News @ M-Media

Author: Ko Lay

  • ပါကစ္စတန်ပြည်သူတွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့တဲ့ ဘာချာခန်းတက္ကသိုလ် အကြမ်းဖက်မှု

    ပါကစ္စတန်ပြည်သူတွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ပိုမိုခိုင်မာစေခဲ့တဲ့ ဘာချာခန်းတက္ကသိုလ် အကြမ်းဖက်မှု

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    paki
    သေဆုံးသွားသူများအတွက်ဆုတောင်းပွဲအခမ်းအနားမှ မြင်ကွင်းတစ်ခု

    – “အကြမ်းဖက်သမားတွေကို ကျွန်တော် ပြောချင်တာက – သူတို့ ဘယ်တော့မှ အောင်နိုင်မှာမဟုတ်ဘူး ဆိုတာပါပဲ။ သူတို့ရှုံးနိမ့်လိမ့်မယ်။ ကျွန်တော်တို့နိုင်မယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနေသူတွေဖြစ်ပြီး အကြမ်းဖက်လမ်းစဉ်ကို လျှောက်လှမ်းနေကြသူတွေ မဟုတ်ပါဘူး”

    ဒါကတော့ ဗုဒ္ဓဟူးနေ့က ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ချာရ်ဆာဒါမြို့က ဘာချာခန်းတက္ကသိုလ်မှာ ဖြစ်ပွားခဲ့တဲ့ တာလီဘန်တို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သူ တက္ကသိုလ်အကြီးအကဲ ဖာခါရ်-အီ-အလမ်ရဲ့ ဖခင် ရှားဟ်ဟူစိန်ရဲ့ ရင်ဖွင့်သံပဲဖြစ်ပါတယ်။

    စစ်သွေးကြွတွေ ထကြွသောင်းကြမ်းနေတဲ့ ပက်ရှ်ဝါရ်မြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ ချာရ်ဆာဒါက အဲဒီအဖြစ်အပျက်မှာ အပြစ်မဲ့ ပြည်သူ ၂၀ သေဆုံးခဲ့ပြီး အနည်းဆုံး ၅၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    အစိုးရကတော့ ဒီဇင်ဘာ ၂၁ ရက် ဒီနေ့ကို နိုင်ငံတော်ဝမ်းနည်းဖွယ်နေ့အဖြစ် ကြေငြာခဲ့ပြီး အစိုးရအဆောက်အဦး အားလုံးမှာလည်း ၀မ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ပါကစ္စတန်နိုင်ငံတော်အလံကို တိုင်တစ်ဝက်သာ လွှင့်ထူထားခဲ့ပါတယ်။

    ပါကစ္စတန်သမ္မတ နာဝဇ်ရှရစ်ဖ်ကတော့ ဒီကြမ်းကြုတ်တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ကတိပြုခဲ့ပြီး တိုက်ခိုက်မှုနောက်ကွယ်မှာရှိနေသူတွေကို ရေဆုံးမြေဆုံးလိုက်ကြဖို့လည်း လုံခြုံရေးတပ်ဖွဲ့တွေကို အမိန့်ပေးထားပါတယ်။

    အဲဒီ အကြမ်းဖက်တိုက်ခိုက်မှုကို ကျူးလွန်ခဲ့တဲ့ တာလီဘန်အဖွဲ့ကတော့ လူမျိုးစုဒေသတွေမှာ သူတို့ကို ပါကစ္စတန်စစ်တပ်က ထိုးစစ်ဆင်မှုအတွက် လက်တုံ့ပြန်တာလို့ ပြောခဲ့ပါတယ်။

    “စစ်သွေးကြွတွေက အဲဒီစာသင်ကျောင်းတွေကို ပိတ်ပစ်စေချင်ကြတယ်ဗျ။ ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားကတော့ ပညာရေးကို ဆက်လက်သင်ကြားသွားမယ်ဆိုတာပါပဲ” လို့ ပြည်နယ်ပညာရေးဝန်ကြီး အာရစ်ဖ်ခန်းက ပြောကြားခဲ့ပါတယ်။

    အကြမ်းဖက်ခံရမှုအတွင်း သေဆုံးသွားသူ အများစုရဲ့ ဈာပနအခမ်းအနားတွေကိုတော့ မနေ့ကပဲ အစ္စလာမ့် ဓလေ့ထုံးတမ်းနဲ့အညီ ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာလည်း သေဆုံးတစ်ချို့ရဲ့ ဈာပနကို ကျင်းပခဲ့ကြပြီး တက္ကသိုလ်အကြီးအကဲ ဖာခါရ်-အီ-အလမ်ရဲ့ ဈာပနကိုတော့ လူပေါင်း ၁၀၀၀ ၀န်းကျင်လောက် တက်ရောက်ခဲ့ပါတယ်။

    နောက်ပြီး မြို့တော်အစ္စလာမ်မာဘတ်အပါအ၀င် နိုင်ငံတစ်ဝှမ်းမှာလည်း သေဆုံးသွားသူတွေအတွက် ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    paki 2
    သေဆုံးသွားသူတစ်ဦး၏ ဈာပနအခမ်းအနား

    “ပါကစ္စတန် မျိုးဆက်သစ်လူငယ်တွေဟာ အကြမ်းဖက်သမားတွေကို ဦးညွှတ်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ သန္ဓိဌာန်ချထားပါတယ်” လို့ ပါကစ္စတန်အားကစားဘုတ်အဖွဲ့ (PSB) ရဲ့ ဒါရိုက်တာဖြစ်သူ အခ်တာရ် နာဝဇ်က ပြောကြားခဲ့ပါတယ်။ အစ္စလာမ်မာဘတ်မှာပြုလုပ်ခဲ့တဲ့ ဆုတောင်းပွဲမှာ PSB က အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ အားကစားသမားတွေ စုစုပေါင်း ၂၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ပက်ရှ်ဝါရ်မြို့မှာ စစ်တပ်ကဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက စာသင်ကျောင်းကို တာလီဘန်တွေက ၀င်ရောက်ပစ်ခတ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ကျောင်းသားအများစုအပါအ၀င် စုစုပေါင်း လူ ၁၅၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။

    ပါကစ္စတန်လူ့အခွင့်အရေးကော်မရှင်ကတော့ ပါကစ္စတန်စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ပြန်လည်သုံးသပ်ဖို့ ဒီနေ့မှာ တိုက်တွန်းလိုက်ပြီး အကြမ်းဖက်သမားတွေကို လေ့ကျင့်ပေးတဲ့ ဒါမှမဟုတ် ကူညီပေးတဲ့ အဖွဲ့တွေကို မရှင်းလင်းနိုင်သမျှတော့ အကြမ်းဖက်သမားတွေကို နှိမ်နင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သတိပေးပြောကြားခဲ့ပါတယ်။

    ဘာချာတက္ကသိုလ်ဟာ ယခင်ကလည်း အကြမ်းဖက်သမားတွေရဲ့ အသေးစားတိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး ပါကစ္စတန်ပြည်သူတွေကတော့ အစိုးရအနေနဲ့ သူတို့ကို ကာကွယ်မပေးနိုင်ဘူးဆိုရင် သူတို့ဟာသူတို့ ကာကွယ်မယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    “လူတော်တော်များများက သူတို့ရဲ့အိမ်တွေကိုပစ်ပြီး သူတို့ရဲ့ကိုယ်ပိုင်လက်နက်တွေနဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေကြပါတယ်။ ကျွန်တော်အပါအ၀င်ပေါ့လေ” လို့ တိုက်ခိုက်မှုအတွင်း ယောက်ဖဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ နာဆင်းမ် အခ်ဘာရ်က ပြောကြားခဲ့ပါတယ်။

    Ref: Channelnewsasia, Aljazeera, PressTV

  • ပါလက်စတိုင်းပိုင်နက်အား အစ္စရေးက ထပ်မံသိမ်းယူမည့်အစီအစဉ်ကို နိုင်ငံတကာက ရှုတ်ချ

    ပါလက်စတိုင်းပိုင်နက်အား အစ္စရေးက ထပ်မံသိမ်းယူမည့်အစီအစဉ်ကို နိုင်ငံတကာက ရှုတ်ချ

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    UN

    – ပါလက်စတိုင်းပိုင်အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပိုင်နက်များအား သိမ်းယူမည့် အစီအစဉ်တစ်ခုကို အစ္စရေးက ထုတ်ပြန်လိုက်ပြီး ထိုအစီအစဉ်အား ကုလနှင့် အမေရိကန်တို့က ရှုတ်ချပြောဆိုလိုက်သည်။

    ဂျော်ဒန်မြစ်အနီးရှိ ပါလက်စတိုင်းမြို့ အာရီဟာမှ မြေဧက ၃၇၀ ခန့်ကို စိုက်ပျိုးမြေအဖြစ် သိမ်းယူရန် အစ္စရေးက စီစဉ်ခြင်းဖြစ်ပြီး ယမန်နေ့က ထိုအစီအစဉ်ကို ကြေငြာခဲ့သည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုလုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေများနှင့် မညီညွတ်ဟု ပြောကြားခဲ့သည်။

    “အနောက်ဖက်ကမ်းက မြေဧက ၃၇၀ ကို သူတို့ပိုင်တဲ့မြေဆိုပြီး အစ္စရေးက ကြေငြာတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်က အလွန်အမင်း စိုးရိမ်မိပါတယ်။ ဒီလို တရားမ၀င် အခြေချတည်ဆောက်မှုတွေဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုတစ်ခုဖြစ်ပြီး ပြဿနာကို သံတမန်နည်းလမ်းအရ အဖြေရှာဖို့ကိစ္စကို အစ္စရေးက ထောက်ခံတယ်ဆိုတဲ့ လူသိရှင်ကြား ကြေငြာထားမှုနဲ့လည်း ဆန့်ကျင်နေပါတယ်” ဟု ကုလမှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်အစိုးရ ပြောရေးဆိုခွင့်ရှိသူကလည်း အစ္စရေး၏ထိုလုပ်ရပ်မှာ နှစ်နိုင်ငံအဖြေအတွက် ကတိက၀တ်နှင့် ဆန့်ကျင်နေသည်ဟု ပြောကြားခဲ့သည်။

    “တရားမ၀င်အခြေချမှုကို အရှိန်မြှင့်စေတဲ့ ဘယ်လို ဆောင်ရွက်ချက်မျိုးမဆို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်။ အဲဒါတွေဟာ နှစ်နိုင်ငံအဖြေနဲ့ သဟဇာတမဖြစ်ဘူးလို့လည်း ကျွန်တော်တို့ ယုံကြည်ပါတယ်။ ပြီးတော့ အစ္စရေးအစိုးရရဲ့ ကတိက၀တ်ကို မေးခွန်းထုတ်စရာလည်း ဖြစ်လာပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မာ့က် တိုနာက ပြောကြားခဲ့သည်။

    အစ္စရေးအာဏာပိုင်များက ပါလက်စတိုင်းများအပေါ် ဆက်ဆံမှုနှင့် ပါလက်စတိုင်းတို့၏ မြေများ သိမ်းယူမှုကို အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒန် ရှာပီရိုက ယခုသီတင်းပတ်အစောပိုင်းတွင် ဝေဖန်ရှုတ်ချခဲ့သည်။ ထို့ပြင် ပါလက်စတိုင်းပိုင် အနောက်ကမ်းနှင့်ပတ်သက်၍ အစ္စရေး၏ ရေရှည်သဘောထားကို မေးခွန်းထုတ်ခဲ့ပြီး၊ ပါလက်စတိုင်းပိုင်နက်များအတွင် အစ္စရေးက ဆောက်လုပ်နေသော တရားမ၀င်အခြေချအိမ်ယာများနှင့်ပတ်သက်၍ အမေရိကန်အစိုးရ စိုးရိမ်ကာ၊ နားမလည်နိုင်အောင်ဖြစ်ရသည်ဟု ရှာပီရိုက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: PressTV

  • ဘေးလ်၏အပြောင်းအရွှေ့လျှို့ဝှက်ချက် ပေါက်ကြားမှုကို အေးဂျင့်ဝေဖန်

    ဘေးလ်၏အပြောင်းအရွှေ့လျှို့ဝှက်ချက် ပေါက်ကြားမှုကို အေးဂျင့်ဝေဖန်

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    bale

    – ဝေးလ်တိုက်စစ်မှူး ဂါရက်ဘေးလ် စပါးမှ ရီးယဲလ်သို့ ပြောင်းရွှေ့မှုနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားမှုမှာ ရှက်စရာကောင်းသည်ဟု ဘေးလ်၏ အေးဂျင့်ဖြစ်သူ ဂျိုနသန် ဘားနက်က ပြောကြားလိုက်ပြီး စုံစမ်းစစ်ဆးမှု ပြုလုပ်ရန် တောင်းဆိုလိုက်သည်။

    ဘောလုံးလျှို့ဝှက်ချက်များကို ဖော်ထုတ်သည့် ၀ဘ်ဆိုက်ဖြစ်သော Football Leaks က ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ဘေးလ်၏ အပြောင်းအရွှေ့မှာ ယူရို သန်း ၁၀၀ ကျော်ရှိသည်ဟု အပြောင်းအရွှေ့စာရွက်စာတမ်း အထောက်အထားများဖြင့် ဖော်ပြခဲ့သည်။ ထိုပြောင်းရွှေ့ကြေးမှာ ရိုနယ်ဒိုအား မန်ယူမှခေါ်ယူစဉ်က သုံးစွဲခဲ့သည့် ပြောင်းရွှေ့ကြေး ယူရို ၉၄ သန်းထက် ပိုမိုများပြားကာ ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေး ဖြစ်ခဲ့သည်။ စပါးနှင့် ရီးယဲလ်တို့ နှစ်သင်းစလုံးက ဘေးလ်အတွက်ပြောင်းရွှေ့ကြေးကို ယူရို ၉၁.၅၉ သန်းသာ ထုတ်ပြန်ခဲ့သည်။

    “ဒီလိုကိစ္စအတွက် စုံစမ်းမှု၊ လွတ်လပ်တဲ့ စစ်ဆေးမှုတွေ ရှိသင့်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ ကိစ္စမို့လို့ပါ။ ဒီလိုအကြောင်းအရာမျိုးကို လူတွေက ရယူနိုင်တယ်ဆိုတာ ရှက်စရာကောင်းပါတယ်။ ဒါဟာ ၂ သင်းစလုံးကိုရော၊ ကစားသမားကိုပါ အလေးမထားတာပါပဲ” ဟု အေးဂျင့်ဘားနက်က ပြောကြားခဲ့သည်။

    ဗြိတိန်ဂျာနယ်လစ်ဖြစ်သူ ဂျိုနသန် နော်ခရော့ဖ်ကလည်း ဘေးလ်၏ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနှင့်ပတ်သက်၍ မဖော်ပြရန် ရီးယဲလ်မက်ဒရစ်က ၎င်းအား မေတ္တာရပ်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref : Goal

  • အီရန်နှင့် ဆော်ဒီမှာ အပြန်အလှန်ဖြည့်ဆည်းပေးရမည့်နိုင်ငံများဟု အီရန်ပြော

    အီရန်နှင့် ဆော်ဒီမှာ အပြန်အလှန်ဖြည့်ဆည်းပေးရမည့်နိုင်ငံများဟု အီရန်ပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    iran

    – အီရန်အစ္စလာမ့်သမ္မတနိုင်ငံတော်မှာ ဆော်ဒီအာရေဗျနှင့် မည်သည့်တင်းမာမှုကိုမှ ရှာဖွေသွားမည်မဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်သည်။

    “အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ ဒေသတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် နေရာပေးနိုင်တဲ့ တစ်ယောက် ဖြည့်ဆည်းပေးနိုင်တဲ့ အရေးပါတဲ့တိုင်းပြည်နှစ်ခု ဖြစ်ပါတယ်။ ဆော်ဒီကို ဒေသအတွင်းကနေဖယ်ထုတ်ဖို့ ကျွန်တော်တို့ မမျှော်လင့်သလို၊ ဒီလိုလုပ်ဖို့ စိတ်လည်း မ၀င်စားပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဆော်ဒီဟာ ဒေသတွင်းမှာ အရေးပါတဲ့နိုင်ငံ ဖြစ်နေလို့ပါပဲ” ဟု ဇာရစ်ဇ်က CNN သို ယမန်နေ့ညနေ အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက အကြမ်းဖက်မှုဖြင့် ကွပ်မျက်ခဲ့မှု၏ နောက်ဆက်တွဲအဖြစ် အီရန်နိုင်ငံ၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ဆော်ဒီသံရုံမှာ တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် ဆော်ဒီကလည်း အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့ကာ ၎င်းတို့နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ဇာရစ်ဖ်ကမူ အီရန်နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးကောင်းမွန်လာမှုကို ဆော်ဒီက ထိတ်လန့်နေကာ မိမိတို့၏ အခန်းကဏ္ဍကို လက်မခံ၍မရဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်တို့ နိုင်ငံအားလုံးဟာ လူ့အစုအဝေးကြီးတစ်ခုပါယ။ အခု သူတို့ရဲ့ မဟာမိတ်တွေက အီရန်ကို တကယ့် မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပါပြီ။ ကျွန်တော်တို့ ဆော်ဒီနဲ့ တိုက်စရာမလိုပါဘူး။ ကံမကောင်းတာက ဒေသအတွင်း မတည်ငြိမ်မှုဟာ ဆက်ဒမ်နဲ့ အာရပ်နွေဦးဆော်လှန်ရေးပြီးတဲ့နောက်ပိုင်း ပခုံးချင်းယှဉ်နိုင်မယ့် နိုင်ငံတစ်ခု ပေါ်ထွက်လာမယ်ဆိုတဲ့ ဆော်ဒီရဲ့ ယုံကြည်မှုကြောင့် ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ”

    ထိုကဲ့သို့တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများဖြစ်တော့မည်ဟု မီဒီယာများက ချဲ့ကားပြောဆိုမှုများကို ဆော်ဒီဘက်ကလည်း တုံ့ပြန်ခဲ့ပြီး ဆော်ဒီမှာ အီရန်နှင့် မည်သည့်အခါမှ စစ်ဖြစ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    Ref: PressTV

  • အငြင်းပွားရေပိုင်နက်ထဲသို့ တရုတ်က ရေနံတူးစက် ရွှေ့ပြောင်းခဲ့သည်ဟု ဗီယက်နမ်ပြော

    အငြင်းပွားရေပိုင်နက်ထဲသို့ တရုတ်က ရေနံတူးစက် ရွှေ့ပြောင်းခဲ့သည်ဟု ဗီယက်နမ်ပြော

    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media

    china 2

    – တောင်တရုတ်ပင်လယ်က အငြင်းပွားရေပိုင်နက်ထဲမှာ ရေနံတူးစက်တစ်ခုကို တရုတ်ကရွှေ့ပြောင်းနေတယ်လို့ ဗီယက်နမ်ပြောဆိုခဲ့ပြီး အဲဒီနေရာမှာ ရေနံတူးခြင်းကိုရပ်တန့်ကာ ၎င်းယာဉ်အားဖယ်ရှားပေးဖို့ တစ်ပါတည်း တောင်းဆိုလိုက်ပါတယ်။

    Haiyan Shiyou ရေနံတူးစက်ဖြစ်ပြီး အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ ရွှေ့ပြောင်းထားရှိမှုအပေါ် မိမိတို့ကစိုးရိမ်နေတယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဟိုင်ဘင်က ပြောကြားခဲ့ပါတယ်။

    “တရုတ်အနေနဲ့ အဲ့ဒီပိုင်နက်နယ်မြေကနေ Haiyan Shiyou စက်ကို ဖယ်ရှားပေးဖို့ မည်သည့်တူးဖော်ထုတ်ယူမှုကိုမှဆက်မလုပ်ဖို့ ဗီယက်နမ်က အသိပေးလိုပါတယ်” လို့ လီဟိုင်ဘင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ “ဗီယက်နမ်အနေနဲ့ နိုင်ငံတကာဥပဒေအရ အဲ့ဒီနယ်မြေရဲ့ အကျိုးစီးပွားနဲ့ တရားဝင်ရပိုင်ခွင့်အားလုံးကို ဆက်လက်ထိန်းသိမ်းသွားပါမယ်”

    ၂၀၁၄ ခုနှစ်က တရုတ်ဟာ ဗီယက်နမ်ကမ်းရိုးတန်းကနေ ရေနံတူးစက်ကို ပြန်လည်ရွှေ့ပြောင်းပေးခဲ့ပြီးနောက် ယခုတစ်ခါ ထပ်မံရွှေ့ပြောင်းမှုကြောင့် နှစ်နိုင်ငံကြား တင်းမာစေခဲ့ပါတယ်။ ဗီယက်နမ်ထဲမှာလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွေ နေရာအနှံ့အပြားဖြစ်ပေါ်ခဲ့ပါတယ်။ ဆန္ဒပြမှုထဲမှာ လူငါးယောက်သေဆုံးစေခဲ့ပြီး ဗီယက်နမ်မှာရှိတဲ့ တရုတ်စက်ရုံအမြောက်အများ မီးရှို့ခံရ၊ လုယက်ခံခဲ့ရပါတယ်။

    တရုတ်က တောင်တရုတ်ပင်လယ်ရဲ့ ပိုင်နက်အားလုံးနီးပါးကို အချုပ်အခြာပိုင်ဆိုင်ခွင့်ရှိတယ်လို့ဆိုပြီး ထိုင်ဝမ်၊ ဘရူနိုင်း၊ ဗီယက်နမ်၊ မလေးရှားနဲ့ ဖီလစ်ပိုင်နိုင်ငံတို့ကလည်း တစိတ်တပိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။ အဆိုပါအငြင်းပွားရေပိုင်နက်ဟာဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝမယ်လို့ ယူဆရပါတယ်။

    Ref: PressTV