ဖေဖော်ဝါရီ ၁၊ ၂၀၁၆
M-Media
– အရှေ့တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားနေသာ ကျွန်းစုအနီးတွင် တည်ရှိသည့် အိုကီနာဝါကျွန်းတွင် တပ်စွဲထားသော F-15 တိုက်လေယာဉ်တွေကို နှစ်ဆတိုးဖြန့်ကြက်ထားတယ်လို့ ဂျပန်နိုင်ငံ ယမန်နေ့မှာ ကြေငြာလိုက်ပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက Kyushu ကျွန်းမှာ တပ်စွဲထားတဲ့ Tsuiki လေတပ်အခြေစိုက်စခန်းမှာ F-15 ဂျက်လေယာဉ် အစီး ၂၀ လောက်ကို အိုကီနာဝါကျွန်းက နာဟာလေတပ်အခြေစိုက်စခန်းကို ပြောင်းရွှေ့ထားတယ်လို့ ပြောခဲ့တာပါ။
“ဒါက နိုင်ငံတော်ကာကွယ်ရေးရဲ့ ရှေ့တန်းစစ်မျက်နှာ ဖြစ်ပါတယ်” လို့ ဂျပန် ဒုတိယကာကွယ်ရေးဝန်ကြီး ကင်ဂျီ ၀ါကာမီယာက နာဟာအခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ လေတပ် တပ်စိတ်တစ်ခု ဖွဲ့စည်းခြင်းအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
အခုဆိုရင် အိုကီနာဝါကျွန်းက နာဟာအခြေစိုက်စခန်းပေါ်မှာ F-15 တိုက်လေယာဉ် စုစုပေါင်း အစင်း ၄၀ လောက် ဖြန့်ကျက်ထားပြီးဖြစ်ပါတယ်။
ဂျပန်နဲ့ တရုတ်တို့ဟာ အရှေ့တရုတ်ပင်လယ်မှာ ရှိတဲ့ ကျွန်းစုတွေရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအပေါ် အားပြိုင်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ အဲဒီကျွန်းစုကို ဂျပန်နိုင်ငံက Senkaku ဟု ခေါ်ဆိုပြီး တရုတ်က Diaoyus လို့ခေါ်ပါတယ်။
တရုတ်ကလည်း ယင်းကျွန်းစုတွေဟာ ၎င်းရဲ့ နယ်မြေတစ်စိတ်တစ်ပိုင်းအဖြစ် ပိုင်ဆိုင်ပြီး ၎င်းရဲ့ အချုပ်အခြာသက်ရောက်မှုအပေါ် အငြင်းပွားစရာမရှိလို့ ဆိုထားပါတယ်။ ဂျပန်အစိုးရက ယင်းကျွန်းစုများကို အီရှီဂါကီကျွန်းရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပါတယ်။
Ref: Channelnewsasia


Leave a Reply
You must be logged in to post a comment.