News @ M-Media
Author: Ko Lay
  • ဗီယက်နမ်တွင် ဆင်စွယ်နှစ်တန်ကို လက်ရဖမ်းဆီး
    ဗီယက်နမ်တွင် ဆင်စွယ်နှစ်တန်ကို လက်ရဖမ်းဆီး
    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    vie
    – မိုဇမ်ဘတ်နိုင်ငံမှ ဗီယက်နမ်နိုင်ငံအတွင်းသို့ တရားမ၀င်ခိုးသွင်းလာသည့် ဆင်စွယ်နှစ်တန်ကျော်ကို မိမိတို့က ဖမ်းဆီးရမိခဲ့သည်ဟု ဗီယက်နမ်အာဏာပိုင်များက ယမန်နေ့တွင် ပြောကြားခဲ့သည်။
    ဆင်စွယ် ၈၃၅ ခု (တန်ချိန် ၂.၂ တန်) ကို ပဲအိတ်များကြားတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ နိုင်ငံပိုင်သတင်းစာဖြစ်သော Phap Luat Vietnam ကမူ ထိကဲ့သို့တင်ပို့မှုမှာ ဗီယက်နမ်တွင် မှတ်ပုံတင်ထားသည့် ပြည်တွင်းကုမ္ပဏီတစ်ခုကို ပို့ဆောင်ပေးခြင်းဖြစ်သည်ဟု ယူဆရကြောင်း ဖော်ပြထားသည်။
    သို့သော်လည်း ထိုကုမ္ပဏီကမူ ဆင်စွယ်များမှာယူမှု မရှိဟု ငြင်းဆိုခဲ့ပြီး မိုဇမ်ဘတ်နိုင်ငံမှ ရောက်ရှိလာသည့် အဆိုပါ ကွန်တိန်နာမှာ ဟိုင်ဖွန်ဆိပ်ကိမ်းသို ပြီးခဲ့သည့် နိုဝင်ဘာလနှောင်းပိုင်းက ရောက်ရှိလာခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဆင်စွယ်နှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် သိပ္ပံနည်းကျ စမ်းသပ်မှုများအရ မည်သည့်ရောဂါမျှ ပျောက်ကင်းနိုင်စွမ်းမရှိဘဲ အာရှတစ်လွှားတွင် ကံကောင်းစေသော အဆောင်အဖြစ်လည်းကောင်း၊ တိုင်းရင်းဆေးများတွင် အသုံးပြုရန်အတွက်လည်းကောင်း တန်ဖိုးကြီးမြင့်စွာပေး၍ ၀ယ်ယူသုံးစွဲလျက် ရှိကြသည်။
    ဗီယက်နမ်တွင် ဆင်စွယ်ကုန်သွယ်မှုကို ၁၉၉၂ တွင် တရားမ၀င်ဟု သတ်မှတ်ထားပြီးဖြစ်သော်လည်း ယင်းကာလမတိုင်မီကတည်းက ဆိုင်များတွင် တင်ထားသည့် ဆင်စွယ်များကိုမူ ဆက်လက်ရောင်းချခွင့်ရှိသည်။ နိုင်ငံအတွင်း မှောင်ခိုဈေးကွက်တွင် ဆင်စွယ်တစ်ကီလိုကို ဒေါ်လာ ၂၁၀၀ ထိတန်ကြေးရှိပြီး အရောင်းအ၀ယ်အားကောင်းနေဆဲ ဖြစ်သည်။
    အာဖရိကတွင် ၂၀ရာစုအလယ်၌ ဆင်ကောင်ရေ သန်းပေါင်းများစွာရှိရာမှ ၁၉၈၀ အကုန်တွင် ကောင်ရေခြောက်သိန်းခန့်ထိ ထိုးကျသွားသည့်အတွက် နိုင်ငံတကာတွင် ဆင်စွယ်ကုန်သွယ်မှုကို ၁၉၈၉ မှစ၍ တရားမ၀င်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
    ကွန်မြူနစ်ဗီယက်နမ်နိုင်ငံသည် မျိုးတုံးအန္တရာယ်ရှိသည့် တိရစ္ဆာန်များ ကုန်သွယ်ရာတွင် ကမ္ဘာ့အဆိုးဆုံးနိုင်ငံအဖြစ် စွပ်စွဲခံထားရသည့် နိုင်ငံတစ်ခုဖြစ်သည်။
    ဗီယက်နမ်ပြည်သူများကို မျိုးတုံးအန္တရာယ်ရှိသည့်တိရစ္ဆာန်များမှရသော ပစ္စည်းများ အသုံးမပြုရန် စည်းရုံးမှုများစွာ ပြုလုပ်နေသော်လည်း အောင်မြင်မှု မရရှိပေ။ ယခုနှစ်တစ်လျှောက်လုံးတွင် ဗီယက်နမ်ရဲများမှာ တရားမ၀င်တင်ပို့လာသည့် ဆင်စွယ်၊ ကြံ့ချို၊ သင်းခွေချပ်တန်ပေါင်းများစွာကို အများအပြား ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။
    Ref: Channelnewsasia
  • မြန်မာလူငယ်များအကြား ဒရုန်းနည်းပညာကို စိတ်ဝင်စားမှု မြင့်တက်လာ
    မြန်မာလူငယ်များအကြား ဒရုန်းနည်းပညာကို စိတ်ဝင်စားမှု မြင့်တက်လာ
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    drone
    – ပျားပန်းခတ်မှ စည်းကားလှသည့် ရန်ကုန်မြို့ရှိ ဈေးတစ်ခု၏ နောက်တွင်ရှိသော ယိုင်နဲ့နဲ့ဝပ်ရှော့တစ်ခုတွင် ကြည်သာတစ်ယောက် အိမ်တွင်းလုပ် ဒရုန်းလေယာဉ်၏ ပလက်စတစ်ပန်ကာကို ပြင်ဆင်နေသည်။
    စစ်အာဏာရှင်အောက် နှစ်ပေါင်းများစွာနေခဲ့ရကာ ကမ္ဘာကြီးနှင့် တစ်သီးတစ်ခြားဖြစ်နေခြင်းက မြန်မာနိုင်ငံကို အင်ဂျင်နီယာပညာရှင်များ၊ နောက်ဆုံးပေါ်နည်းပညာများနှင့် ထိတွေ့မှု ဆုံးရှုံးစေခဲ့ပြီးနောက် ဖန်တီးနိုင်စွမ်းရှိကြသည့် လူငယ်တီထွင်သူများမှာ ကျန်ကမ္ဘာကြီးကို အမှီလိုက်ရန်အတွက် အင်တာနက်ဆီသို့ လှည့်လာကြလေသည်။
    “မြန်မာနိုင်ငံမှာ ဒရုန်းနည်းပညာကို လေ့လာတယ်ဆိုတာ မလွယ်ပါဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သက်ပြီး YouTube မှာ ကျွန်တော်တို့ ဗီဒီယိုတွေကြည့်ပါတယ်” ဟု ကြည်သာက ပြောကြားခဲ့သည်။ ကွန်နက်ရှင်ဆိုးရွားလွန်းသည်ဟု နာမည်ကြီးသည့် မြန်မာနိုင်ငံ၏ အင်တာနက်လိုင်းကို သည်းခံစိတ်ရှည်ကာ ပညာရရှိရန်အတွက် ထိုဗီဒီယိုများအား လပေါင်းများစွာ ကြည့်ရှုခဲ့ရသည်ဟု ၎င်းက ၀န်ခံခဲ့လေသည်။
    “ပထမတော့ ကျွန်တော်တို့ ဘာအောင်မြင်မှုမှမရဘူးဗျ၊ ဒါပေမယ့် တစ်နှစ်လောက် စမ်းသပ်လုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ တော်တော်လေးလုပ်နိုင်လာတယ်”
    အသက် ၂၆ နှစ်အရွယ်ကြည်သာနှင့် ၎င်း၏ အသက် ၃၀ အရွယ် ညီအစ်ကိုဝမ်းကွဲ သက်ဆန်းတို့က ရိုးရိုးယဉ်ယဉ် သစ်သားအိမ်လေးကို ၎င်းတို့၏ အင်ဂျင်နီယာနှင့် နည်းပညာစီးပွားရေးဗဟိုချက် “မြန်မာ့အနာဂတ်သိပ္ပံ” အဖြစ် အသွင်ပြောင်းခဲ့လေသည်။
    နောက်ဖေးမြေကွက်လပ်တွင်ရှိသည့် အလုပ်လုပ်သည့်ခုံတွင်တော့ ၀က်အူများ၊ အလူမီနီယံအချောင်းများ၊ လေယာဉ်ငယ်ကိုယ်ထည်များ ဗရပွဖြစ်နေခြင်းက တက်ကြွသော တီထွင်ဆန်းသစ်မှု၏ လက္ခဏာများ ဖြစ်လေသည်။
    ၎င်းတို့၏ အလုပ်က အစိုးရနှင့် ပုဂ္ဂလိက ကုမ္ပဏီများအတွက် အင်ဂျင်နီယာပိုင်းဆိုင်ရာ ၀န်ဆောင်မှုပေးခြင်းဖြင့် ၀င်ငွေရှာသည့်အလုပ်ဖြစ်သည်။ ၎င်းတို့ပေးသည့် ၀န်ဆောင်မှုများကတော့ မြေပုံလမ်းကြောင်းရှာခြင်း၊ စိုက်ပျိုးရေးလုပ်မည့်ဒေသများအား ဆန်းစစ်လေ့လာခြင်းတို့ကို ဒရုန်းများ၊ အဝေးထိန်းလေယာဉ်ငယ်များကို အသုံးပြု၍ ဆောင်ရွက်ပေးခြင်းဖြစ်လေသည်။
    သို့သော်လည်း ၎င်းတို့၏ ပြင်းပြသော ဆန္ဒနှင့် အားထုတ်မှုက အောင်မြင်လာဖွယ်ရှိနေသည့် တီထွင်ကြံဆသူများအတွက် နည်းပညာကမ္ဘာကြီးကို ဖွင့်ပေးနေခြင်းလည်း ဖြစ်သည်။ မော်တာငယ်လေးများ၊ ပန်ကန်များ၊ ဒရုန်းပလက်စတစ်ကိုယ်ထည်များ၊ လေယာဉ်ငယ်များ၊ အဝေးထိန်းကားငယ်များ တင်ထားသည့် ဆိုင်ငယ်လေးတစ်ခုလည်း ၎င်းတို့၏ ခြံထဲတွင်ရှိနေသည်။
    နောက်ဆုံးပေါ်နည်းပညာ တိုးတက်မှုများအား လိုက်မီရန်အတွက် မြန်မာလူငယ်များက စိတ်အားထက်သန်ကြသည်။ သို့သော်လည်း ဆယ်စုနှစ်ချီကြားခဲ့သည့် အာဏာရှင်၏ အမွေဆိုးဖြစ်သော ငွေကြေးချို့တဲ့မှုကြောင့် တစ်ခါတစ်ရံတွင် လိုက်မမီနိုင်ကြ။
    အဆင်သင့်အသုံးပြုနိုင်သည့် ဒရုန်းလေယာဉ်တစ်စီး၏ တန်ဖိုးက မြန်မာကျပ်ငွေ ၃ သိန်း(ကန်ဒေါ်လာ ၂၃၀ ၀န်းကျင်) အထိရှိပြီး ကမ္ဘာ့ဘဏ်က ပြည်သူတစ်ဦးလျှင် တစ်နစ်ပျမ်းမျ ၀င်ငွေ ကန်ဒေါ်လာ ၁၂၇၀ သာ ရှိသည်ဟု တွက်ချက်သတ်မှတ်ထားသည့် မြန်မာနိုင်ငံမှ လူငယ်အများစု တတ်နိုင်သည့်ပမာဏထက် ပိုများနေသည်။
    သို့သော်လည်း ကွက်ကျော်မြင်ကြသည့် စီးပွားရေးသမားများက ဒရုန်းတည်ဆောက်ရာတွင် ကော်များအသုံးပြုခြင်း၊ ဈေးပေါသော အင်ဂျင်အစိတ်အပိုင်းများ အသုံးပြုခြင်းအားဖြင့် ကန် ၁၀ ဒေါ်လာလောက်အထိ ကုန်ကျစားရိတ်လျော့ချနိုင်သည့် တီထွင်ကြံဆ နည်းလမ်းများကို မီခိုနေလေသည်။
    “ဒါက ကျွန်တော်တို့ရဲ့ဝါသနာပါ။ ဒီအစိတ်အပိုင်းတွေနဲ့ ပစ္စည်းပစ္စယာတွေဖန်တီးဖို့ ကျွန်တော်တို့ ရူးသွပ်ကြပါတယ်။ မြန်မာနိုင်ငံက အခြားသော ကျောင်းသားလူငယ်တွေကလည်း ဒီလိုပါပဲ” ဟု အစိတ်အပိုင်းအများစုကို တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြည်သာက ဆိုလေသည်။
    လွတ်လပ်စွာ ပျံသန်းမယ်
    ဒရုန်းလေယာဉ်များမှာ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားရာနေရာများမှ ဆန္ဒပြမှုများအထိ ဝေဟင်မှရိုက်ကူးရေးကို ဆောင်ရွက်ရန် ဓာတ်ပုံနှင့် ဗီဒီယိုသမားများ၏ ရွေးချယ်စရာပစ္စည်းတစ်ခု ဖြစ်နေသည်။
    သြစတေးလျတွင်တော့ ရေကူးသမားများ ငါးမန်းကိုက်ခံရခြင်းမှ ကာကွယ်ရန်အတွက် ငါးမန်းများကို ခြေရာခံရာတွင် ဒရုန်းလေယာဉ်များကို စတင်အသုံးပြုနေကြပြီဖြစ်သည်။ Amazon ကတော့ ၎င်းတို့ရောင်းချသည့် ပစ္စည်းများ ပေးပို့ရာတွင် ဒရုန်းများကို အသုံးပြုချင်နေကြသည်။ သို့သော်လည်း ဒရုန်းများကို လူကြိုက်များမှုက လုံခြုံရေးအရ စိုးရိမ်းရမှုကို ဖြစ်စေလေသည်။
    ပြီးခဲ့သည့်စက်တင်ဘာလက ယူအက်စ်အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ဒရုန်းလေယာဉ်တစ်စီး ပျက်ကျခဲ့သောကြောင့် ပွဲအား ရပ်နားခဲ့ရသည်။ ထိုအဖြစ်အပျက်က ဒရုန်းများအား မှတ်ပုံတင်အသုံးပြုရန် သတ်မှတ်ထားသည့် အမေရိကန်နိုင်ငံတွင် ဒရုန်းနှင့်ပတ်သက်သည့် နောက်ဆုံးအဖြစ်အပျက် ဖြစ်သည်။
    ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှနိုင်ငံမျးတွင်လည်း ဒရုန်းအသုံးပြုခြင်းကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသည်။ သို့သော်လည်း ခေတ်စားလာသည်မှာ မကြာသေးသည့် ဒရုန်းများနှင့်ပတ်သက်၍ နိုင်ငံအများစုကတော့ ယခုအချိန်အထိ မည်သည့်သတ်မှတ်ချက်မျိုးမှ မရှိသေး။
    မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ထိုလေယာဉ်ငယ်များကို တရားဥပဒေဖြင့် ကန့်သတ်ထားခြင်းမျိုးမရှိ။ အာဏာပိုင်များကမူ စည်းကမ်းထုတ်ရန်အတွက် အချိန်ယူ၍ သေချာစဉ်းစားရမည်ဟု ယုံကြည်နေသည်။
    စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် စိတ်ဝင်စားသူအဖွဲ့များက ၎င်းတို့၏ ဒရုန်းများကို ယူဆောင်ကာ ရန်ကုန်မြို့တွင်းနှင့် မြို့ပြင် လူရှင်းသည့် စက်မှုဇုန်များတွင် မောင်းနှင်ကြလေသည်။
    ရန်ကုန်မြို့ရှိ ကြည်ညိုဖွယ်ကောင်းသည့် ရွှေတိဂုံစေတီတော်အနီး ပန်းခြံတစ်ခုတွင် ၎င်း၏ ဒရုန်းလေယာဉ်အသစ်ကို ပျံဝဲမောင်းနှင်နေသည့် အိုင်တီဝန်ထမ်းတစ်ဦးက ဒရုန်းအသုံးပြုမှုကို ပုံမှန်လိုလို ကန့်ကွက်ခံရသည့်အကြောင်းအရင်းမှာ လုံခြုံရေးစိုးရိမ်မှုကြောင်ပင့်ဖြစ်သည်ဟု ဆိုသည်။
    “ကျွန်တော့်ရဲ့ဒရုန်းကနေ ရိုက်ကူးပြီး မြန်မာနိုင်ငံရဲ့ လှပတဲ့ မြင်ကွင်းတွေကို ချပြချင်ပါတယ်။ ဒရုန်းကနေရိုက်ကူးတဲ့ ပုံရိပ်တွေကို ပြည်သူတွေက နှစ်သက်ကြပါတယ်။ လှလည်းလှတာကိုး။ ကျွန်တော့် ဒရုန်းလေး ပျံနေရင် ကျွန်တော် ကြည်နူးမိတယ်ဗျ၊ အရမ်းလည်းပျော်တယ်” ဟု အမည်ပြောင် အီသန်ဟုခေါ်သည့် လူငယ်တစ်ဦးက ပြောကြားခဲ့လေသည်။
    ကန့်သတ်ချက်
    မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင်ရှိပြီး လေယာဉ်ပုံစံ ဆောက်လုပ်ထားသော မြန်မာလေကြောင်းအင်ဂျင်နီယာတက္ကသိုလ်တွင် သုတေသနပညာရှင်များမှာ သိပ္ပံဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဒရုန်းနည်းပညာကို အသုံးပြုနေကြသည်။
    ပြီးခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလထိ မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုကြောင့် ထိခိုက်ခဲ့မှုများကို ဆန်းစစ်ရန်အတွက် ထိုတက္ကသိုလ်က ဒရုန်းလေယာဉ်များဖြင့် စစ်တမ်းကောက်ယူခဲ့သည်။ ထိုသဘာဝဘေးအန္တရာယ်က လူပေါင်း ၁.၆ သန်းခန့်ကို ထိခိုက်ခဲ့လေသည်။
    “တားဆီးဖိုးနဲ့ ပျက်ဆီးမှုကို တိုင်းတာဖို့အတွက် ဒရုန်းကရိုက်ကူးတဲ့ ဓာတ်ပုံတွေဟာ တော်တော်လေး အသုံးဝင်ပါတယ်” ဟု တက္ကသိုလ်၏ မောင်းသူမဲ့ယာဉ်များဌာန အကြီးအကဲ သဲမောင်မောင်က ပြောကြားခဲ့သည်။
    ၎င်းတို့ပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုက အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့်ပမာဏကို သိရှိရန်၊ မြစ်ရေတိုက်စားခံခဲ့ရသည့် နေရာများအား မှတ်သားရန်နှင့် ကယ်ဆယ်ရေးစခန်းများအတွက် အကောင်းဆုံးနေရာများကို သတ်မှတ်ရန်အတွက် ရည်ရွယ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
    ၎င်း၏ ဌာနကသစ်က နိုင်ငံရပ်ခြားမှ နည်းပညာ တိုးတက်မှုများကို လိုက်မှီရန်အတွက် ကြိုးပမ်းနေသည်။ သို့သော်လည်း ထိုသို့ကြိုးပမ်းမှုက ရန်ပုံငွေနည်းပါးမှု၊ နှစ်ပေါင်းများစွာ လစ်လျူရှုခံရမှုတို့ကြောင့် နိမ့်ကြနေသည့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင်း ထူးခြားမှုများဖြစ်လာစေရန် ရည်ရွယ်ခြင်းမဟုတ်။
    သဲမောင်မောင်ကတော့ ကြည်သာနှင့် ၎င်း၏ဖန်တီးမှုအား ၀ယ်ယူအားပေးသူမျာကဲ့သို့ နည်းပညာတွင် စိတ်ဝင်စားသူများက ကျန်ကမ္ဘာကြီးအား အမှီလိုက်ရေးတွင် မြန်မာနိုင်ငံအား ကူညီနိုင်မည်ဟု ပြောကြားခဲ့သည်။
    “နည်းပညာစိတ်ဝင်စားတဲ့လူငယ်တွေကို ကျွန်တော်တို့က တိုက်တွန်းအားပေးဖို့လိုပါတယ်။ ဒါမှသာ ကျွန်တို့ဟာ ဆက်လက်တိုးတက်နိုင်မှာပါ” ဟု သဲမောင်မောင်က ပြောကြားခဲ့လေသည်။
    (AFP သတင်းဌာနမှ ဖော်ပြသည့် Soaring aspirations of Myanmar’s drone enthusiasts ဆောင်းပါးကို လေးမောင်မှ ဆီလျောအောင် ဘာသာပြန်ဆိုသည်။)
  • လေထုညစ်ညမ်းမှုကြောင့် တရုတ်တွင် အမြင့်ဆုံးသတိပေးချက် ကြေငြာရပြန်
    လေထုညစ်ညမ်းမှုကြောင့် တရုတ်တွင် အမြင့်ဆုံးသတိပေးချက် ကြေငြာရပြန်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    china
    – နိုင်ငံမြောက်ပိုင်း၌ ယခုသီတင်းပတ်အဆုံးပိုင်းတွင် လေထုညစ်ငြမ်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိသောကြောင့် ဒေသခံများအနေဖြင့် ပြင်ဆင်ထားကြရန် တရုတ်အာဏာပိုင်များက ယနေ့တွင် ကြေငြာခဲ့ပြီး၊ အနီရောင်အဆင့် သတိပေးချက်လည်း ထုန်ပြန်လိုက်သည်။
    မီးခိုးများဖြင့် လေထုညစ်ညမ်းမှုမှာ နိုင်ငံအလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းအထိ ပြန့်နှံ့ဖွယ်ရှိနေကာ စနေနေ့ညနေပိုင်းမှ အင်္ဂါနေ့အထိ ကြာမြင့်လိမ့်မည်ဟု တရုတ်မိုးလေ၀သ အေဂျင်စီက ပြောကြားခဲ့သည်။
    လေထုညစ်ညမ်းမှုကြောင့် တရုတ်နိုင်ငံတွင် အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ရသည်မှာ ၂၀၁၃ ခုနှစ်က သတိပေးချက်စနစ် စတင်ခဲ့ပြီးနောက်ပိုင်း ယခုအကြိမ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်မှာ ပြီးခဲ့သည့် သီတင်းပတ်က ဘေဂျင်းတွင် ကြေငြာခဲ့ရခြင်းဖြစ်သည်။
    Ref: channelnewsasia
  • ရုရှား တားမြစ်ဆေး တိုက်ဖျက်ရေး အဖွဲ့မှ ခေါင်းဆောင်ပိုင်းများအားလုံး နှုတ်ထွက်
    ရုရှား တားမြစ်ဆေး တိုက်ဖျက်ရေး အဖွဲ့မှ ခေါင်းဆောင်ပိုင်းများအားလုံး နှုတ်ထွက်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    russia
    – ရုရှားအားကစားလောကတွင် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း တားမြစ်ဆေးနှင့်ပတ်သက်၍ ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှား၏ တားမြစ်ဆေးတိုက်ဖျက်ရေး RUSADA မှ ခေါင်းဆောင်ပိုင်းအားလုံး ယမန်နေ့က နှုတ်ထွက်သွာခဲ့သည်ဟု သိရသည်။
    တားမြစ်ဆေးပြဿနာတွင် ပါဝင်သည့် အားကစားသမားများ၊ နည်းပြများ၊ တာဝန်ရှိသူများကို တစ်ယောက်မကျန် နှိမ်နင်းသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောကြားခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နှုတ်ထွက်မှု ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။
    “ယာယီဒါရိုက်တာ နီကီတာ ကမာယက်ဗ်ပါအ၀င် RUSADA က အကြီးအကဲ ၄ ဦးစလုံး နှုတ်ထွက်သွားခဲ့ကြတာပါ။ ကြားဖြတ်အထွေထွေဒါရိုက်တာအဖြစ် အန်နာ အန့်ဆီလီယိုဗစ်ခ်ျကို ခန့်အပ်ထားပါတယ်” ဟု RUSADA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    ရုရှားအားကစားလောကတွင် တားမြစ်ဆေးဝါးများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေသည်ဟု အစီရင်ခံစာတစ်စောင် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် နိုင်ငံတကာ အားကစားသမားများအဖွဲ့ IAAF မှာ ရုရှား အားကစားသမားများ၊ RUSADA နှင့် ရုရှား၏ တားမြစ်ဆေးတိုက်ဖျက်ရေး စမ်းသပ်ခန်းတို့ကို နိုဝင်ဘာလတွင် ပိတ်ပင်ခဲ့သည်။ RUSADA ၏ အထွေထွေဒါရိုက်တာဖြစ်သူ ရာမီလ် ဘရီဗ်မှာလည်း ပြီးခဲ့သည့်လက ရာထူးမှ နှုတ်ထွက်ခဲ့သည်။
    Ref: Channelnewsasia
  • ပြင်သစ်ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီများ မရှုမလှ ရှုံးနိမ့်ခဲ့
    ပြင်သစ်ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီများ မရှုမလှ ရှုံးနိမ့်ခဲ့
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    franc
    Front National – FN ပါတီခေါင်းဆောင် မာရီနာလီပင်အား ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်း မဲဆွယ်ပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ – AFP)
    – ၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်ညဥ့်၌ ရွေးကောက်ပွဲအတွက် အစွန်းမရောက်ပြင်သစ်ပြည်သူတို့၏ မဲဆန္ဒများက လက်ျာစွန်းရောက်ခေါင်းဆောင် မာရီနီလီပင်၏ အမျိုးသားတပ်ဦးပါတီအား တုန်လှုပ်သွားစေခဲ့သည်။ သို့သော် သူမသည် သမ္မတလောင်းနေရာ၏လမ်းကြောင်းတွင် ရှိနေဆဲဟု ခေါင်းမာစွာ တင်းခံပြောကြားနေကြောင်း ပဲရစ်ရှိ John Lichfield ပေးပို့သောသတင်းများအရ သိရသည်။
    လက်ျာစွန်းရောက် FN ပါတီသည် ဒုတိယအကျော့ ဒေသတွင်း ရွေးကောက်ပွဲ၌ ၎င်းတို့အပေါ် စိတ်ပျက်နေကြသည့် အစွန်းမရောက်ပြည်သူများ၏ ဆန္ဒမဲလှိုင်းလုံးကြီးကြောင့် ၂၀၁၅ ဒီဇင်ဘာ ၁၃ ရက်ညဥ့်က မထင်မှတ်လောက်အောင် အလဲထိုးခံလိုက်ရသည်။
    ပြီးခဲ့သည့်ရက်သတ္တပတ် တနင်္ဂနွေက မာရီနီလီပန်၏ လက်ျာစွန်းရောက်ပါတီသည် ပထမအကျော့မဲပေးခြင်း၌ ပြင်သစ်နိုင်ငံ၏ အခရာကျသောဒေသ ၁၂ ခုအနက် ၆ ခုတွင် အနိုင်ရနေခဲ့သဖြင့် ဥရောပတစ်ခွင်မှ စိတ်အားထက်သန်စွာစောင့်ကြည့်ခဲ့ကြ၏။ သို့သော်လည်း ၎င်း၏သရဖူကို ပြည်လုံးကျွတ်မဲစာရင်း၌မူ မထိန်းသိမ်းနိုင်တော့ချေ။
    မြောက်ပိုင်း Calais-Lille-Amiens ဒေသကို ကိုယ်စားပြု၍ ကိုယ်တိုင်ဝင်ပြိုင်သော မစ္စ လီပင်၊ သူမ၏တူမဖြစ်သူ အရှေ့တောင်ပိုင်းဒေသကိုယ်စားပြု Marion Mareဲchal-Le Pen (၂၆ နှစ်) အပါအ၀င် FN ပါတီကိုယ်စားလှယ်လောင်းများမှာ လက်ဝဲယိမ်းနှစ်သက်သူများ၏ နည်းဗျူဟာမြောက် မဲထည့်ဝင်မှုကြောင့် အလူးအလဲ ရှုံးနိမ့်သွားသည်။ ကနဦးပိုင်းတွင် မဲထည့်ရန် ယာယီငြင်းဆိုထားသည့် ၃.၅ သန်းသော မဲဆန္ဒရှင်တို့က ထိုသူတို့နှင့်ဆန့်ကျင်ဖက်သို့ ပြန်လှည့်စုပြုံ မဲပေးခဲ့ကြခြင်းကြောင့်ဖြစ်သည်။
    ထိုရလဒ်က ဒေသတွင်း သရဖူဆောင်းရန် မျှော်လင့်နေပြီး၊ ၂၀၁၇ ခုနှစ်တွင် Elyseဲe နန်းတော်အား မဖွယ်မရာပြုလုပ်လိုနေသည့် မစ္စလီပင် (၄၇ နှစ်) အား အပြင်းအထန် စိတ်ပျက်စရာ ဖြစ်သွားစေခဲ့သည်။
    FN ပါတီသည် ၂၀၁၂ သမ္မတနေရာရွေးကောက်ပွဲ၌ လူထု၏မဲဆန္ဒ ၆.၄ သန်းကို ရယူနိုင်ခဲ့သလို ယခုတစ်ခါတွင်လည်း ၇ သန်းနီးပါးခန့် အလားတူ ရယူစုဆောင်းနိုင်ခဲ့သည်ကို တွေ့ရသည်။ ဒေသတွင်း သြဇာထူထောင်လိုမှု ရှုံးနိမ့်လင့်ကစား မစ္စလီပင်၏ ပါတီသည် နိုင်ငံရေးပါတီနှစ်ရပ်အနက် အတိုက်အခံအင်အားစုအနေဖြင့် ၎င်း၏အင်အားကိုသုံးကာ ကြားနေအုပ်စုဖယ်ရှားခြင်းအတွက် ခြိမ်းခြောက်နေသေးသည်။
    france 2
    သူမ၏ပါတီရှုံးနိမ့်သည့်သတင်းထွက်ပေါ်ခဲ့သော်လည်း အထက်စီးစကားဆိုနေဆဲ လီပင် (ဓာတ်ပုံ – AFP)
    သူမက အဆိုပါရလဒ်ကို ၁၈ လတာ ကာလအတွင်း သူမအား သမ္မတနေရာဝင်ပြိုင်စေသော “ကြောက်မက်ဖွယ်အောင်မြင်မှုတစ်ရပ်” ဟု ဆိုခဲ့၏။
    “တိုင်းပြည်မှာ အင်အားစုနှစ်ရပ်ထဲ ရှိကြောင်း ဒီရွေးကောက်ပွဲက ပြသလိုက်ပါတယ်။ နိုင်ငံတကာအရှုပ်အထွေးကိစ္စတွေနဲ့ ပြင်သစ်ပြည်ကို နစ်မြုပ်သွားစေလိုတဲ့ ကမ္ဘာ့အရေးအင်အားစု (နဲ့) အမျိုးသားရေးနဲ့မျိုးချစ်အင်အားစုတွေပဲ ဖြစ်တယ်”။
    လွန်ခဲ့သည့်လအတွင်း လူပေါင်း ၁၃၀ သေဆုံးခဲ့သော ပဲရစ်တိုက်ခိုက်မှုဂယက်များအောက်မှ ရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ မကျော်ကြားလှသော ဆိုရှယ်လစ်အုပ်စုမှ ပြဋ္ဌာန်းလိုက်သည့် မပြတ်မသား ဈေးကွက်တံခါးဖွင့် ပြန်လည်ပြုပြင်ရေးဝါဒ၊ စံချိန်တင်အလုပ်လက်မဲ့ပြဿနာ၊ စီးပွားရေးထစ်ငေါ့နေမှု၊ အသုံးစားရိတ်လျှော့ချမှု စသည်တို့ကိုလည်း ဆန့်ကျင်သည့် မဲဆွယ်မှုများရှိခဲ့ကြသည်။
    ပထမအကျော့ မဲရလဒ်အပေါ် FN ၏ခေါင်းထောင်မှုသည် ပြင်သစ်၌ ပြည်တွင်းစစ်ဖြစ်ပွားစေနိုင်ကြောင်း မစ္စတာဗောစ်၏ ပြောကြားချက်အပါအ၀င် ပြည်တွင်းပြည်ပ၏ ပြတ်သားသည့်တုန့်ပြန်မှုများက မဲမထည့်လိုသူ သိန်းချီလူထုများအား စုစည်းနိုင်ခဲ့သည်။ ပထမအကျော့က မဲရှောင်သူ ၅၀ ရာခိုင်နှုန်းဝန်းကျင်အား ဒုတိယအကျော့တွင် မဲထည့်သူ ၅၉ ရာခိုင်နှုန်းဖြစ်စေသည်အထိ လှည့်ပြောင်းသွား၏။ အထူးသဖြင့် FN ပါတီမှ အနိုင်ရရန် မျှော်လင့်ထားသည့် နာမည်ကြီးဒေသသုံးခုအတွင်း ယင်းသို့ မြင့်တက်ပြောင်းလဲသွားခဲ့ပေသည်။
    FN ပါတီ၏ နည်းဗျူဟာမြောက်ခြေလှမ်းကြောင့် မြောက်ပိုင်းနှင့်အရှေ့ပိုင်းဒေသကြီးနှစ်ခု၌ အာဏာရ ဆိုရှယ်လစ်တို့ အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ သို့ဖြင့် မိမိတို့၏ကိုယ်စားလှယ်အားလုံး ရှုံးနိမ့်ရသဖြင့် ၎င်းတို့က လက်ဝဲယိမ်းမဲဆန္ဒရှင်တို့ကို ကြားနေအဖြစ် ပြောင်းလဲရေးသို့ ခွင့်ပြုပေးခဲ့ကြသည်။
    အစောပိုင်းခန့်မှန်းချက်များအရ မစ္စလီပင်သည် သူမ၏ နိုင်ငံရေးဗဟိုပြုခံတပ်ဖြစ်သော Nord-Pas de Calais-Picardy နယ်တွင် သောင်ပြိုကမ်းပြို အနိုင်ရထားခဲ့ကြောင်း ဖော်ပြသည်။ ၎င်း၌ ဆန္ဒမဲ ၄၂ ရာခိုင်နှုန်းရရှိခဲ့၏။ သို့သော် ထိုပထမအကျော့ကရရှိခဲ့သော ၄၀ ရာခိုင်နှုန်းကျော်ထက် ထပ်တိုးမလာတော့ပေ။ သူမ၏ပြိုင်ဖက် လက်ျာယိမ်းကြားနေသူ ကျန်းမာရေးဝန်ကြီးဟောင်း ဇေဗီယာ ဘာထရန်က ၅၈ ရာခိုင်နှုန်း ရရှိခဲ့သည်။
    တောင်ပိုင်းရှိ Marseilles-Nice ဒေသတွင် Marion Mareဲchal-Le Pen သည်လည်း လက်ျာယိမ်းကြားနေ ကိုယ်စားလှယ်ဖြစ်သော Nice မြို့တော်ဝန် Christian Estrosi ၏အလဲထိုးခြင်းကို ခံလိုက်ရသည်။ သူမ၏ ၄၅ ရာခိုင်နှုန်းကို သူ၏ ၅၅ ရာခိုင်နှုန်းမဲဖြင့် အနိုင်ရခဲ့သည်။
    ပြင်သစ် အရှေ့မြောက်ပိုင်း Alsace-Lorraine ၊ Champagne နှင့် Ardennes ဒေသတစ်ကြောတွင် ဒေသခံ ဆိုရှယ်လစ်ခေါင်းဆောင်က ဆုတ်ခွာကျောခိုင်းမှုကို လက်မခံခဲ့။
    မည်သို့ပင်ဆိုစေကာမူ မြောက်များစွာသော လက်ဝဲယိမ်းသမားများက လက်ျာယိမ်းကြားနေ ကိုယ်စားလှယ်အား ဆန္ဒမဲလှည့်ပြောင်းထည့်ကာ ၎င်းကို ၄၆ ရာခိုင်နှုန်းဖြင့် အနိုင်ပေးလိုက်ကြသည်။ FN က ၃၇ ရာခိုင်နှုန်း၊ ဆိုရှယ်လစ်က ၁၆ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ကြသည်။
    မစ္စတာ ဆာကိုဇီ၏ လက်ျာယိမ်းကြားနေပါတီဖြစ်သော Les Reဲpublicains က တောင်စွန်းပိုင်းဒေသ Languedoc-Roussillon-Midi-Pyrenees မှ ကျန်ရှိနယ်ပယ်များကို FN အပေါ် အနိုင်ယူရေးအတွက် တိုးဝင်ခဲ့ကြသည်။ နောက်ဆုံးသော ဆိုရှယ်လစ် ကိုယ်စားလှယ်မှ ရှောင်တခင် မထင်မှတ်သောမဲတို့ဖြင့် လီပင်၏လုပ်ဖော်ကိုင်ဖက်နှင့် FN ၏ ဒုဥက္ကဋ္ဌဖြစ်သော လက်ျာစွန်းရောက်ကိုယ်စားလှယ် Louis Aliot အား ဖြတ်ကျော်သွားသည်။
    FN ပါတီသည် ယခင်ရက်သတ္တပတ်၌ အခြားဒေသသုံးခုအတွင်း ပထမနေရာရောက်နေရာမှ ပြီးခဲ့သည့်တနင်္ဂနွေညဥ့်တွင်မူ အားလုံးကို လက်လွှတ်ဆုံးရှုံးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အပယ်ခံပါတီငယ်တို့ထံမှ မဲများကို လက်ဝဲ သို့ လက်ျာယိမ်းကြားနေ လူထုပါတီများမှ ရက်သတ္တပတ်အတွင်း ပြတ်သားထင်ရှားစွာ သိမ်းယူသွားနိုင်၍ဖြစ်သည်။
    သမ္မတဟောင်း နီကိုလပ် ဆာကိုဇီ ဦးဆောင်သော လက်ျာယိမ်းကြားနေ Reဲpublicians ပါတီက ဒေသကြီး ၇ ခု သို့မဟုတ် ၈ ခု၌လည်းကောင်း၊ ဆိုရှယ်လစ်ပါတီက ၄ ခု သို့မဟုတ် ၅ ခု၌လည်းကောင်း ကြီးစိုးသွားသည်။ မစ္စတာ ဆာကိုဇီက မိမိ၏ ပါတီဝင်အောက်ခြေအဆင့်များအဖို့ နားလည်လက်ခံရန် လိုအပ်နေသေးသော အောင်ပွဲတစ်ရပ်ဟု ဆိုလိုက်သည်။ လက်ဝဲသမားတို့၏ ဘက်ပြောင်းမှုမပါဝင်လျှင် FN အားရှုံးနိုင်ချေရှိသော ဒေသသုံးခုတွင် အနိုင်ရလာမှုကို ဆိုလိုသည်။
    ယမန်နှစ်မှစ၍ ကိုယ်ပိုင်အစိုးရအုပ်ချုပ်ရေးပေးရန် ကြိုးစားနေသော နယ်ပယ်ကြီး ၁၂ ခုအတွင်း ရွေးကောက်ပွဲမှာ အကြိတ်အနယ်ဖြစ်ခဲ့သည်။ တနင်္ဂနွေနေ့က Corsica ဒေသ၌လည်းကောင်း၊ ပြည်ပရှိ ပြင်သစ်အစိုးရဋ္ဌာနများ၌လည်းကောင်း မဲထည့်ခဲ့ကြသည်။
    မာရီနီ လီပင်သည် သူမဖက်ရပ်တည်သည့်လူဦးရေအင်အား တောင့်တင်းနေသေးသော်လည်း ထိုကိန်းဂဏန်းက ၂၀၁၇ ခုနှစ်တွင် သမ္မတလီပင် ဘ၀ရောက်ရန်လိုအပ်သည့် တစ်နိုင်ငံလုံး၏မဲအများစု ၅၀ ရာခိုင်နှုန်းရရန်အထိတော့ ဝေးကွာလွန်းလှသည်။
    FN ပါတီသည် အငယ်စား၊ အလတ်စားမြို့လက်တစ်ဆုပ်စာထက် ကြီးမားကျယ်ပြန့်သော မဲဆန္ဒနယ်ကြီးတစ်ရပ်မှာပင် အနိုင်ရရန် မစွမ်းဆောင်နိုင်ခဲ့။ သို့ဆိုလျှင် ဒေသတစ်ခု၌အနိုင်ရရှိယုံဖြင့် နိုင်ငံကြီးတစ်ခုလုံးကို အဆုံးသတ် အုပ်ချုပ်သွားနိုင်လိမ့်မည်ဟု လူထုက မည်သို့ယုံကြည်လက်ခံရပါတော့မည်နည်း ?
    (The Independent မှ ဖော်ပြသော John Lichfield ၏ France election: Front National fails to win a single region in second round of voting – but Marine Le Pen insists she’s still on course for presidency ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)