News @ M-Media

Author: Ko Lay

  • လူ ၁၀ ဦးကို အသက်စွန့်ကယ်တင်ခဲ့သည့် အီဂျစ်နိုင်ငံသား၏ ကျန်ရစ်သူ မိသားစုကို ဆော်ဒီက ဂုဏ်ပြု

    လူ ၁၀ ဦးကို အသက်စွန့်ကယ်တင်ခဲ့သည့် အီဂျစ်နိုင်ငံသား၏ ကျန်ရစ်သူ မိသားစုကို ဆော်ဒီက ဂုဏ်ပြု

    မတ် ၅၊ ၂၀၁၆
    M-Media

    saudi 9

    – ဒီဇင်ဘာလက ဂျာဇန်ပြည်နယ် ဆေးရုံတစ်ခု မီးလောင်မှုအတွင်း လူ ၁၀ ဦးကို အသက်စွန့် ကယ်ဆယ်ခဲ့တဲ့ အာဇာနည်တစ်ဦးရဲ့ ကျန်ရစ်သူမိသားစုကို ဆော်ဒီအစိုးရက ဂုဏ်ပြုဆုကြေး ရီယဲလ် ၁ သန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

    ကွယ်လွန်သွားသူဟာ အီဂျစ်နိုင်ငံသား အီဘရာဟင် အဘ်ဒူလ် အဇီးဇ် အလ်-ကူလာလီဖြစ်ပြီး ဇနီးသည်နဲ့ ကလေး ၃ ယောက် ကျန်ရစ်ခဲ့ကာ သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ကျန်ရစ်သူမိသားစုကို ဒီလို ထောက်ပံ့ခဲ့တာ ဖြစ်တယ်လို့ ဆော်ဒီ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဟာမဒ် အလ်-ဒူဝေလီယာက ပြောကြားခဲ့ပါတယ်။

    အဲဒီ ဂျာဇန်ဆေးရုံ မီးလောင်မှုအတွင်းမှာ လူ ၂၄ ဦး သေဆုံးခဲ့ပြီး ၁၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဂုဏ်ပြုဆုကြေး ချီးမြှင့်ပွဲအခမ်းအနားကို အီဂျစ်နိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျသံအမတ်ကြီးရဲ့ ကိုင်ရိုမြို့နေအိမ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

    သူတစ်ပါးရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကယ်ဆယ်ရာမှာ စွန့်လွှတ်အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှုတွေအတွက် အလ်-ကူလာလီက အကောင်းဆုံး စံနမူနာဖြစ်တယ်လို့လည်း အလ်-ဒူဝေလီယာက ထည့်သွင်းပြောကြားခဲ့ပါတယ်။ ကျန်ရစ်သူဇနီးသည်နဲ့ ကလေးငယ်တွေ ယခုနှစ်ဟဂ်ျဘုရားဖူးခရီးစဉ် လာရောက်နိုင်အောင်လည်း ဆော်ဒီအစိုးရက စီစဉ်းပေးဖို့ ရှိနေပါတယ်။

    Ref: Arab News

  • ခက်ခဲသည့်ကာလအတွက် အသင့်ဖြစ်နေသည်ဟု ၀င်းဂါးပြော

    ခက်ခဲသည့်ကာလအတွက် အသင့်ဖြစ်နေသည်ဟု ၀င်းဂါးပြော

    မတ် ၅၊ ၂၀၁၆
    M-Media

    winger 3

    – ဒုတိယနေရာမှ စပါးအသင်းနှင့် ယနေ့တွင် ကစားရမည့် မိမိတို့အသင်းမှာ ခက်ခဲသည့်ကာလအတွက် အဆင်သင့်ဖြစ်နေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    အာဆင်နယ်မှာ ထိပ်ဆုံးမှ လက်စတာနှင့် ၆ မှတ် ကွာဟနေပြီး ယနေ့တွေ့ဆုံမည့် စပါးအသင်းနှင့်ပွဲမှာ အမှတ်ကွာဟမှု ကျဉ်းမြောင်းရေးအတွက် အဓိကကြသည့်ပွဲ ဖြစ်နေသည်။ ၀င်းဂါးကမူ မိမိတို့မှာ လက်ရှိအချိန်တွင် ရာသီ၏ အရေးပါသော အစိတ်အပိုင်းသို့ ရောက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “သူတို့ (စပါး) ဟာ တိုးတက်လာခဲ့တယ်။ ပြီးခဲ့တဲ့ ၁၀ ပွဲမှာ ဒီပွဲဟာ ခက်ခဲမယ့်အချိန်ပါ။ ဒါ့ကြောင့် လူတိုင်းက ဒီပွဲကိုတော်တော်လေး စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ကျွန်တော်တို့ဟာ သိသိသာသာ တည်ငြိမ်ခဲ့ပါတယ်။ (စပါးရဲ့အထက်မှာ) ကျွန်တော်တို့ ရာသီကို အဆုံးသတ်ချင်ပါတယ်။ ဒါ့ကြောင့် ဒီပွဲဟာ တော်တော်လေး အရေးပါပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။

    Ref: Goal

  • အိုကီနာဝါကျွန်းတွင် အမေရိကန်တပ်စွဲမှုကို ယာယီရပ်ဆိုင်ထားမည်

    အိုကီနာဝါကျွန်းတွင် အမေရိကန်တပ်စွဲမှုကို ယာယီရပ်ဆိုင်ထားမည်

    မတ် ၅၊ ၂၀၁၆
    M-Media

    japan 5

    – ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက အိုကီနာဝါကျွန်းပေါ်မှာ အမေရိကန်စစ်စခန်း ပြောင်းရွှေ့နေရာချထားမယ့်အပေါ် ဒေသခံတွေက အပြင်းအထန် ဆန္ဒပြနေတဲ့အတွက် ကျွန်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပေးမယ်လို့ ပြောကြားလိုက်ပါတယ်။

    အမေရိကန်ရဲ့ Futenma လေတပ်စခန်းကို လူဦးရေသိပ်သည်းမှုနည်းတဲ့ အိုကီနာဝါကျွန်းက ဟီနိုကိုမြို့မှာ ပြန်လည်နေရာချထားပေးဖို့ ၁၉၉၆ ခုနှစ်မှာ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ အဲဒီအခြေစိုက်စခန်းကို အိုကီနာဝါကျွန်းကနေ အပြီး ဖယ်ရှားစေချင်နေတာပါ။ ဟီနိုကိုသို့ ပြောင်းရွှေ့မှုအပေါ် ဗဟိုအစိုးရနဲ့ ဒေသအစိုးရတို့ အပြန်အလှန် တရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး တိုကျိုအစိုးရနဲ့ အိုကီနာဝါအစိုးရကြား စကားပြောဆိုကြဖို့ ခွင့်ပြုချက်ရခဲ့တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားဖို့ လက်ခံခဲ့တာဖြစ်တယ်လို့ အာဘေးက ယမန်နေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒါပေမယ့် အဲဒီ လေတပ်အခြေစိုက်စခန်းကို ဟီနိုကိုသို့ တဖြည်းဖြည်းပြောင်းရွှေ့မယ့် အစီအစဉ်ကတော့ ပြောင်းလဲမယ့် အလားအလာ မရှိပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံမှာ အထိနာသွေးမြေကျခဲ့ရတဲ့ တစ်ခုတည်းသောဒေသဖြစ်တဲ့ အိုကီနာဝါဒေသခံတွေက အမေရိကန်တပ်တွေ ထားရှိမှာကို အပြင်းအထန် ဆန္ဒပြခဲ့ကြပါတယ်။

    အဆိုပါဒေသဟာ အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၅၀၀၀၀ အခြေစိုက်ရာနေရာ ဖြစ်ပါတယ်။ အဲဒီက ဒေသခံတွေက စခန်းနဲ့ပက်သက်မှုရှိတဲ့ ရာဇ၀တ်မှုနဲ့ ဆူညံသံတွေနဲ့ ပက်သက်လို့လည်း စောဒကတက်ခဲ့ကြပါတယ်။

    အမေရိကန်တပ်သားတွေ ပါဝင်ကျူးလွန်ခဲ့ကြတဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း အမြောက်အများရှိခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်တပ်တွေအနေနဲ့ ဂျပန်မှာ ၂၀၀၅ နဲ့ ၂၀၁၃ ကြား လိင်ပိုင်းဆိုင်ရာ စော်ကားမှုပေါင်း ၁၀၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

    ၁၉၉၅ တုန်းက အမေရိကန်တပ်ဖွဲ့ဝင် သုံးယောက်က ဂျပန်ကျောင်းသူတစ်ဦးကို ၀ိုင်းပြီး အဓမ္မပြုကျင့်ခဲ့တဲ့အတွက် ဂျပန်နိုင်ငံတစ်ဝှမ်းမှာ ပြည်သူအများအပြားဟာ လမ်းပေါ်ထွက်ပြီး ဆန့်ကျင်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

    Ref: Presstv

  • ကမ္ဘာကျော်ခဲ့သည့် ဆီးရီးယားဒုက္ခသည်ကလေးငယ် သေဆုံးမှုအတွက် တူရကီက လူ ၂ ဦးကို ထောင်ချ

    ကမ္ဘာကျော်ခဲ့သည့် ဆီးရီးယားဒုက္ခသည်ကလေးငယ် သေဆုံးမှုအတွက် တူရကီက လူ ၂ ဦးကို ထောင်ချ

    မတ် ၄၊ ၂၀၁၆
    M-Media

    kurdi

    – လှေမှောက်၍ ရေနစ်သေဆုံးကာ ကမ်းခြေတွင် လာတင်နေပြီး ကမ္ဘာတစ်ဝှမ်းမှ ဂရုဏာသက်ခဲ့ရသည့် ဆီးရီးယားမှ ၃ နှစ်အရွယ် ဒုက္ခသည်ကလေးငယ် အလန်ကာရ်ဒီ အပါအ၀င် လူ ၅ ဦး ရေနစ်သေဆုံးမှုအတွက် လူကုန်ကူးသူ ၂ ဦးကို တူရကီတရားရုံးက ထောင်ဒဏ် ၂ နှစ်မှ ၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သော်လည်း တမင်လစ်လျူရှုမှုကြောင့် သေဆုံးရသည်ဟူသော စွဲချက်ကိုမူ တရားရုံးက ပယ်ချခဲ့သည်။

    အသက် ၃ နှစ်ရွယ် ကာရ်ဒီလေးမှာ မိသားစုနှင့်အတူ ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် တူရကီမှ ဂရိသို့ လှေဖြင့်ကူးရန် ကြိုးစားစဉ် လှေမှောက်ကာ မိခင်၊ အစ်ကိုတို့နှင့်အတူ သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့မိသားစုတွင် ဖခင်ဖြစ်သူ အဘ်ဒူလာကာရ်ဒီ တစ်ဦးတည်းသာ အသက်ရှင်ကျန်ရစ်ခဲ့သည်။

    တူရကီရှိ ကမ်းခြေတစ်ခုတွင် လာတင်နေသည့် အသက်မဲ့နေသော ကာရ်ဒီလေး၏ ဓာတ်ပုံမှာ ထိုအချိန်က ဆိုရှယ်မီဒီယာများတွင် ချက်ခြင်း ပြန့်နှံ့သွားခဲ့ပြီး ဆီးရီးယားစစ်ပွဲကြောင့် ၂၀၁၁ ခုနှစ် မတ်လကတည်းက စတင်ကာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ဆီးရီးယားဒုက္ခသည်များ၏ ဒုက္ခသုက္ခအပေါ် ကမ္ဘာတစ်ဝှမ်းမှ စာနာနားလည်မှုများ မြင့်တက်လာခဲ့သည်။

    ၂၀၁၅ ခုနှစ်အတွင်း ဥရောပသို့ရောက်ရှိရန် မြေထဲပင်လယ်သို့ ဖြတ်သန်း၍ လာရောက်စဉ် သေဆုံးခဲ့သည့် ဒုက္ခသည်အရေအတွက်မှာ ၃၇၇၁ ဦးရှိပြီး၊ ၂၀၁၄ ခုနှစ်တွင်မူ ၃၂၇၉ ဦး ရှိခဲ့သည်ဟု ရွှေ့ပြောင်းသူများဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း IOM က စာရင်းထုတ်ပြန်ခဲ့သည်။

    ယခုနှစ် ပထမ ၂ လအတွင်း ဥရောပသို့ လာရောက်ရန် ကြိုးစားသည့် ဒုက္ခသည်များမှ သေဆုံးသူ အရေအတွက်မှာ ၄၁၈ ဦး ရှိခဲ့သည်။

    Ref: Aljazeera

  • မလေးရှားဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီး စပြီ

    မလေးရှားဝန်ကြီးချုပ်အား ရာထူးမှဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီး စပြီ

    မတ် ၄၊ ၂၀၁၆
    M-Media

    mahathir 2

    – မလေးရှားရှိ နိုင်ငံရေးအဖွဲ့အသီးသီးမှ ခေါင်းဆောင်များမှာ ယနေ့မနက်ပိုင်းတွင် စုပေါင်းကာ ၀န်ကြီးချုပ် နာဂျစ်အား ရာထူးမှ ဖယ်ရှားရေး နိုင်ငံလုံးဆိုင်ရာ လှုပ်ရှားမှုကြီးတစ်ခုကို စတင်ကြေငြာလိုက်ပြီး နိုင်ငံအတွင်း နိုင်ငံရေးတင်းမာမှုများကို အရှိန်မြှင့်လိုက်ခြင်းလည်းဖြစ်သည်။

    နာဂျစ်အစိုးရအား ဆန့်ကျင်သူများ ပါဝင်သည့် အဆိုပါ မဟာမိတ်အဖွဲ့ကို ခြစားမှုနှင့် မတော်မတရား အုပ်ချုပ်မှုများ ရှိသည်ဟု စွပ်စွဲခံခဲ့ရသည့် ၀န်ကြီးချုပ်နာဂျစ်အား ဖယ်ရှားရန် ဦးဆောင်တိုက်တွန်းခဲ့သော ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်က ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

    ဥပဒေနှင့်ညီညွတ်ပြီး အကြမ်းမဖက်သောနည်းလမ်းဖြင့် နာဂျစ်အား ဖယ်ရှားမည်ဟု ကတိပြုထားသည့် ကြေငြာချက်တစ်ခုကို အခမ်းအနားသို့ တက်ရောက်လာသည့် လူပုဂ္ဂိုလ် ၅၈ ဦးက လက်မှတ်ရေးထိုးခဲ့ပြီး၊ ၀န်ကြီးချုပ်နှင့် ပတ်သက်သူများ၊ ၎င်းအား ကာကွယ်ပေးသူများကိုလည်း အရေးယူသွားမည်ဟု ထပ်လောင်း ကတိပြုထားသည်။ လက်မှတ်ရေးထိုးသူများတွင် အာဏာရပါတီ၊ အတိုက်အခံနှင့် ထိပ်တန်း အရပ်ဖက်အဖွဲ့အစည်းများမှ ထင်ရှားကျော်ကြားသူများလည်း ပါဝင်ခဲ့သည်။

    “နာဂျစ် ရာဇတ် ဦးဆောင်တဲ့ အစိုးရလက်ကနေ မလေးရှားကို ကယ်တင်ဖို့အတွက် ဘာသာ၊ လူမျိုး၊ နိုင်ငံရေးယုံကြည်ချက်၊ ပါတီ၊ လူကြီး၊ လူငယ် မခွဲခြားဘဲ မလေးရှားနိုင်ငံသားအားလုံး ကျွန်တော်တို့နဲ့ ပူးပေါင်းကြပါလို့ တိုက်တွန်းပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    လက်မှတ်ရေးထိုးသူ အချို့ကမူ နာဂျစ်အားနှုတ်ထွက်စေရန် ဖိအားပေးခြင်းမျိုးကိုသာ ပိုမိုလိုလားပြီး၊ ဒေါက်တာ မဟာသီယာက မလေးရှား၏ ဥပဒေနှင့် ဆန့်ကျင်နေသည့်အတွက် လမ်းမပေါ်သို့ ထွက်၍ ဆန္ဒပြမှုကို လုပ်ဆောင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း ၎င်းတို့၏ လှုပ်ရှားမှုကို ပြည်သူလူထုထောက်ခံရေး ဆော်သြရန် မတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်မည့် စုရုံးမှုတစ်ခုတွင် ပါဝင်ရန် လက်မှတ်ရေးထိုးသူများက သဘောတူညီခဲ့ကြသည်။

    မလေးရှားအစိုးရက ယနေ့နှောင်းပိုင်းတွင် ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ထိုလှုပ်ရှားမှုမှာ မဟာသီယာ၏ ကြံမရာမရဖြစ်မှုကို ဖော်ပြနေကြောင်း၊ ၂၀၁၃ ခုနှစ်တွင် ပြည်သူများက ၎င်းတို့ဆန္ဒဖြင့် လက်ရှိအစိုးရကို ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သောကြောင့် ထိုအစိုးရကို ဖြုတ်ချရန် နောက်ထပ် ရွေးကောက်ပွဲကို စောင့်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    Ref: Channelnewsasia