News @ M-Media

Author: Ko Lay

  • လီဗာပူးလ်အသင်း၏ ကစားသမားဝယ်ယူမှုပေါ်လစီကို နည်းပြဟောင်းရော်ဂျာ ဝေဖန်

    လီဗာပူးလ်အသင်း၏ ကစားသမားဝယ်ယူမှုပေါ်လစီကို နည်းပြဟောင်းရော်ဂျာ ဝေဖန်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    roger

    – လီဗာပူးလ်အသင်းပိုင်ရှင်များအနေဖြင့် ကစားသမားများကို ရောင်းချ၍ ငွေရှာမလားဆိုသည်နှင့် ၎င်းတို့အားထိန်းသိမ်းကာ အောင်ြမင်မှုရယူမလားဆိုသည်ကို ဆုံးဖြတ်ရန် လိုအပ်နေသည်ဟု လီဗာပူးလ်အသင်းနည်းပြဟောင်း ဘရန်ဒန် ရော်ဂျာက ပြောကြားလိုက်သည်။

    လီဗာပူးလ်နည်းပြအဖြစ် တာဝန်ယူစဉ်က အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍ အသင်းမှ အပြောင်းအရွှေ့ကော်မတီ၏ ဆုံးဖြတ်ချက်အောက်တွင်သာ အလုပ်လုပ်ရသည့် ရော်ဂျာမှာ အသင်းအား ရလဒ်ကောင်းအောင် မစွမ်းဆောင်နိုင်သောကြောင့် ပြီးခဲ့သည့် အောက်တိုဘာလက လီဗာပူးလ်အသင်းမှ ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။

    ရော်ဂျာကမူ အသင်းအနေဖြင့် စီးပွားရေးပုံစံမျိုး မဆောင်ရွက်သင့်ဟု အကြံပြုခဲ့သည်။

    “စီးပွားရေးပုံစံသွားမှာလား ဒါမှမဟုတ် အသင်းအောင်မြင်ဖို့ သွားမှာလားဆိုတာကို ကလပ်က သူ့အခြေအနေ ပြန်ကြည့်ဖို့လိုပါတယ်။ အောင်မြင်ဖို့အတွက် သွားချင်တယ်ဆိုရင်တော့ တတ်နိုင်လောက် ကစားသမားတွေကို ခေါ်ရမယ် အသက်ဘယ်လောက်ပဲဖြစ်ဖြစ် ဂရုစိုက်စရာ မလိုပါဘူး။ အချို့အသင်းတွေက ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ စိတ်ထဲရှိပါတယ်။ အခြား အသင်းတွေကတော့ အောင်မြင်ဖို့ ၀ယ်မယ့်အစား ကစားသမားဝယ်ပြီး ပြုစုပျိုးထောင်ပေးကာ ဈေးများများနဲ့ပြန်ရောင်းဖို့ စဉ်းစားကြပါတယ်” ဟု ရော်ဂျာက ပြောကြားခဲ့သည်။

    Ref: Goal

  • အိုအိုင်စီအတွင်းရေးမှူး သြဇီအစိုးရနှင့်တွေ့ဆုံကာ မွတ်စလင်အရေး ဆွေးနွေး

    အိုအိုင်စီအတွင်းရေးမှူး သြဇီအစိုးရနှင့်တွေ့ဆုံကာ မွတ်စလင်အရေး ဆွေးနွေး

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media
    OiC 2
    – သြစတေးလျကို လေးရက်တာ အလည်အပတ်သွားရောက်ခဲ့တဲ့ အိုအိုင်စီအတွင်းရေးမှူးချုပ် အီယဒ် အေမင် မဒနီဟာ သြစတေးလျအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နိုင်ငံအတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းအရေး ဆွေးနွေးခဲ့ကြပါတယ်။

    နောက်ဆုံးနေ့ဖြစ်တဲ့ ယမန်နေ့မှာ နယူးဆောက်သ်ဝေးပြည်နယ် အုပ်ချုပ်ရေးမှူး ဒေးဗစ်ဟာလီနဲ့ ဆစ်ဒနီ အစိုးရအိမ်တော်မှာ မဒနီက တွေ့ဆုံခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာ ဖြစ်ပျက်နေတဲ့ အရေးကိစ္စတွေ၊ ပြီးတော့ သူတို့အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနေလဲ ဆိုတာနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

    ဟာလီကတော့ လူ့အဖွဲ့အစည်းအားလုံးဟာ လေးစားခံရမှာဖြစ်ပြီး၊ ကိုယ်ပိုင်အမှတ်သညာကို ထိန်းသိမ်းပိုင်ခွင့်ရှိမှာဖြစ်ကာ ယဉ်ကျေးမှုပေါင်းစုံရှိတဲ့ မိမိတို့လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မဒနီကလည်း ဘယ်လိုနိုင်ငံသားမဆို နိုင်ငံအတွက် မျိုးချစ်စိတ်ရှိရမည့်အကြောင်း၊ တစ်ချိန်တည်းမှာပဲ အခြားသူတွေရဲ့အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားရမည့်အကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

    အခြေကျဖို့ လိုအပ်နေတဲ့ ဒုက္ခသည် ၁၂,၀၀၀ ကိုလည်း လက်ခံသွားမှာဖြစ်တယ်လို့ သြစတေးလျက ကြေငြာခဲ့ပြီး မဒနီကတော့ အဲဒီအစီအစဉ်ကို ကြိုဆိုကာ အိုအိုင်စီအနေနဲ့လည်း တစ်ဖက်တစ်လမ်းက ကူညီသွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

    မဒနီက သြစတေးလျ နိုင်ငံတော်မွဖ်သီချုပ် ဒေါက်တာ အီဘရာဟင် အဘူ မိုဟာမက်၊ သြစတေးလျရှေ့ဆောင်အီမာမ်များဥက္ကဌ ရှိခ် ရှာဒီ အလ်ဆူလိုင်မန်၊ အခြားမွတ်စလင်ခေါင်းဆောင်များနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

    သြစတေးလျ မွတ်စလင်ခေါင်းဆောင်တွေကတော့ နိုင်ငံအတွင်းမှာ မွတ်စလင်တွေအတွက် အခြေအနေကောင်းတွေရှိတဲ့အကြောင်း သို့သော်လည်း လူမှုကွန်ရက်မှဖြစ်စေ တိုက်ရိုက်ဖြစ်စေ အစွန်းရောက်အတွေးအခေါ်တွေ လူငယ်တွေကြားမှာ လွှမ်းမိုးသွားမှာ စိုးရိမ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

    မဒနီကလည်း ထိုကိစ္စနဲ့ပတ်သက်လို့ ဆွေးနွေးအကြံပေးမှုတွေ ပြုလုပ်ခဲ့ပြီး အစွန်းရောက်တွေရဲ့ ၀ါဒဖြန့်မှုတွေအတွက် တန်ပြန်ချေပဖို့ OIC က တည်ထောင်ထားတဲ့ သတင်းအချက်အလက်ဌာနရှိတဲ့အကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

    Ref: IINA

  • ထိပ်ဆုံးက လက်စတာ ၅ မှတ်ဖြတ်၊ စပါး ဒုတိယနေရာရောက်လာခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅

    ထိပ်ဆုံးက လက်စတာ ၅ မှတ်ဖြတ်၊ စပါး ဒုတိယနေရာရောက်လာခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၅

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    epl 3

    – ဒီတစ်ပတ်ပရီးမီးယားလိဂ်က စိတ်ဝင်စားစရာ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ လက်စတာဟာ မန်စီးတီးကို အနိုင်ယူနိုင်ခဲ့ပြီး အာဆင်နယ်ကလည်း ဘုန်းမောက်ကို အနိုင်ရခဲ့ကာ ချယ်ဆီးနဲ့ မန်ယူတို့ပွဲကတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

    ထိပ်ဆုံးကနှစ်သင်း တွေ့ဆုံမှုဖြစ်တဲ့ မန်စီးတီးနဲ့ လက်စတာတို့ပွဲမှာတော့ ဧည်သည့်အသင်းဟာ ချန်ပီယံဖြစ်နိုင်တဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။ ၃ မိနစ်မှာတင် နောက်ခံလူ ရောဘတ်ဟုသ် ဦးဆောင်ဂိုးသွင်းနိုင်တာက လက်စတာအတွက် အားဖြစ်စေခဲ့တာပါ။ လက်စတာရဲ့ ခံစစ်ကစားပုံ ကျစ်လစ်ပြီး တန်ပြန်တိုက်စစ်အစွမ်းကို မန်စီးတီးတို့ ဘယ်လိုမှ မခုခံနိုင်ခဲ့ဘဲ ဂိုးသွင်းစက် ရီယဒ်မဟ်ရက်ဇ်က ၄၈ မိနစ်မှာ ဒုတိယဂိုး၊ မိနစ် ၆၀ မှာ ဟုသ်က တတိယဂိုး သွင်းယူကာ လက်စတာရဲ့ ထိပ်ဆုံရပ်တည်မှုကို ပြတ်သားစေခဲ့ပါတယ်။ မန်စီးတီးအတွက် နှစ်သိမ့်ဂိုးကိုတော့ ၈၇ မိနစ်ကျမှ အဂူရိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    epl 1

    ပြီးခဲ့တဲ့လေးပွဲ နိုင်ပွဲပျောက်ခဲ့ပြီး နောက်ဆုံး ၃ ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တဲ့ အာဆင်နယ်ကတော့ ဘုန်းမောက်ကို တစ်ပွဲလုံး ထိန်းချုပ်နိုင်မှုနဲ့အတူ အိုဇေးလ်နဲ့ ချိန်ဘာလိန်တို့ရဲ့ ပထမပိုင်း ၁ မိနစ်ခြား ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ထိပ်ဆုံးက လက်စတာကို ဖိအားပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၀င်းဂါးကတော့ ဒီအနိုင် ၃ မှတ်ဟာ ခက်ခဲပြီး အရေးပါတဲ့ ၃ မှတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယနေရာက စပါးနဲ့ အမှတ်တူကာ ဂိုးကွာခြားချက်ကြောင့် တတိယနေရာရောက်နေတဲ့ အာဆင်နယ် ၅ မှတ်ကွာနေတဲ့ ထိပ်ဆုံးက လက်စတာနဲ့ လာမယ့်တစ်ပတ် တနင်္ဂနွေနေ့မှာ ကစားရမှာဖြစ်ပါတယ်။

    epl 3

    အိမ်ကွင်းမှာ မန်ယူကိုဧည့်ခံကစားရတဲ့ ချယ်ဆီးတို့ ဒီယေဂိုကော်စတာရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ ဟစ်ဒင့်လက်ထက် ရှုံးပွဲမရှိစံချိန်ကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၆၁ မိနစ်မှာ လင်ဂါ့တ်ရဲ့ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက်ကလိုက်ကစားရပေမယ့် ချယ်ဆီးတို့ ညံ့ဖျင်းခဲ့တာတော့ မဟုတ်ပါဘူး။ အိုင်ဗန်နိုဗစ်နဲ့ ဖာဘရီဂက်စ်တို့အပါအ၀င် တိုက်စစ်မှူးအချို့ရဲ့ အပိုင်ကန်သွင်းချက်တွေကို မန်ယူဂိုးသမား ဒီဂီယာ ကာကွယ်နိုင်ခဲ့တာကြောင့် အနိုင် ၃ မှတ် လက်လွတ်ခဲ့ရတာဖြစ်ပါတယ်။ ဟစ်ဒင့်ကတော့ ၁ မှတ်ရတာကိုပဲ ကျေနပ်တယ်လို့ ဆိုပါတယ်။

    စပါးအသင်းကလည်း အိမ်ကွင်းမှာ ၀က်ဖို့ဒ်ကို အသာစီးကစားကာ နောက်ခံလူ ထရစ်ပီယာရဲ့ ၁ လုံးတည်းသော ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယနေရာကို ရောက်လာခဲ့ပါepl 4တယ်။ လီဗာပူးလ်ကတော့ မိနစ် ၈၀ ကျော်အထိ ၂ ဂိုးပြတ်ဦးဆောင်နေရာကနေ နောက်ဆုံး ၈ မိနစ်အတွင်း ၂ ဂိုး ပြန်ပေးလိုက်ရတာကြောင့် သရေတစ်မှတ်သာ ရခဲ့ပါတယ်။

    ဇယားအောက်ခြေမှာ ကျောက်ချနေတဲ့ အက်စတွန်ဗီလာဟာ ဘ၀တူနော်ဝစ်ခ်ျကို ၂ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။

    ဒီတစ်ပတ်ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    မန်စီးတီး ၁-၃ လက်စတာ
    အက်စတွန်ဗီလာ ၂-၀ နော်ဝစ်ခ်ျ
    လီဗာပူးလ် ၂-၂ ဆန်းဒါးလန်း
    နယူးကာဆယ် ၁-၀ ၀က်စ်ဘရွန်း
    စတုတ် ၀-၃ အဲဗာတန်
    ဆွမ်ဆီး ၁-၁ ခရစ္စတယ်ပဲလေ့စ်
    စပါး ၁-၀ ၀က်ဖို့ဒ်
    ဆောက်သက်တမ် ၁-၀ ၀က်စ်ဟမ်း
    ဘုန်းမောက် ၀-၂ အာဆင်နယ်
    ချယ်ဆီး ၁-၁ မန်ယူ

  • မြောက်ကိုရီးယားရန်ကြောင့် ကျွန်းဆွယ်တွင် ဒုံးကျည်စနစ်ချထားရန် ကန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်

    မြောက်ကိုရီးယားရန်ကြောင့် ကျွန်းဆွယ်တွင် ဒုံးကျည်စနစ်ချထားရန် ကန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၆
    M-Media

    US 5

    – ခြိမ်းခြောက်မှုလို့ သမုတ်ထားတဲ့ မြောက်ကိုးရီးယားရဲ့ ဆောင်ရွက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် အမေရိကန်ဒုံးကျည်စနစ် ဖြန့်ကျက်နိုင်ရေး တောင်ကိုးရီးယားနဲ့ အမေရိကန်စစ်တပ်အရာရှိတွေကတရားဝင် ဆွေးနွေးညှိနှိုင်းမှုတွေ စတင်ဖို့ ရှိနေပါတယ်။

    မြောက်ကိုးရီးယားက မနေ့မှာ တားမြစ်ထားတဲ့ တာဝေးပစ်ဒုံးကျည်နဲ့ ကမ္ဘာမြေစူးစမ်းလေ့လာရေး ဂြိုဟ်တုကို ဂြိုဟ်ပတ်လမ်းကြောင်းထဲ အောင်မြင်စွာပစ်လွှတ်နိုင်ပြီးတဲ့နောက်ပိုင်း ပြိုင်ဘက်နှစ်နိုင်ငံရဲ့ အဆိုပါကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ အဲဒီပစ်လွှတ်မှုဟာ တိုက်ချင်းပစ်ဒုံးကျည်ကို စမ်းသပ်တာဖြစ်တယ်ဆိုပြီး ရှုတ်ချခဲ့ပါတယ်။

    “တောင်ကိုးရီးယား-အမေရိကန် မဟာမိတ်ဆိုင်ရာ ဒုံးကျည်စနစ် မြှင့်တင်မှု အစိတ်အပိုင်းအဖြစ် တောင်ကိုးရီးယားမှာ THAAD ဒုံးကျည်စနစ်ကို ဖြန့်ကျက်တပ်ဆင်သွားဖို့အတွက် ဖြစ်နိုင်ချေတွေကို စတင်ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ချပြီးပါပြီ” လို့ တောင်ကိုးရီးယား ဒုတိယကာကွယ်ရေးဝန်ကြီး ယူ ဂျေဆောင်းက အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး သောမတ်စ် ဗန်ဒါးလ်နဲ့အတူ ပြုလုပ်ခဲ့တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ကတော့ ကိုရီးယားကျွန်းဆွယ်မှာ ချထားမယ့် ဒုံးကျည်စနစ်ဟာ မြောက်ကိုးရီးယားရဲ့ တိုက်ချင်းပစ် ဒုံးကျည်စီမံကိန်းစနစ်ကို ကာကွယ်တာဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ ရုရှားတို့ကတော့ မြောက်ကိုရီးယားရဲ့ ထိုလုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်မှာ မတည်ငြိမ်မှုတွေ ဖြစ်စေမယ်လို့ ပြောဆိုခဲ့ပါတယ်။

    “တောင်ကိုးရီးယား-အမေရိကန် မဟာမိတ်အဖွဲ့အနေနဲ့ အခုလိုကာကွယ်ရေးစနစ် မလုပ်မဖြစ်တော့လို့ လုပ်ရတာဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ မြောက်ကိုးရီးယားက ရန်စမှုတွေပြုလုပ်လာပြီး နျူကလီးယားလက်နက်ဖျက်သိမ်းရေးအပေါ် ဆွေးနွေးဖို့ကိုလည်း ငြင်းဆိုထားတဲ့အတွက် ဖြစ်ပါတယ်” လို ယူက ဆိုပါတယ်။

    မြောက်ကိုးရီးယားက ဒုံးကျည်အသုံးပြုကာ ဂြိုဟ်တုပစ်လွှတ်မှုအပေါ် ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်တို့ကတောင်းဆိုလာတဲ့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ယမန်နေ့က အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

    အဲဒီသုံးနိုင်ငံစလုံက မြောက်ကိုးရီးယားအနေနဲ့ ဘယ်လို နျူကလီးယားလှုပ်ရှားမှု ဒါမှမဟုတ် ဒုံးကျည်ပစ်လွှတ်မှုမှ မပြုလုပ်ဖို့ တာမြစ်ထားတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လိုက်တဲ့အတွက် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    မြောက်ကိုးရီးယားကတော့ ရန်သူတွေရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ ကာကွယ်ရေးစွမ်းရည်မြှင့်တင်နေရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ကိုးရီးယားနဲ့ အမေရိကန်တို့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေက မြောက်ကိုးရီးယားကို တိုက်ရိုက်ခြိမ်းခြောက်နေတယ်လို့ယူဆပြီး ဒေါသထွက်စေခဲ့တာ ဖြစ်ပါတယ်။

    Ref : Presstv

  • ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူ ကိုယ်ဝန်ဆောင် ၃ ထောင်ကျော်ပြီ

    ကိုလံဘီယာတွင် ဇီကာဗိုင်းရပ်စ်ကူးစက်သူ ကိုယ်ဝန်ဆောင် ၃ ထောင်ကျော်ပြီ

    ဖေဖော်ဝါရီ ၇၊ ၂၀၁၆
    M-Media

    zika 7

    – ခြင်မှတစ်ဆင့်ကူးစက်ပြီး အမေရိကတစ်ဝှမ်းတွင် အလျင်အမြန် ပြန့်နှံ့နေသော ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူ ကိုယ်ဝန်ဆောင်အရေအတွက်မှာ ၃၁၀၀ ကျော် ရှိလာခဲ့ပြီဟု ကိုလံဘီယာသမ္မတ ဂျူအန်မန်နျူယဲလ် ဆန်းတို့စ်က ပြောကြားလိုက်သည်။

    ကုသရန်ဆေးမရှိသေးသည့် အဆိုပါ ဇီကာဗိုင်းရပ်စ်ပိုးမှာ မိခင်မှ သန္ဓေသားသို့ကူးစက်ကာ ဦးနှောက်ထိခိုက်၍ မှတ်ဉာဏ်ချို့ယွင်းနိုင်သည်။ သို့သော်လည်း ကိုလံဘီယာတွင်မူ သန္ဓေသားအားကူးစက်သည့် ဖြစ်ရပ်မျိုး မရှိသေးပေ။ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်သူအရေအတွက်မှာ ကိုလံဘီယာနိုင်ငံတစ်ဝှမ်း စုစုပေါင်း ၂၅၆၄၅ ဦးရှိနေပြီး ထိုအထဲမှ ၃၁ ၇၇ ဦးမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးများဖြစ်သည်။

    ဇီကာဗိုင်းရပ်စ်ပိုးမှာ ခြင်မှတစ်ဆင့်လည်းကောင်း၊ သွေးသွင်းခြင်းဖြင့်လည်းကောင်း၊ လိင်ဆက်ဆံခြင်းဖြင့်လည်းကောင်း ကူးစက်နိုင်သည်ဟု နောက်ဆုံးသိရှိရသည်။ ထို့ကြောင့် နိုင်ငံတစ်ချို့တွင် သွေးသွင်းမှုကို ကန့်သတ်မှုများ ပြုလုပ်နေသည်။

    Ref : Aljazeera