News @ M-Media
Author: Ko Lay
  • တူရကီတွင် လေကြောင်းရန်ကာကွယ်ရေးစနစ် ထားရှိရန် နေတိုးအဖွဲ့ စီစဉ်
    တူရကီတွင် လေကြောင်းရန်ကာကွယ်ရေးစနစ် ထားရှိရန် နေတိုးအဖွဲ့ စီစဉ်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    nato
    – ပြီးခဲ့သည့်လက ရုရှားတိုက်လေယာဉ်တစ်စီးကို နယ်စပ်တွင် ပစ်ချခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် စကားလုံးတိုက်ပွဲများ ဖြစ်ပွားနေသည့် တူရကီနိုင်ငံတွင် နေတိုးအဖွဲ့က လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ပေးဖို့ထောက်ပံ့ရန် စီစဉ်နေသည်ဟု သိရသည်။
    အဆိုပါစနစ်တွင် ကြားဖြတ်ဟန့်တားနိုင်မည့် မြန်နှုန်းမြင့်တိုက်လေယာဉ်များ၊ လေကြောင်းသတိပေးမှုနှင့် ထိန်းချုပ်မှုများ ပြလုပ်နိုင်မည့် ရေဒါသုံးလေယာဉ်များ၊ ထိန်းချုပ်ရေးသင်္ဘောများ၊ သင်္ဘောဖျက်နှင့် လေယာဉ်ပစ် ဒုံးကျည်များ တပ်ဆင်ထားသည့် ဖရီးဂိတ် စစ်သင်္ဘောများ ပါဝင်မည်ဖြစ်သည်။
    ထိုကဲ့သို့ ပေးပို့ထောက်ပံ့မှု အစီအစဉ်အတွက် ၁၀ လကြာမျှ ပြင်ဆင်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် နေတိုးအဖွဲ့က အတည်ပြုမည်ဟု မျှော်လင့်ရသည်။
    နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်စတိုလ်တန်ဘာ့ဂ်ကမူ ၎င်းအစီအစဉ်သည် တူရကီက ရုရှားဂျက်လေယာဉ်ကို ပစ်ချခဲ့သည့်ကိစ္စနှင့် မပတ်သက်ဟု ပြောကြားခဲ့သည်။ သို့သော် ခိုင်လုံသောသတင်းများအရ အဆိုပါပစ်ချခဲ့မှုကပင် တူရကီအား အထောက်အပံ့များပေးပို့ရန် ဆုံးဖြတ်ခဲ့သည့် အခြေအနေတစ်ခုဖြစ်သည်ဟု ဆိုသည်။
    သုတေသီများက အဆိုပါထောက်ပံ့မှုသည် တူရကီအား ကန့်သတ်ထိန်းချုပ်မှု ပြုလုပ်လိုသည့်အတွက်နှင့် အကာအကွယ်ပေးလိုသည့်အတွက်ပါ ရည်ရွယ်ချက်နှစ်မျိုးဖြစ်နိုင်သည်ဟု ဆိုသည်။
    “ဒါဟာ တူရကီကို မဟာမိတ်ဖြစ်လို့ ထောက်ပံ့ပေးတဲ့ ဟန်ပြသဘောမျိုးဖြစ်ပြီး၊ ပိုပြီး စောင့်ကြည့်ဖို့အတွက် ကြိုးစားတာဖြစ်ပါတယ်” ဟု ဥရောပကာကွယ်ရေးအေဂျင်စီ၏ အကြီးအကဲဟောင်း နစ်က် ၀စ်တနီက ပြောကြားခဲ့သည်။
    တူရကီက ရုရှားဂျက်လေယာဉ်မှာ တူရကီလေကြောင်းပိုင်းနက်အတွင်းသို့ ၀င်ရောက်လာခဲ့သောကြောင့် ပစ်ချခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ရုရှားကမူ လေယာဉ်သည် ဆီးရီးယားအစိုးရ၏ တောင်းဆိုမှုအရ IS များကို တိုက်ခိုက်ရန်အတွက် စစ်ဆင်ရေးပြုလုပ်နေစဉ် ဆီးရီးယားလေပိုင်နက်တွင်သာ ရှိနေသည်ဟု တုန့်ပြန်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာလျက် ရှိနေသည်။
    Ref: PressTV
  • မော်ရင်ဟိုနှင့် ချယ်ဆီးကစားသမားများအကြား မပြေလည်မှုများ သိသိသာသာရှိခဲ့
    မော်ရင်ဟိုနှင့် ချယ်ဆီးကစားသမားများအကြား မပြေလည်မှုများ သိသိသာသာရှိခဲ့
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    morin
    – နည်းပြမော်ရင်ဟိုအား အသင်းမှထုတ်ပယ်ခြင်းမှာ အသင်း၏ အကျိုးစီးပွားအတွက်ဖြစ်သည်ဟု ချယ်ဆီးအသင်း၏ နည်းစနစ်ဒါရိုက်တာဖြစ်သူ မီခေးလ် အီမီနာလိုက ပြောကြားခဲ့ပြီး မော်ရင်ဟိုနှင့် ကစားသများ၏ ဆက်ဆံရေးမှာလည်း
    ကောင်းမွန်ခြင်းမရှိတော့ဟု အတည်ပြုပြောကြားခဲ့သည်။
    မော်ရင်ဟိုမှာ ယမန်နေ့က အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျ၊ အသင်းဒါရိုက်တာများနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံစဉ် ထုတ်ပယ်ခံလိုက်ရခြင်းဖြစ်သည်။ အီမီနာလိုကမူ မော်ရင်ဟိုနှင့် ကစားသမားများ၏အကြား မကျေလည်မှုမှာ သိသာထင်ရှားလာခဲ့သည်ဟု ၀န်ခံခဲ့ပြီး၊ လွန်ခဲ့သည့် ၇ လက ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သည့် နည်းပြအား
    ထုတ်ပယ်ရန်မှာ မလွယ်ကူဟု ထည့်သွင်းပြောကြားခဲ့သည်။
    “အသင်းအတွက် အများကြီးစွမ်းဆောင်ပေးခဲ့သူတစ်ယောက်အပေါ် အားနာတာမျိုး ရှိနေပေမယ့်လည်း အချက်အလက်တွေက ချယ်ဆီးဟာ ပြဿနာရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ ရလဒ်တွေမကောင်းဘူး၊ ကစားသမားနဲ့ နည်းပြကြားမှာလည်း အဆင်မပြေတာတွေ သိသာလာတယ်။ ဒါဟာ တစ်ခုခုလုပ်ရမယ့်အချိန်ပါပဲ။ အသင်းပိုင်ရှင်ကလည်း အသင်းကောင်းတစ်သင်းအတွက် အင်မတန်ခက်ခဲတဲ့ဆုံးဖြတ်ချက်ကို ချဖို့ မဖြစ်မနေ လိုအပ်လာတယ်။ မှားတော့ မမှားခဲ့ပါဘူး။ ကမ္ဘာ့အသင်းကြီးတွေထဲက တစ်သင်းဖြစ်တဲ့ ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ တန်းဆင်းဇုန်အထက် ၁ မှတ်ကွာမှာ ရှိနေပါတယ်။ ဒါဟာ သိပ်တော့ မကောင်းပါဘူး”
    Ref: Goal
  • အိန္ဒိယဖုန်းကုမ္ပဏီက ဖုန်းအားလုံးကို ပြည်ထွင်း၌သာ ထုတ်လုပ်နိုင်ရန် စီစဉ်နေ
    အိန္ဒိယဖုန်းကုမ္ပဏီက ဖုန်းအားလုံးကို ပြည်ထွင်း၌သာ ထုတ်လုပ်နိုင်ရန် စီစဉ်နေ
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    – အိန္ဒိယရှိ အီလက်ထရောနစ်ကုမ္ပဏီတစ်ခုဖြစ်သော Micromax မှာ ၂၀၁၈ ခုနှစ်တွင် နိုင်ငံအတွင်း ဖြန့်ဖြူးနေသည့် ဖုန်းအားလုံးကို အိန္ဒိယ၌ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တွဲဖက်တည်ထောင်သူ ရာဟူးလ် ရှာရ်မာက ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ကုန်ကျစားရိတ်များ ပိုမိုသက်သာလာခြင်းကြောင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်နေခြင်းမှ ပြည်တွင်းသို့ ပြောင်းလဲခြင်းဖြစ်သည်ဟု ဆိုသည်။
    ၎င်းတို့၏ ဖုန်းထုတ်လုပ်မှု သုံးပုံနှစ်ပုံထက်နည်းသောပမာဏကို လက်ရှိတွင် အိန္ဒိယ၌ တပ်ဆင်ထုတ်လုပ်နေပြီး တရုတ်လုပ်သားစရိတ်များ ကြီးမြင့်လာကာ ပြည်တွင်းရှိ အပိုပစ္စည်းဈေးကွက်မှာ ကြီးထွားလာသည့်အတွက်ကြောင့် ပြည်တွင်း၌သာအပြည့်အ၀ ထုတ်လုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
    “နောက်ထပ် ၂၄ လအတွင်းမှာ ရာနှုန်းပြည့် ဒီမှာပဲ လုပ်ဖြစ်တော့မှာပါ၊ အိန္ဒိယမှာ ဘယ်လိုဂေဟစနစ်တစ်ခုမှ မရှိပါဘူး။ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဟာ မျက်စိကျစရာနေရာ ဖြစ်လာပါတယ်။ လုပ်သားစရိတ်အနေနဲ့ ပြောမယ်ဆိုလည်း အိန္ဒိယဟာ တရုတ်ထက် အများကြီး ဈေးပေါပါတယ်” ဟု ရာဟူးလ်က အင်တာဗျုးတစ်ခုတွင် ဖြေကြားခဲ့သည်။
    ၂၀၀၈ မှစ၍ ဈေးသက်သာသော စမတ်ဖုန်းများ ရောင်းချသည့် Micromax ၏ လုပ်ငန်းမှာ အလျင်အမြန်ပင် ကြီးထွားလားခဲ့ကာ အိန္ဒိယ၌ စက်ရုံသစ်များတည်ဆောက်ရန်အတွက် ရူပီး သန်း ၃ ထောင်ကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ ထို့သို့ဆောင်ရွက်ခြင်းမှာမှာ တရုတ်နိုင်ငံအား မှီခိုနေရခြင်းကို လျော့ချရန်လည်း ဖြစ်သည်။
    Micromax မှာ အိန္ဒိယတွင် တောင်ကိုးရီးယား၏ ဆမ်ဆောင်းပြီးနောက် ဒုတိယအကြီးဆုံး စမတ်ဖုန်းရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကို ပိုင်ဆိုင်ထားသည်။
    ကုမ္ပဏီ၏ နောက်ဆုံးထုတ် YU စမတ်ဖုန်းကို ယမန်နေ့က မိတ်ဆက်ပြသခဲ့ပြီး ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံး စမတ်ဖုန်းဟု ကျွေးကြော်ထားသည်။ YUTOPIA တံဆိပ် စမတ်ဖုန်းကိုမူ အိန္ဒိယရှိ ၀င်ငွေကောင်းသူများကို ရည်ရွယ်ထုတ်လုပ်ခဲ့သည်။
    Ref: Channelnewsasia
  • တရုတ်က သတိပေးသော်လည်း တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းရေးပျံသန်းမှုများ သြဇီဆက်လုပ်မည်
    တရုတ်က သတိပေးသော်လည်း တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းရေးပျံသန်းမှုများ သြဇီဆက်လုပ်မည်
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    – တရုတ်နှင့် အိမ်နီးချင်းနိုင်ငံအချို့ကြား ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းရေးယာဉ်များ ပျံသန်းခြင်အား ရုတ်သိမ်းပေးရန် တရုတ်၏ဖိအားပေးမှုကို လိုက်လျောမည်မဟုတ်ဟု သြစတေးလျကာကွယ်ရေးဝန်ကြီး မာရိုက်စ် ပေနီက ယမန်နေ့တွင် ပြောကြားလိုက်သည်။
    နှစ်စဉ်သင်္ဘောကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ငါးထရီလီယံကျော်ရှိသော တောင်တရုတ်ပင်လယ်မှ နေရာအများစုကို တရုတ်က ၎င်းတို့ပိုင်ဆိုင်ကြောင်း ကြေငြာထားပြီး ဗီယက်နမ်၊ မလေးရှား၊ ဘရူးနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့သည်လည်း တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအချို့ကို တောင်းဆိုထားမှုများ ရှိနေသည်။
    ဂြိုဟ်တုဓာတ်ပုံများအရ တရုတ်သည် အဆိုပါပိုင်နက်များအနက်မှ တစ်ခုတွင် မီတာ ၃၀၀၀ ကျော် ရှည်လျားသည့် လေယာဉ်ပြေးလမ်းတစ်ခု အပါအ၀င် စပရက်တလေကျွန်းများရှိ သန္တာကျောက်တန်းများအပေါ်တွင် လူလုပ်ကျွန်းပေါင်း ခုနှစ်ခုကိုလည်း တည်ဆောက်လျက်ရှိသည်။
    ဤကဲ့သို့လုပ်ဆောင်မှုများက ပိုက်နက်တောင်းဆိုထားသည့် နိုင်ငံများအကြား တင်းမာမှုများကို မီးလောင်ရာလေပင့်သကဲ့သို့ ရှိနေသည်။ အောက်တိုဘာလတွင် အမေရိကန် ပဲ့ထိန်းဒုံးကျည်ဖျက် စစ်သင်္ဘောတစ်စီးမှာ တရုတ်၏လူလုပ်ကျွန်းတစ်ခုအနီး ချဉ်းကပ်လာခြင်းကြောင့် တရုတ်မှ ပြင်းထန်စွာ ပြစ်တင်ပြောဆိုခဲ့သည်။
    တရုတ်နိုင်ငံပိုင်သတင်းစာတစ်စောင်ဖြစ်သည့် ဂလိုဘယ်တိုင်းမ်သတင်းစာက အငြင်းပွားနေသည့် နေရာများရှိ လေပိုင်နက်ထဲသို့ သြစတေးလျက ၀င်ရောက်မှုအတွက် သတိပြုရန် ပြောကြားခဲ့ပြီထပ်မံပြုလုပ်မည်ဆိုပါက စစ်ရေးဖြင့် တုန့်ပြန်သွားမည်ဟု သတိပေးခဲ့သည်။
    “သြစတေးလျစစ်လေယာဉ်တွေဟာ တောင်တရုတ်ပင်လယ်မှာ ပျံသန်းပြီး ၀င်ရောက်စွက်ဖက်တာမျိုး မလုပ်တာ ပိုကောင်းပါလိမ့်မယ်၊ အထူးသဖြင့် တရုတ်ရဲ့ ကျွန်းစုတွေအနီးကို ကပ်ပြီး ပျံသန်းခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ သည်းခံနိုင်မှုကို မစမ်းသပ်မိဖို့တော့ လိုပါတယ်။ လူတိုင်းက သတိထားစောင့်ကြည့်နေပါတယ်၊ တစ်နေ့ မိုးပေါ်ကပျက်ကျလာမယ့် လေယာဉ်တစ်စီးဟာ သြစတေးလျလေယာဉ် ဖြစ်မယ်ဆိုရင်တော့ ရှက်စရာပါပဲ” ဟု သတင်းစာတွင် ဖော်ပြခဲ့သည်။
    Ref : Reuters
  • ကော်ဖီ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၁)
    ကော်ဖီ – ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်အများ (၁)
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    ရာဇာ (M-Media) မှ တင်ဆက်သည်
    အပတ်စဉ်ကဏ္ဍ – (အပတ်စဉ်သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    (၁) ကော်ဖီ
    – ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်နေ့တိုင်း ကော်ဖီခွက်ပေါင်း ဘီလီယံ ၅ သန်းလောက်ကို သောက်သုံးနေကြပြီး ဒီပမာဏဟာ အိုလံပစ်ပြိုင်ပွဲမှာအသုံးပြုတဲ့ ရေကူးကန် ၃၀၀ နီးပါးလောက်ကို ရေဖြည့်နိုင်တဲ့ ပမာဏဖြစ်ပါတယ်။ သင့်ရဲ့ မီးဖိုဆောင်ထဲမှာ ကော်ဖီခရား မရှိဘူးဆိုရင်တော့ သင်ဟာ လူနည်းစုထဲကပါပဲ။ ကော်ဖီဟာ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မှာ ဒုတိယအကြီးဆုံး ကုန်စည်ပစ္စည်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့အထက်မှာတော့ ရေနံတစ်မျိုးတည်းသာ ရှိပါတယ်။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော်လောက်က အလုပ်ကိုကြိုးစားပမ်းစားလုပ်ကြတဲ့သူတွေဟာ နိုးနိုးကြားကြားရှိဖို့အတွက် ပင်ပင်ပန်းပန်း အားထုတ်ခဲ့ကြရပါတယ်။ ဒါဟာ စပ်စပ်စုစုလုပ်တဲ့ ဆိတ်တစ်အုပ်နဲ့ သူတို့ရဲ့ အာရပ်သခင် ခါလစ် (Khalid) ဆိုသူက ရိုးရှင်းပြီး လူနေမှုဘ၀ကို ပြောင်းလဲပစ်လိုက်မယ့် ဒီကော်ဖီကို ရှာမတွေ့ခင်အချိန်အထိပဲ ဖြစ်ပါတယ်။ အီသီိယိုးပီးယားက တောင်စောင်းလေးတွေမှာ ဆိတ်တွေကို စားကျက်ချရင်း အနီရောင်အသီးတစ်မျိုးကို စားမိတဲ့ အဲဒီဆိတ်တွေဟာ တက်တက်ကြွကြွနဲ့ နိုးနိုးကြားကြားရှိလာတာကို ခါလစ်တစ်ယောက် သတိပြုမိခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အဲဒီအသီးကို ဒီအတိုင်းစားမယ့်အစား ကျိုချက်ပြီး အလ်-ကူဟာဝါ (Al-quhawa) လို့ခေါ်တဲ့ အရည်တစ်မျိုးကို  လူတွေက ဖန်တီးခဲ့ကြပါတယ်။
    ဒီကနေ့ ကျွန်တော်တို့ နိုးနိုးကြားကြားရှိဖို့ ကော်ဖီသောက်သလိုပဲ ယီမင်က ဆူဖီ (တရားအားထုတ်သူ) တွေဟာ အလ်-ကူဟာဝါကို သောက်သုံးကြပါတယ်။ အဲဒီလိုသောက်သုံးခြင်းအားဖြင့် ညဥ့်နက်ပိုင်း ဇီကိရ် (၀တ်ပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ်အား တသသတိရခြင်း) ပြုတဲ့အခါမှာ အာရုံစုစည်းနိုင်ဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။ အဲဒီကော်ဖီဟာ ခရီးသွားတွေ၊ ဘုရားဖူးတွေနဲ့ ကုန်သည်တွေကနေတစ်ဆင့် အခြားမွတ်စလင်ကမ္ဘာတစ်ဝှမ်းကို ပြန့်နှံ့သွားခဲ့ပြီး ၁၅ ရာစုနှောင်းပိုင်းလောက်မှာ မက္ကာနဲ့တူရကီကို ရောက်ရှိခဲ့ကာ ၁၆ ရာစုမှာတော့ ကိုင်ရိုအထိ ရောက်ရှိခဲ့ပါတော့တယ်။
    ၁၆၅၀ မှာ အင်္ဂလန်ကို ပထမဆုံး ကော်ဖီယူဆောင်လာသူကတော့ တူရကီကုန်သည်ဖြစ်တဲ့ ပက်စ်ကွာ ရိုစီ (Pasqua Rosee) ဖြစ်ပြီး လန်ဒန်မြို့ လွမ်ဘာ့ဒ်လမ်းမှာ ကော်ဖီဆိုင် (coffeehouse) ဖွင့်ခဲ့ပါတယ်။ ၈ နှစ် အကြာမှာတော့ နောက်ထပ်ကော်ဖီဆိုင် စူလ်တာနက်စ် ဟဒ် (Sultaness Head) ကို ကော်န်ဟီးလ်မှာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီကနေ့ နာမည်ကြီး အာမခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Lloyd’s of London ဟာ မူလက Edward Lloyd’s Coffee House လို့ခေါ်တဲ့ ကော်ဖီဆိုင်လေးကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ သက္ကရာဇ် ၁၇၀၀ ခုနှစ် အရောက်မှာတော့ လန်ဒန်မှာ ကော်ဖီဆိုင် ၅၀၀ လောက် ရှိလာပြီး အင်္ဂလန်တစ်ဝှမ်းမှာတော့ ၃၀၀၀ နီးပါး ရှိလာခဲ့ပါတယ်။ အဲဒီအချိန်က ကော်ဖီတစ်ခွက်ရဲ့တန်ဖိုးကို တစ်ခုတ်တရ ပြောကြဆိုကြရတာကြောင့် အဲဒီကော်ဖီဆိုင်တွေကို “အသပြာ တက္ကသိုလ်” လို့ ခေါ်တွင်ခဲ့ကြရပါတယ်။
    coffee 5
    ဥရောပမှာသောက်သုံးတဲ့ ကော်ဖီတွေဟာ မွတ်စလင်တွေ ပြင်ဆင်ကျိုချက်မှုအပေါ်မှာ တော်တော်လေးကို အခြေခံပါတယ်။ ကော်ဖီမှုန့်၊ သကြားနဲ့ ရေတို့ကို ရောနှောကြိုချက်ခြင်းကနေ ရရှိတဲ့ ပုံစံမျိုးဖြစ်ပြီး စစ်ချထားခြင်းမရှိတာကြောင့် ကော်ဖီအနှစ်တွေကတော့ ခွက်ထဲမှာ ကြွင်းကျန်ရစ်ပါတယ်။ ဒါပေမယ့် ၁၆၈၃ ခုနှစ်မှာ ကော်ဖီကြိုချက်သောက်သုံးတဲ့ နည်းလမ်အသစ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကော်ဖီဆိုင်တွေရဲ့အကြိုက် ဖြစ်ခဲ့ပါတယ်။
    ဒီနေ့ လူကြိုက်များနေတဲ့ ကာပူချီနို (Cappuccino) ကော်ဖီကိုတော့ ၁၆၈၃ ခုနှစ်မှာ ဗီယင်နာကို ၀ိုင်းထားတဲ့ တာ့က်တွေကို တိုက်ထုတ်နေတဲ့ (ခရစ်ယာန်ကက်သလစ်ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့) ကာပူချင် (Capuchin) ဘာသာက ဘုန်းတော်ကြီး မာကို ဒီ အဗီယာနို (Marco d’Aviano) ကို အစွဲပြုပြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တာ့က်တွေ ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းမှာ သူတို့တွေကျန်ခဲ့တဲ့ ကော်ဖီအထုတ်တွေကို ဗီယင်နာပြည်သူတွေက သောက်သုံးကြည့်တဲ့အခါမှာ သူ့တို့ရဲ့ ပါးစပ်ထဲမှာ အရသာအလွန်ပြင်းတာကို တွေ့ရှိခဲ့ရတာကြောင့် နို့မှုန်တွေ၊ ပျားရည်တွေနဲ့ ရောနှော သောက်သုံးခဲ့ကြပါတယ်။ ဒီလို ရောနှောလိုက်မှုကြောင့် ကော်ဖီအရောင်ဟာ အညိုရောင်ပြောင်းသွားခဲ့ပြီး ကာပူချင် ဘုန်းကြီးတွေခြုံတဲ့ ၀တ်ရုံတွေရဲ့အရောင်နဲ့ သွားတူခဲ့တာပါပဲ။ ဒါ့ကြောင့် ဗီယင်နာပြည်သူတွေဟာ မာကို ဒီ အဗီယာနိုကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီအညိုရောင်ကော်ဖီကို “ကာပူချီနို” လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကတည်းကစလို့ အရသာပျော့တဲ့ ကာပူချီနိုကော်ဖီတွေကို လူတွေက နှစ်ခြိုက်စွာ သောက်သုံးလာခဲ့ကြပါတော့တယ်။
    1yTd4Xga72fFB0QgPMPrBJB8
    ၁၇ ရာစုက လန်ဒန်တွင် ဖွင့်လှစ်ခဲ့သော Edward Lloyd’s Coffee House မှ မြင်ကွင်းတစ်ခုအား ပန်းချီဖြင့် ပုံဖော်ထားပုံ
    ကော်ဖီဆိုင် (Coffee House) များ၏ အစ
    မြောက်အာဖရိကနဲ့ အီဂျစ်တို့က ကုန်သွယ်မှုနဲ့အတူ ကော်ဖီရောက်ရှိလာခဲ့ပြီးတဲ့နောက် ဥရောပရဲ့ ပထမဆုံး Coffee House ဟာ ၁၆၄၅ ခုနှစ် ဗင်းနစ် (Venice) မြို့မှာ ပေါ်ထွက်လာခဲ့ပါတယ်။ လန်ဒန်က Edward Lloyd’s Coffee House ကို ၁၇ ရာစုနှောင်းပိုင်းမှာ စတင်တည်ထောင်ခဲ့ပြီး ကုန်သည်တွေ၊ သင်္ဘောပိုင်ရှင်တွေ ပုံမှန်တွေ့ဆုံ အစည်းအဝေးလုပ်ရာနေရာ ဖြစ်ခဲ့ပါတယ်။ Coffee House တွေဟာ ဒီနေ့ခေတ် Pub တွေရဲ့ ရှေ့ပြေးလည်းဖြစ်ပါတယ်။ နိုင်ငံရေးကိစ္စတွေကို လူသိရှင်ကြား ဆွေးနွေးအဖြေရှာနေရာအဖြစ်လည်း Coffee House တွေက အသုံးတော်ခံခဲ့ပြီး ဥရောပမှာ “လစ်ဘရယ်လှုပ်ရှားမှု” စတင်သန္ဓေတည်ရာနေရာလည်း ဖြစ်ပါတယ်။
    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)
    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)