News @ M-Media

Author: Ko Lay

  • မဟ်ရက်ဇ်မှာ လက်စတာ၏ ဘုရင်တစ်ဆူဟု နည်းပြပြော

    မဟ်ရက်ဇ်မှာ လက်စတာ၏ ဘုရင်တစ်ဆူဟု နည်းပြပြော

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    epl 2

    – မိမိတို့ တိုက်စစ်မှူးဖြစ်သူ ရီယဒ် မဟ်ရက်ဇ်မှာ အသင်း၏ ဘုရင်ဖြစ်သည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။

    ယခုနှစ်တွင် ခြေစွမ်းပြကာ ပရီးမီးယားလိဂ်ဇယားအား ဦးဆောင်ထားနိုင်သည့် လက်စတာအတွက် မဟ်ရက်ဇ်မှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး စုစုပေါင်း ၁၃ ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်း၏ ခြေစွမ်းကြောင့် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း အေးဂျင့်ဖြစ်သူက မဟ်ရက်ဇ်မှာ လက်စတာတွင်သာ ဆက်လက်ရှိနေမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

    “သူကလည်း ကျွန်တော်တို့နဲ့နေချင်တယ်။ ကျွန်တော်တို့ကလည်း သူ့ကို ထိန်းထားချင်တယ်။ ဒါပါပဲ။ သူက တိုးတက်ဖို့လိုတယ်။ သူတိုးတက်တဲ့အခါမှာ အသင်းလည်း တိုးတက်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန်မှာ ဘာ့ကြောင့် သူက ထွက်သွားချင်မှာလဲ။ သူက ဒီမှာ ဘုရင်တစ်ဆူပါပဲ။ သူဟာ အသင်းနဲ့အတူ နာမည်ကြီးလာနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဇယားအောက်ရောက်နေတဲ့ အချိန်တုန်းက သူ့ကို ဘယ်သူမှမသိဘူး။ အခုတော့ လူတိုင်းက သူ့အကြောင်းပြောနေကြပြီ။ နည်းနည်တော့ ဖိအားရှိနိုင်မှာပေါ့လေ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ၂၀၁၅ ခုနှစ်အတွင်း IS က ၎င်းတို့နယ်မြေ ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံး

    ၂၀၁၅ ခုနှစ်အတွင်း IS က ၎င်းတို့နယ်မြေ ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံး

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    – IS အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားသည့် နယ်မြေများမှာ ၂၀၁၅ ခုနှစ်အတွင်း ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခဲ့ပြီး ဆီးရီးယားရှိကာ့ဒ်များ ထိန်းချုပ်နိုင်သည့်နယ်မြေများမှာ သုံးဆခန့်ကျယ်ပြန့် လာခဲ့သည်ဟု တတ်သိပညာရှင်များအဖွဲ့ဖြစ်သော JHS က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

    ထိုအခြေအနေက IS အဖွဲ့၏ ခလီဖိတ်အင်ပါယာ ကျယ်ပြန့်လာစေရန် နယ်မြေများ အတင်းအဓမ္မသိမ်းပိုက်နေသည့် ရည်ရွယ်ချက်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

    ၎င်းတို့ ဆုံးရှုံးခဲ့သည့် နယ်မြေများတွင် စစ်ရေးအရ အရေးပါသည့်နယ်မြေများဖြစ်သော တူရကီ- ဆီးရီးယားနယ်စပ်မှ တဲလ်အဘ်ယာ့ဒ်မြို့၊ အီရတ်နိုင်ငံ၏ တစ်ကရစ်မြို့နှင့် ဘိုင်ဂျီးရေနံချက်စက်ရုံ စသည်တို့ပါဝင်သည်။ အခြား ကြီးမားသော ဆုံးရှုံးမှုများတွင် ထောက်ပံ့ရေးလမ်းကြောင်းများရှုပ်ထွေးနေသည့် အီရတ်မြောက်ပိုင်း မူဆိုးလ်နှင့် ဆီးရီးယား၏ အဓိကထောက်ပံ့ရေးမြို့ ရက်ကာ တို့ကြားတွင်ရှိသည့် အဝေးပြေးလမ်းမကြီးတစ်ခု ဖြစ်သည်။

    အမေရိကန်အခြေစိုက် JHS အဖွဲ့က အကြမ်းဖက်အဖွဲ့များသိမ်းပိုက်ထားသည့် နယ်မြေများသည် ၁၂၀၀ စတုရန်းကီလိုမီတာ ရှိရာမှ ၇၈၀၀၀ စတုရန်းကီးလိုမီတာအထိ လျော့ကျသွားကြောင်း ပြောကြားခဲ့သည်။ IS အဖွဲ့ကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုများ၊ အီရတ်တပ်ဖွဲ့များ၊ ဆီးရီးယားသူပုန်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

    ဆီးရီးယားပဋိပက္ခတွင် အဓိကနယ်မြေဆုံးရှုံးခဲ့သူမှာ နယ်မြေ ၁၆ ရာခိုင်နှုန်းခန့်လက်လွတ်ခဲ့ရသည့် ဆီးရီးယားအစိုးရဖြစ်သည်။ ယခုလက်ကျန်မြေမှာ စတုရန်းကီလိုမီတာ ၃၀၀၀၀ ၀န်းကျင်သာ ကျန်ရှိတော့ပြီး ဤပမာဏမှာ IS သိမ်းပိုက်ထားသည့်ဧရိယာ၏ တစ်ဝက်လောက်ပင် မရှိပေ။

    Ref: Alarabiya

  • ဗန်ဂါးလ်၏ နည်းစနစ်ပိုင်းကို မန်ယူကစားသမားများ ဝေဖန်ထောက်ပြခဲ့

    ဗန်ဂါးလ်၏ နည်းစနစ်ပိုင်းကို မန်ယူကစားသမားများ ဝေဖန်ထောက်ပြခဲ့

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    mu

    – ပြီးခဲ့သည့် ပရီးမီးယာလိဂ်ပွဲစဉ်တွင် နော်ဝစ်ခ်ျအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးနောက် မန်ယူ၏ အဓိကကစားသမားများမှာ နည်းပြဗန်ဂါးလ်နှင့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်း၏ နည်းစနစ်များ၊ လေ့ကျင့်ရေးပုံစံများကို ဝေဖန်ကာ ပြောင်းလဲမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်ဟု သိရသည်။

    ထိုဆွေးနွေးမှုကို အသင်းခေါင်းဆောင် ရူနီ၊ မိုက်ကယ်ကာရစ်၊ ခရစ်စမောလင်းနှင့် ဂျူအန်မာတာတို့က ဦးဆောင်ခဲ့ပြီး ဗန်ဂါးလ်၏ ပြင်းထန်သော လေ့ကျင့်ရေးအစီအစဉ်များ၊ ပွဲကစားမည့်နေ့တွင် အသုံးပြုသည့် တင်းကျပ်သော နည်းစနစ်ပိုင်းဆိုင်ရာများကို ထောက်ပြ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

    အသင်းရှိ ကစားသမားများ ဒဏ်ရာပြဿနာနှင့် ကြုံတွေ့ရမှုမှာလည်း လိုအပ်သည်ထက်ပိုသည့် လေ့ကျင့်မှုများကြောင့်ဟု မန်ယူကစားသမားများက ယုံကြည်နေသည်။ စပိန်ကစားသမားများဖြစ်ကြသော မာတာနှင့် ဟာရဲရားတို့ကလည်း မန်ယူတွင် သတ်သတ်မှတ်မှတ်မရှိသော ၎င်းတို့၏ အခြေအနေက ယူရို ၂၀၁၆ ၀င်မည့် စပိန်လက်ရွေးစင်အသင်း နေရာအတွက်ပါ ခြိမ်းခြောက်နေသည်ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုဆွေးနွေးမှုကြောင့် အသင်းအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင်ရာတွင် မန်ယူကစားသမားများနှင့် ဗန်ဂါးလ်ဦးဆောင်သည့် နည်းပြအဖွဲ့တို့အကြား အတူတကွ လက်တွဲလုပ်ဆောင်သွားရန် သဘောတူညီချက် ရခဲ့သည်ဟု သိရသည်။

    Ref: Dailymail

  • အင်ဒိုတောမီးအတွက် တာဝန်ရှိသည့် ကုမ္ပဏီများကို အစိုးရ အပြစ်ပေး

    အင်ဒိုတောမီးအတွက် တာဝန်ရှိသည့် ကုမ္ပဏီများကို အစိုးရ အပြစ်ပေး

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    indo

    – လူ ၁၉ ယောက်ထိ သေဆုံးစေခဲ့သော တောမီးလောင်မှု ဖြစ်ပွားခဲ့သည့်အတွက် ကုမ္ပဏီ ၂၀ ကျော်ကို အပြစ်ပေးအရေးယူမှုများ ပြုလုပ်လျက်ရှိသည်ဟု အင်ဒိုနီးရှား အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

    အရှေ့တောင်အာရှတစ်ခွင်လုံးတွင် မီးခိုးမွန်ထူစေခဲ့သော ထိုတောမီးလောင်မှု၌ ပါဝင်ခဲ့သည့်အတွက် ကုမ္ပဏီသုံးခုကို လိုင်စင်ဖျက်သိမ်းခဲ့ပြီးနောက် ကုမ္ပဏီကိုပါ ရာသက်ပန် ပိတ်ပစ်ခဲ့သည်။ အဆိုပါမီးလောင်ကျွမ်းမှုကြောင့် အင်ဒိုနီးရှားနိုင်ငံမှာ ကန်ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံးနစ်နာခဲ့သည်။

    ယခုဆောင်ရွက်မှုမှာ စိုက်ပျိုးရေးလုပ်ရန် သစ်ပင်များ ခုတ်ထွင်ရှင်းလင်းရာမှ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် တောမီးလောင်ကျွမ်းမှုအပေါ် အင်ဒိုနီးရှား အစိုးရအနေဖြင့် ပထမဆုံးအကြိမ် ကုမ္ပဏီများကို လိုင်စင်ပိတ်သိမ်း အရေးယူခြင်းဖြစ်သည်။

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှာ ကုမ္ပဏီ ၁၄ ခု၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်စေခဲ့ပြီး မီးဘေးကာကွယ်မှုအပေါ် အစိုးရ၏ ကန့်သတ်ချက်များကို မလိုက်နာနိုင်ပါက ကုမ္ပဏီပိတ်သိမ်းခံရမည့် အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ အခြားသော ကုမ္ပဏီအမြောက်အများကိုလည်း အထူးသတိပေးထားပြီး အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

    “အုပ်ချုပ်စီမံပိုင်ခွင့် ကန့်သတ်တာကနေ လိုင်စင်ပိတ်သိမ်းတဲ့တဲ့အထိ စုစုပေါင်း ကုမ္ပဏီ ၂၃ ခုကို အရေးယူပြီးပါပြီ။ ကျန်တဲ့ ကုမ္ပဏီ ၃၃ ခုကိုလည်း ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်၊ တကယ်လို့အပြစ်ရှိကြောင်းတွေ့ရှိရင် သူတို့လည်း လိုင်စင် ရုတ်သိမ်းသွားမှာဖြစ်ပါတယ်” ဟု ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကီမဲလ်အာမားစ်က ပြောကြားခဲ့သည်။

    “ဒီလိုဘေးအန္တရာယ်တွေ ထပ်ခါထပ်ခါ မဖြစ်ပွားအောင် ပိုမိုခိုင်မာတဲ့ ဥပဒေပြဌာန်းမှုတွေ လိုအပ်ပါတယ်၊ ဒီလိုဖြစ်နေတာ ၁၈ နှစ်လောက်ရှိပြီ၊ ဒါပေမဲ့ ဘယ်သူကမှ သင်ခန်းစာယူရကောင်းမှန်း မသိကြပါဘူး” ဟု အာမားစ်က ထည့်သွင်းပြောကြားခဲ့သည်။

    အင်ဒိုနီးရှားတွင် လူအယောက် ၅ သိန်းခန့်သည် မီးခိုးမြူများကြောင့် အသက်ရှုလမ်းကြောင်းရောဂါများ ကူးစက်ခံစားနေရပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သော စင်ကာပူနှင့် မလေးရှားတို့တွင်လည်း အလားတူရောဂါများ ဖြစ်ပွားနေကြရသည်။

    Ref: Channelnewsasia

  • IS လက်ထဲမှ ရာမာဒီကိုပြန်ရရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်နေ

    IS လက်ထဲမှ ရာမာဒီကိုပြန်ရရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်နေ

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    iraq

    – အီရတ်နိုင်ငံအလယ်ပိုင်းရှိ IS များထိန်းချုပ်ထားရာ ရာမာဒီမြို့အား ပြန်လည်ရရှိရေးအတွက် အီရတ်စစ်တပ်က ယနေ့တွင် အလုံးအရင်းနှင့် ထိုးစစ်ဆင်နေသည်ဟု သိရသည်။

    ယနေ့မနက်က စတင်ခဲ့ခြင်းဖြစ်ပြီး IS ဘက်ကလည်း အသေခံကားဗုံးခွဲသမားများနှင့် ပြန်လည်တုန့်ပြန်ခဲ့သည်ဟု အီရတ်စစ်တပ် အကြမ်းဖက်တိုက်ဖျက်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဆာဘာဟ် အလ်-နူမာနီက ပြောကြားခဲ့သည်။ ထို့ပြင် လေကြောင်းမှတိုက်ခိုက်မှုများကိုလည်း ပြုလုပ်နေသည်။

    မြို့တော်ဘဂ္ဂဒတ်မှ ကီလိုမီတာ ၁၂၀ အကွာအဝေးတွင်ရှိပြီး အန်ဘာရ်ပြည်နယ်၏ မြို့တော်ဖြစ်သော ရာမာဒီမြို့ကို IS က ယခုနှစ်မေလတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အီရတ်စစ်တပ်က မြို့၏ အချို့အစိတ်အပိုင်းကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ စစ်တပ်ကမူ ၎င်းတို့မှာ အဓိက စစ်ဌာနချုပ်တစ်ခုအပါအ၀င် မြို့၏ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera