News @ M-Media

Author: Ko Lay

  • တရုတ်မြို့တော် ဘေဂျင်းတွင် လူသန်းချီ ကိုဗစ်စစ်မည်

    တရုတ်မြို့တော် ဘေဂျင်းတွင် လူသန်းချီ ကိုဗစ်စစ်မည်

    ဧပြီ ၂၅၊ ၂၀၂၂

    M-Media 


    -မနေ့က ကိုဗစ်ကူးစက်မှု သိသိသာသာ မြင့်တက်လာတဲ့ မြို့တော် ဘေဂျင်းမှာ ဒီကနေ့ကစတင်ပြီး လူသန်းချီ ကိုဗစ်စစ်ဖို့ အာဏာပိုင်တွေက စီစဥ်နေပါတယ်။ 

    တစ်ကျော့ပြန်ကိုဗစ်ကြောင့် စီးပွားရေးမြို့တော်ရှန်ဟိုင်းမှာ သီတင်းပတ်ချီ လော့ဒေါင်းပြန်ချရတဲ့ အခြေအနေမျိုး ဘေဂျင်းမှာ ဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်လာပါတယ်။ 

    ဘေဂျင်းမြို့က လူနေထူထပ်တဲ့ ကျောင်းယန်မြို့နယ်မှာ တနင်္ဂနွေနေ့က ကိုဗစ်ကူးစက်မှု ၂၆ ခု တွေ့ခဲ့ရပြီး ဒါဟာ လတ်တလောကာလမှာ အမြင့်ဆုံး ဖြစ်ပါတယ်။ 

    အဲဒီမြို့နယ်က လူ ၃.၅ သန်းလောက်ကို အာဏာပိုင်တွေက ဒီကနေ့စတင်ပြီး ကိုဗစ်စစ်ဆေးနေတာဖြစ်ပါတယ်။ 

    ဒီသတင်းကြောင့် စူပါမားကတ်တွေမှာ လူတွေ စုပြုံတိုး၀ှေ့ ၀ယ်ယူကြပြီး စားသောက်ကုန် ပြတ်လတ်မှုလည်း ဖြစ်ပေါ်လာပါတယ်။ အစိုးရကတော့ စားသောက်ကုန် မပြတ်လတ်စေရဘူးလို့ အာမခံထားပါတယ်။ 

    မတ်လနှောင်းပိုင်းက ရှန်ဟိုင်းမှာဖြစ်ခဲ့တဲ့ ကိစ္စမှာ လူ ၄ သိန်းကျော် ကိုဗစ်ကူးစက်တာကို တွေ့ခဲ့ရပြီး ၁၃၈ ဦး သေဆုံးခဲ့ပါတယ်။

    Ref: BBC 

  • အာဏာရှင်ဟောင်း အစွယ်အပွားတွေကို အာဏာရှင်သစ်က ရှင်းလင်းနေပြီလား

    ဧပြီ ၂၂၊ ၂၀၂၂

    M-Media 


    -စစ်အာဏာရှင်ဟောင်းနဲ့ ဆက်နွယ်တဲ့ တာ၀န်ရှိသူတွေ၊ ခရိုနီတွေကို အာဏာသိမ်းစစ်ကောင်စီက လတ်တလော ဖမ်းဆီးမှုဟာ အာဏာရှင်ဟောင်းနဲ့ အာဏာရှင်အသစ်အကြား ခွာပြဲမှုကို ပြနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဦးသန်းရွှေအဖွဲ့နဲ့ပေါင်းပြီး ကြီးပွားချမ်းသားလာတဲ့ ခရိုနီ ဇေကမ္ဘာဦးခင်ရွှေကို ဖမ်းဆီးတာ၊ အာဏာသိမ်းပြီး ကိုယ်တိုင်ခန့်ထားတဲ့ ရန်ကုန်တိုင်း ကုန်သွယ်ရေး၀န်ကြီး ဦးအောင်သန်းဦးနဲ့ ရန်ကုန်မြို့တော်၀န် ဦးဘိုဌေးတို့ကို ဖမ်းဆီးတာတွေဟာ အာဏာရှင်ဟောင်း အစွယ်အပွားတွေကို ရှင်းလင်းတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆမှုတွေ ရှိနေပါတယ်။ 

    ဦးအောင်သန်းဦးဟာ လက်ရှိ လ၀က၀န်ကြီးအဖြစ် တာ၀န်ယူထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးခင်ရီရဲ့ တပည့်အရင်းဖြစ်ပါတယ်။

    ဦးခင်ရွှေနဲ့ သားဖြစ်သူ ဇေသီဟတို့ကို စစ်ကောင်စီက မတ်လ ၂၁ ရက်နေ့မှာ ဖမ်းဆီးကာ အင်းစိန်ထောင်ထဲ ထည့်ထားပါတယ်။ ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် စစ်တပ်ပိုင်မြေမှာလုပ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံခဲ့ရတာပါ။ 

    စစ်တပ်ကို မြေငှားခက ဒေါ်လာ သန်း ၂၀ မပေးတာ၊ သမိုင်း၀င် အဆောက်အဦး ဖျက်ဆီးတာတွေအတွက် ဖမ်းဆီးတာလို့ ပေါက်ကြားလာတဲ့ ရဲတပ်ဖွဲ့စာရွက်စာတမ်းတွေကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    ဦးခင်ရွှေဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ဓားထက်နေတဲ့ ၁၉၉၀ ပြည့်နှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းစု ထူထောင်ပြီး အာဏာရှင်အုပ်စုနဲ့ပေါင်းကာ ကြီးပွားလာသူ ဖြစ်ပါတယ်။ 

    အာဏာသိမ်းစစ်ကောင်စီက သူ့ကိုဖမ်းဆီးမှုဟာ စီးပွားရေးကိစ္စ တစ်ခုတည်းကြောင့်မဟုတ်ဘဲ ဦးသန်းရွှေနေရာကို ဆက်ခံမယ့်သူအဖြစ် တစ်ချိန်က ရေပန်းစားခဲ့တဲ့ ဦးရွှေမန်းနဲ့ နီးစပ်မှုကြောင့်လည်း ပါ၀င်တယ်လို့ စီးပွားရေးအသိုင်းအ၀ိုင်းနဲ့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ ဦးခင်ရွှေရဲ့သမီးဟာ ဦးရွှေမန်းသားနဲ့ လက်ထပ်ထားတာပါ။ 

    ဦးရွှေမန်းဟာ ၂၀၁၀ မှာ အာဏာရတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ဖြုတ်ချခံလိုက်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်တဲ့အတွက် ဒီလို ဖြုတ်ချခံလိုက်ရတာလို့ သတင်းထွက်ခဲ့ပြီး အဲဒီနောက်ပိုင်း ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်ခေါင်းဆောင်ပိုင်းက သူ့ကို အတွင်းစည်းကနေ ဖယ်ထုတ်လိုက်ပါတယ်။ 

    ဦးခင်ရွှေဟာ တရုတ်ကုမ္ပဏီတစ်ခုနဲ့ စီးပွားရေးလုပ်နိုင်ဖို့အတွက် ဦးရွှေမန်းထံ ချဥ်းကပ်ခဲ့ပြီး ဒါကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါသထွက်ခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

    ဦးခင်ညွန့်လက်ထွက် ခရိုနီဖြစ်တာ၊ တရုတ်လူမျိုးဖြစ်နေတာ၊ ကော့မှူးမဲဆန္ဒနယ်မှာ ဒေါ်အောင်ဆန်းစုကြည့်ကို မဲထည့်ဖို့ တိုက်တွန်းတာ စတဲ့ကိစ္စတွေကြောင့် မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေက ဦးခင်ရွှေကို မျက်စိစပါးမွှေး စူးနေတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။ 

    လက်ရှိ စစ်အာဏာရှင်ဟာ ဦးရွှေမန်းကို စက္ကူကျားလို့သာ သဘောထားပြီး၊ အနာဂတ် နိုင်ငံရေးကစားပွဲတွေမှာ ထည့်သုံးဖို့မရှိဘူးလို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ 

    ပြည်တွင်းက နိုင်ငံရေးကျွမ်းကျင်သူတစ်ဦးက ဦးခင်ရွှေကို ဖမ်းဆီးလိုက်မှုဟာ စစ်တပ်နဲ့ ခရိုနီတွေအကြား ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီအခြေအနေကို ပျက်ယွင်းသွားစေမှာ မဟုတ်ပေမယ့် ငါတို့ကို ဘယ်သူမှ ထိလို့ရမှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုး မထားဖို့ အာဏာရှင်ဟောင်းနဲ့ ဆက်နွယ်တဲ့ ခရိုနီတွေကို သတိပေးလိုက်တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။ 

    လက်ရှိ မြန်မာနိုင်ငံက ခရိုနီတွေဟာ ဒီအခြေအနေကို သတိထားနေပြီး တစ်ချို့ဆို ပြည်ပကို ရှောင်တိမ်းနေကြပါတယ်။ 

    မြန်မာနိုင်ငံက တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ သမ္မတဟောင်း ကျန်ဇီမင်းရဲ့ အစွယ်အပွားတွေကို တစ်ဖြည်းဖြည်း ရှင်းလင်းတဲ့ လမ်းစဥ်အတိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လိုက်လုပ်နေတယ်လို့ သုံးသပ်ပါတယ်။

    Ref: Nikkei Asia 

  • အလ်အက်ဆွာဗလီထဲသို့ အစ္စရေးက ထပ်မံ ၀င်ရောက်စီးနင်းပြန်

    အလ်အက်ဆွာဗလီထဲသို့ အစ္စရေးက ထပ်မံ ၀င်ရောက်စီးနင်းပြန်

    ဧပြီ ၂၂၊ ၂၀၂၂

    M-Media 


    – အစ္စရေးတပ်ဖွဲ့တွေဟာ သောကြောနေ့ မနက်ပိုင်းက ဂျေရုစလင်မှာရှိတဲ့ အလ်အက်ဆွာ ဗလီ၀တ်ကျောင်းတော်ထဲကို ထပ်မံ ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း ၃၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

    ဒါဟာ တစ်ပတ်အတွင်း အစ္စရေးတပ်ဖွဲ့တွေရဲ့ ၂ ကြိမ်မြောက် စီးနင်းမှုဖြစ်ပါတယ်။ ဗလီထဲမှာရှိနေတဲ့ ၀တ်ပြုသူတွေကို ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပြီး၊ ကျည်အစစ်နဲ့ ပစ်တာလည်းရှိကာ၊ ဗလီပရ၀ုဏ်ထဲ သစ်ပင်တစ်ချို့ကိုလည်း အစ္စရေးတပ်ဖွဲ့တွေက မီးရှို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ 

    ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ပါလက်စတိုင်း ၃၁ ဦး ဒဏ်ရာရခဲ့ပြီး ၁၄ ဦး ဆေးရုံတင်လိုက်ရတယ်လို့ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ဂျာနယ်လစ် ၃ ဦးလည်း ပါ၀င်ပါတယ်။ 

    အစ္စရေးကတော့ ပါလက်စတိုင်းတွေ ခဲနဲ့ထုတဲ့အတွက် ၀င်စီးတာလို့ ထုတ်ပြန်ပါတယ်။ 

    ဂျူးဘာသာရေးပွဲတော် pass over ကို အလ်အက်ဆွာဗလီထဲမှာလုပ်ဖို့ ဂျူးလက်ယာစွန်းရောက်တွေက ကြိုးစားလာခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက အလ်အက်ဆွာဗလီမှာ တင်းမာမှုတွေ မြင့်တက်လာတာပါ။ 

    အစ္စရေးတပ်ဖွဲ့တွေက ဂျူးအစွန်းရောက်တွေကို ကာကွယ်ကာ အလ်အက်ဆွာဗလီထဲ ပို့ဆောင်ပေးတာတွေရှိပြီး ပါလက်စတိုင်းတွေက ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်နေတာဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ယူကရိန်းကို လက်နက်များ ပိုမိုထောက်ပံ့မည်

    အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ယူကရိန်းကို လက်နက်များ ပိုမိုထောက်ပံ့မည်

    ဧပြီ ၂၁၊ ၂၀၂၂

    M-Media

    -ရုရှားက ယူကရိန်းအရှေ့ပိုင်းကို အကြီးအကျယ် ထိုးစစ်ဆင်နေတဲ့အချိန် အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကလည်း ယူကရိန်းကို အဆင့်မြင့်လက်နက်တွေ ပိုမိုထောက်ပံ့မယ်လို့ မနေ့က ထုတ်ပြန်ကြေငြာပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ်က သန်း ၈၀၀ ဖိုး လက်နက်တွေပေးပို့ခဲ့တဲ့ အမေရိကန်ဟာ အခုတစ်ပတ်၊ ဒါမှမဟုတ် လာမယ့်တစ်ပတ်မှာလည်း နောက်ထပ် သန်း ၈၀၀ ဖိုး ထပ်မံ ထောက်ပံ့ဖို့ ရှိပါတယ်။ 

    အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ဒီတစ်ခေါက် ထောက်ပံ့မှုမှာတော့ တိုက်လေယာဥ်အပိုပစ္စည်းတွေ၊ ရဟတ်ယာဥ်တွေ၊ ဒုံးခွင်းစနစ်တွေ၊ လက်နက်ကြီးတွေ၊ သံချပ်ကာယာဥ်တွေ ပိုမိုပါ၀င်လာတော့မှာဖြစ်ပါတယ်။ 

    မဟာမိတ်နိုင်ငံတွေ ယူကရိန်းကို ထောက်ပံ့ပေးထားတဲ့ ဗျူဟာမြောက် လက်နက်အချို့ကို ဖော်ပြလိုက်ပါတယ်။ တစ်ပုံချင်းစီတွင် ဖတ်ရှုနိုင်ပါတယ်။ 

    ပြီးခဲ့တဲ့တစ်ပတ် အမေရိကန်က ပေးပို့တဲ့ စစ်ရေးအကူအညီထဲမှာ ၁၅၅ မမ ဟောင်၀စ်ဇာ အမြောက် ပါ၀င်ပါတယ်။ ရုရှားက သုံးနေတဲ့ အ၀ေးပစ်အမြောက်တွေနဲ့ ယှဥ်နိုင်ပြီး ဗျူဟာမြောက်လက်နက်လည်း ဖြစ်ပါတယ်။ 


    အမေရိကန်ဟာ ဆိုဗီယက်ခေတ်ဒီဇိုင်း ဖန်တီးထားတဲ့ Mi-17 တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေကိုလည်း ယူကရိန်းထံ ပြီးခဲ့တဲ့တစ်ပတ်က ပေးပို့ခဲ့ပါတယ်။ 


    Javelin တင့်ဖျက်ဒုံးကျည်ပါ။ ယူကရိန်းစစ်ပွဲမှာ တော်တော်လေးနာမည်ရတဲ့ လက်နက်ဖြစ်ပြီး တင့်ဖျက်ဒုံးဒဏ် ခံနိုင်တယ်ဆိုတယ် ရုရှားတင့်ကားတွေ Javelin ဒုံးကြောင့် အကြီးအကျယ် ပျက်ဆီးခဲ့ရပါတယ်။ ဂျာမနီလို အမေရိကန် မဟာမိတ်နိုင်ငံတွေက ထောက်ပံ့တာပါ။ 


    ပခုံးထမ်း လေကြောင်းရန် ကာကွယ်ရေးစနစ် Stinger Missiles တွေကိုလည်း ကန်မဟာမိတ်နိုင်ငံတွေက ယူကရိန်းထံ ပေးပို့ထားပါတယ်။ ကောင်းကင်ပေါ် ပေပေါင်း ၁၁၀၀၀ လောက်မှာ ပျံသန်းနေတဲ့အရာ အားလုံးနီးပါးလောက်ကို ပစ်ချနိုင်ပါတယ်။ တိကျမှုအလွန်ကောင်းပြီး အလွယ်တကူ ရွှေ့ပြောင်းသယ်ယူလို့ရတဲ့ Stinger ပခုံးထမ်းဒုံးကျည်တွေဟာ ယူကရိန်းစစ်ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့် လက်နက်အဖြစ် ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။ 


    နော်၀ေက ပေးပို့တဲ့ တာတိုပစ် လေကြောင်းရန်ကာကွယ်ရေးစနစ် Mistral ဖြစ်ပါတယ်။ အလုံး ၁၀၀ ပေးထားတာပါ။ လူကိုယ်တိုင်ဖြစ်စေ၊ ကား၊ သင်္ဘောပေါ်တင်ပြီးဖြစ်စေ၊ ရဟတ်ယာဥ်မှာတပ်ပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ 

    Ref: Washington Post 

  • မလေးရှားက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၅ သိန်း လှူဒါန်း

    မလေးရှားက မြန်မာကို ကိုဗစ်ကာကွယ်ဆေး ၅ သိန်း လှူဒါန်း

    ဧပြီ ၂၁၊ ၂၀၂၂

    M-Media 


    -မြန်မာနိုင်ငံကို ကိုဗစ်ကာကွယ်ဆေး AstraZeneca အလုံးရေ ၅ သိန်း လှုဒါန်းခဲ့တယ်လို့ မလေးရှား ကျန်းမာရေး၀န်ကြီး ခိုင်ရီ ဂျမာလွတ်ဒင်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    တစ်ချို့နိုင်ငံတွေက ကပ်ရောဂါကို ကျော်လွှားပြီး ပုံမှန် အခြေအနေ ရောက်အောင် စသွားနေတဲ့အချိန်မှာ တစ်ချို့နိုင်ငံတွေက ပြည်သူတွေ ကိုယ်ခံအားရရှိရေး အကူအညီတွေ လိုအပ်နေသေးတယ်လို့ ၀န်ကြီးက ဆိုပါတယ်။ 

    “မြန်မာပြည်သူတွေအတွက် မလေးရှားပြည်သူတွေက ပေးပို့တဲ့ AstraZeneca ကာကွယ်ဆေး သန်း၀က် ဒီနေ့ ရန်ကုန်ကို ရောက်သွားခဲ့ပါတယ်။ အတူတကွ အန္တရာယ်ကင်းကင်း နေကြရအောင်”

    အာဏာသိမ်းစစ်ကောင်စီက မလေးရှားထံကနေ ကိုဗစ်ကာကွယ်ဆေးတွေ ရရှိကာ ရန်ကုန်မြို့ ကာကွယ်ဆေးသိုလှောင်ရုံမှာ ထားရှိဖြန့်ဖြူးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ 

    နိုင်ငံအတွင်းက လူ ၂၈.၉၇ သန်းလောက် ကာကွယ်ဆေး ၂ ကြိမ် ထိုးထားပြီး၊ Booster ထိုးထားသူ ၁.၂ သန်း ရှိတယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။ 

    Ref: New Straits Times