ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆
M-Media
– ဆောင်းရာသီမှာ မွေးဖွားသူများက နွေရာသီမှာ မွေးဖွားကြသူတွေထက် အသက်ကြီးလာတဲ့အခါ ပန်းနာရင်ကြပ်၊ အခြားသော အဆုတ်နဲ့ပက်သက်တဲ့ရောဂါတွေ ဖြစ်ပေါ်လေ့ရှိကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။
နော်ဝေနိုင်ငံက ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ဒီလိုတွေ့ရှိခဲ့တာဖြစ်ပြီး နိုဝင်ဘာလမှ ဇန်န၀ါရီလအတွင်း မွေးဖွားကြသူတွေဟာ အရွယ်ရောက်လာတဲ့အခါ အသက်ရှူခြင်းဆိုင်ရာပြဿနာတွေ ဖြစ်နိုင်ချေများလာတယ်လို့ ဆိုပါတယ်။
အသက်ကြီးလာတဲ့အခါ အဆုတ်ကိုဆိုးရွားလာစေတဲ့ အခြားသောအကြောင်းအရာတွေဟာ အသက်ကြီးတဲ့မိခင်ဆီကနေ မွေးဖွားလာသူတွေနဲ့ ဆေးလိပ်သောက်တတ်တဲ့မိခင်တွေကြောင့်ပဲ ဖြစ်ပါတယ်။ အသက်ငယ်ရွယ်တဲ့အချိန်မှာ အိမ်မွေးတိရစ္ဆာန်တွေကို မွေးဖွားခဲ့ကြသူတွေဟာ၊ အသက်ကြီးမှ အိမ်မွေးတိရစ္ဆာန်တွေကို မွေးဖွားခဲ့ကြသူတွေထက် အဆုတ် ပိုပြီးကောင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။
နော်ဝေးနိုင်ငံ Bergen တက္ကသိုလ်မှာရှိတဲ့ ကမ္ဘာ့လူထုကျန်းမာရေးနဲ့ စောင့်ရှောက်ရေးဌာနက စီဆီလီယာ အက်စ်ဗိန်းနဲ့ အပေါင်းအသင်းတစ်ချို့ဟာ လူ ၁၂၀၀၀ ကျော်ကို အချက်အလက်ကောက်ယူလေ့လာမှုတွေ ပြုလုပ်ခဲ့တာပါ။ ဗြိတိန်အပါအ၀င် ဥရောပတစ်ဝှမ်းက အသက် ၉ နှစ်ကနေ ၁၁ နှစ်ထိရှိတဲ့ ကလေးငယ်တွေရဲ့ အဆုတ်လုပ်ဆောင်ချက်ကို စောင့်ကြည့်ခဲ့ပြီးနောက် အသက် ၄၀ မှ ၇၀ ကြားလူတွေကို သူတို့က ထပ်မံလေ့လာစောင့်ကြည့်ခဲ့ပါတယ်။
အဆုတ်ရဲ့လုပ်ဆောင်ချက်ကို စောင့်ကြည့်ရာမှာ အသက်တစ်ခါရှုတိုင်း လေဘယ်လောက်ထွက်ရှိသလဲဆိုတာနဲ့ တိုင်းတာခဲ့တာဖြစ်ပြီး ပန်းနာရင်ကြပ်ရောဂါ (COPD) ရှိတဲ့ ဝေဒနာရှင်တွေမှာ အဆုတ်အားနည်းတာမျိုး အတွေ့ရများပါတယ်။
အရွယ်ရောက်ပြီးသူတွေရဲ့ အဆုတ်ရောဂါနဲ့ အသက်ရှုခြင်းဆိုင်ရာအခြေအနေဖြစ်နိုင်ချေကို လိုက်ကြည်ရာမှာ လေ့လာသူတွေက အဆုတ်ဝေဒနာ အဖြစ်မြန်ခြင်းဟာ မွေးဖွားစဉ်က ရာသီဥတုနဲ့ ဆက်စပ်နေတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ အသက်အရွယ်ကြီးတဲ့မိခင်တွေနဲ့ ဆေးလိပ်သောက်သုံးတတ်တဲ့မိခင်တွေမှာလည်း ယင်းကဲ့သို့ အန္တရာယ်ဖြစ်နိုင်ချေ ရှိပါတယ်။
ဆောင်းရာသီမှာမွေးဖွားတဲ့ကလေးတွေဟာ မိခင်သားအိမ်မှာရှိစဉ်ကတည်းက ဗိုင်းရပ်စ်ပိုးကူးစက်မှုတွေနဲ့ ဓာတ်မတည့်မှုတွေဖြစ်တတ်တဲ့အကြောင်း ပြီးခဲ့တဲ့ သုတေသနရလဒ်တွေအရ သိရပါတယ်။ ဒါကြောင့် အအေးများတဲ့ လတွေမှာ မွေးဖွားခံရတဲ့သူတွေဟာ အဆုတ်အားနည်းနိုင်ခြေရှိတယ်လို့ ကောက်ချက်ချရတာ ဖြစ်တယ်လို့ သုတေသနပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
Ref IINA









