News @ M-Media

Author: Ko Lay

  • ရှမ်းပြည်နယ်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈၀၀၀ ခန့်ရှိလာ

    ရှမ်းပြည်နယ်တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၈၀၀၀ ခန့်ရှိလာ

    မတ် ၁၃၊ ၂၀၁၆
    M-Media

    TNLA

    – ရှမ်းပြည်နယ်တွင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု သိရသည်။

    တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်တပ်တို့အကြား ဖြစ်ပွားခြင်ဖြစ်ပြီး တိုက်ပွဲများမှာ နေ့စဉ်လိုလို ဖြစ်နေသည်ဟု ဆိုသည်။

    “တိုက်ပွဲက တစ်နေ့ကို လေးကြိမ်လောက် ဖြစ်နေတာပါ။ ပြည်သူ ၈၀၀၀ လောက်ဟာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်” ဟု အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူများကို ကူညီနေသည့် တအန်းကျောင်းသားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မိုင်းမျိုးအောင်က ပြောကြားခဲ့သည်။

    TNLA မှာ မြန်အစိုးရနှင့် အပစ်ရပ်ရေး လက်မှတ်မထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များမှ တစ်ဖွဲ့လည်းဖြစ်သည်။ ဒေသခံများကမူ ၎င်းတို့၏ ဒုက္ခသုက္ခများအကြောင်းကို ပြောပြခဲ့သည်။

    “မြန်မာစစ်တပ်က ရွာထဲဝင်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ကျွန်တော်တို့ ထွက်ပြေးခဲ့ရပါတယ်။ တစ်ချို့ကျတော့ အနားက တောထဲကို ထွက်ပြေးရပါတယ်။ အခုအချိန်အထိ သူတို့ အဲဒီမှာ နေရတုန်းပါ” ဟု ကွတ်ခိုင်မြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် ခိုလှုံနေရသူ အသက် ၃၅ နှစ်အရွယ် အာရ်လှက ပြောကြားခဲ့သည်။ အဆိုပါ ဘုန်းကြီးကျောင်းတွင် စစ်ရှောင်ပြည်သူပေါင်း ၁၅၀ ခန့် ရှိနေသည်။

    TNLA မှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးဖြစ်သူ မိုင်းအိုက်ကျော်က တိုက်ပွဲများမှာ ပြီးခဲ့သည့် နှစ်ပတ်အတွင်း မြင့်တက်လာခဲ့ပြီး စစ်တပ်မှာ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များပင် အသုံးပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီလအတွင်းမှာ မြန်မာစစ်တပ်နဲ့ ၂၅ ကြိမ်လောက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ ဒီလတိုက်ပွဲတွေဟာ ဒီနှစ်အတွင်းမှာ အဆိုးရွားဆုံးတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားထဲမှာ အခြေအနေတာ တော်တော်လေး တင်းမာနေပါတယ်” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Rappler

  • မွတ်စလင်များ၏ အထွတ်အမြတ်ထားရာ နေရာများကို ကာကွယ်သွားမည်ဟု အီရန်ဆို

    မွတ်စလင်များ၏ အထွတ်အမြတ်ထားရာ နေရာများကို ကာကွယ်သွားမည်ဟု အီရန်ဆို

    မတ် ၁၃၊ ၂၀၁၆
    M-Media

    iran 11

    – အီရတ်နဲ့ ဆီးရီးယားတို့မှာရှိနေတဲ့ ရှီယိုက်ဘာသာရေးခေါင်းဆောင်ကြီးတွေရဲ့ ဂူသင်္ချိုင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုမျိုးကို မိမိတို့က လုံးဝ သည်းခံမှာမဟုတ်ဘူးလို့ အီရန် သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပါတယ်။

    ဒါဟာ IS အကြမ်းဖက်အဖွဲ့က မွတ်စလင်သူတော်စင်ကြီးတွေရဲ့ လဲလျောင်းရာနေရာတွေ၊ အစ္စလာမ့်သမိုင်းဝင်နေရာတွေကို ဖျက်ဆီးဖယ်ရှားမှုနဲ့ ပတ်သက်လို့ အီရန်သမ္မတက ရည်ညွှန်းပြောကြားတာလည်း ဖြစ်ပါတယ်။

    “ဒီကိစ္စဟာ အီရတ်၊ ဆီးရီးယား ဒါမှမဟုတ် ဘယ်နိုင်ငံမှာပဲရှိရှိပါ။ တမန်တော် မုဟမ္မဒ်သခင်ရဲ့ အိမ်တော်သူ၊ အိမ်တော်သားတွေရဲ့ ဂူဗိမာန်တွေကို တိုက်ခိုက်ဖို့ အကြမ်းဖက်သမားတွေရဲ့ ဘယ်လိုကြိုးစားမှုကိုမှ ကျွန်တော်တို့ သည်းခံနေမှာ မဟုတ်ပါဘူး။ ဒီဝတ္တကနယ်မြေတွေဟာ ကျွန်တော်တိုရဲ့ အထိမခံတဲ့အရာတွေဖြစ်တယ်လို့ ထပ်တလဲလဲ ပြောပြီးသားဖြစ်ပါတယ်” လို့ ယမန်နေ့က မြို့တော်တီဟီရန်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဇာနည်နေ့ မိန့်ခွန်းမှာ ရူဟာနီက ထည့်သွင်းပြောကြားခဲ့တာပါ။

    နောက်ပြီး အာဇာနည်တွေဟာ အိမ်နီးချင်းမွတ်စလင်တွေနဲ့ အထွဋ်အမြတ်ထားရာနေရာတွေကို အန္တရာယ်ကျရောက်လာတဲ့အခါမှာ တားဆီးကာကွယ်ဖို့ သွန်သင်ပေးခဲ့တယ်လို့လည်း သမ္မတက ဆိုပါတယ်။

    “ခင်ဗျားတို့ရဲ့ သားသမီးတွေဟာ သူတို့ ဘယ်နေရာမှာပဲရှိနေနေ အီရန်၊ မွတ်စလင်တွေရဲ့ နယ်မြေနဲ့ အိမ်တော်သူ အိမ်တော်သားတွေရဲ့ ဂူဗိမာန်တွေကို ကာကွယ်သွားမယ်ဆိုတာ ပြသခဲ့တာပါပဲ” လို့ အခမ်းအနာကို တက်ရောက်လာကြတဲ့ အာဇာနည်တွေရဲ့ မိသားစုတွေကို ရည်ညွှန်းပြီး ပြောကြားခဲ့ပါတယ်။

    အီရန်ဟာ ဆီးရီးယားနဲ့ အီရတ်က အစ္စလာမ့်သမိုင်းဝင် အဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေကို ပြန်လည်တွန်းလှန်ရာမှာ အကူအညီပေးဖို့ စစ်ရေးအကြံပေးတွေ စေလွှတ်ခဲ့ပြီး၊ တစ်ချို့ကတော့ IS စစ်သွေးကြွတွေရဲ့ လက်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

    Ref: Press TV

  • နယူးကာဆယ်တန်းဆင်းပါက နည်းပြသစ် ဘင်နီတက်ဇ်လည်း ထွက်ရမည်

    နယူးကာဆယ်တန်းဆင်းပါက နည်းပြသစ် ဘင်နီတက်ဇ်လည်း ထွက်ရမည်

    မတ် ၁၃၊ ၂၀၁၆
    M-Media

    benitez

    -နယူးကာဆယ်နှင့် မိမိ၏ စာချုပ်တွင် အသင်းတန်းဆင်းသွားပါက စာချုပ်ပျက်ပြယ်မည်ဟူသည့် စာပိုဒ်တစ်ခုပါဝင်သည်ဟု နည်းပြသစ် ရာဖေးလ် ဘင်နီတက်ဇ်က ဖွင့်ဟပြောကြားလိုက်သည်။

    အသင်းရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ခြင်းမရှိသောကြောင့် စတီဗ် မက္ကလာရင်အား နယူးကာဆယ်က ထုတ်ပယ်ခဲ့ ပြီးနောက် သောကြာနေ့တွင် ဘင်နီတက်ဇ်အား စာချုပ်ချုပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် နယူးကာဆယ်မှာ ရမှတ် ၂၄ မှတ်ဖြင့် အဆင့် ၁၉ နေရာသို့ ရောက်ရှိနေပြီး ဘင်နီတက်ဇ်ကမူ တန်းမဆင်းရရေး ကြိုးစားပေးရမည်ဖြစ်သည်။ သို့သော်လည်း တင်းဆင်းသွားရပါက ၎င်းမှာ နယူးကာဆယ်တွင် ဆက်ရှိနေရန် မလိုအပ်ပေ။

    “ဒါ (တန်းဆင်းရင် စာချုပ်ပြက်ပျယ်တဲ့ အပိုဒ်က) က ပုံမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော် အကောင်းဆုံးလုပ်ပေးဖို့ ဒီကိုရောက်လာတာပါ။ အခြေအနေကောင်းအောင် ကျွန်တော်တို့လုပ်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ဘင်နီတက်ဇ်က ပြောကြားခဲ့သည်။

    ဘင်နီတက်ဇ်မှာ နည်းပြအဖြစ် ခန့်အပ်ခံရပြီးပြီးချင်းတွင် အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်ကို စတင်ခဲ့ပြီး၊ ပိတ်ရက်အား စွန့်လွှတ်ကာ လေ့ကျင့်ခန်းအစီအစဉ်တွင် လာရောက်ပါဝင်ခဲ့သည့် ကစားသမားများကိုလည်း ချီးကျူးခဲ့သည်။ နယူးကာဆယ်မှာ မနက်ဖြန်တွင် ဇယားထိပ်မှ လက်စတာနှင့် ကစားရမည်ဖြစ်သည်။

    Ref: Goal

  • အာရုံခံစားနိုင်သည့် လက်အတုကို သိပ္ပံပညာရှင်များ ဖန်တီးနိုင်

    အာရုံခံစားနိုင်သည့် လက်အတုကို သိပ္ပံပညာရှင်များ ဖန်တီးနိုင်

    မတ် ၁၃၊ ၂၀၁၆
    M-Media

    bio

    – လက်မရှိသူတွေရဲ့ လက်မောင်းအာရုံကြောတွေနဲ့ ချိတ်ဆက်ကာ မျက်နှာပြင်တွေရဲ့ ချောမွတ်မှု၊ ကြမ်းတမ်းမှုကို သိရှိခံစားနိုင်တဲ့ လက်အတုကို ဖန်တီးနိုင်ခဲ့ပြီလို့ ဆွစ်ဇာလန်နဲ့ အီတလီက သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    အဲဒီလက်အတုဟာ ခွဲစိတ်စရာမလိုဘဲ၊ ဒီအတိုင်း ပုံမှန်တပ်ဆင်လိုက်ရုံနဲ့ အချိန်နဲ့ တစ်ပြေးညီ မျက်နှာပြင်တွေကို ထိတွေ့ခံစားနိုင်မှာဖြစ်ပြီး လက်အတုနယ်ပယ်မှာတော့ ထင်ရှားတဲ့ အောင်မြင်တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    ယခုတီထွင်မှုကြောင့် အာရုံခံတုံ့ပြန်နိုင်တဲ့ ကိုယ်လက်အင်္ဂါတု ထုတ်လုပ်ရာမှာ အရှိန်မြှင့်တင်ရေး ကူညီပေးနိုင်ဖို့ မျှော်လင့်ရပြီး၊ ဝေဒနာရှင်တွေရဲ့ ယခင်စွမ်းရည်မျိုးကို ပြန်လည်ရရှိအောင် လုပ်ဆောင်နိုင်မယ့် အလားအလာလည်း ရှိနေပါတယ်။

    ၂၀၀၄ ခုနှစ်က မီးရှုးမီးပန်း ပစ်လွှတ်မှုကြောင့် လက်တစ်ချောင်းလုံး ဒဏ်ရာရကာ ဖြတ်တောက်ဖြစ်ခဲ့ရတဲ့ ဝေဒနာရှင် ဒဲနစ် အာဘို ဆိုရန်ဆင်ဟာ သာမန်ကိုင်တွယ်လို့ရတဲ့ လက်အတုကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရပြီး ၂၀၁၄ ခုနှစ်အရောက်မှာတော့ အီတလီ သုတေသနပညာရှင်တွေက သူ့ကို အာရုံခံနိုင်တဲ့ လက်အတုနဲ့ အစားထိုးပေးခဲ့ပါတယ်။

    အဲဒီ လက်အတုမှာပါဝင်တဲ့ အာရုံခံကိရိယာကို ချိတ်ဆက်ဖို့ ဆိုရန်ဆင်ရဲ့ လက်မောင်းမှာ လျှပ်စစ်ငုတ်များ ထည့်သွင်းခဲ့ရပါတယ်။ ဆိုရန်ဆင်ကတော့ တကယ့်လက်အစစ်လိုပဲ ထိတွေ့ခံစားနိုင်ကာ ပစ္စည်းမျိုးစုံထဲကနေ လိမ္မော်သီးနဲ့ ဘေ့စ်ဘောတို့ကို ခွဲခြားသိမြင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    နောက်ထပ်လေ့လာမှုတစ်ခုမှာတော့ သိပ္ပံပညာရှင်တွေဟာ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ချောမွေ့တဲ့မျက်နှာပြင် ခွဲခြားဖို့ ဖန်တီးခဲ့ကြပြီး ဆိုရန်ဆင်ကို တပ်ဆင်ပေးခဲ့ပါတယ်။ အဲဒီနောက် မျက်လုံးအ၀တ်စည်းထားပြီး စမ်းသပ်မေးမြန်းခဲ့ရာ မျက်နှာပြင်ခြားနားမှုကို ၉၆ ရာခိုင်နှုန်းခန့် မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့ပါတယ်။

    Ref: IINA

  • ပရိတ်သတ်များ၏ဆန္ဒကို ဖြည့်ဆည်းပေးရန်မလွယ်ဟု အာဆင်ဝင်းဂါးပြော

    ပရိတ်သတ်များ၏ဆန္ဒကို ဖြည့်ဆည်းပေးရန်မလွယ်ဟု အာဆင်ဝင်းဂါးပြော

    မတ် ၁၃၊ ၂၀၁၆
    M-Media

    arsenal 1

    – အာဆင်နယ်ပရိတ်သတ်များ၏ အတောမသတ်နိုင်သော အောင်မြင်မှု ဆာလောင်စိတ်အား ဖြည့်ဆည်းရန် ခက်ခဲပြီး၊ အသင်း၏ အောင်မြင်မှုများကလည်း မည်သည့်အခါမှ လုံလောက်မည်မဟုတ်ဟု အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်၌ တတိယနေရာတွင် ရှိနေကာ၊ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းအဆင့်ကို ရောက်ရှိနေသည်။ FA ဖလားတွင်မူ ကွာတားဖိုင်နယ်သို့ ရောက်ရှိနေပြီး ယနေ့တွင် ၀က်ဖို့ဒ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ထို့ကြောင့် FA ဖလားအား ၃ နှစ်ဆက်တိုက် ရရှိရန် အလားအလာကောင်းနေသည်။

    သို့သော်လည်း ပရိတ်သတ်များကမူ အာဆင်နယ်၏ ပြည်တွင်းစွမ်းဆောင်ရည်ကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ အာဆင်ဝင်းဂါးအား အသင်းမှ ထွက်ခွာစေချင်ကြသည်။

    “(ပရိတ်သတ်တွေရဲ့ ဆန္ဒက) ဘယ်တော့မှဖြည့်ဆည်းလို့ လောက်မှာမဟုတ်ပါဘူး။ ဖလားအားလုံးကို မရသမျှ ဒီလိုပဲဖြစ်နေမှာပါ။ ကျွန်တော် ဘာဖလားမှမရတဲ့အခါ – ‘မင်းတို့ FA ဖလားလေးတောင် ရအောင်မယူနိုင်ဘူး’ လို့ ပြောကြပါတယ်။ လူတွေဟာ အမြဲတမ်း ပိုပိုလိုချင်နေကြတာပါ။ ဒါပေမယ့် အာဆင်နယ်သမိုင်းကိုကြည့်ရင် ကျွန်တော်တို့ဟာ အခြားအသင်းတွေထက် ပိုပြီး FA ဖလားကို ရခဲ့တာပါ။ ၁၂ ကြိမ်ရခဲ့ပြီး အဲဒီထဲက ၆ ကြိမ်ဟာ ကျွန်တော်ကိုင်တွယ်တဲ့အချိန်မှာ ရခဲ့တာပါ” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ခေတ်သစ်ဘောလုံးလောက၏ မျှော်လင့်ချက်များကို နားလည်ကြောင်း၊ ပြိုင်ပွဲအားလုံးတွင် အနိုင်ရရန် ဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal