News @ M-Media
Author: Ko Lay
  • အရှေ့ဂျေရုစလင်ကို မြို့တော်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို တရုတ်ထောက်ခံ
    အရှေ့ဂျေရုစလင်ကို မြို့တော်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်မှုကို တရုတ်ထောက်ခံ
    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media
    pale
    – အီဂျစ်နိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်သမ္မတ ရှီကျင်ပင်းက အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ ပါလက်စတိုင်းနိုင်ငံထူထောင်ရန်အတွက် တိုက်တွန်းဆော်သြလိုက်သည်။
    ၎င်း၏ ဒုတိယအကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီစဉ်အဖြစ် ရောက်ရှိနေသည့် ရှီက ပါလက်စတိုင်းကိစ္စအား ဘေးဖယ်ထား၍မရဟုလည်း ဆိုသည်။
    “အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းတဲ့လုပ်ငန်းစဉ်နဲ့ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားပြီး ပါလက်စတိုင်းနိုင်ငံ ထူထောင်မှုကို ထောက်ခံပါတယ်” ဟု ရှီကျင်ပင်းက အာရပ်လိဂ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။
    ထို့ပြင် ပါလက်စတိုင်းပိုက်နက်များ၌ နေစွမ်းအင်သုံးကာ ဓာတ်အားထုတ်လုပ်ပေးနိုင်မည့် စီမံကိန်းများ တည်ဆောက်ရေးအတွက် ကန်ဒေါ်လာ ၇.၆ သန်း ကူညီသွားမည်ဟုလည်း တရုတ်သမ္မတက ကြေငြာခဲ့ကာ ပါလက်စတိုင်း-အစ္စရေး ပြဿနာကို အဆုံးသတ်ရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများကိုလည်း ရှေ့တိုးဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။
    “ပါလက်စတိုင်းပြည်သူတွေရဲ့ တရားဝင်အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်တာဟာ အာရပ်လိဂ်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တာဝန်ဝတ္တရားပါပဲ”
    အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်၍ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးကို နိုင်ငံတကာအသိုင်းအ၀ိုင်းက တရားဝင် အသိအမှတ်ပြု ထောက်ခံထားသော်လည်း အစ္စရေးက ထိုနေရာအား ကျူးကျော် ပိတ်ဆို့ထားကာ ပါလက်စတိုင်း ပိုင်နက်များတွင်လည်း တရားမ၀င်အခြေချအိမ်ယာများကို ဆက်လက်ဆောက်လုပ်လျက်ရှိနေသည်။
    ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန်၊ လစ်ဗျားနှင့် ယီမင်နိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ကန်ဒေါ်လာ ၃၅ သန်း ပေးအပ်သွားမည်ဟုလည်း ရှီက ကြေငြာခဲ့သည်။
    “ဆီးရီးယားပြဿနာမှာ အနိုင်ရတဲ့သူ မပေါ်တဲ့အတွက် ရှေ့မဆက်သင့်တော့ပါဘူး။ ဆီးရီးယားပြည်သူတွေကသာ ဒီကိစ္စမှာ ခံစားရတာပါ။ ဒီပဋိပက္ခကို အဆုံးသတ်ဖို့အတွက် ချက်ချင်းဦးစားပေးလုပ်ရမှာက အပစ်ရပ်ရေးနဲ့ နိုင်ငံရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေပါ။ တစ်ချိန်တည်းမှာပဲ ဆီးရီးယားမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ချက်ချင်း လိုအပ်ပါတယ်”
    ရှီကျင်ပင်းမှာ ကိုင်ရိုသို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခြင်းဖြစ်ပြီး ၁၂ နှစ်တာကာလအတွင်း အီဂျစ်သို့ ပထမဆုံး ရောက်ရှိသည့် တရုတ်သမ္မတ ဖြစ်သည်။ အီဂျစ်နှင့် တရုတ်နိုင်ငံတို့မှ တာဝန်ရှိသူများမှာ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ပေါင်း ၂၁ ခုကို လက်မှတ်ရေးထိုးခဲ့ကြသည်။
    Ref: Aljazeera
  • သင်းခွေချပ်အပါအ၀င် မြန်မာနိုင်ငံ၏ ရှားပါးမျိုးစိတ်ဝင်တိရစ္ဆာန်များ တရုတ် မှောင်ခိုဈေးကွက်၌ တွင်ကျယ်နေ
    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media
    ေေ
    (ဓာတ်ပုံ) တရုတ်ပြည် ကွမ်တုံပြည်နယ်ရှိ မြေအောက်သိုလှောင်ခန်းတစ်ခုမှ အာဏာပိုင်များ ဖမ်းဆီးမိခဲ့သော သင်းခွေချပ်များကို တွေ့ရစဉ်။ တရုတ်ပြည်၏ သည်းခြေကြိုက်လိုအပ်ချက်ဖြစ်သော ၎င်းတို့၏အစိတ်အပိုင်းများကို မြန်မာနိုင်ငံ မိုင်းလားမြို့၌ တရားမ၀င်ကုန်သွယ်မှုပြုလုပ်နေကြောင်း အစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
    – တရုတ်နယ်စပ် မြန်မာမြို့တစ်မြို့တွင် ကမ္ဘာ့အကြီးအမားဆုံး နို့တိုက်သတ္တ၀ါမှောင်ခိုဈေးကွက်ကို ပွင့်လင်းမြင်သာစွာ ပြုလုပ်နေကြောင်း လေ့လာချက်သစ်တစ်ရပ်မှ ဖော်ပြလိုက်သည်။
    တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်သော TRAFFIC ၏ လတ်တလောအစီရင်ခံစာသစ်ကို Global Ecology and Conservation ဂျာနယ်တွင် ဖော်ပြလိုက်သည်။ မြန်မာနိုင်ငံ မိုင်းလားမြို့(Mong La)သည် တောရိုင်းတိရစ္ဆာန်မှောင်ခိုဈေးကွက်ကြီးနှင့် ကုန်သွယ်ရေးကြားစခန်းဖြစ်နေကြောင်း ရေးသားထားသည်။ ၎င်းမိုင်းလားမြို့သည် မြန်မာနိုင်ငံ၏အထူးဒေသဇုန်တစ်ခုဖြစ်သော်လည်း တရုတ်ပြည်၏လက်အောက်ခံသဖွယ်ဖြစ်ကာ တရုတ်ရင်းနှီးမြှုပ်နှံသူများ တင်းကြမ်းပြည့်လျက်ရှိသည်။ မကောင်းမှုဒုစရိုက်စီးပွားရေးလုပ်ငန်းမှန်သမျှ တည်ရှိနေသဖြင့် တိုင်းမ်မဂ္ဂဇင်းမှ ဒုစရိုက်နိဗ္ဗာန် Ultimate Oasis of Sin ဟူ၍ အမည်ပေးထားသည်။ ကုန်သည်များသည် ဥပဒေကင်းမဲ့မှုကို အခွင့်ကောင်းယူကာ ဆင်၊ ကျား၊ ၀က်ဝံ၊ တိဗက်နွယ် တောင်ဆိတ်၊ ကျားသစ်၊ သင်းခွေချပ် အစရှိသော တားမြစ်စာရင်းဝင်တောရိုင်းတိရစ္ဆာန်တို့၏အစိတ်အပိုင်းများကို ကုန်သွယ်ဖောက်ကားလျက်ရှိကြသည်။ တရုတ်ပြည်၏ သည်းခြေကြိုက် သင်းခွေချပ်မျိုးစုံတို့ကို မြန်မာနိုင်ငံ မိုင်းလားမြို့၌ တရားမ၀င်ကုန်သွယ်မှုပြုလုပ်ပြီး ဈေးကွက်လိုအပ်ချက်ဖြည့်ဆည်းပေးနေကြောင်း အဆိုပါအစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
    သင်းခွေချပ်သည် နို့တိုက်သတ္တ၀ါများအနက် ကမ္ဘာပေါ်တွင် ကုန်သွယ်ရောင်းဝယ်မှု အခံရဆုံးအမျိုးအစားဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း အကောင်ရေ တစ်သန်းအထက်မှာ တရားမ၀င်ကုန်သွယ်ရောင်းဝယ်ခံခဲ့ရသည်။ ၎င်းပုရွက်ဆိတ်စား ခြေလေးချောင်း နို့တိုက်သတ္တ၀ါများကို နေရာအနှံ့ တွေ့နိုင်ကြသော်လည်း အသား၊ အရေပြား စသည့် အစိတ်အပိုင်းအားလုံး၏ အသုံးဝင်မှုအနေအထားကြောင့် ဥပဒေမဲ့သားကောင်ဖမ်းဆီးသူများက လက်လွတ်မခံကြသဖြင့် ၎င်းတို့၏မျိုးစိတ် ပျောက်ကွယ်တော့မည်ဖြစ်သည်။
    ၎င်းတို့ကို တရုတ်နှင့် ဗီယက်နမ်၌ စုပုံတွေ့ရလေ့ရှိပြီး၊ အကြောအဆစ်ရောင်နာကြင်သောဝေဒနာနှင့် နှင်းခူရောဂါမှသည် ကင်ဆာနှင့် ပန်းသေပန်းညှိုးရောဂါအထိ ရောဂါကုသရေးဆေးဝါးအဖြစ် ကျယ်ပြန့်စွာ အသုံးပြုကြ၏။ ၎င်းတို့၏အသားကိုလည်း ဟင်းလျာများအဖြစ် စားသုံးကြသည်။
    မကြာခဏဆိုသလို သင်းခွေချပ်များမှာ အစုလိုက်အပြုံလိုက် တရားမ၀င်ကုန်သွယ်ရောင်းဝယ်ခံရသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာတွင် တရုတ်ပြည်တောင်ပိုင်း ကွမ်တုံပြည်နယ်၌ အေးခဲသေတ္တာ ၄၁၄ လုံးအတွင်း မက်ထရစ်တန်ချိန်ပေါင်း ၁၁.၅ တန်ကို အကောက်ခွန်အရာရှိများက ဖမ်းဆီးနိုင်ခဲ့သည်။
    အာရှ သင်းခွေချပ်မျိုးစိတ်လေးမျိုးအနက် သုံးမျိုးမှာ မြန်မာနိုင်ငံမှဖြစ်သည်။ TRAFFIC ၏ ကွင်းဆင်းလေ့လာသူများသည် တစ်မနက်ခင်းလေ့လာမှုအတွင်းမှာပင် မိုင်းလားဈေး၌ မြန်မာမျိုးစိတ် သင်းခွေချပ်အစိတ်အပိုင်းများ အပုံအပင်ရောင်းချနေသည်ကို တွေ့ရကြောင်း၊ မည်သည့်ဒေသမှတင်ပို့လာသည်ကို အတိအကျမသိရကြောင်း ဆိုသည်။ မြန်မာသည် တရုတ်ပြည်ဝင်ပေါက်ဖြစ်နေခြင်းကို အခွင့်ကောင်းယူ၍ မှောင်ခိုကုန်သည်များက မြန်မာနိုင်ငံမှသာ မဟုတ်၊ ကပ်လျက်နိုင်ငံများအပြင် အာဖရိကထွက် သင်းခွေချပ်များအထိ မြန်မာကို ကြားစခန်းပြု၍ ကုန်သွယ်နေကြပေသည်။ မြန်မာနိုင်ငံသည် ရှားပါးမျိုးစိတ်တိရစ္ဆာန်ကုန်သွယ်ဖောက်ကားခြင်းကို လျစ်လျူရှုထားကြောင်း၊ သင်းခွေချပ်များ ဖမ်းဆီးမှုသတင်းတစ်ပုဒ်မျှပင် ဖော်ပြခြင်း မရှိခြင်းမှာ ဤအချက်ကိုထင်ရှားစေကြောင်း ၎င်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
    Sorce : National Geographic
  • ပါလက်စတိုင်းတို့၏ လယ်ယာလုပ်ငန်းကို နည်းမျိုးစုံးနဲ့ ဖျက်ဆီးနေတဲ့ အစ္စရေး
    ပါလက်စတိုင်းတို့၏ လယ်ယာလုပ်ငန်းကို နည်းမျိုးစုံးနဲ့ ဖျက်ဆီးနေတဲ့ အစ္စရေး
    ဇန်န၀ါရီ ၂၂၊ ၂၀၁၅
    M-Media
    pales
    ပါလက်စတိုင်းတို့၏ စိုက်ခင်းတစ်ခု
    – ဇန်န၀ါရီ ၇ ရက်နေ့က ဂါဇာအရှေ့ဘက်ခြမ်း အစ္စရေးနယ်စပ်ခြံစည်းရိုးနားမှာရှိတဲ့ ပါလက်စတိုင်းတို့ရဲ့ လယ်ယာစိုက်ခင်းတွေပေါ်မှာ လယ်ယာလုပ်ငန်းသုံး လေယာဉ်ငယ်တစ်စီးဟာ အနိမ့်ပျံသန်းပြီး ပေါင်းသတ်ဆေးတွေ ဖြန်းခဲ့တာကြောင့် ပါလက်စတိုင်းတို့ရဲ့ ကောက်ပဲသီးနှံနဲ့ လယ်ဧက ၁၆၂ ဟက်တာလောက် ပျက်ဆီးဆုံးရှုံးသွားခဲ့ရပါတယ်။
    “ဖြန်းသွားတဲ့ ပေါင်းသတ်ဆေးတွေက တော်တော်ပြင်းပါတယ်။ ဒါ့ကြောင့် မြေဆီထဲမှာ စိမ့်ဝင်သွားပြီး၊ ရေသိုလှောင်ထားတဲ့နေရာတွေအထိ ရောက်သွားပါတယ်။ ဒါဟာ ပြည်သူလူထုအတွက် တော်တော်လေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်” လို့ ပါလက်စတိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန ဓာတုဗေဒဓာတ်ခွဲခန်းရဲ့ မန်နေဂျာဖြစ်သူ အန်ဝါရ် အဘူ အက်ဆီ ပြောခဲ့ပါတယ်။
    အဲဒီအဆိပ်ရည်တွေဖြန်းသွားတဲ့နေရာဟာ ပါလက်စတိုင်းပိုင်နက်ထဲက မြေပေါ်မှာ အစ္စရေးက မဖြစ်သန်းရဇုန်အဖြစ် တစ်ဖက်သတ်ကြေငြာထားတဲ့ ဒေသထဲမှာ ပါဝင်ပါတယ်။
    အစ္စရေးက ဒီလို ပိုင်စိုးပိုင်နင်းသတ်မှတ်ထားတဲ့ မဖြတ်သန်းရဇုန်ဟာ ပါလက်စတိုင်းပိုင် ဂါဇာဒေသရဲ့ ၁၇ ရာခိုနှုန်းနီးနီးလောက် ရှိပြီး ဂါဇာကမ်းမြှောင်က အရေးပါပြီး မြေဆီမြေသြဇာပြည့်ဝတဲ့ စိုက်ပျိုးမြေရဲ့ ၃ ပုံတစ်ပုံလောက် အဲဒီအထဲမှာ ပါသွားခဲ့ပါတယ်။
    အသက် ၄၀ အရွယ် ယူဆက်ဖ် ရှာဟင်ကတော့ သူရဲ့ လယ်ယာမြေတွေနဲ့ ခန်ယူနစ်အရှေ့ပိုင်းဒေသ အလ်-ဖာရာဟင်က လယ်ယာမြေတွေကို ရေပေးဝေနေတဲ့ တိုင်ကီကြီးကို ပြီးခဲ့တဲ့တစ်ပတ်မှာ အစ္စရေးတပ်ဖွဲ့တွေက ပစ်မှတ်ထား ဖျက်ဆီးခဲ့ပြီးတဲ့နောက်ပိုင်း လယ်ယာမြေတွေကို ပြန်လည်ရှန်သန်အောင်လုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။
    အဲဒီရေတိုင်ကီနဲ့ ရေဖြန့်ဖြူးရေးစနစ်တွေကို အစ္စရေးရဲ့ဖျက်ဆီးမှုက ဆာဟင်နဲ့ သူ့ရဲ့ အိမ်နီးချင်း လယ်သမားတွေကို ကန်ဒေါ်လာ ၁၅၀၀၀ လောက် ဆုံးရှုံးစေခဲ့ပါတယ်။ ဆာဟင်က အစိုးရကလည်း ထောက်ပံ့မှုမပေးဘူးလို့ ဆိုပါတယ်။
    “ထောက်ပံ့မှုမရှိဘဲနဲ့ ဒီစနစ်ကြီးကို ကျွန်တော်တို့ ဘယ်လို့မှ ပြန်မတည်ဆောက်နိုင်ပါဘူး။ ရေသွင်းစိုက်ပျိုးဖို့အတွက် ရေးပေးဝေမှုစနစ် ကျွန်တော်တို့မှာ မရှိတော့ပါဘူး။ ဒီတစ်နှစ်တော့ ကျွန်တော်တို့ သွားပါပြီ” လို့ ဆာဟင်က ပြောကြားခဲ့ပါတယ်။
    ပါလက်စတိုင်းလယ်ယာမြေတွေအတွက် ရေပေးဝေနေတဲ့စနစ်ကို အစ္စရေးစစ်တပ်က ဖျက်ဆီးမှုဟာ ဆာဟင်နဲ့ သူရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နောက်ထပ် ဒုက္ခတစ်မျိုး ရောက်စေခဲ့ပါတယ်။
    အစ္စရေးက တစ်ဖက်သတ် မဖြတ်သန်းရဇုန်လို့ ကြေငြာထားတဲ့ ဒီနေရာဟာ ဂါဇာကမ်းမြှောင်တစ်ခုလုံးက စားနိပ်ရိက္ခာဖူလှုံရေးအတွက် အင်မတန် အရေးပါတဲ့နေရာပါ။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ အစ္စရေးစ်သားတွေဟာ ဒီဇုန်ကိုဝင်လာတဲ့ ပါလက်စတိုင်း အနည်းဆုံး ၁၆ ဦးကို သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီအထဲက အများစုဟာ ခြံစည်းရိုးအနားမှာ ဆန္ဒပြနေတုန်း အစ္စရေးလက်ဖြောင့်တပ်သားတွေရဲ့ ပစ်သတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
    သူတို့ရဲ့ လယ်ယာမြေတွေနားကို ချဉ်းကပ်သွားတဲ့ ပါလက်စတိုင်း လယ်သမားတွေလည်း ပစ်ခတ်သတ်ဖြတ်ခံရတဲ့ သတင်းတွေ ထပ်ပြီး ထွက်ပေါ်လာခဲ့ပါသေးတယ်။
    “ဒီကောက်ပဲသီးနှံတွေကိုစိုက်ပျိုးတာဟာ နေ့စဉ် ဘ၀နဲ့ရင်းပြီး လုပ်နေရတာပါ။ အခုတော့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဟာ သဲထဲရေသွန် ဖြစ်ခဲ့ပါပြီ” လို့ ဆာဟင်က သူစိုက်ထားတဲ့ ဟင်းနုနွယ်မျိုးစေ့လေးတွေကို ကြည့်ရှုရင်း ပြောကြားခဲ့ပါတယ်။
    ဆာဟင်ဆုံးရှုံးသွားတဲ့ စိုက်ခင်းတွေထဲမှာ ဟင်းနုနွယ်စိုက်ခင်း၊ ပဲစိုက်ခင်း၊ မုန်လာစိုက်ခင်းနဲ့ ပဲတောင့်ရှည်စိုက်ခင်းတွေ ပါဝင်ပါတယ်။ ဆာဟင် ပြန်လည်စိုက်ပျိုးဖို့ ကြိုးစားမှုဟာလည်း အောင်မြင်မလားဆိုတာ မသေချာသေးပါဘူး။
    စိုက်ခင်းတွေပေါ်မှာ အစ္စရေးက ပေါင်းသတ်ဆေး အဆိပ်ရည်တွေ ဖြန်းမှုဟာ တစ်ဖတ်သက် သတ်မှတ်ထားတဲ့ မဖြတ်သန်းရဇုန်ထက်ကို ကျော်လွန်သွားခဲ့ပြီး၊ လေတိုက်ခတ်မှုကလည်း အဲဒီ ဓာတုဗေဒ ပစ္စည်းတွေကို ဂါဇာကမ်းမြှောင်ရဲ့ အခြားနေရာတွေအထိ ရောက်ရှိသွားစေတယ်လို့ လယ်သမားတွေက ပြောကြားခဲ့ပါတယ်။ ဒီအကျိုးဆက်တွေဟာ ရေရှည်ဒုက္ခပေးမှာကိုလည်း သူတို့ ကြောက်ရွံ့နေကြပါတယ်။
    အဘူအက်ဆီကတော့ ပေါင်းသတ်ဆေးနဲ့ ပိုးသတ်ဆေး တစ်ခုချင်းဆီဟာ သီးနှံတွေကို မစိုက်ပျိုးခင်မှာ အချိန်အဆနဲ့ သုံးရတာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ အခုလို ပြင်းထန်တဲ့ အနေအထားမျိုးဆိုရင်တော့ သူတို့ရဲ့ လယ်ယာမြေတွေဟာ ရေရှည်အတွက်ပါ အန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း သူ့မှာ ရှိနေပါတယ်။
    အစ္စရေးစစ်တပ်က တာဝန်ရှိသူတစ်ဦးကတော့ သူတို့ဒီလိုဖျက်ဆီးတာဟာ လုံခြုံရေးအကြောင်းကြောင့်ပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ်အတွင်း ဂါဇာကို အစ္စရေးက တိုက်ခိုက်မှုအတွင်းမှာလည်း ပါလက်စတိုင်းတွေရဲ့ လယ်ယာကဏ္ဍဟာ ဆုံးရှုံးမှုတွေရှိခဲ့ပြီး ကန်ဒေါ်လာ သန်း ၅၅၀ ဖိုးလောက် ပျက်ဆီးခဲ့ပါတယ်။ လယ်ယာမြေ ၁၄၀၀၀ ဟက်တာလောက်ဟာ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ အစ္စရေးက ဗုံးကြဲနေစဉ်အတွင်းမှာ လယ်ယာမြေတွေကို သွားရောက်လုပ်ကိုင်နိုင်ခြင်း မရှိတာကြေင့် နောက်ထပ် ကောက်ပဲသီးနှံတွေ စိုက်ပျိုးထားတဲ့ လယ်ယာမြေဟက်တာ ထောင်နဲ့ချီလည်း ပျက်ဆီးခဲ့ပါတယ်။
    လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလည်း အစ္စရေး တိုက်လေယာဉ်တွေဟာ ဂါဇာက အဓိက စိုက်ပျိုးရေး သုတေသနအဆောက်အဦးတစ်ခုကို ဗုံးကြဲဖျက်ဆီးခဲ့တာကြောင့် ကန်ဒေါ်လာ ၃ သိန်းဖိုးလောက် ထိခိုက်ပျက်ဆီးခဲ့ပြီး၊ သုတေသနအဆောက်အအုံ၊ ဓာတ်ခွဲခန်းတွေ၊ ယာဉ်တွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ကြီးတစ်ခုတို့လည်း ပျက်ဆီးခဲ့ပါတယ်။
    အဲဒီ သုတေသနဌာနဟာ ဒေသတွင်းက လယ်သမားတွေအတွက် မျိုးစေ့အသစ်တွေ၊ အပင်အသစ်တွေကို ထုတ်လုပ်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် အစ္စရေးရဲ့ ဗုံးကြဲမှုအတွင်းမှာ အဆောက်အဦးကို လုံးဝဖျက်ဆီးခဲ့ပြီး ဒါဟာ လယ်ယာလုပ်ငန်းမှာ အမှီအခိုကင်းအောင်၊ လုံလုံလောက်လောက်ဖြစ်အောင် ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းပြည်သူတွေကို ဒုက္ခရောက်စေဖို့ အစ္စရေးက ဆောင်ရွက်လိုတဲ့ပုံ ပေါ်ပါတယ်။
    သုတေသနဌာနရဲ့ မန်နေဂျာဖြစ်သူ ရှာဟာရ် အလ်-ရီဖီက လက်ရှိအချိန်မှာ သူတို့ရဲ့ဌာနဟာ ၇၀ ရာခိုင်နှုန်းလောက် သုံးလို့မရတော့ဘူးလို့ ဆိုပါတယ်။ လယ်ထွန်စက်တွေ၊ စိုက်ပျိုးရေစက်ပစ္စည်းတွေတင်သွင်းဖို့ အစ္စရေးက ကန့်သတ်ပိတ်ပင်ထားမှုနဲ့အတူ အပြည့်အ၀ ပြန်လည် လည်ပတ်ဖို့အတွက် တော်တော်လေးကြာအုံးမယ်လို့ အလ်-ရီဖီက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    ပါလက်စတိုင်း လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာန၏ အထွေထွေညွှန်ကြားရေးမှူး အဒဲလ် အာတာလာဟ်က လယ်ယာစိုက်ပျိုးရေးကဏ္ဍ တစ်ခုလုံးဟာ ဟောင်းနွမ်းအိုမင်းနေတဲ့ စက်ပစ္စည်းတွေကိုပဲ နှစ်ပေါင်းများစွာ အသုံးပြုခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
    “ဒေသတွင်းလယ်သမားတွေဟာ အလုပ်လုပ်လို့မရတဲ့ ကိရိယာတွေကို အစားထိုးဖို့ ကြိုးစားရာမှာ ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ အစ္စရေးက ဘာမှကို တင်သွင်းခွင့်မပေးပါဘူး”
    ဂါဇာက လယ်ယာစိုက်ပျိုးရေကဏ္ဍမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေဟာ ထောင်သောင်းမက များပြားပါတယ်။ ရေသွင်းစိုက်ပျိုးမှုဟာ လျှင်စစ်ဓာတ်အား လုံလုံလောက်လောက်မရမှုကြောင့် အခက်အခဲဖြစ်နေပါတယ်။ လျှပ်စစ်ဓာတ်အားကလည်း တစ်နေ့ကို ၁၂ နာရီအောက်သာ ရရှိပါတယ်။ လယ်သမားတွေဟာ ရေတွေကိုစုပ်ဖို့ မီးစက်တွေကို အသုံးပြုရပြီး လောင်စာဆီအတွက် ထပ်မံကုန်ကျမှုဟာ သူတို့ရဲ့ စီးပွားရေး ထိခိုက်မှုအတွက် နောက်ထပ်အကြောင်း အရင်းလည်းဖြစ်နေပါတယ်။
    Ref: Aljazeera
    (Aljazeera သတင်းဌာနမှ ဖော်ပြသည့် Israel spraying toxins over Palestinian crops in Gaza ဆောင်ပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • ၀က်တုပ်ကွေးကြောင့် ဥရောပတွင် လူ ၂၁ ဦးသေဆုံး
    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media
    h1n1
    – ပြီးခဲ့တဲ့နှစ်လအတွင်း အာမေးနီးယားမှာ H1N1 ၀က်တုပ်ကွေးကြောင့် လူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပြီး လူထုကို ကူးစက်ပြန့်ပွားတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။
    ဇန်န၀ါရီ ၁၃ ရက်နေ့အထိ သေဆုံးသူ ၁၀ ဦးသာ ရှိခဲ့ပေမယ့်၊ မနေ့မှာတော့ ၁၈ ဦးအထိရှိလာပြီး၊ ဒီလိုသေဆုံးမှုတွေဟာ ကပ်ရောဂါအဖြစ် သတ်မှတ်လို့ မရသေးဘူးလို့လည်း အာမေးနီးယား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့အထဲမှာ ဖော်ပြထားပါတယ်။ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဂျော်ဂျီယာမှာလည်း ဒီနှစ်ထဲမှာ ၀က်တုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦး ရှိသွားပြီလို့ သိရပါတယ်။
    “၂၀၁၆ ဇန်န၀ါရီလထဲမှာ ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ H1N1 ဗိုင်းရပ်စ်ပိုးကြောင့် လူ ၃ ဦးသေဆုံးခဲ့ပါတယ်”လို့ ဂျော်ဂျီယာ အမျိုးသား ရောဂါထိန်းချုပ်ရေးနှင့် လူထုကျန်းမာရေး ဗဟိုဌာနချုပ်အကြီးအကဲ အမီရန် ဂမ်ကရီလစ်ဒ်ဇီက ပြောကြားခဲ့ပါတယ်။
    အဲဒီ သေဆုံးသူ သုံးဦးစလုံးဟာ ဂျော်ဂျီယာအနောက်ပိုင်းက အမျိုးသားတွေချည်းပဲဖြစ်တယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံလုံးက ဆရာဝန်တွေက သေဆုံးခဲ့တဲ့လူနာတွေနဲ့ပက်သက်လို့ ရှုပ်ထွေးမှုတစ်ချို့ရှိပြီး ဆေး ၀ါးအကူအညီ အတော်နောက်ကျတာလည်းပါတယ်လို့ ပြောကြားခဲ့ကြပါတယ်။
    Ref : Reuters
  • တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၆)
    တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် အလှအပ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၆)
    ဇန်န၀ါရီ ၂၂၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    hygiene ၂
    –  အလယ်ခေတ်အချိန်ကာလတွေကို အနံ့ဆိုးတွေ၊ မှောင်မိုက်မှုတွေ၊ ကြမ်းတမ်းမှုတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ ကာလတွေအဖြစ် မကြာခဏ ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် ၁၀ ရာစုက အစ္စလာမ်ကမ္ဘာမှာတော့ တစ်ကိုယ်ရည်သန့်ရှင်းရေး စွန့်ဦးကျင့်သုံးမှုတွေရှိခဲ့ပြီး၊ အဲဒီခေတ်အခါက ရေချိုးခန်းတွေမှာလည်း ဒီနေ့ ကျွန်တော်တို့ သုံးစွဲနေတဲ့ တစ်ကိုရည်သန့်ရှင်းရေး ပစ္စည်းမျိုးစုံနဲ့ ပြည့်နှက်နေတာကို လေ့လာသိရှိရပါတယ်။
    whudu machine
    အလ်-ဂျာဇာရီ၏ ‘၀ူသူပြုစက်’ လက်ရေးမူဒီဇိုင်း
    မွတ်စလင်တွေဟာ ဆပ်ပြာကိုလည်း ဆီ (သံလွင်ဆီ) နဲ့ အလ်-ကွာလီ (Al-Quali – ဆားကဲ့သို့ ဒြပ်ပစ္စည်းတစ်မျိုး) တို့ကိုပေါင်းပြီး တီထွင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီခေတ်အခါက ရေးသားထားတဲ့ လက်ရေးမှုတွေအရ ဒီပစ္စည်းနှစ်ခုကို သင့်တော်တဲ့ အပျော့အမာအနေအထားရောက်အောင် ကြိုပြီး၊ အခြောက်ခံကာ ဟမ်မမ်စ် (Hammams – ရေချိုးခန်း) တွေမှာ အသုံးပြုကြတယ်လို့ သိရပါတယ်။
    အလယ်ခေတ်မွတ်စလင်တွေဟာ ရုပ်ဆင်းသွင်ပြင်အလှဆင်မှု အတတ်ပညာနဲ့ပတ်သက်ပြီး တော်တော်လေး ပေါက်မြောက်ခဲ့ကြပါတယ်။ အဲဒီအထဲက ကျွမ်းကျင်သူတစ်ဦးကတော့ အလ်-ဇာဟ်ရာဝီ (Al-Zahrawi) ပဲဖြစ်ပါတယ်။ သူဟာ နာမည်ကျော် ခွဲစိတ်ဆရာဝန်ကြီးတစ်ယောက်ဖြစ်ပြီး သူရဲ့ ဆေးပညာကျမ်းကြီးဖြစ်တဲ့ အလ်-တက်စ်ရစ်ဖ် (Al-Tasrif) မှာ အလှအပပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အခန်းတစ်ခန်းကို The Medicines of Beauty (အလှအပအတွက် ဆေးနည်းများ) ခေါင်းစဉ်နဲ့ ထည့်သွင်းခဲ့ပါတယ်။
    အလ်-ဇာဟ်ရာဝီဟာ အဲဒီအခန်းမှာ ဆံပင်နဲ့အသားအရေ၊ သွားနဲ့ခံတွင်း ထိန်းသိမ်းစောင့်ရှောက်မှု နည်းလမ်းတွေ၊ အလှဆင်မှုနည်းလမ်းတွေကို ဖော်ထုတ်ရေးသားထားပြီး အဲဒီရေးသားချက်တွေအားလုံးဟာ အစ္စလာမ့်သတ်မှတ်ချက်ဘောင်တွေထဲက ဖြစ်ခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အနံမွှေးစပရေး၊ ပလုပ်ကျင်းဆေး၊ လက်လိမ်းခရင်မ်၊ အထူးပုံစံခွက်ထဲမှာ လောင်းထားတဲ့ နံသာချောင်း ဖော်စပ်ထုတ်လုပ်မှု အကြောင်းတွေကိုလည်း ရေးသားခဲ့ပြီး အဲဒီနံသာချောင်းတွေဟာ ဒီနေ့ခေတ် Roll On အနံ့အသက်ပျောက်ဆေးတွေရဲ့ ရှေ့ပြေးလည်း ဖြစ်ခဲ့ပါတယ်။   နောက်ပြီး ဆံပင်နှုတ်ကိရိယာ၊ ဆံပင်ဆိုးဆေး၊ ဆံပင်တောင့်ဆေး စတာတွေကိုလည်း သူ့ရဲ့အဲဒီစာအုပ်ထဲမှာ အလ်-ဇာဟ်ရာဝီက ထည့်သွင်းဖော်ပြခဲ့ပါတယ်။ နေပူဒဏ်ကိုကာကွယ်တဲ့ လိမ်းဆေးခရင်မ်ရဲ့ အကျိုးကျေးဇူးတွေကိုလည်း ဒီအခန်းမှာ တွေ့မြင်ရပြီး ဒီလိမ်းဆေးဖန်တီးဖို့အတွက် သုံးစွဲရမယ့် ပါဝင်ပစ္စည်းတွေကို ဖော်ပြထားမှုမှာတော့ လွန်ခဲ့တဲ့နှစ်ထောင်ချီက ဇာဟ်-ရာဝီရဲ့ အံ့သြဖွယ် စဉ်းစားတွေးခေါ်ဉာဏ်ကို တွေ့ရှိခဲ့ရပါတယ်။
    လက်ရှိ အီရတ်နိုင်ငံမှာရှိတဲ့ ကူဖာ (Kufa) မြို့မှာ မွေးဖွားခဲ့တဲ့ အလ်-ကင်ဒီ (Al-Kindi) ဟာ ရေမွှေးနဲ့ ပတ်သက်တဲ့ ကျမ်းကြီးတစ်စောင်ကို ပြုစုခဲ့ပြီး အဲဒီကျမ်းကြီးကိုတော့ Book of the Chemistry of Perfume and Distillations (ရေမွှေးနှင့် အဆီချက်လုပ်မှုဆိုင်ရာ ဓာတုဗေဒကြမ်း) လို့ ခေါ်တွင်ပါတယ်။ အဲဒီကျမ်းမှာ နံသာဆီနဲ့ ရေမွှေးတို့လို မွှေးအကြိုင်ပစ္စည်းတွေ ဖော်စပ်ထုတ်လုပ်မှုနဲ့၊ ဆေးဝါးထုတ်လုပ်မှုနည်းလမ်းတွေ ပါဝင်ပါတယ်။ အစပိုင်းမှာတော့ လူ့အဖွဲ့အစည်းက အထက်တန်းစားအလွှာတွေသာ ရေမွှေးကို သုံးစွဲနိုင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ လူတိုင်း အသုံးပြုလာနိုင်ခဲ့ပါတယ်။
    al-Zahrawi
    အလှအပဆေးနည်းများကို ဖော်ထုတ်ခဲ့သူ အလယ်ခေတ် ထိပ်တန်း မွတ်စလင်ခွဲစိတ်ဆရာဝန်ကြီး အလ်-ဇာဟ်ရာဝီ
    မွတ်စလင်ဓာတုဗေဒပညာရှင်တွေဟာ အပင်တွေ၊ ပန်းပွင့်တွေကနေ အဆီချက်လုပ်ကာ ရေမွှေးတွေ၊ ဆေ၀ါးတွေကို ထုတ်လုပ်ဖော်စပ်ခဲ့ကြပါတယ်။
    မွတ်စလင်တွေရဲ့ ဒီ တီထွင်ကြံဆမှုတွေ၊ အယူအဆတွေဟာ ဥရောပကို ကုန်သည်တွေ၊ ခရီးသွားတွေနဲ့ ခရူးဆိတ်စစ်သားတွေကနေတစ်ဆင့် တစ်ဖြည်းဖြည်းခြင်း စိမ့်ဝင်ရောက်ရှိသွားကြပါတယ်။ မွတ်စလင်တွေရဲ့ အလှအပ၊ ရေမွှေးနဲ့ဆိုင်တဲ့ ဒီအသိပညာ၊ အတတ်ပညာတွေဟာ နောက်ဆုံးမှာ ရေမွှေးလုပ်ငန်းအတွက် အသင့်တော်ဆုံး ရာသီဥတုနဲ့ ရေခံမြေခံရှိတဲ့ ပြင်သစ်တောင်ပိုင်း ဟူတီပြည်နယ် (Haute) ကို ရောက်ရှိသွားခဲ့ပြီး နှစ် ၇၀၀ ကြာညောင်းသည့်တိုင်အောင် ရှင်သန်ခဲ့ပါတယ်။
    အစ္စလာမ်လူ့အဖွဲ့အစည်းရဲ့ နောက်ထပ်အရေးပါတဲ့ အလှအပ ပစ္စည်းကတော့ လက်တွေမှာ ကနုတ်ပန်းပုံစံကို ရှုမငြီးဖွယ် ပုံဖော်ထားလေ့ရှိတဲ့ ‘ဒန်း’ ပဲဖြစ်ပါတယ်။ အစ္စလာမ်သာသနာ ပြန့်နှံ့မှုနဲ့အတူ ဒီ ဒန်းဆိုးဆေးဟာလည်း ကမ္ဘာ့တစ်နှံတစ်လျားကို ရောက်ရှိခဲ့ပြီး အလှအပပစ္စည်းတွေအတွက် အဓိက ပါဝင်ပစ္စည်း ဖြစ်ခဲ့ပါတယ်။
    တမန်တော် မုဟမ္မဒ်နဲ့ သူရဲ့ သာဝကကြီးတွေဟာ မုတ်ဆိတ်ကို ဒန်းဆိုးလေ့ရှိပြီး၊ အမျိုးသမီးတွေဟာလည်း သူတို့ရဲ့ လက်တွေ၊ ခြေထောက်တွေနဲ့ ဆံပင်တွေကို ဒီနေ့ခေတ် အမျိုးသမီးတွေလိုပဲ ဒန်းဆိုးခြယ်သကြပါတယ်။ ခေတ်ပေါ် သိပ္ပံပညာရှင်တွေက ဒန်းဟာ ဘက်တီးရီးယား၊ မှိုတက်မှုတို့ကို ကာကွယ်ပေးသလို သွေးတိတ်စေတဲ့ ပစ္စည်းတစ်ခု ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒန်းဟာ အနာကိုကျက်စေပြီး၊ အရေပြားမှိုစွဲရောဂါနဲ့ ရောင်ရမ်းမှုတွေကိုလည်း သက်သာပျောက်ကင်းစေပါသေးတယ်။
    ဒန်းပင်ရဲ့အရွက်နဲ့ အစေ့တွေမှာ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေရှိပြီး နှစ်ခုစလုံးဟာ ခန္ဓာကိုယ်နဲ့ ဦးခေါင်းကို အေးမြစေပါတယ်။ ဒါတင်မကသေးပဲ ဒန်းမှာ ဆံပင်ကို သန်စွမ်းနက်မှောင်စေတဲ့ သဘာဝပစ္စည်းတွေလည်း ပါဝင်ပါတယ်။
    ခေါင်းလျှော်မှုနဲ့ အကြောဖြေနှိပ်နယ်မှု
    KbR1JBHWJFEL4JMffD4ECCWT
    အိန္ဒိယမွတ်စလင် မာဟိုမက်၏ ရေနွေးရေချိုးခန်း
    ၁၇၇၀ ပြည့်နှစ်တွေနဲ့ ၁၇၈၀ ပြည့်နှစ်တွေဟာ အင်္ဂလန်နိုင်ငံ ဘရိုက်တန်မြို့မှာ ကမ်းခြေအပန်းဖြေလုပ်ငန်း ကြီးထွားလာတဲ့နှစ်တွေ ဖြစ်ခဲ့ပြီး အိန္ဒိယ မွတ်စလင်တစ်ဦးဖြစ်တဲ့ ရှိခ် ဒင် မာဟိုမက် (Sheikh Dean Mahomed) ကလည်း အဲဒီအချိန်ကာလမှာပဲ ဘရိုက်တန်ကို ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ပတ္တနာ (Patna) မြို့က မွတ်စလင်မိသားစုတစ်ခုကနေ ဆင်းသက်လာတဲ့ မာဟိုမက်ဟာ ၁၇၅၉ ခုနှစ်မှာ ဘရိုက်တန်ရဲ့ ပင်လယ်ကမ်းခြေမှာ အိန္ဒိယရေနွေးရေချိုးခန်း (Indian Vapour Baths)  ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒီရေချိုးခန်းဟာ တူရကီရေချိုးခန်းတွေနဲ့ တော်တော်လေး ဆင်တူပါတယ်။
    ဒါပေမယ့် ဒီအိန္ဒိယရေချိုးခန်းမှာတော့ ဖောက်သည်တွေကို ရွက်ဖျင်တဲတစ်ခုချင်းဆီမှာ ထားစေပြီး ရွက်ဖျင်တဲရဲ့ ဟနေတဲ့နေရာကနေ လက်နှစ်ချောင်းဝင်လာကာ အိန္ဒိယက ချမ်ပီ (Champi – ခေါင်းလျှော်) ၀န်ဆောင်မှုနဲ့ အကြောဖြေနှိပ်နယ်ပေးတဲ့ ၀န်ဆောင်မှုတွေကို ပြုလုပ်ပေးပါတယ်။ ထူးခြားတဲ့ ဒီရေနွေးရေချိုးခန်းနဲ့ ခေါင်းလျှော်ပေးတဲ့ ၀န်ဆောင်မှုကြောင့် ရှိခ် ဒင် မာဟိုမက်ဟာ အင်္ဂလန်မှာ နာမည်ကြီးခဲ့ပြီး အင်္ဂလန်ဘုရင် ဂျော့ဂ်ျ ၄ (George IV) နဲ့ ၀ီလီယံ ၄ (William IV) တို့လက်ထက်မှာ “ခေါင်းလျှော်ဝိဇ္ဇာ” အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)
    အပိုင်း(၁)-  ကော်ဖီ – ဖတ်ရန်
    အပိုင်း(၂) – အစားအသောက်ဓလေ့နှင့် ဖန်ထည်များ ဖတ်ရန်
    အပိုင်း(၃)- နာရီတို့၏ အစဖတ်ရန်
    အပိုင်း(၄) – ခေတ်ပေါ်စစ်တုရင်ကစားနည်းဖတ်ရန်
    အပိုင်း(၅) – ဂီတ၏ အရင်းမူလ – ဖတ်ရန်