News @ M-Media

Author: Ko Lay

  • လူနည်းစု အခွင့်အရေးကို ထောက်ရှု၍ အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်မှုကို ဘင်္ဂလားဒေ့ရှ် ပြန်လည်သုံးသပ်နေ

    လူနည်းစု အခွင့်အရေးကို ထောက်ရှု၍ အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်မှုကို ဘင်္ဂလားဒေ့ရှ် ပြန်လည်သုံးသပ်နေ

    မတ် ၃၊ ၂၀၁၆
    M-Media

    bang 1
    ဘာသာပေါင်စုံ ငြိမ်းချမ်းရေး သီတင်းပတ်အထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ကျောင်းသားများနှင့် ဆရာများက ဘာသာပေါင်းစုံ ညီညွတ်ရေး သရုပ်ဖော်နေစဉ်

    – နိုင်ငံအတွင်း လူများစုကိုးကွယ်သည့် အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ထည့်သွင်းထားခြင်းမှာ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် စတင် ကြားနာသုံးသပ်နေကြသည်ဟု သိရသည်။

    ၁၉၈၈ ခုနှစ်တွင် ထင်ရှားသည့် စာရေးဆရာများ၊ တရားသူကြီးဟောင်းများ၊ ပညာရေးဝန်ထမ်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ တက်ကြွလှုပ်ရှားသူများက ရေးသားကာ တင်သွင်းခဲ့သည့် တောင်းဆိုလွှာကို အခြေခံ၍ တရားသူကြီး ၃ ဦးပါသည့်အဖွဲ့က သုံးသပ်နေကြခြင်းဖြစ်ပြီး ခရစ်ယာန်ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီး အပါအ၀င် လူနည်းစုခေါင်းဆောင်များက အစိုးရ၏ ထိုလုပ်ဆောင်မှုကို ချီးကျူးခဲ့ကြသည်။

    အဆိုပါ တောင်းဆိုလွှာတွင် လူများစုကိုးကွယ်သည့် အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားမှုမှာ အခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် ဆန့်ကျင်နေသည်ဟု ဖော်ပြထားသည်။ ၁၉၈၈ ခုနှစ်က အုပ်ချုပ်သော စစ်အစိုးရမှာ အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ သတ်မှတ်မှုကိုလည်း တောင်းဆိုလွှာတွင် ဝေဖန်ထားသည်။

    ၁၉၇၁ ခုနှစ် ပါကစ္စတန်မှ ခွဲထွက်လာပြီး သိပ်မကြာခင် ၁၉၇၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဘင်္ဂလားဒေ့ရှ်အခြေခံဥပဒေတွင် တိုင်းပြည်အား ဘာသာရေးမနွယ်သည့် နိုင်ငံအဖြစ် ကြေငြာခဲ့သည်။

    သို့သော်လည်း စစ်အာဏာရှင် ဇီအွရ် ရဟ်မန်က ၁၉၇၇ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဘာသာရေးမနွယ်မှုကို ဖျက်သိမ်းခဲ့ပြီး ၎င်းအား ဆက်ခံသူ အာဏာရှင် အိက်ခ်ျ အမ် အာရ်ရှဒ်က ၁၉၈၈ ခုနှစ်အတွင် အစ္စလာမ်သာသနာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

    ၂၀၀၉ ခုနှစ် တရားရုံးချုပ်၏ ပြဌာန်းချက်ဖြင့် အာဝါမီလိဂ်ပါတီ ဦးဆောင်သည့် အစိုးရက ၂၀၁၁ ခုနှစ်တွင် အခြေခံဥပဒေအား ဘာသာရေးနှင့် မနွယ်အောင် ပြန်လည်လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း မဲရှုံးမည်ကို ကြောက်ရွံ့သည့်အတွက် အစ္စလာမ်ဘာသာအား နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းထားမှုကို ပြင်ဆင်ခဲ့ခြင်း မရှိချေ။

    ထိုကိစ္စအား ဖြေရှင်းရန်အတွက် တရားရုံးချုပ်၏ ကြိုးပမ်းမှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းရှိ ဘာသာရေး လူနည်းစုများက သြဘာပေးခဲ့ကြသည်။

    ခရစ်ယာန်ညီညွတ်ရေးနှင့် ဘာသာပေါင်းစုံဆွေးနွေးညှိနှိုင်းရေးကော်မရှင်၏ ဥက္ကဌဖြစ်သူ ဂိုဏ်းအုပ်ဘုန်းတော်ကြီး ဘီဂျွိုင်း အန် ဒီ ခရုဇ်ကမူ တောင်းဆိုလွှာအား ပြန်လည်သုံးသပ်ရန် တရားရုံးချုပ်၏ ဆုံးဖြတ်မှုမှာ နိုင်ငံအတွင်းရှိ ဘာသာရေးလူနည်းစုများအတွက် မျှော်လင့်ချက်ကြီးတစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ဘာသာတရားတစ်ခုအား နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားမှုမှာ နိုင်ငံသားများအကြား သဟဇာတဖြစ်မှုအတွက် အတားအဆီး ဖြစ်သည်ဟု ဆိုသည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံလုံးဆိုင်ရာ ဟိန္ဒူမဟာမိတ်အဖွဲ့ကြီး၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဂိုဝင်ဒါ ချာဒရာ ပရာမာနစ်ကမူ နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသည့် ဘာသာတရားတစ်ခုသာ အစိုးရ၏ အာရုံစိုက်မှုကို ခံရပြီး အခြားသော ဘာသာတရားများမှာ အလေးပေးမခံရသည့်အတွက် ဘာသာပေါင်းစုံ ညီညွတ်ရေးကို ထိုခိုက်စေသည်ဟု ပြောကြားခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး ၈ ရာခိုင်နှုန်းက ဟိန္ဒူဘာသာဝင်များဖြစ်ကြကာ ကျန်ရှိသည့် လူဦးရေမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာကို ကိုးကွယ်ယုံကြည်သူများ ဖြစ်ကြသည်။

    Ref: UAC News

  • မန်စီးတီးအား နိုင်ခဲ့သည့်ပုံစံမှာ မိမိတို့၏ စံပုံစံဖြစ်ရမည်ဟု ကလော့ပ်ပြော

    မန်စီးတီးအား နိုင်ခဲ့သည့်ပုံစံမှာ မိမိတို့၏ စံပုံစံဖြစ်ရမည်ဟု ကလော့ပ်ပြော

    မတ် ၃၊ ၂၀၁၆
    M-Media

    klop 4

    – မန်စီးတီးအသင်းအား မိမိတို့အနိုင်ရခဲ့သည့် ပုံစံကို ရှေ့ဆက်၍ သယ်ဆောင်ရမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် တနင်္ဂနွေနေ့က လိဂ်ဖလားဗိုလ်လုပွဲတွင် ပင်နယ်တီဖြင့် ရှုံးနိမ့်ခဲ့သည့် မန်စီးတီးအား ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲတွင် လီဗာပူးလ်မှာ ခြေအသာဖြင့် ကစားနိုင်ခဲ့ပြီး လာလ်နာ၊ မီလ်နာနှင့် ဖာမီနိုတို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ကလော့ပ်ကမူ ထိုပွဲစွမ်းဆောင်ရည်ကို ကျေနပ်နေသည်။

    “ကျွန်တော်တို့ဟာ တော်တော်လေး အာရုံစူးစိုက်မှုရှိပြီး ဒါက ကျွန်တော်တို့ရဲ့ စံပုံစံ ဖြစ်ရပါမယ်။ လူတော်တော်များများကတော့ ကျွန်တော်တို့ အမြဲတမ်း ဒီလိုမကစားနိုင်ဘူးလို့ ပြောကြပါလိမ့်မယ်။ စိတ်ဝင်စားစရာမကောင်းဘူးပေါ့။ ဘောလုံးပွဲမှာ ကိုယ်ရဲ့စွမ်းအားကို ချွေတာဖို့ ဖြစ်နိုင်ချေက ဘောလုံးကို ကိုင်ထားနိုင်ဖို့ပါပဲ။ မြန်မြန်၊ အန္တရာယ်ကင်းကင်းနဲ့ ရိုးရိုးရှင်းရှင်း ကစားရင် ကိုယ့်ရဲ့စွမ်းအားကို ချွေတာနိုင်ပါတယ်။ ဒီလိုမျိုးပုံစံကို ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားနိုင်ပါတယ်။ ပထမပိုင်းမှာတော့ ဒီလို မကောင်းခဲ့ပါဘူး။ အမြဲတမ်း ဒီလို ကစားနိုင်ရမယ်ဆိုရင် ကျွန်တော့်အတွေး လွန်နေမလားမသိဘူး။ ဒါပေမယ့် ကောင်လေးတွေအတွက်တော့ ဒါဟာ အရေးကြီးတဲ့ ပြယုဂ်တစ်ခုပါပဲ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး လက်ဖက်ရည်ဝိုင်းအစီအစဉ် အမေရိကန်တွင် ပြုလုပ်

    အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေး လက်ဖက်ရည်ဝိုင်းအစီအစဉ် အမေရိကန်တွင် ပြုလုပ်

    မတ် ၃၊ ၂၀၁၆
    M-Media

    CAIR

    – အမေရိကန်မှာ တဖြည်းဖြည်းကြီးထွားလာတဲ့ အစ္စလာမ်ကြောက်ရောဂါနဲ့ ပက်သက်လို့ ဆွေးနွေးအဖြေရှာဖို့အတွက် ဘာသာပေါင်းစုံညီညွှတ်ရေး အခမ်းအနားတစ်ခုကို အမေရိကန် ပြည်ထောင်စု ကလီဗ်လန်မြို့မှာ တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    West Shore Unitarian Universalist ခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် လက်ဖက်ရည်ဝိုင်း (Teatime for Peace) လို့ အမည်ရတဲ့ အဲဒီ အခမ်းအနားကို အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ ကလီဗ်လန်းဌာနခွဲ (CAIR-Cleveland) နဲ့ ဒေသခံအရပ်ဖက်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    အခမ်းအနားရဲ့ ရည်ရွယ်ချက်က အယူဝါဒမတူတဲ့ လူအမျိုးမျိုးကြား စကားပြောဆို ရင်းနှီးမှုရဖို့နဲ့ မွတ်စလင်၊ အစ္စလာမ်သာသနာနဲ့ပက်သက်တဲ့ မှားယွင်းတဲ့အမြင်တွေကို ဖယ်ရှားနိုင်ဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက်ကြား သိနားလည်လာစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိ သမ္မတလောင်းအဖြစ် မဲဆွယ်မှုအတွင်းမှာ နိုင်ငံရေးသမားတွေ၊ မွတ်စလင်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ အစ္စလာမ်မုန်းတီးရေးဝါဒဖြန့်မှုတွေကို စိန်ခေါ်ရင်ဆိုင်နိုင်ဖို့အတွက်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။

    အခမ်းအနားမှာ West Shore ဘုရားကျောင်းရဲ့ သင်းအုပ်ဆရာ ဟော်လီ မီလာ၊ CAIR-Cleveland အဖွဲ့ဥက္ကဌ အစ္စမ်ဇအီးမ်၊ အခရွန်နဲ့ ကန့်မြို့မှာရှိတဲ့ အစ္စလာမ်အသင်းက တာဝန်ရှိသူ ဟာလာ ဆန်ယူရာတို့က ဦးဆောင်ပြုလုပ်တဲ့ ဘာသာပေါင်စုံ ဆုတောင်းမှုလည်း ပါဝင်ပါတယ်။

    အဲဒီအခမ်းအနားမှာ လက်ဖက်ရည်သောက်ရင်း တစ်ယောက်ချင်း စကားပြောဆို ဆွေးနွေးခဲ့ကြပြီး မွတ်စလင်တွေကို မီဒီယာတွေက ပုံဖေါ်ထားမှုကို ကျော်လွန်ပြီး အမှန်တကယ် သိရှိနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်။ ပါလက်စတိုင်း၊ နိုက်ဂျီးရီးယား၊ တူရကီ၊ ဆီးရီးယား၊ အာဖရိကန်-အမေရိကန်၊ အိုင်းရစ်၊ ပါကစ္စတန်၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက အစ္စလာမ်ဘာသာဝင်တွေလည်း ဒီအခမ်းအနားမှာ ပါဝင်ခဲ့ကြပါတယ်။

    Ref : IINA

  • မန်ယူ၏ ကစားပုံနှင့် လူငယ်ကစားသမားများကို ဗန်ဂါးလ်ချီးကျူး

    မန်ယူ၏ ကစားပုံနှင့် လူငယ်ကစားသမားများကို ဗန်ဂါးလ်ချီးကျူး

    မတ် ၃၊ ၂၀၁၆
    M-Media

    van gal 4

    – မန်ယူအသင်း၏ ပုံစံကောင်းပြန်ရမှုအတွက် နည်းပြဗန်ဂါးလ်က ချီးကျူးလိုက်ပြီး လူငယ်ကစားသမားများမှာ အသင်းအား စိတ်ဓာတ်မြှင့်တင်ပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ် ၀က်ဖို့ဒ်နှင့်ပွဲတွင် မန်ယူမှာ ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲအားလုံးတွင် ၄ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မန်ယူအသင်းမှာ ရမှတ် ၄၇ မှတ်ဖြင့် အဆင့် ၅ နေရာသို့ တက်လာက အဆင့် ၄ မှ မန်စီးတီးအသင်းနှင့် အမှတ်တူနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက် ပြန်လည် ရှင်သန်လာခဲ့သည်။

    ဗန်ဂါးလ်ကမူ အသင်းအတွက် ပျော်ရွှင်မှုများကို ပြန်လည်ဆောင်ကျဉ်းပေးခဲ့သော လူငယ်ကစာသမားများကို ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်။ ရုန်းကန်နေပါတယ်။ ဒါပေမယ့် အဲဒီလိုရုန်းကန်နေရင်းနဲ့ပဲ ကျွန်တော်တို့ဟာ လက်ဖျားခါလောက်အောင် ကစားနိုင်နေပါတယ်။ လူငယ်ကြယ်ပွင့် ကစားသမားတွေက အသင်းကို စိတ်ဓာတ်ကောင်းတွေ ပြန်လည် ဆောင်ကျဉ်းပေးလာပါတယ်။ အ၀တ်လဲခန်းကို ကြည့်မယ်ဆိုရင် ပျော်ရွှင်မှုတွေ အပြည့်ဖြစ်နေတာကို တွေ့ရမှာဖြစ်ပြီး သူတို့တွေ့ ရွှင်လန်းနေကြပါတယ်။ ဒါဟာ သိပ်ကိုလှပပါတယ်။ ဒါဟာ ကစားသမားတွေ ပုံမှန်ပြန်ဖြစ်လာဖို့ကိုလည်း အရှိန်မြှင့်ပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • အီမရိတ်လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ဆုံး ခရီးစဉ်တစ်ခုကို ပျံသန်း

    အီမရိတ်လေကြောင်းလိုင်းက ကမ္ဘာ့အရှည်ဆုံး ခရီးစဉ်တစ်ခုကို ပျံသန်း

    မတ် ၃၊ ၂၀၁၆
    M-Media

    plane

    – အီမရိတ်လေကြောင်းလိုင်းက Airbus A380 လေယာဉ်ဟာ ကမ္ဘာ့အရှည်ကြာဆုံး ပျံသန်းမှုအဖြစ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကနေ နယူးဇီလန်နိုင်ငံ အောက်ကလန်မြို့ကို မရပ်မနား ပျံသန်းခဲ့တယ်လို့ သိရပါတယ်။

    ဗုဒ္ဓဟူးနေ့က ပျံသန်းခဲ့သည့် အဆိုပါ ခရီးစဉ်ဟာ မိုင်ပေါင်း ၈၈၂၄ မိုင် အကွာအဝေးရှိခဲ့ပြီး၊ ပြန်လည်ထွက်ခွာမယ့် လမ်းကြောင်းဟာလည်း အရှည်ဆုံးခရီးစဉ် ဖြစ်မှာဖြစ်ပါတယ်။ အပြန်ခရီးမှာတော့ ခရီးသည်တွေအနေနဲ့ လေယာဉ်ပေါ်မှာ ၁၇ နာရီနဲ့ ၁၅ မိနစ်ခန့် လိုက်ပါရမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ယခုလ နှောင်းပိုင်းမှာလည်း အီမရိတ်လေကြောင်းလိုင်းဟာ ဒူဘိုင်း-ပနားမား ခရီးစဉ်ကို ၁၇ နာရီနဲ့ ၃၅ မိနစ်ကြာ ပျံသန်းမှာ ဖြစ်တဲ့အတွက်ကြောင့် ယခုခရီးစဉ်ရဲ့ စံချိန်ဟာ သိပ်ကြာကြာခံမှာ မဟုတ်ပါဘူး။ ဒူဘိုင်း-အောက်ကလန် ခရီးစဉ် ပထမဆုံပျံသန်းမှုကို A380 လေယာဉ်နဲ့ ပြုလုပ်ခဲ့ပေမယ့် နောက်ပိုင်း ပုံမှန်ပြေးဆွဲမှုမှာတော့ ဘိုးအင်း ၇၇၇ လေယာဉ်ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

    “တိုးတက်တဲ့နည်းပညာနဲ့ ကောင်းမွန်တဲ့အစီအမံတွေရဲ့ အကူအညီကြောင့် ခရီးသည်တွေကို အချိန်အနည်းဆုံးနဲ့ တတ်နိုင်သမျှ မြန်မြန် အရောက်ပို့ဆောင်ပေးနိုင်မှာပါ” လို့ အီမရိတ်လေကြောင်းလိုင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    နယူးဇီလန်ပို့ဆောင်ရေးဝန်ကြီး ဆိုင်မွန် ဘရစ်ဂျက်စ်ကတော့ အချိန်သုံးနာရီလောက် လျှော့နိုင်ခဲ့တဲ့ ဒူဘိုင်း-အောက်ကလန် မရပ်မနားပျံသန်းမှုဟာ ဒူဘိုင်းနဲ့ နယူးဇီလန်ကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့အပြင် နယူးဇီလန်နဲ့ တခြားနိုင်ငံတွေရဲ့ ဆက်ဆံရေးကိုလည်း တိုးတက်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီ တိုက်ရိုက်ပျံသန်းနိုင်မှုဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှုနဲ့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းကို ပိုမိုအားပေးရာရောက်တဲ့အပြင် ခရီးသည်တွေအတွက်လည်း ပိုမိုရွေးချယ်နိုင်တဲ့ အခွင့်အလမ်းတွေ ရရှိစေပါတယ်” လို့ ဘရစ်ဂျက်စ်က ပြောကြားခဲ့ပါတယ်။

    Ref: Presstv