News @ M-Media

Author: Ko Lay

  • ရေနံထုတ်လုပ်မှုတိုးမြှင့်၍ ကမ္ဘာ့ဈေးကွက်ထဲဝင်ရန် အီရန်ပြင်ဆင်

    ရေနံထုတ်လုပ်မှုတိုးမြှင့်၍ ကမ္ဘာ့ဈေးကွက်ထဲဝင်ရန် အီရန်ပြင်ဆင်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    oil

    – စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပြီးနောက်ပိုင်းမှာ ရေနံအထွက်နှုန်း တိုးစေဖို့အတွက် နိုင်ငံ အနောက်တောင်ဘက်က အဓိကရေနံကွင်းနှစ်ခုမှာ တစ်နေ့ ရေနံစည် ၁၆၀၀၀၀ စတင်ထုတ်လုပ်ဖို့ အီရန်နိုင်ငံက ပြင်ဆင်နေပြီဖြစ်ပါတယ်။

    မြောက်ပိုင်း အဇာဒီဂန်နဲ့ ယာဒါဗာရန် ရေနံတွင်းတွေမှာ ဖေဖော်ဝါရီလမှစတင်ကာ ရေနံထုတ်လုပ်မှုကို လည်ပတ်တော့မှာ ဖြစ်တယ်လို့ ရေနံနည်းပညာနှင့် ဖွံ့ဖြိုးရေးကုမ္ပဏီ (PEDEC) ရဲ့ ဥက္ကဌဖြစ်သူ အဗ္ဗဒွလ်ရေဇါ ဟာဂျီဟူစိန်နီဂျဒ်က စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

    တရုတ် CNPC ကုမ္ပဏီက စီမံထုတ်လုပ်မယ့် မြောက်အဇာဒီဂန် မှာ ရေနံစည် ၇၅၀၀၀ လောက် ထုတ်နိုင်မယ်လို့ ခန့်မှန်းထားပြီး Sinopec ကုမ္ပဏီက ဦးဆောင်ထုတ်လုပ်မယ့် ယာဒါဗာရန်မှာတော့ နောက်ထပ် စည်ပေါင်း ၈၅၀၀၀ လောက် ထုတ်ဖြစ်မယ်လို့ မျှော်မှန်းထားပါတယ်။

    အဇာဒီဂန်ရေနံလုပ်ကွက်ဟာ ကမ္ဘာ့တတိယအကြီးဆုံး ရေနံလုပ်ကွက်ဖြစ်ပြီး ရေနံစည်ပေါင်း ၃၃.၂ ဘီလီယံလောက်ရှိနေကာ၊ နောက်ထပ် စည်ပေါင်း ၆ ဘီလီယံလောက်ကိုလည်း ထုတ်ယူနိုင်မယ့်အလားအလာ ရှိနေပါတယ်။

    နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပြီးတဲ့နောက်ပိုင်းမှာ ကမ္ဘာ့ဈေးကွက်တွေကို ၀င်ရောက်ဖို့ အီရန်နိုင်ငံက အင်တိုက်အားတိုက် ကြိုးစားနေပြီး အီရန်ရဲ့ရေနံတွေ ဈေးကွက်ထဲဝင်လာရင်တော့ ရေနံဈေးနှုန်းဟာ ထပ်ကျဖို့ ရှိနေပါတယ်။

    Ref: Press TV

  • အမေရိကန်မွတ်စလင်များ၏ တိုင်းပြည်အပေါ်တာဝန်ကျေပွန်မှုကို ချီးမြှောက်သည့်အနေဖြင့် ဗလီဝတ်ကျောင်းတော်တစ်လုံးသို့ သမ္မတအိုဘားမား သွားရောက်လည်ပတ်မည်

    အမေရိကန်မွတ်စလင်များ၏ တိုင်းပြည်အပေါ်တာဝန်ကျေပွန်မှုကို ချီးမြှောက်သည့်အနေဖြင့် ဗလီဝတ်ကျောင်းတော်တစ်လုံးသို့ သမ္မတအိုဘားမား သွားရောက်လည်ပတ်မည်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    obama 1
    မလေးရှားရှိ နိုင်ငံတော်ဗလီသို့ သွားရောက်လည်ပတ်စဉ်က

    – အစ္စလာမ်သာသနာနဲ့ အကြမ်းဖက်ဝါဒကို ချိတ်ဆက်ပြောဆိုမှုတွေ မြင့်တက်လာတဲ့အချိန်မှာ ဘာသာရေးသည်းခံနိုင်မှု မြှင့်တင်ရေးအတွက် အမေရိကန်အစိုးရရဲ့ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် သမ္မတအိုဘားမားဟာ သူ့ရဲ့သမ္မတသက်တမ်း မကုန်ခင်မှာ ဗလီဝတ်ကျောင်းတော်တစ်လုံးကို သွားရောက်လည်ပတ်မယ်လို့ အိမ်ဖြူတော်က စနေနေ့မှာ ကြေငြာလိုက်ပါတယ်။

    ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ မေရီလန်းပြည်နယ် ဘာလ်တီမိုးရ်က အကျိုးအမြတ်မယူတဲ့ ပရဟိတအဖွဲ့ဖြစ်တဲ့ Islamic Society of Baltimore အခြေစိုက်ရာ ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်မှာဖြစ်တယ်လို့ အိမ်ဖြူတော်ဝဘ်ဆိုက်မှာ လွှင့်တင်ထားပါတယ်။ ဘာလ်တီမိုးရ်မြို့ဟာ အတ္တလန်တိတ်အလယ်ပိုင်းဒေသက မွတ်စလင်အများဆုံးရှိရာမြို့ဖြစ်ပြီး မတူညီတဲ့နောက်ခံ၊ ဒီကရေစီအုပ်ချုပ်မှု၊ သဟဇာတဖြစ်မှု၊ သည်ခံနိုင်စွမ်းရှိမှု၊ အစ္စလာမ့်ပုံစံရှိနေသည့် အိမ်နီးချင်းများရှိမှု စတာတွေနဲ့ပြည့်စုံတဲ့ အားကျဖွယ်ရာ နေရာတစ်ခုဖြစ်တယ်လို့ အိမ်ဖြူတော်က ဆိုပါတယ်။

    သမ္မတအိုဘားမားရဲ့ သွားရောက်မှုဟာ “အမေရိကန်မွတ်စလင်တွေရဲ့ တိုင်းပြည်အပေါ် တာဝန်ကျေပွန်မှုကို ချီးမြှောက်ဖို့နဲ့ အမေရိကရဲ့ နေ့စဉ်ဘ၀မှာ ဘာသာရေးလွတ်လပ်ခွင့် အရေးပါတယ်ဆိုတာကို သေချာစေဖို့” အတွက် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့တိုင်းပြည်ရဲ့ အကြီးမားဆုံးအင်အားဟာ ကျွန်တော်တို့ရဲ့ မတူကွဲပြားစွာညီညွတ်မှု၊ မတူညီတဲ့ ဘာသာတရား၊ မတူညီတဲ့ အသိုင်းအ၀ိုင်းတွေက ပေါက်ဖွားလာကြတဲ့ အမေရိကန်တွေဟာ အတူတကွ ကြီးပွားတိုးတက်အောင်လုပ်နိုင်ကြဆိုတဲ့ အယူအဆ၊ ကျွန်တော်တို့ အမေရိကန်အားလုံးဟာ တူညီတဲ့ မိသားစုဝင်တွေဖြစ်ကြတယ်ဆိုတဲ့ အတွေးအမြင်တွေပဲ ဖြစ်ပါတယ်။ သမ္မတ ပြောခဲ့သလိုပဲ – အမေရိကန်မွတ်စလင်တွေဟာ ကျွန်တော်တို့ရဲ့ မိတ်ဆွေ၊ ကျွန်တော်တို့ရဲ့အိမ်နီးချင်း၊ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်၊ ကျွန်တော်တို့ရဲ့ အားကစားသူရဲကောင်းတွေဖြစ်သလို၊ မွတ်စလင်တွေဟာ ကျွန်တော်တို့တိုင်းပြည်ကို အသက်ပေးကာကွယ်ကြတဲ့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေ ဖြစ်ပါတယ်”

    ဗလီဝတ်ကျောင်းတော်ကို သွားရောက်လည်ပတ်မှုအတွင်း သမ္မတဟာ မွတ်စလင်ပြည်သူလူထုနဲ့ ဆွေးနွေးမှုတွေ ပြု လုပ်မှာဖြစ်ပါတယ်။

    နိုင်ငံအတွင်းမှာ အစ္စလာမ့်ဘာသာဝင်တွေအပေါ် ရန်လိုမှုတွေ မြင့်တက်လာခဲ့တာနဲ့ပတ်သက်လို့ ထင်ရှားကျော်ကြားတဲ့ အမေရိကန်မွတ်စလင်တွေဟာ အိမ်ဖြူတော်တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တစ်လအရင်က တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရထိပ်တန်းခေါင်းဆောင်တွေပါဝင်ခဲ့တဲ့ အဲဒီဆွေးနွေးမှုအတွင်းမှာ အိုဘားမားအနေနဲ့ ဗလီဝတ်ကျောင်းတော်ကို လာရောက်လည်ပတ်ဖို့ မွတ်စလင်ခေါင်းဆောင်တွေက ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။

    သမ္မအိုဘားမားဟာ ၀တ်ပြုဆုတောင်းဖို့အတွက် ခရစ်ယာန်ဘုရားကျောင်းကို ပုံမှန်သွားရောက်လေ့ရှိတာကလွဲရင်အခြားသော ၀တ်ပြုရာနေရာတွေကို သွားလားမှု မရှိသလောက်ပါပဲ။ ပြီးခဲ့တဲ့မေလအတွင်းမှာ အိုဘားမားဟာ ဂျူးဘုရားကျောင်းတစ်ခုကို သွားရောက်ခဲ့ပါသေးတယ်။

    ယခုနှစ်နှောင်းပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ နိုင်ငံရေးသမားတွေဟာ မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေသုံးပြီး မဲဆွယ်နေတာကိုလည်း အိုဘားမားက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။ ဇန်န၀ါရီလအတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အိုးဘားမားက မွတ်စလင်ဆန့်ကျင်ရေးပြောဆိုမှုတွေဟာ မှားယွင်းတဲ့ကိစ္စတွေဖြစ်ပြီး နိုင်ငံအပေါ် သစ္စာဖောက်ရာကြတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Washingtonpost

  • ကလေးများအပါအ၀င် ဥရောပသို့ဝင်ရောက်လာသည့် ဒုက္ခသည်များ အမြတ်ထုတ်ခံနေရ

    ကလေးများအပါအ၀င် ဥရောပသို့ဝင်ရောက်လာသည့် ဒုက္ခသည်များ အမြတ်ထုတ်ခံနေရ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    ref

    – ဥရောပ ဒုက္ခသည်ပြဿနာအတွင်းမှာ လူကုန်ကူးသူတွေဟာ အထူးသဖြင့် ကလေးငယ်တွေကို လိင်ကျွန်နဲ့ အလုပ်ကျွန်ပြု ခိုင်းစေမှုတွေအတွက် ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုတွေ ရှိနေတယ်လို့ ဥရောပသမဂ္ဂ ရဲတပ်ဖွဲ့ က ပြောကြားလိုက်ပါတယ်။

    ဥရောပရဲတပ်ဖွဲ့ အကြီးအကဲ ဘရိုင်ယန် ဒေါ်နယ်က ဒုက္ခသည်တွေ ဥရောပအာဏာပိုင်တွေဆီမှာ မှတ်ပုံတင်ပြီးနောက်ပိုင်း သူတို့ထဲက အရွယ်မရောက်သူ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

    အီတလီ တစ်နိုင်ငံထဲမှာပဲ အနည်းဆုံး ကလေး ၅၀၀၀ လောက် ပျောက်နေတာဖြစ်ပြီး ဆွီဒင်မှာလည်း နောက်ထပ် အယောက် ၁၀၀၀ လောက် ပျောက်နေတယ်လို့ ဆိုပါတယ်။ နောက်ပြီး ဥရောပတစ်ခွင်လုံးက မှုခင်းဌာနတွေအနေနဲ့ ဒုက္ခသည်ကလေးငယ်တွေကို ပစ်မှတ်ထားရှာဖွေသင့်ကြောင်း အလေးအနက်ထား ပြောကြားခဲ့ပါသေးတယ်။

    ဂျာမနီနဲ့ ဟန်ဂေရီမှာလည်း ဒုက္ခသည်ကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံနေရတယ်ဆိုတာကို တွေ့ရပြီး ဒုက္ခသည်တွေ စီးဝင်လာတာကို အမြတ်ထုတ်တဲ့ ရာဇ၀တ်ဂိုဏ်းတွေဟာ လွန်ခဲ့တဲ့ ၁၈ လလောက်အတွင်းမှာ ကြီးထွားလာကြောင်း၊ ပြောင်းရွှေ့အခြေချသူပြဿနာနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေ၊ ထိန်းသိမ်းထားသူတွေဟာ ဂျာမနီနဲ့ ဟန်ဂေရီက အကျဉ်းထောင်တွေအတွင်းမှာ ရှိနေကြောင်း ဒေါ်နယ်က ပြောခဲ့ပါတယ်။

    အခုလို ကလေးငယ်အမြောက်အများ ပျောက်ဆုံးနေတဲ့အတွက် ကလေးဒုက္ခသည်အရေးဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အဓိက စိုးရိမ်စရာကိစ္စတစ်ခု ဖြစ်လာပါတယ်။

    ယူကေအခြေစိုက် Save the Children ပရဟိတ အဖွဲ့က ၂၀၁၅ အတွင်း ဥရောပကိုဝင်လာတဲ့ ဒုက္ခသည်ကလေးငယ် အနည်းဆုံး ၂၆၀၀၀ လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ကလေးတွေဟာ လိင်အလွဲသုံးစားမှု၊ အကြမ်းဖက်မှုပေါင်းများစွာ ပြုလုပ်ခံခဲ့ရတဲ့ မှတ်တမ်းတွေလည်း သူတို့မှာရှိနေပြီး အဲဒီကလေးငယ်တွေထဲက ၃၀၀၀ လောက်ကို အင်္ဂလန်မှာ အမြန်ဆုံး ပြန်လည်နေရာချထားပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    အင်္ဂလန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကတော့ ဥရောပက ဒုက္ခသည်ကလေးငယ် ၃၀၀၀ကို အင်္ဂလန်မှာလက်ခံထားဖို့ ငြင်းဆိုခဲ့ပါတယ်။

    Ref : RT

  • တရုတ်နှင့်အငြင်းပွားသည့် ကျွန်းအနီးတွင် F-15 တိုက်လေယာဉ်အစင်း ၄၀ ဂျပန်က ဖြန့်ကျက်ထားပြီ

    တရုတ်နှင့်အငြင်းပွားသည့် ကျွန်းအနီးတွင် F-15 တိုက်လေယာဉ်အစင်း ၄၀ ဂျပန်က ဖြန့်ကျက်ထားပြီ

    ဖေဖော်ဝါရီ ၁၊ ၂၀၁၆
    M-Media

    japan

    – အရှေ့တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားနေသာ ကျွန်းစုအနီးတွင် တည်ရှိသည့် အိုကီနာဝါကျွန်းတွင် တပ်စွဲထားသော F-15 တိုက်လေယာဉ်တွေကို နှစ်ဆတိုးဖြန့်ကြက်ထားတယ်လို့ ဂျပန်နိုင်ငံ ယမန်နေ့မှာ ကြေငြာလိုက်ပါတယ်။

    ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက Kyushu ကျွန်းမှာ တပ်စွဲထားတဲ့ Tsuiki လေတပ်အခြေစိုက်စခန်းမှာ F-15 ဂျက်လေယာဉ် အစီး ၂၀ လောက်ကို အိုကီနာဝါကျွန်းက နာဟာလေတပ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ထားတယ်လို့ ပြောခဲ့တာပါ။

    “ဒါက နိုင်ငံတော်ကာကွယ်ရေးရဲ့ ရှေ့တန်းစစ်မျက်နှာ ဖြစ်ပါတယ်” လို့ ဂျပန် ဒုတိယကာကွယ်ရေးဝန်ကြီး ကင်ဂျီ ၀ါကာမီယာက နာဟာအခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ လေတပ် တပ်စိတ်တစ်ခု ဖွဲ့စည်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    အခုဆိုရင် အိုကီနာဝါကျွန်းက နာဟာအခြေစိုက်စခန်းပေါ်မှာ F-15 တိုက်လေယာဉ် စုစုပေါင်း အစင်း ၄၀ လောက် ဖြန့်ကျက်ထားပြီးဖြစ်ပါတယ်။

    ဂျပန်နဲ့ တရုတ်တို့ဟာ အရှေ့တရုတ်ပင်လယ်မှာ ရှိတဲ့ ကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် အားပြိုင်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အဲဒီကျွန်းစုကို ဂျပန်နိုင်ငံက Senkaku ဟု ခေါ်ဆိုပြီး တရုတ်က Diaoyus လို့ခေါ်ပါတယ်။

    တရုတ်ကလည်း ယင်းကျွန်းစုတွေဟာ ၎င်းရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းအဖြစ် ပိုင်ဆိုင်ပြီး ၎င်းရဲ့ အချုပ်အခြာသက်ရောက်မှုအပေါ် အငြင်းပွားစရာမရှိလို့ ဆိုထားပါတယ်။ ဂျပန်အစိုးရက ယင်းကျွန်းစုများကို အီရှီဂါကီကျွန်းရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။

    Ref: Channelnewsasia

  • ဗြိတိန်တစ်ဝှမ်း အစ္စလာမ့်သတင်းစကားမျှဝေမှု အစီအစဉ် လာမည့်သီတင်းပတ်တွင် စမည်

    ဗြိတိန်တစ်ဝှမ်း အစ္စလာမ့်သတင်းစကားမျှဝေမှု အစီအစဉ် လာမည့်သီတင်းပတ်တွင် စမည်

    ဇန်န၀ါရီ ၃၁၊ ၂၀၁၆
    M-Media

    british

    – မြင့်တက်လာသည့် အစ္စလာမ်ကြောက်ရောဂါကို တိုက်ဖျက်ရန်နှင့် အစ္စလာမ့်သတင်းစကားကို မျှဝေပေးရန်အတွက် ယူကေရှိ ဗလီဝတ်ကျောင်းတော်များမှာ Visit My Mosque Day လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပြုလုပ်သွားမည်ဟု သိရသည်။

    အဆိုပါ လှုပ်ရှားမှုတွင် နိုင်ငံတစ်ဝှမ်းရှိ ဗလီဝတ်ကျောင်းတော်ပေါင်း ၈၀ ကျော် ပါဝင်မည်ဖြစ်ပြီး ဦးစီးကျင်းပသည့် ဗြိတိန်မွတ်စလင်ကောင်စီ MCB ကမူ အဆိုပါလှုပ်ရှားမှုမှာ အစ္စလာမ်နှင့်ပတ်သက်သည့် ထင်မြင်ချက်အမှားများကို တိုက်ဖျက်ရန် ဗြိတိန်မွတ်စလင်များအတွက် အခွင့်အရေးတစ်ခု ဖြစ်မည်ဟု ပြောကြားခဲ့သည်။

    “ဒါက ယူကေကမွတ်စလင်တွေ အပြင်အသိုင်းအ၀ိုင်းနဲ့ ထိတွေ့ဖို့၊ သူတို့ရဲ့ အိမ်နီးချင်းတွေနဲ့ရင်းနှီးဖို့အတွက် အခွင့်အလမ်းတစ်ခုပါပဲ။ အဲဒီနေ့ဟာ လူတွေ တစ်ယောက်နဲ့တစ်ယောက် သိရှိစေမယ့်၊ ယူဆချက်အမှားတွေကို တိုက်ဖျက်မယ့်နေ့ ဖြစ်ပါလိမ့်မယ်” ဟု MCB ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထို့နေ့တွင် ဘာသာတရားပေါင်းစုံမှ ဧည့်သည်များကို ဗလီဝတ်ကျောင်းတော်များက ကြိုဆိုမည်ဖြစ်ပြီး အစ္စလာမ့်အကြောင်း မေးမြန်းသည့်အစီအစဉ်များ၊ ဗလီဝတ်ကျောင်းတော်များကို လှည့်လည်ပြသသည့် အစီအစဉ်များကိုလည်း ကျင်းပသွားမည်ဖြစ်ကာ အကြွေးအမွေးဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်သည်။

    ထိုလှုပ်ရှားမှုက နားလည်မှုပိုမိုရှိခြင်းနှင့် လူ့အဖွဲ့အစည်းတွင် ပိုမိုပူးပေါင်းပါဝင်လာခြင်းတို့ ဖြစ်လာမည်ဟု မျှော်လင့်နေကြသည်။ ပြီးခဲ့သည့်နှစ်ကလည်း ထိုကဲ့သို့ အခမ်းအနားမျိုးကို ဗြိတိန်တွင် ပြုလုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်ပေါင်း ၂၀ ကျော် ပါဝင်ခဲ့သည်။

    ပြင်သစ်နိုင်ငံတွင်မူ ယခုလအစောပိုင်းက အစ္စလာမ့်သတင်းစကားကို မျှဝေရန်အတွက် ထိုကဲ့သို့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့သည်။

    ဗြိတိန်၏ ၆၄ သန်းသော လူဦးရေတွင် အစ္စလာမ်ဘာသာဝင်များမှာ ၂.၇ သန်း ရှိနေသည်။ ပြီးခဲ့သည့်နိုဝင်ဘာက ပဲရစ်တိုက်ခိုက်မှုအပြီးနောက်ပိုင်း ယူကေတွင် အစ္စလာမ်ကြောက်ရောဂါမှာ သိသိသာသာ ကြီးထွားလာခဲ့ပြီး၊ အမုန်းတရားအခြေခံ၍ မွတ်စလင်များအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများလည်း မြင့်တက်လာခဲ့သည်ဟု ဗြိတိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် ဒီဇင်ဘာ တစ်လတည်းတွင်ပင် လန်ဒန်မြို့၌ အစ္စလာမ်ဘာသာဝင်များအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုမှာ ၁၅၈ မှုရှိပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက ၃ ဆကျော် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

    Ref: Press TV