News @ M-Media

Author: Ko Lay

  • ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ မက်ဆီ၏အောက်တွင်သာ ရှိသည်ဟု ဇာဗီပြော

    ရော်နယ်ဒို၊ ဆွာရက်ဇ်နှင့် နေးမာတို့မှာ မက်ဆီ၏အောက်တွင်သာ ရှိသည်ဟု ဇာဗီပြော

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    messi

    – ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၊ အသင်းဖော် နေးမာနှင့် ဆွာရက်ဇ်တို့မှာ လက်ဖျားခါလောက်သည့် ကစားသမားများ ဖြစ်သော်လည်း မက်ဆီထက် တစ်ဆင့်နိမ့်သော နေရာတွင်သာ ရှိသည်ဟု ဘာစီလိုနာ၏ ကွင်းလယ်ဖန်တီးရှိ ဇာဗီက ပြောကြားလိုက်သည်။

    မက်ဆီနှင့် ရော်နယ်ဒိုတို့နှစ်ဦးတွင် မည်သူက ပိုမိုကောင်းမွန်သည်ဆိုသော အငြင်းပွားမှုများမှာ မကြာခဏ ဖြစ်ပေါ်လာတတ်ပြီး လွန်ခဲ့သည့်တစ်နှစ်ခန့်မှ စ၍ ၎င်းတို့နှစ်ဦး၏ စာရင်းတွင် ဘရာဇီးလ်တိုက်စစ်မှူး နေးမာနှင့် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်တို့ ပါဝင်လာခဲ့သည်။ ဇာဗီကမူ အဆိုပါ ကစားသမား ၄ ဦးလုံးအား ချီးကျူးခဲ့သည်။

    “ခရစ္စတီယာနိုရော်နယ်ဒို၊ နေးမာနဲ့ ဆွာရက်ဇ်တို့ဟာ တစ်မူထူးခြားပြီး လက်ဖျားခါလောက်တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် သူတို့ဟာ မက်ဆီရဲ့အောက်မှာပဲ ရှိပါတယ်။ တိုက်စစ်ဆင်ဖို့ လိမ်ခေါက်ဖို့ဆိုတာ အခုအချိန်မှာ မခက်ခဲတော့ပါဘူး။ ကစားသမားတွေဟာ ပိုပြီး ကြံ့ခိုင်လာတယ်။ ကစားဖို့လည်း နေရာရှိလာကြပါတယ်။ လီယို (မက်ဆီ) ကတော့ ကက်သီးကတ်သတ်လုပ်တတ်တယ်၊ နေရာလွတ်တွေ ဖန်တီးပေးတယ်။ ဂိုးတွေသွင်းပေးတယ်။ ပွဲတိုင်းကို ထူးခြားအောင် လုပ်ဆောင်ပေးပါတယ်” ဟု ဇာဗီက ပေါ်တူဂီစာစောင်တစ်ခုဖြစ်သော Record သို့ ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် ၇ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီနှင့် ရော်နယ်ဒိုတို့သာ တစ်လှည့်စီ ရယူခဲ့ပြီး ယခုနှစ်တွင်လည်း ၎င်းတို့နှစ်ဦးမှ တစ်ဦးက ရရှိရန် ရေပန်းစားနေသည်။

    Ref: Goal

  • လူသေမှုရင်ဆိုင်နေရသူ ဖိလစ်ပိုင်အလုပ်သမားအတွက် ဆော်ဒီအလုပ်ရှင်က လျော်ကြေးပေး ကယ်ထုတ်ခဲ့

    လူသေမှုရင်ဆိုင်နေရသူ ဖိလစ်ပိုင်အလုပ်သမားအတွက် ဆော်ဒီအလုပ်ရှင်က လျော်ကြေးပေး ကယ်ထုတ်ခဲ့

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    money

    – ကားမတော်တဆမှုတစ်ခုတွင် အိန္ဒိယနိုင်ငံသားတစ်ဦးကို သေစေခဲ့သော ဖိလစ်ပိုင်တစ်ဦးအား အမှုမှလွတ်မြောက်စေရန်အတွက် တရားလိုဘက်မှတောင်းဆိုသော အသက်လျော်ကြေး ရီယဲလ် ၂၂၅၀၀၀ ကို ဆော်ဒီသူဌေးနှစ်ဦးမှ ပေးချေခဲ့သည်ဟု သိရသည်။

    အသက်လျော်ကြေးကို သေဆုံးသူ၏ ဆွေမျိုးများက တောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသားမှာ အဆိုပါ သူဌေးနှစ်ဦး၏ လုပ်ငန်းများတွင် လုပ်ကိုင်ပေးနေသည့် အလုပ်သမားတစ်ဦးဖြစ်သည်။ ဆော်ဒီတရားရုံးကမူ ဖိလစ်ပိုင်အမျိုးသားကို အမှုပိတ်၍ လွှတ်ပေးရန် အကျဉ်းထောင်အား အမိန့်ပေးခဲ့သည်။

    အဆိုပါ ဖိလစ်ပိုင်အမျိုးသားမှာ ဆော်ဒီအလယ်ပိုင်း အလ်ရက်စ်မြို့၌ ဗန်ကားတစ်စီးမောင်းစဉ် လမ်းလျှောက်လာသူ အိန္ဒိယနိုင်ငံသားကို တိုက်မိကာ နေရာတွင် သေဆုံးသွားခြင်းဖြစ်သည်။ ဖိလစ်ပိုင်သံရုံးကမူ ဆော်ဒီသူဌေးများ၏ ထိုအပြုအမူအတွက် ကျေးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    Ref: Arabnews

  • ဆဲလ်ဖုန်းတာဝါတိုင်မှ ရေဒီယိုလှိုင်းများနှင့် ဆီးချိုရောဂါဖြစ်ပွားမှု ဆက်စပ်နေ

    ဆဲလ်ဖုန်းတာဝါတိုင်မှ ရေဒီယိုလှိုင်းများနှင့် ဆီးချိုရောဂါဖြစ်ပွားမှု ဆက်စပ်နေ

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    tower

    – ဖုန်းတာဝါတိုင်များကို သိပ်သည်းနီးကပ်စွာနှင့် စနစ်မကျစွာ စိုက်ထူခြင်းမှ ထုတ်လွှင့်သော ရေဒီယိုလှိုင်းများသည် ကျန်းမာရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်သည်ဟု ဆော်ဒီရှိ လေ့လာမှုတစ်ရပ်က ဆိုသည်။

    မကြာသေးမီက ပြုလုပ်ခဲ့သော အဆိုပါလေ့လာမှုတွင် ပါမောက္ခ ဆူလ်တန်အယူဘ် မီယိုက ဖုန်းတာဝါတိုင်များမှ ရေဒီယိုထုတ်လွှင့်မှုများကြောင့် ဆီးချိုရောဂါဖြစ်ပေါ်နိုင်ကြောင်း ပထမဆုံး သက်သေပြနိုင်ခဲ့ပြီး ၎င်း၏ တွေ့ရှိမှုကို ဆွစ်ဇာလန် နိုင်ငံမှ ထုတ်ဝေသော နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် သုတေသနနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဂျာနယ်တွင် ဖော်ပြခဲ့သည်။

    “ရေဒီယိုလှိုင်းနဲ့ ဆီးချိုအမျိုးအစား (၂) ရောဂါကြား ဆက်စပ်မှုရှိတာနဲ့ပက်သက်လို့ ကမ္ဘာလုံးဆိုင်ရာ သိပ္ပံသင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းသင်ကြားရတော့မှာ ဖြစ်ပါတယ်’ ဟု ဆူလ်တန်က ၎င်း၏ ဖော်ပြမှုတွင် ရေးသားထားသည်။

    ဤလေ့လာမှုသည် ရေဒီယိုကြိမ်နှုန်း လျှပ်စစ်သံလိုက်လှိုင်း၏ သွေးနီဥအပေါ် အကျိုးသက်ရောက်မှုကို အခြေခံလေ့လာခဲ့ခြင်း ဖြစ်သည်။ ဆူလ်တန်၏ လေ့လာမှုအသစ်သည် ဆော်ဒီနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများရှိ ဆဲလ်ဖုန်းတာဝါတိုင်များကို မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

    ဆူလ်တန်ကမူ ကမ္ဘာပေါ်တွင် မိုဘိုင်းဖုန်းသုံးစွဲမှုမှာ ယခုနောက်ပိုင်းတွင် ပိုမိုများပြားလာပြီး ကမ္ဘာတစ်ဝှမ်း ကိုင်ဆောင်သုံးစွဲသည့် မိုဘိုင်းဖုန်းအလုံးရေမှာ ၇.၃ ဘီလီယံရှိနေကာ ကမ္ဘာ့လူဦးရေထက်ပင် ပိုမိုများပြားနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “မိုဘိုင်းဖုန်းတွေနဲ့ တာဝါတိုင်တွေကထုတ်တဲ့ ရေဒီယိုလှိုင်းတွေဟာ 400 MHz နဲ့ 3 GHz အကြား ရှိပါတယ်”

    ၎င်းက ထပ်မံ၍ တာဝါတိုင်များမှထုတ်လွှတ်သော ရေဒီယိုလှိုင်းများမှာ ခေါင်းကိုက်ရောဂါ၊ စိတ်ကျရောဂါ၊ သွေးတိုးရောဂါနှင့် အိပ်စက်မှုကစဥ့်ကလျားဖြစ်မှုများ အပါအ၀င် အာရုံကြောရောဂါ၊ နှလုံးသွေးကြောရာဂါ၊ မျိုးပွားစနစ်ရောဂါများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

    ကမ္ဘာတစ်ဝန်းတွင် ဆီးချိုဝေဒနာခံစားနေရသူ ၃၈၂ သန်းခန့်ရှိပြီး ဤကိန်းဂဏန်းသည် ၂၀၃၅ ခုနှစ်တွင် ၅၉၂ သန်းအထိ ရောက်ရှိသွားနိုင်သည်ဟု ခန့်မှန်းထားကြောင်း နိုင်ငံတကာ ဆီးချိုကာကွယ်ရေးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။

    သုတေသနအသစ်တစ်ရပ်တွင် ရေဒီယိုတာဝါတိုင်များနှင့် ဆီးချိုရောဂါအကြားဆက်နွယ်မှုကို ရှာဖွေရန် ဆူလ်တန်နှင့် လုပ်ဖော်ကိုင်ဖက်များမှာ ရီယဒ်ရှိ အခြေခံကျောင်း ၂ ကျောင်းကို ရွေးချယ်ခဲ့သည်။ ကျောင်း ၂ ကျောင်းပေါင်းမှ ကျောင်းသား ၁၅၉ ယောက်ကို ရွေးချယ်ခဲ့ပြီး သွေးနမူနာများ တောင်းကာ HbA1c ကို ဓာတ်ခွဲစမ်းသပ်ခဲ့ရာတွင် ရေဒီယိုလှိုင်းအများဆုံးထိတွေ့ခံရသည့် ကျောင်းသားများသည် ရေဒီယိုလှိုင်းထိတွေ့မှုနည်းသည့် ကျောင်းသားများထက် HbA1c ပမာဏပိုများနေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    Ref: Arabnews

  • ချယ်ဆီးပွဲက ဗန်ဂါးလ်အတွက် နောက်ဆုံးဖြစ်မည်ဟု သတင်းများထွက်ပေါ်

    ချယ်ဆီးပွဲက ဗန်ဂါးလ်အတွက် နောက်ဆုံးဖြစ်မည်ဟု သတင်းများထွက်ပေါ်

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    man u

    – ယနေ့ညတွင် အိုးထရက်ဖို့ဒ်၌ကစားမည့် ချယ်ဆီးနှင့်ပွဲတွင် အနိုင်ရရှိပါကလည်း ဗန်ဂါးလ်မှာ မန်ယူနှင့် လမ်းခွဲတော့မည်ဟု The Telegraph သတင်းစာက ဖော်ပြခဲ့သည်။

    မန်ယူမှာ နောက်ဆုံး ၇ ပွဲတွင် အနိုင်ရရှိခဲ့ခြင်းမရှိဘဲ၊ ပြိုင်ပွဲအားလုံးတွင် နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ ပြီးခဲ့သည့် Boxing Day တွင် စတုတ်စီးတီးအား ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းက ဗန်ဂါးလ်၏ အခြေအနေကို အဆိုးဆုံးသို့ ရောက်ရှိခဲ့သည်။

    နည်းပြသစ်ဂူစ်ဟစ်ဒင့်၏ ချယ်ဆီးအသင်းနှင့်ပွဲမှာ ဗန်ဂါးလ်၏ ၁၈ လကြာ နည်းပြသက်တမ်းကို အဆုံးသတ်စေမည်ဟု သတင်းများထွက်ပေါ်နေပြီး ဗန်ဂါးလ်ကိုယ်တိုင် နှုတ်ထွက်မည်လား၊ အသင်းက ထုတ်ပယ်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    The Telegraph ကမူ မန်ယူ၏ အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌဖြစ်သူ အက်ဒ်ဝုဒ်ဝါ့ဒ်က ဗန်ဂါးလ်အား ထောက်ခံသည်ဟု ထည့်သွင်းဖော်ပြခဲ့သော်လည်း လာမည့်နာရီများတွင် မည်သည့်အပြောင်းအလဲမဆို ဖြစ်သွားနိုင်သည်ဟု ဆိုသည်။

    Ref: Goal

  • တရုတ်နိုင်ငံက အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း

    တရုတ်နိုင်ငံက အငြင်းပွားဖွယ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေကို ပြဌာန်း

    ဒီဇင်ဘာ ၂၈၊ ၂၀၁၅
    M-Media

    china

    – နည်းပညာကုမ္ပဏီများမှာ ရုပ်ဖျက်ထားသည့် မှတ်တမ်းများကဲ့သို့ အရေးပါသော အချက်အလက်များကို အစိုးရအား လွှဲပြောင်းပေးအပ်ရန် လိုအပ်ပြီး အကြမ်းဖက်မှုကို တန်ပြန်စစ်ဆင်နိုင်ရန် စစ်တပ်အား ပြည်ပသို့စေလွှတ်ခြင်းကို ခွင့်ပြုထားသည့် အငြင်းပွားဖွယ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို တရုတ်ပါလီမန်က ယမန်နေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။

    တရုတ်အစိုးရကမူ ၎င်းတို့တိုင်းပြည်တွင် စစ်သွေးကြွများနှင့် ခွဲထွက်ရေးသမားများ တဖြည်းဖြည်း များပြားလာခြင်းနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားထားသည်။ အဆိုပါဥပဒေသည် လွတ်လပ်စွာပြောဆိုခွင့်ကဲ့သို့သော လူ့အခွင့်အရေးများကို ချိုးဖောက်နိုင်သည့်အပြင် အင်တာနက်လွတ်လပ်ခွင့်ကိုလည်း ထိပါးလာနိုင်သောကြောင့် အနောက်နိုင်ငံများက အထူးစိုးရိမ်လျက် ရှိနေကြသည်။

    အမေရိကန်သမ္မတ အိုဘားမားကလည်း ထိုဥပဒေနှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေကြောင်း တရုတ်သမ္မတ ဇီဂျင်ပင်းကို တိုက်ရိုက် ပြောကြားထားဖူးသည်။

    သို့သော်လည်း ထိုဥပဒေမှာ နည်းပညာကုမ္ပဏီများ၏ ပုံမှန်ဆောင်ရွက်ချက်များကို ထိခိုက်စေမည်မဟုတ်ဘဲ အသိဥာဏ်မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေး ဆုံးရှုံးမှု သို့မဟုတ် မရိုးသားသည့် ကိစ္စများလည်း ပါဝင်မည်မဟုတ်ဟု လွှတ်တော်ရာဇ၀တ်မှုရေးရာဌာနမှ အကြီးအကဲ လီရှောင်ဝေက ပြောကြားခဲ့သည်။

    ဇူလိုင်လကပြဌာန်းခဲ့သော တရုတ်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး ဥပဒေတွင် သတင်းအချက်အလက်နှင့် ပတ်သက်သည့် အဓိက အခြေခံအဆောက်အဦးများနှင့် သတင်းအချက်အလက်စနစ်များမှာ လုံခြုံ၍ ထိန်းချုပ်နိုင်သည့်အနေအထားတွင် ရှိရန် လိုအပ်သည်ဟု ဖော်ပြထားသည်။

    ယခုပြဌာန်းလိုက်သည့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကိုလည်း ပြည်ပစစ်ရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် ခွင့်ပြုထားသည်။ သို့သော်လည်း ကျွမ်းကျင်သူများကမူ ထိုသို့ ပါဝင်ခြင်းက လက်တွေ့နှင့် သံတမန်ရေးဆိုင်ရာပြဿနာများ ကြုံတွေ့ရနိုင်သည်ဟု သတိပေးထားသည်။

    ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ အကြမ်းဖက်မှုဆန့်ကျင်ရေးဌာနခွဲမှ ခေါင်းဆောင် အန်ဝေကျင်းက တရုတ်နိုင်ငံမှာ အကြမ်းဖက်သမားများ အထူးသဖြင့် အရှေ့တာကက်စတန် တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေသစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကို အသေးစိတ်မတင်ပြရန် မီဒီယာကို ကန့်သတ်ထားသည်။ ပုံစံတူလိုက်လုပ်လာနိုင်သည့်အတွက် အကြမ်းဖက်ရေးလှုပ်ရှားမှုများကို မီဒီယာနှင့် လူမှုကွန်ယက်များတွင် မရေးသားရန်အပြင် ရက်စက်ကြမ်းကြုတ်ပြီး လူမဆန်သည့် ပြကွက်များကိုလည်း မပြသရန် တားမြစ်ထားသည်။

    Ref: Reuters