ဒီဇင်ဘာ ၂၃၊ ၂၀၁၅
M-Media
– IS အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားသည့် နယ်မြေများမှာ ၂၀၁၅ ခုနှစ်အတွင်း ၁၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားခဲ့ပြီး ဆီးရီးယားရှိကာ့ဒ်များ ထိန်းချုပ်နိုင်သည့်နယ်မြေများမှာ သုံးဆခန့်ကျယ်ပြန့် လာခဲ့သည်ဟု တတ်သိပညာရှင်များအဖွဲ့ဖြစ်သော JHS က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအခြေအနေက IS အဖွဲ့၏ ခလီဖိတ်အင်ပါယာ ကျယ်ပြန့်လာစေရန် နယ်မြေများ အတင်းအဓမ္မသိမ်းပိုက်နေသည့် ရည်ရွယ်ချက်ကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
၎င်းတို့ ဆုံးရှုံးခဲ့သည့် နယ်မြေများတွင် စစ်ရေးအရ အရေးပါသည့်နယ်မြေများဖြစ်သော တူရကီ- ဆီးရီးယားနယ်စပ်မှ တဲလ်အဘ်ယာ့ဒ်မြို့၊ အီရတ်နိုင်ငံ၏ တစ်ကရစ်မြို့နှင့် ဘိုင်ဂျီးရေနံချက်စက်ရုံ စသည်တို့ပါဝင်သည်။ အခြား ကြီးမားသော ဆုံးရှုံးမှုများတွင် ထောက်ပံ့ရေးလမ်းကြောင်းများရှုပ်ထွေးနေသည့် အီရတ်မြောက်ပိုင်း မူဆိုးလ်နှင့် ဆီးရီးယား၏ အဓိကထောက်ပံ့ရေးမြို့ ရက်ကာ တို့ကြားတွင်ရှိသည့် အဝေးပြေးလမ်းမကြီးတစ်ခု ဖြစ်သည်။
အမေရိကန်အခြေစိုက် JHS အဖွဲ့က အကြမ်းဖက်အဖွဲ့များသိမ်းပိုက်ထားသည့် နယ်မြေများသည် ၁၂၀၀ စတုရန်းကီလိုမီတာ ရှိရာမှ ၇၈၀၀၀ စတုရန်းကီးလိုမီတာအထိ လျော့ကျသွားကြောင်း ပြောကြားခဲ့သည်။ IS အဖွဲ့ကို အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုများ၊ အီရတ်တပ်ဖွဲ့များ၊ ဆီးရီးယားသူပုန်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။
ဆီးရီးယားပဋိပက္ခတွင် အဓိကနယ်မြေဆုံးရှုံးခဲ့သူမှာ နယ်မြေ ၁၆ ရာခိုင်နှုန်းခန့်လက်လွတ်ခဲ့ရသည့် ဆီးရီးယားအစိုးရဖြစ်သည်။ ယခုလက်ကျန်မြေမှာ စတုရန်းကီလိုမီတာ ၃၀၀၀၀ ၀န်းကျင်သာ ကျန်ရှိတော့ပြီး ဤပမာဏမှာ IS သိမ်းပိုက်ထားသည့်ဧရိယာ၏ တစ်ဝက်လောက်ပင် မရှိပေ။
Ref: Alarabiya


Leave a Reply
You must be logged in to post a comment.