News @ M-Media
Author: Ko Lay
  • ငါးနှစ်အတွင်း ဗီယက်နမ်စီးပွားရေး တဟုန်ထိုး တိုးတက်
    ငါးနှစ်အတွင်း ဗီယက်နမ်စီးပွားရေး တဟုန်ထိုး တိုးတက်
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    vietnam
    – ၂၀၁၅ ခုနှစ်တွင် ဗီယက်နမ်သည် ငါးနှစ်အတွင်း စီးပွားရေးအရှိန်အမြင့်ဆုံးသို့ တိုးတက်ခဲ့သည်ဟု တရားဝင်ထုတ်ပြန်သော ကိန်းဂဏန်းများက ဖော်ပြနေပြီး ပို့ကုန်များ မြင့်တက်လာမှု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်း၌ သုံးစွဲမှုများ မြင့်တက်လာခြင်းတို့က ဒေသတွင်း စီးပွားရေးဆိုင်ရာ စိုးရိမ်မှုများအား ကျော်လွှားနိုင်ခဲ့သည်။
    အစိုးရက မျှော်မှန်းထားသည့် နိုင်ငံ၏ GDP ၆.၂ ရာခိုင်နှုန်းကို ဗီယက်နမ်က အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့ကာ ယခုနှစ် GDP မှာ ၆.၆၈ ရာခိုင်နှုန်းဖြင့် စံချိန်တင်နိုင်ခဲ့သည်။ ယင်းကိန်းဂဏန်းမှာ အရှေ့တောင်အာရှ၏ နိုင်ငံများတွင် ယခုနှစ်အတွင်း အမြင့်ဆုံး စီးပွားရေးတိုးတက်မှု ဖြစ်ခဲ့သည်။
    “နောက်လာမယ့်နှစ်တွေမှာ ကမ္ဘာ့ရေနံဈေးနှုန်းကျဆင်းမှုနဲ့အတူ နိုင်ငံတကာ ဈေးကွက်စီးပွားရေးမှာ မတည်ငြိမ်မှုတွေဆက်ဖြစ်ဖို့ ရှိနေတာကြောင့် အခုလိုတိုးတက်မှုဟာ ဗီယက်နမ်နိုင်ငံရဲ့စီးပွားရေးအတွက် အလွန်အရေးကြီးပါတယ်” ဟု စာရင်းအချက်အလက်ရုံး ညွှန်ကြားရေးမှုးဖြစ်သူ ငုယင်ဘစ်ခ်ျလမ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးရှိသော တရုတ်နိုင်ငံမှာ၂၅ နှစ်တာအတွင်း အဆိုးရွားဆုံးသော စီးပွားရေးကျဆင်းလာမှုကို ခံစားနေရသောကြောင့် အာရှနိုင်ငံများ၏ စီးပွားရေးများမှာ ဒုက္ခရောက်နေကြရသည်။ သို့သော် ဗီယက်နမ်သည် ၎င်း၏ မြောက်ဘက်အိမ်နီးနားချင်းနိုင်ငံကြီးဖြစ်သော တရုတ်၏ စီးပွားရေးဆုတ်ယုတ်လာမှုကို ခံနိုင်ရည်ရှိကြောင်း သက်သေပြနိုင်ခဲ့သည်။
    ၂၀၁၃တွင် ဗီယက်နမ်သည် ဂျီဒီပီ တိုးတက်မှု ၅.၄၂ ရာခိုင်နှုန်းသာရှိရာမှ ၂၀၁၄ တွင် ၆ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီး ယခုနှစ်တွင်မူ ထို ၂ နှစ်ကို အပြတ်သတ်ကျော်လွန် သွားကြောင်း ယခုကိန်းဂဏန်းများက သက်သေခံလျက်ရှိသည်။
    Ref: Channelnewsasia
  • ဆောက်သက်တမ်အရှုံးအတွက် ကစားသမားများအား ၀င်းဂါး ဝေဖန်
    ဆောက်သက်တမ်အရှုံးအတွက် ကစားသမားများအား ၀င်းဂါး ဝေဖန်
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    winger
    – ဆောက်သက်တမ်အား ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ယမန်နေ့ပွဲတွင် မိမိတို့ကစားသမားများမှာ စိတ်နှစ်မြှုပ်ကစားခြင်း မရှိခဲ့ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ဝေဖန်ပြောကြားလိုက်သည်။
    Boxing Day ဖြစ်သော ယမန်နေ့က ကစားခဲ့သည့်ပွဲများတွင် ထိပ်ဆုံးမှ လက်စတာစီးတီးအသင်းမှာ လီဗာပူးလ်အား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး တစ်မှတ်အကွာဖြင့် ဒုတိယနေရာမှ အာဆင်နယ်မှာ ထိုအရှုံးကို အခွင့်ကောင်းမယူနိုင်ခဲ့ပေ။
    “ဒီရလဒ်ကို ကျွန်တော့်စိတ်ထဲမှာ စွဲစွဲလန်းလန်းကြီး မှတ်မထားပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ဟာ စိန်ခေါ်မှုတော်တော်များများကို အရှုံးပေးခဲ့ရပြီး သူတို့ဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ ပထမဂိုးကို ကံမကောင်းစွာနဲ့ ပေးလိုက်ရတယ်။ ကွန်စီယဲလ်နီ ပြစ်ဒဏ်ကျူးလွန်ခံလိုက်ရပြီး ပေးလိုက်ရတဲ့ ဒုတိယဂိုးကလည်း ကျွန်တော်တို့အတွက် အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။ ဒိုင်လူကြီးကတော့ ဒါကို မမြင်ခဲ့ပါဘူး” ဟု ဆောက်သက်တမ်နှင့်ပွဲအကြောင်းကို ၀င်းဂါးက ပြောကြားခဲ့ပြီး ကစားသမားများမှာ စိတ်နှစ်မြှုပ်ကစားမှုမရှိဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • အိန္ဒိယ-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုပြုလုပ်မည်
    အိန္ဒိယ-ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုပြုလုပ်မည်
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    paki
    – အိန္ဒိယနှင့်ပါကစ္စတန်တို့မှာ လာမည့်နှစ်ဇန်န၀ါရီလတွင် နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နိုင်ဖွယ်ရှိကြောင်း ခိုင်မာသောသတင်းရင်းမြစ်များမှ သိရသည်။
    “ဆွေးနွေးပွဲကို ဇန်န၀ါရီလ ၁၅ ရက်နေ့ အစ္စလာမာဘတ်မြို့တွင် ကျင်းပသွားနိုင်ချေရှိပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာသည် အစ္စလာမာဘတ်သို့ နိုင်ငံကိုယ်စားပြုသွားရောက်မည်ဖြစ်သည်” ဖြစ်သည်ဟု သတင်းရင်းမြစ်က ဖော်ပြထားသည်။
    တရားဝင်ကြေညာချက်များ ထွက်မလာသေးသော်လည်း ၀န်ကြီးချုပ်မိုဒီက အာဖဂန်နစ္စတန်မှ အပြန်ခရီးတွင် ပါကစ္စတန်သို့ ကြားဖြတ်ဝင်လည်သကဲ့သို့ မထင်မှတ်ထားသည့် ဖြစ်ရပ်များ ဖြစ်ပေါ်လာနိုင်သည်။ နိုဝင်ဘာ ၃၀ ရက်နေ့က ပဲရစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရာသီဥတုဆိုင်ရာ ဆွေးနွေးမှုတွင် မိုဒီက ပါကစ္စတန်ဝန်ကြီးချုပ် န၀ဇ်ရှရစ်ဖ်နှင့် သီးခြားတွေ့ဆုံပြီးကတည်းက ၂ နိုင်ငံဆက်ဆံရေးမှာ တိုးတက်လာခဲ့သည်။
    ထို့နောက် နှစ်နိုင်ငံ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးအဆင့် အစည်းအဝေးကို ဘန်ကောက်တွင် ပြုလုပ်ခဲ့သည်။ ထိုအစည်းအဝေးပြီးနောက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူရှ်မာ ဆွာရဂ်ျသည် ပါကစ္စတန်သို့ သွားရောက်လည်ပတ်ပြီး ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
    အိန္ဒိယနှင့်ပါကစ္စတန်တို့သည် ကရှ်မီးယားနယ်မြေအငြင်းပွားမှုအပေါ် လွန်ခဲ့သော နှစ် ၆၀ ကတည်းက အနည်းဆုံး စစ်ပွဲကြီး သုံးပွဲ ဆင်နွှဲခဲ့ရပြီးဖြစ်သည်။
    Ref: Xinhua
  • ထိပ်ဆုံး ၂ သင်းစလုံးရှုံး၊ မန်ယူ အရှုံးမှတ်တမ်းတစ်ခု ထပ်ရခဲ့ပြီး၊ နည်းပြသစ်နဲ့ချယ်ဆီး သရေသာရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈
    ထိပ်ဆုံး ၂ သင်းစလုံးရှုံး၊ မန်ယူ အရှုံးမှတ်တမ်းတစ်ခု ထပ်ရခဲ့ပြီး၊ နည်းပြသစ်နဲ့ချယ်ဆီး သရေသာရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    epl 1
    – ဒီဇင်ဘာ ၂၆ ရက် Boxing Day မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၈ မှာ ထိပ်ဆုံး ၂ သင်းစလုံး ရှုံးနိမ့်ခဲ့ရပြီး နည်းပြသစ်နဲ့ ပွဲထွက်တဲ့ ချယ်ဆီးက သရေသာ ရခဲ့ပါတယ်။ မန်ယူကတော့ နောက်ဆုံး ၆ ပွဲမှာ စတုတ္ထမြောက်အရှုံးကို ထပ်မံမြည်းစမ်းလိုက်ရပါတယ်။
    အန်ဖီးလ်က လီဗာပူးလ်နဲ့ လက်စတာတို့ပွဲမှာတော့ အိမ်ရှင်တို့ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး ၆၃ မိနစ် ဘန်တီကီရဲ့ဂိုးနဲ့ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်လိုက်နိုင်ပါတယ်။ တန်ပြန်တိုက်စစ်ကိုအားပြုတဲ့ လက်စတာ ပွဲပြီးကာနီးမှာ လီဗာပူးလ်ကို ဖိအားပေးနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့အနိုင်ဂိုးတော့ မရခဲ့ပါဘူး။ လီဗာပူးလ်ဟာ ဒီနှစ်မှာ လက်စတာနဲ့တွေ့ရင် ဂိုးမပေးရတဲ့ ပထမဆုံး အသင်းကြီးတစ်သင်းလည်း ဖြစ်ခဲ့ပါတယ်။ လက်စတာကတော့ ပွဲတိုင်း ဂိုးသွင်းနိုင်တဲ့စံချိန် ရပ်တန့်သွားခဲ့ပါတယ်။
    epl 2
    ပြီးခဲ့တဲ့တစ်ပတ်မှာ မန်စီးတီးကို အနိုင်ကစားပြီး ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်စွမ်းရှိတဲ့အသင်းအဖြစ် ရေးပန်းစားခဲ့တဲ့ အာဆင်နယ်ကတော့ ဆောက်သက်တမ်ကို မရှုမလှ အရေးနိမ့်ခဲ့ပါတယ်။ အသင်းကြီးတစ်သင်းရဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့တဲ့ အာဆင်နယ်အတွက် အရှုံးဟာ ထိုက်တန်ခဲ့ပြီး ဆောက်သက်တမ်ကတော့ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲမရှိမှု မှတ်တမ်းကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။
    ဖိအားဒဏ်ခံနေရတဲ့ဗန်ဂါးလ်ကလည်း အပြောင်းအလဲမလုပ်နိုင်ခဲ့ဘဲ စတုတ်ကို အဝေးကွင်းမှာ ၂ ဂိုး ပြတ်နဲ့ လွယ်လွယ်ကူကူပဲ အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲအရှုံးဟာ ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မန်ယူရဲ့ ပရီးမီးယားလိဂ် လေးပွဲဆက်တိုက်အရှုံး ဖြစ်ခဲ့ပါတယ်။ စတုတ်အတွက် ဂိုးတွေကိုတော့ ၁၉ မိနစ်မှာ ဘိုဂျန်နဲ့ ၂၆ မိနစ်မှာ အာရ်နူတိုဗစ်တို့က သွင်းယူပေးခဲ့တာပါ။
    ယာယီနည်းပြ ဟစ်ဒင့်နဲ့ ပထမဆုံးပွဲထွက်လာတဲ့ချယ်ဆီး အော်စကာရဲ့ မိနစ် ၈၀ ပင်နယ်တီလွဲချော်မှုနဲ့အတူ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ ၃၂ မိနစ်မှာ အိမ်ရှင်တို့အတွက် ဒီယေဂိုကော်စတာက ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ၀က်ဖို့ဒ်ရဲ့ ဖိအားပေးခြင်းကို ခံခဲ့ရပြီး ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးလိုက်ရပါတယ်။ ချယ်ဆီးအတွက် ဒုတိယချေပဂိုးကိုတော့ ၆၅ မိနစ်မှာ ကော်စတာကပဲ သွင်းပေးခဲ့တာဖြစ်ပါတယ်။
    မန်စီးတီးကေepl 4တာ့ အမှားအယွင်းမရှိခဲ့ဘဲ တန်းဆင်းဇုန်က ဆန်းဒါးလန်းကို စတာလင်၊ တိုးယေး၊ ဘိုနီ၊ ဒီဘရူနီတို့ရဲ့ဂိုးတွေရဲ့ အနိုင်ယူပြီး ထိပ်ဆုံး ၂ သင်းနဲ့ အမှတ်ကွာဟမှုကို ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ အဆင့် ၄ မျှော်မှန်းနေတဲ့စပါးကလည်း မန်ယူရဲ့ ခြေချော်မှုကို အခွင့်အရေးယူနိုင်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲ ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    စတုတ် ၂-၀ မန်ယူ
    ဘုန်းမောက် ၀-၀ ခရစ္စတယ်ပဲလေ့စ်
    လီဗာပူးလ် ၁-၀ လက်စတာ
    စပါး ၃-၀ နော်ဝစ်ခ်ျ
    မန်စီးတီး ၄-၁ ဆန်းဒါးလန်း
    ချယ်ဆီး ၂-၂ ၀က်ဖို့ဒ်
    ဆွမ်ဆီး ၁-၀ ၀က်စ်ဘရွန်း
    အက်စတွန်ဗီလာ ၁-၁ ၀က်စ်ဟမ်း
    နယူးကာဆယ် ၀-၁ အဲဗာတန်
    ဆောက်သက်တမ် ၄-၀ အာဆင်နယ်
  • ၀ီဂါလူမျိုးများ ဖိနှိပ်ခံရကြောင်းဖော်ပြသည့် ပြင်သစ်ဂျာနယ်လစ်ကို တရုတ်က နှင်ထုတ်ရန် စီစဉ်
    ဒီဇင်ဘာ ၂၇၊ ၂၀၁၅
    M-Media
    china
    – တရုတ်နိုင်ငံ ဇင်ကျန်းပြည်နယ်ရှိ ၀ီဂါလူမျိုး အစ္စလာမ်ဘာသာဝင်များအား တရုတ်ကွန်မြူနစ်အစိုးရက ဖိနှိပ်ချုပ်ချယ်မှုများကို ရေးသားဖော်ခဲ့သည့် ပြင်သစ်ဂျာနယ်လစ်တစ်ဦးကို နိုင်ငံအတွင်းမှ တရုတ်အစိုးရက နှင်ထုတ်ရန်သွားမည်ဟု သိရသည်။
    L’Obs မဂ္ဂဇင်းမှ ဂျာနယ်လစ် အူရ်ဆူလာ ဂူသီယာဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည့် ၎င်း၏ ဗီဇာနှင့် မီဒီယာခွင့်ပြုကဒ်တို့ကို သက်တမ်းတိုးပေးမည်မဟုတ်ဟု တရုတ်အာဏာပိုင်များက ပြောကြားခဲ့ကြောင်း အဆိုပါမဂ္ဂဇင်းတိုက်က သောကြာနေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
    ဇင်ကျန်းပြည်နယ်ရှိ ၀ီဂါလူမျိုးများကို တရုတ်အစိုးရက ဖိနှိပ်ချုပ်ချယ်မှုများရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး တရုတ်အစိုးရမှာ ၀ီဂါများ၏ ဘာသာတရားကျင့်သုံးမှုအား တားမြစ်ပိတ်ပင်ခြင်း၊ ဟန်လူမျိုးများအား ဇင်ကျန်းပြည်နယ်သို့ ပြောင်းရွှေ့စေကာ ၀ီဂါလူမျိုးများ အရေအတွက်လျော့ကျအောင် ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်နေသည်ဟု စွပ်စွဲခံထားရသည်။
    အင်္ဂါနေ့က ဖော်ပြသည့် မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော်တွင် ဂူသီယာ၏ လုပ်ဖော်ကိုင်ဖက်များက သူမမှာ အသက်အန္တရာယ်ပင် ခြိမ်းခြောက်ခံခဲ့ရပြီး၊ တရုတ်နိုင်ငံပိုင် မီဒီယာတစ်ခုက ပြုလုပ်သည့် လှုပ်ရှားမှုတစ်ခုတွင် ဂူသီယာအား ဘက်လိုက်သော နိုင်ငံရေးခံယူချက်နှင့် တရုတ်ဆန့်ကျင်ရေး သဘောတရားများ ရှိသည်ဟု စွပ်စွဲခံခဲ့ရကြောင်း ဖော်ပြခဲ့သည်။ L’Obs မဂ္ဂဇင်းကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုခဲ့သည်။
    တရုတ်အာဏာပိုင်များက ဂူသီယာ၏ ဖော်ပြမှုမှာ “ရှက်ဖွယ်လိလိဖြစ်သော အကြမ်းဖက်ဝါဒလုပ်ရပ်နှင့် ရက်စက်သည့် သတ်ဖြတ်မှုလုပ်ရပ်” ဖြစ်သည်ဟု ယမန်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေငြာချက်တွင်
    ဖော်ပြထားသည်။
    နယ်စည်းမခြားသတင်းထောက်များအဖွဲ့မှ နိုင်ငံပေါင်း ၁၈၀ ကို စာရင်းပြုစုထားသော ကမ္ဘာ့မီဒီယာလွတ်လပ်မှု အညွှန်းကိန်း (World Press Freedom Index) တွင် တရုတ်နိုင်ငံမှာ အဆင့် ၁၇၆ တွင်ရှိနေပြီး ၎င်း၏နောက်တွင် ဆီးရီးယား၊ မြောက်ကိုရီးယား၊ တာခ်မန်နစ္စတန်နှင့် အီရစ်ထရီယာနိုင်ငံတို့သာ ရှိနေသည်။
    Ref: Aljazeera