲ့အငြင်းပွားမှုကို နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

    တရုတ်ကလည်း ၎င်းရဲ့အကျိုးစီးပွားကို ခြိမ်းခြောက်လာနိုင်တဲ့ အရာမှန်သမျှကို တုံ့ပြန်ဖို့ ၎င်းရဲ့အင်အားကို တိုးချဲ့လျက် ရှိနေပါတယ်။ ဒါ့အပြင် ရေငုပ်သင်္ဘောနဲ့ လေယာဉ်တင်သင်္ဘောတွေ ၀ယ်ယူမြှုပ်နှံပြီး စစ်တပ်ထဲမှာလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်။

    အရှေ့တောင်အာရှမှာ အမေရိကန်စစ်တပ်တွေ ချထားပြီး အမေရိကန်တပ်တွေနဲ့ မဟာမိတ်တွေက ဒေသတွင်း စစ်ရေးလေ့ကျင့်နေတာကလည်း တရုတ်ကို အကြပ်ရိုက်စေခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ကိစ္စမှာ အမေရိကန်ဟာ တရုတ်ရဲ့ ပြိုင်ဖက်တွေဘက်က ရပ်တည်နေတာဖြစ်ပြီး တရုတ်ကလည်း အမေရိကန်ကို ဒေသတွင်း အရေးကိစ္စတွေ ၀င်စွက်ဖက်တယ်ဆိုပြီး စွပ်စွဲပြောဆိုထားပါတယ်။

    Ref: Presstv

  • လက်စတာအသင်း ပရီးမီးယားလိဂ်ရပါက မဖြစ်နိုင်သော အောင်မြင်မှု ဖြစ်မည်ဟု တိုက်စစ်မှူးဟောင်းပြော

    လက်စတာအသင်း ပရီးမီးယားလိဂ်ရပါက မဖြစ်နိုင်သော အောင်မြင်မှု ဖြစ်မည်ဟု တိုက်စစ်မှူးဟောင်းပြော

    မတ် ၁၄၊ ၂၀၁၆
    M-Media

    Leicester

    – ယခုနှစ်ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးအသင်းသာ ဗိုလ်စွဲခဲ့ပါက အသင်းလိုက်ကစားသည့် အားကစားတွင် အကောင်းဆုံးအချိန်ကာလ ဖြစ်မည်ဟု တိုက်စစ်မှူးဟောင်း ဂယ်ရီ လင်အီကာက ပြောကြားလိုက်သည်။

    လက်စတာမှာ ရာသီအစကတည်းက ခြေစွမ်းကောင်းများကို ပြသနေခဲ့ပြီး လက်ရှိအချိန်တွင် ဒုတိယနေရာမှ စပါးအသင်းထက် တစ်ပွဲလျော့ ၂ မှတ်အသာဖြင့် ဇယားကို ဦးဆောင်နေသည်။ ယနေ့တွင် နယူးကာဆယ်နှင့် ကစားပြီးနောက် အနိုင်ရရှိပါက ၅ မှတ် ဖြတ်နိုင်မည်ဖြစ်သည်။

    လင်အီကာကမူ လက်စတာမှာ မဖြစ်နိုင်သည့် အောင်မြင်မှုမျိုးကို လုပ်နိုင်မည်ဟု ယုံကြည်နေသည်။

    “ကျွန်တော်တို့မြင်နေရတဲ့ လက်စတာ ဖလားရနိုင်တဲ့ အခြနေအနေမျိုးဟာ အသင်းအဖွဲ့လိုက် အားကစားသမိုင်းမှာ မဖြစ်နိုင်ဆုံးသော အောင်မြင်မှု ဖြစ်လာနိုင်တဲ့ အနေအထားမျိုးပါ။ အိမ်ကွင်းမှာပဲ ဒီအခြေအနေဟာ အဆုံးသတ်သွားနိုင်သလို၊ အိပ်မက်တွေကလည်း သနာစရာကောင်းတဲ့ အဖြစ်အပျက်တွေအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဒီလိုဖြစ်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဘောလုံးလောကမှာ ထူးခြားဆန်းပြားမှု တစ်ခုခုက ဖြစ်နေကြပါ။ တကယ့် ထင်မြင်ယူဆချက်ကို ဆန့်ကျင်တာမျိုး၊ မှော်ဆန်တာမျိုးပေါ့လေ” ဟု လင်အီကာက Guardian သတင်းစာတွင် ရေးသားခဲ့သည်။

    Ref: Goal