News @ M-Media

Author: Ko Lay

  • အမုန်းများ ပြေလျော့ကာ၊ ရင်းနှီးချစ်ကြည်မှု တိုးပွားရေး ပြင်သစ်ဗလီများ ဆောင်ရွက်

    အမုန်းများ ပြေလျော့ကာ၊ ရင်းနှီးချစ်ကြည်မှု တိုးပွားရေး ပြင်သစ်ဗလီများ ဆောင်ရွက်

    ဇန်ဝါရီ ၁၀၊ ၂၀၁၆
    M-Media

    france

    – မကြာသေးမီ ကာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေပြီးတဲ့နောက် လူအဖွဲ့အစည်းအတွင်းမှာ တိုးပွားလာတဲ့ သံသယတွေကို ချေဖျက်ဖို့အတွင် ပြင်သစ်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တွေနဲ့ ၀တ်ပြုဆောင်တွေဟာ မွတ်စလင်မဟုတ်တဲ့သူတွေ လက်ကမ်းကြိုဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို ဒီတစ်ပတ်မှာ စတင်လိုက်ပါတယ်။

    “နွေးထွေးတဲ့ လက်ဖက်ရည်တစ်ခွက်” လို့ အမည်ပေးထားတဲ့ ဒီလှုပ်ရှားမှုမှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ မုန့်အချိုတွေ တိုက်ကြွေးတာ၊ ဗလီဝတ်ကျောင်းတော်တွေကို လိုက်လံပြသတာ၊ ဆွေးနွေးမှုတွေပြုလုပ်တာ၊ အာရဘီ လက်ရေး လက်သားအလှတွေကို ခင်းကျင်းပြသတာနဲ့ မွတ်စလင်တွေရဲ့ တစ်နေ့ငါးကြိမ်ဝတ်ပြုမှုကို တက်ရောက်ဖို့ ဖိတ်ခေါ်တာတွေ ပါဝင်ပါတယ်။

    နိုင်ငံအတွင်းက ထိပ်တန်းမွတ်စလင်အဖွဲ့ဖြစ်တဲ့ ပြင်သစ်မွတ်စလင်ကောင်စီ CFCM က ဦးစီးပြုလုပ်တဲ့ ဒီလှုပ်ရှားမှုဟာ အစ္စလာမ်နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေဖြစ်လာဖို့၊ နိုင်ငံအတွင်းက လူ့အဖွဲ့အစည်းတွေအကြား အစေးကပ်စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    “ရည်ရွယ်ချက်ကတော့ လူတွေ အတူတကွရှိနိုင်မယ့် နေရာလေးတစ်ခု ဖန်တီးပေးဖို့၊ မွတ်စလင်ဝတ်ပြုသူတွေနဲ့ ကျွန်တော်တို့နိုင်ငံသားတွေ တွေ့ဆုံပေးဖို့ပါပဲ” လို့ CFCM ဥက္ကဌ အန်နူရ် ကဘီဘက်ခ်ျက ပြောကြားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အစ္စလာမ်ရဲ့ စစ်မှန်တဲ့တန်ဖိုးတွေကို မီးမောင်းထိုးပြဖို့လည်းဖြစ်တယ်လို့ သူက ဆိုပါတယ်။

    ချီးကျူးမှု

    ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဘားနတ် ကာဇီနျူဗီကလည်း ပဲရစ်အနီးက ဗလီဝတ်ကျောင်းတော်ရဲ့ ဖိတ်ကြားမှုကို တက်ရောက်ခဲ့ပြီး မွတ်စလင်တွေရဲ့ ဒီလှုပ်ရှားမှုကို ချီးကျူးခဲ့ပါတယ်။

    “မွတ်စလင်အားလုံးနဲ့ အရောတ၀င်ရှိဖို့ ပြင်သစ်ဟာ အရင်ကထက် ပိုပြီး လိုအပ်နေပါတယ်” လို့ ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပဲရစ်ဗလီဝတ်ကျောင်းတော်ကြီးအပါအ၀င် နိုင်ငံတစ်ဝှမ်းလုံမှာရှိတဲ့ ဗလီဝတ်ကျောင်းတော်တွေ၊ ၀တ်ပြုဆောင်တွေ စုစုပေါင်း ၂၅၀၀ စလုံး ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအရေအတွက်ဟာ ၅ သန်းလောက်ရှိပြီး ဂျာမနီပြီးရင် ဥရောပမှာ ဒုတိယမြောက် အစ္စလာမ်ဘာာသာဝင်အရေအတွက် အများဆုံးတိုင်းပြည် ဖြစ်ပါတယ်။

    Source : AFP

  • ဆော်ဒီရှိ သမိုင်းဝင်ဗလီများ ထိန်းသိမ်းရေးအစီအစဉ် စတင်

    ဆော်ဒီရှိ သမိုင်းဝင်ဗလီများ ထိန်းသိမ်းရေးအစီအစဉ် စတင်

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    qiblatain

    – နိုင်ငံအတွင်းရှိ သမိုင်းဝင် ဗလီဝတ်ကျောင်းတော်ပေါင်း ၉၀၀ ကို ထိန်းသိမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ဆော်ဒီ ခရီးသွားလာရေးကော်မရှင်နှင့် အစ္စလာမ့်ရေးရာ ၀န်ကြီးဌာနတို့ သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    သမိုင်းဝင် ဗလီဝတ်ကျောင်းတော်များအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ၎င်းတို့နှစ်ဖွဲ့မှာ မြို့တော် ရီယာ့ဒ်တွင် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး၊ ထိုလုပ်ငန်းအတွက် ၎င်းတို့ ပါဝင်ရမည့် အခန်းကဏ္ဍအသီးသီးအတွက် ဆုံးဖြတ် သဘောတူညီခဲ့ကြသည်။

    အမျိုးသားအမွေအနှစ်စင်တာ၏ အကြီးအကဲဖြစ်သူ မက်စ်ဟာရီ အလ်-နအီးမ်ကမူ ကော်မရှင်နှင့် ၀န်ကြီးဌာနတို့၏ သဘောတူညီချက်မှာ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များအား ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ကာကွယ်ရေး နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးအတွက် တံခါးဖွင့်ပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သဘောတူညီချက်တွင် သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များကို ပြင်ဆင်ခြင်းနှင့် လည်ပတ်ခြင်းတို့အတွက် စနစ်တစ်ခု ဖေါ်ဆောင်ရေးလည်း ပါဝင်သည်။

    အစ္စလာမ့်ရေးရာဝန်ကြီးဌာန၏ အကြံပေးဖြစ်သူ အဘ်ဒူရ် ရဟ်မန် အလ်-အက်စ်ကာရက်ကမူ မိမိတို့ဝန်ကြီးဌာနမှာ အဆိုပါ ဗလီဝတ်ကျောင်းတော်များအား စောင့်ရှောက်ရေးနှင့် လိုအပ်ချက်များ ပြည့်မီရေး ဆောင်ရွက်ရန် စိတ်အားထက်သန်သည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီရှိ သမိုင်းဝင်ဗလီဝတ်ကျောင်းတော်များ ကာကွယ်စောင့်ရှောက်ရေးအတွက် ကော်မတီကိုလည်း ၀န်ကြီးဌာနက ဖွဲ့စည်းခဲ့သည်ဟု အလ်-အက်စ်ကာရက်က ဆိုသည်။ ထို့ပြင် အဖွဲ့ခွဲများအနေဖြင့် ထိုလုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ရေးရန်အတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။

    Ref: Arabnews

  • ဂွါဒီယိုလာ ချယ်ဆီးရောက်လျှင်လည်း အောင်မြင်မည်ဟု ဟစ်ဒင့်ပြော

    ဂွါဒီယိုလာ ချယ်ဆီးရောက်လျှင်လည်း အောင်မြင်မည်ဟု ဟစ်ဒင့်ပြော

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    gua

    – ဘိုင်ယန်မှ ထွက်ခွာတော့မည့် ဂွါဒီယိုလာအနေဖြင့် စတမ်းဖို့ဘရစ်ခ်ျသို့ ရောက်ရှိလာပါကလည်း အောမြင်လိမ့်မည်ဟု ချယ်ဆီးအသင်း၏ ယာယီနည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    ဒီဇင်ဘာတွင် မော်ရင်ဟိုထွက်သွားပြီးနောက် ဟစ်ဒင့်မှာ ရာသီကုန်အထိ ချယ်ဆီးအသင်း၏ နည်းပြ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာမှာမူ ဘိုင်ယန်နှင့် ထပ်မံ သက်တမ်းတိုးတော့မည်မဟုတ်ဘဲ ၎င်းကိုယ်တိုက်ကလည်း မိမိအနေဖြင့် ပရီးမီးယားလိဂ်ကို လာရောက်ချင်ကာ အသင်းတော်တော်များများကလည်း ကမ်းလှမ်းထားသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွင့်ဟပြောဆိုခဲ့သည်။

    မန်စီးတီးနှင့် မန်ယူတို့က ဂွါဒီယိုလာအား အလိုချင်ဆုံးဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “သူ ဒီမှာ အံဝင်ပါ့မလားဆိုရင်တော့ – သူဟာ ကမ္ဘာပေါ်က ဘယ်ကလပ်တွေမှာမဆို အံဝင်ပါလိမ့်မယ်။ သူက နည်းပြတွေကို ဖိအားပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒါမျိုးတွေ ရိုးနေပါပြီ။ စပိန်မှာ နှစ်ပေါင်းတော်တော်ကြာကြာ ကျွန်တော်အလုပ်လုပ်ဖူးပြီး လာလီဂါဟာ လှပတဲ့ လိဂ်တစ်ခုပါ။ ပက်ပ် (ဂွါဒီယိုလာ) ကတော့ လိဂ်နှစ်ခုမှာ အလုပ်လုပ်တာကြောင့် ပရီးမီးယားလိဂ်လာဖို့ ဆန္ဒကို ဘာဖြစ်လို့ ထုတ်ပြောတယ်ဆိုတာ ကျွန်တော် စဉ်းစားလို့ ရပါတယ်” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • Netflix အွန်လိုင်းရုပ်သံကွန်ယက်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ပြီ

    Netflix အွန်လိုင်းရုပ်သံကွန်ယက်ကို မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ပြီ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    net

    – နိုင်ငံပေါင်း ၁၃၀ တွင် လုပ်ငန်းတိုးချဲ့မှု အစိတ်အပိုင်းအဖြစ် ကမ္ဘာ့အကြီးဆုံး အင်တာနက် ရုပ်သံကွန်ယက်ဖြစ်သည့် Netflix မှာ မြန်မာနိုင်ငံသို့ ၀င်ရောက်လာပြီဟု သိရသည်။

    လက်ရှိအချိန်တွင် Netflix မှာ တစ်လ အခမဲ့စမ်းသပ်အသုံးပြုခွင့်ပေးထားပြီး နောက်ပိုင်းတွင် Package များဖြင့် ရောင်းချမည်ဖြစ်ကာ အနိမ့်ဆုံး ဈေးနှုန်းမှာ တစ်လလျှင် ၈ ဒေါ်လာဖြစ်မည်ဖြစ်သည်။ သို့သော်လည်း အင်တာနက် အသုံးစားရိတ်နှင့်ထည့်ထွက်ပါက ပိုမိုဈေးမြင့်သွားမည်ဖြစ်သည်။

    မြန်မာနိုင်ငံ၏ နှေးကွေးသော အင်တာနက်ကွန်နက်ရှင်နှင့် ဈေးကြီးသော အသုံးပြုခတို့က Nestflix ၏ ၀န်ဆောင်မှုများအား အသုံးပြုရန် အဟန့်အတားဖြစ်စေမည် ဖြစ်သည်။

    “ဟုတ်ကဲ့။ Netflix ဟာ မြန်မာနိုင်ငံမှာ အခု အသုံးပြုလို့ရပြီဆိုတာ ကျွန်မ ကြားပါတယ်။ ဒီဗီဒီအခွေဆိုင်တွေကို ဘယ်လိုရိုတ်ခတ်နိုင်လဲ ဆိုတာကိုတော့ ပြောဖို့ စောပါသေးတယ်။ ဒါပေမယ့် ဈေးကတော့ တော်တော်ပေးရမှာပါ။ အချို့လူတွေက တတ်နိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် သူတို့ဟာ ဒီဗီဒီအခွေတွေကိုပဲ ခါတိုင်းလို မှီခိုနေပါလိမ့်မယ်” ဟု ဒီဗီဒီအခွေဆိုင်ပိုင်ရှင်ဖြစ်သူ မဆွိက ပြောကြားခဲ့သည်။

    Netflix ၏ ၀န်ဆောင်မှုများအား Credit Card သို့မဟုတ် Paypal ကဲ့သို့ အွန်လိုင်ဘဏ်အကောင့်များဖြင့်သာ ၀ယ်ယူသုံးစွဲနိုင်မည် ဖြစ်သောကြောင့် လက်ငင်းငွေသားကိုသာ အများဆုံးအသုံးပြုသည့် မြန်မာနိုင်ငံအတွက် ရုန်းကန်ရမည်ဖြစ်သည်။

    လက်ရှိအချိန်တွင် Credit Card များကို အသုံးပြု၍ မရသေးသော်လည်း Myanmar Payments Union ကမူ ၂၀၁၅ ခုနှစ် ဇူလိုင်လ စာရင်းများအရ မြန်မာနိုင်ငံတွင် Debit Card အသုံးပြုသူမှာ ၁.၂ သန်း ရှိနေသည်ဟု ခန့်မှန်းတွက်ချက်ထားသည်။

    မြောက်ကိုရီးယား၊ တရုတ်နှင့် ဆီးရီးယားနိုင်ငံတို့မှလွဲ၍ Netflix မှာ နိုင်ငံပေါင်း ၁၉၀ ကျော်တွင် ဘာသာစကား ၂၀ ကျော်ဖြင့် ထုတ်လွှင့်နေပြီး ပါဝင်ခြင်းမရှိပေ။

    Ref: Myanmar Times

  • တရုတ်ရှိ ဧရာမ မော်စီတုံးရုပ်တုကို အစိုးရဖျက်ဆီး

    တရုတ်ရှိ ဧရာမ မော်စီတုံးရုပ်တုကို အစိုးရဖျက်ဆီး

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    moi 4

    – တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ ၃၇ မီတာမြင့်သည့် မော်စီတုံးရုပ်တုကြီးကို အစိုးရခွင့်ပြုချက်မရှိပဲ ဆောက်လုပ်သည့်အတွက် ဖြိုချခံခဲ့ရသည်ဟု သိရသည်။

    တရုတ်ကွန်မြူနစ်ပါတီ၏ ခေါင်းကိုင်ဖခင်ကြီးဖြစ်ပြီး ဟီနန်ပြည်နယ်ရှိ လယ်ကွင်းခေါင်ခေါင်တွင် ထီးထီးမားမားကြီး ထိုင်နေသည့် အဆိုပါ ရွှေရည်သုတ်ရုပ်တုကြီးမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူမှုကွန်ရက်များတွင် အလွန်အမင်း ပြန့်နှံ့ခဲ့ကာ ထိုရုပ်ထုမှာ ကမ္ဘာ့သတင်းစာများ၏ ခေါင်းစီးအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။

    People’s Net သတင်းဌာနကမူ ထိုရုပ်ထုကြီးမှာ ဖျက်ဆီးခံခဲ့ရသသည်ဟု ဒေသခံ အာဏာပိုင်းများ၏ ပြောကြားမှုကို ကိုးကား၍ ယမန်နေ့တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း ဒေါ်လာ ၄၆၀၀၀၀ ကုန်ကျခဲ့သည် အဆိုပါရုပ်ထုအား မည်သည့်အကြောင်းကြောင့် ဖျက်ဆီးရသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ သတင်းအချို့ကမူ စိုးရ၏ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခြင်းကြောင့် ဖြိုချခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

    ရုပ်တု၏ ကုန်ကျစားရိတ်ကို ဒေသတွင်း လုပ်ငန်းရှင်ပေါင်းများက ငွေကြေးထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ၉ လ ကြာခဲ့ပြီးနောက် ဒီဇင်ဘာတွင် အပြီးသတ်နိုင်ခဲ့သည်။ အငတ်ဘေးကြောင့် လူသန်းပေါင်းများစွာ သေဆုံးခဲ့ရသည့်အတွက် မော်စီတုံးမှာ အပြစ်တင်ခြင်း ခံခဲ့ရသော်လည်း တရုတ်နိုင်ငံသူနိုင်ငံသားများက နိုင်ငံကို စုစည်းနိုင်ခဲ့သည့် ၎င်းအား ကြည်ညိုလေးစားကြသည်။

    ၁၉၅၀ ပြည့်နှစ် နှောင်းပိုင်းကာလများတွင် မော်စီတုန်း၏ စီးပွားရေးပေါ်လစီများကြောင့် ဟီနန်ပြည်နယ်တွင် လူသန်း ၄၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည့်အတွက် မော်စီတုံးရုပ်ထုအား ထိုပြည်နယ်တွင် ဆောက်လုပ်မှုကို အင်တာနက်အသုံးပြုအချို့က ဝေဖန်ခဲ့ကြသည်။

    moi 2
    မပျက်ဆီးစဉ်က တွေ့ရစဉ်

    Ref: Al-jazeera