News @ M-Media

Author: Ko Lay

  • ပါလက်စတိုင်းတွင် အင်ဒိုနီးရှားက ကောင်စစ်ဝန်ရုံးဖွင့်မည်

    ပါလက်စတိုင်းတွင် အင်ဒိုနီးရှားက ကောင်စစ်ဝန်ရုံးဖွင့်မည်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    pales

    – ၂၀၁၆ အစောပိုင်းတွင် ရာမာလာမြို့တော်၌ ကောင်စစ်ဝန်ရုံး တရားဝင်ဖွင့်လှစ်ရန် စီစဉ်နေပြီး အင်ဒိုနီးရှားနှင့်
    ပါလက်စတိုင်းတို့အကြား သံတမန်ဆက်ဆံရေးအတွက် ကဏ္ဍသစ်တစ်ရပ် ဖြစ်လာရန် မျှော်လင့်ထားသည်ဟု
    အင်ဒိုနီးရှား နိုင်ငံခြားရေးရာဌာနက ပြောကြားလိုက်သည်။

    “ပိုမိုကောင်းမွန်တဲ့ ခြေလှမ်းတစ်လှမ်းကို ကျွန်မတို့ လှမ်းလိုက်တာပါပဲ” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ဂျာကာတာတွင် ပါလက်စတိုင်းနိုင်ငံခြားရေးဝန်ကြီး အလ်မာလီကီနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

    အလ်မာလီကီက ပါလက်စတိုင်းအား အထူးသဖြင့် ခက်ခဲသော အခြေအနေများကြားတွင် အသက်ရှင် ရပ်တည်နိုင်စေရန် အမြဲတမ်း ကူညီခဲ့သည့်အတွက် အင်ဒိုနီးရှားကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့က အနာဂတ်အတွက် နိုင်ငံတော်ကို တည်ဆောက်ချင်ပါတယ်၊ ဒါဟာ ကျွန်တော်တို့ဘာကြောင့် အင်ဒိုနီးရှားနဲ့ ပူးပေါင်းဆောင်ရွက်ရသလဲ ဆိုတာပါပဲ။ လာမယ့်နှစ် ရာမာလာမှာ အင်ဒိုနီးရှား ကောင်စစ်ဝန်ရုံး ဖွင့်လှစ်မယ့်အတွက် ကျွန်တော် အရမ်းကျေနပ်မိပါတယ်” ဟု အလ်မာလီကီက ပြောဆိုခဲ့သည်။

    မာဆူဒီက ရာမာလာတွင် ကောင်စစ်ဝန်ရုံး ဖွင့်လှစ်ခြင်းသည် ပါလက်စတိုင်း၌ အင်ဒိုနီးရှားနိုင်ငံ၏ တည်ရှိမှုကို တိုးမြှင့်ရုံသာမကဘဲ ပါလက်စတိုင်းနှင့် ဆက်ဆံရေးကို နက်ရှိုင်းစေရန်လည်း ရည်ရွယ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်မတို့ဟာ ပါလက်စတိုင်းပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလိုပါတယ်။ အဲဒီအတွက် ရာမာလာမြို့မှာ နောက်နှစ်အစောပိုင်းလောက် ကောင်စစ်ဝန်ရုံးတစ်ခု ဖွင့်လှစ်သွားဖို့ ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ပါတယ်၊ ဒါဟာ ရာမာလာမှာ အင်ဒိုနီးရှားသံတမန်တွေကို တိုးမြှင့်သွားဖို့ လုပ်ဆောင်တာလည်း ဖြစ်ပါတယ်၊ ကျွန်မတို့ရဲ့တည်ရှိမှုဟာ နိုင်ငံရေးနဲ့ နည်းပညာအကူအညီတွေကို ကျော်လွန်ထောက်ပံ့သွားဖို့ ၀န်ခံကတိပြုလိုက်တာပါပဲ” ဟု မာဆူဒီက ပြောကြားခဲ့သည်။

    ပါလက်စတိုင်းအပေါ် သစ္စာရှိထောက်ခံသူအဖြစ် ကုလသမဂ္ဂ ပါလက်စတိုင်းပြည်သူများ ရပိုင်ခွင့်ဆိုင်ရာကော်မတီက ဂျေရုဆလင်တွင် ပြုလုပ်သည့် နိုင်ငံတာ ညီလာခံတစ်ခုကိုလည်း အင်ဒိုနီးရှားက အိုအိုင်စီနှင့် ပူးပေါင်းက တာဝန်ယူ ကျင်းပပေးခဲ့သည်။

    Ref: IINA

  • ခြေစွမ်းကောင်းရန် အသင်းတွင် ပြဿနာဖန်တီးခဲ့ရသည်ဟု နယူးကာဆယ်နည်းပြပြော

    ခြေစွမ်းကောင်းရန် အသင်းတွင် ပြဿနာဖန်တီးခဲ့ရသည်ဟု နယူးကာဆယ်နည်းပြပြော

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    new

    – မိမိမှာ အ၀တ်လဲခန်းတွင် အသင်းသားများအား ပဋိပက္ခဖန်တီးပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းက ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိခြင်း၏ အဓိကသော့ချက်ဖြစ်သည်ဟု နယူးကာဆယ်နည်းပြ စတီဗ် မက္ကလာရင်က ပြောကြားလိုက်သည်။

    ရာသီအစကတည်းက ခြေစွမ်းပျက်ခဲ့ပြီး ဇယားအောက်သို့ရောက်ရှိခဲ့သည့် နယူးကာဆယ်မှာ ပြီးခဲ့သည့် နှစ်ပွဲတွင် လီဗာပူးလ်၊ စပါးတို့အား ဆက်တိုက်အနိုင်ယူကာ အဆင့် ၁၅ သို့ ပြန်လည်တက်ရောက်လာနိုင်ခဲ့သည်။

    “တစ်ခါတစ်လေမှာ ပြဿနာနည်းနည်းလောက် ဖန်တီးပေးရပါတယ်။ ပြဿနာနည်းနည်းလောက်ပါ။ အဓိက ကိစ္စတွေက ကျွန်တော်တို့ပေးတဲ့ သတင်းစကားတွေ လျော်ကန်ဖို့ပါ။ ကျွန်တော်တို့နိုင်တဲ့အခါ၊ ရှုံးတဲ့အခါ၊ သရေကျတဲ့အခါ အဲဒါကို ဆန်းစစ်ပြီး သုံးသပ်ပါတယ်။ မှန်ခဲ့တယ်။ ဒါမှမဟုတ် မှားခဲ့တယ်လို့ ကျွန်တော်တို့ ပြောရတယ်။ နောက်တစ်ပွဲအတွက် အမှားကို မှန်ကန်အောင်လုပ်ရပါတယ်။ လုပ်ငန်းစဉ်ကတော့ အတူတူပါပဲ။ ဒါပေမယ့် အပြောထက်၊ လက်တွေ့က ခက်ပါတယ်” ဟု မက္ကလာရင်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal

  • အသွင်သစ်ဖြင့် မြင်ရတော့မည့် စင်ကာပူမှ သက်တမ်းရင့် အန်ဂူလီယာ ဗလီဝတ်ကျောင်းတော်

    အသွင်သစ်ဖြင့် မြင်ရတော့မည့် စင်ကာပူမှ သက်တမ်းရင့် အန်ဂူလီယာ ဗလီဝတ်ကျောင်းတော်

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    ms 1

    – ရုံးပိတ်ရက်ဖြစ်သော စနေ၊ တနင်္ဂနွေနေ့များတွင် တစ်ဦးနှင့်တစ်ဦး တံတောင်ဆစ်များပင်ထိကာ ပူးပူးကပ်ကပ် ၀တ်ပြုကြရသည့် Little India မှ အန်ဂူလီယာ (Angullia) ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူများ မဆန့်မှုကို မကြာမကြာ ကြုံတွေ့ရလေသည်။ ဟာရီယာရာ ဟာဂျီ (အီဒွလ်အသွဟာ) နှင့် ဟာရီယာရာ ဘွာဆာ (အီဒွလ်ဖိသီရ်) တို့ကဲ့သို့ အစ္စလာမ့် အခါကြီးရက်ကြီးများတွင် ထိုဗလီဝတ်ကျောင်းတော်၌ ၀တ်ပြုမှုများကို အသုတ်လိုက်ခွဲ၍ ဆောင်ရွက်ရလေသည်။

    အဆိုပါ ပွဲတော်နေ့များ၌ တစ်သုတ်လျှင် ၀တ်ပြုသူ ၁၅၀၀ ဖြင့် လေးသုတ်ခွဲ၍ ၀တ်ပြုကြရသည်။ ထိုကဲ့သို့ နေရာအခက်အခဲဖြစ်မှုကို ဖြေရှင်းရန်အတွက် အန်ဂူလီယာ ဗလီဝတ်ကျောင်းတော်၏ စီမံခန့်ခွဲရေးနှင့် ဂေါပကအဖွဲ့မှာ လက်ရှိ ၂ ထပ်ရှိသော ဗလီဝတ်ကျောင်းတော်ကို ၂ ဆ ချဲ့ထွင်ရန် စီစဉ်နေပြီဖြစ်သည်။

    ဗလီဝတ်ကျောင်းတော်သစ်တွင် အမျိုးသမီးဝတ်ပြုသူများအတွက် တစ်လွှာ ထည့်သွင်းပေးမည်ဖြစ်ကာ၊ မီးဖိုဆောင်၊ မင်္ဂလာအခမ်းအနားကျင်းပရန်နေရာနှင့် အသုံးအဆောင်များ၊ ခန်းမတစ်ခု၊ စာသင်ခန်းများနှင့် စင်ကာပူမွတ်စလင်များ၏ သမိုင်းကြောင်းများ၊ အမွေအနှစ်များကို ပြသမည့် ပြခန်းတစ်ခုတို့ ပါဝင်မည်ဖြစ်သည်။

    အမှတ် ၂၆၅ ဆီရန်ဂွန်းလမ်းမတွင်ရှိပြီး ၉၅၀၀ စကွဲယားပေကျယ်သည့် မြေနေရာ၌ တည်ရှိနေသည့် အဆိုပါဗလီဝတ်ကျောင်းတော် တိုးချဲ့ဆောက်လုပ်မှုအား လာမည့်နှစ်ကုန်ပိုင်းတွင် စတင်ရန် ရည်ရွယ်ပြီး စီမံကိန်းအတွက် ဘက်ဂျက်မှာ ဒေါ်လာ ၆.၅ သန်းနှင့် ၇ သန်းကြားတွင် ကုန်ကျမည်ဟု လျာထားလေသည်။

    Farrer Park ရထားဘူတာနှင့် မွတ်စ်တာဖာ စင်တာ (Musfafa Centre) တို့ အနီးတွင်ရှိသည့် အဆိုပါဗလီဝတ်ကျောင်းတော်မှာ စင်ကာပူနိုင်ငံသားများနှင့် နိုင်ငံရပ်ခြားမှ အလုပ်လာလုပ်သောသူများအတွက် ဆယ်စုနှစ်များစွာကြာ ဘာသာရေးနှင့် လူမှုရေးဆိုင်ရာ အချက်အချာနေရာ ဖြစ်ခဲ့လေသည်။

    ဗလီဝတ်ကျောင်း၏ စီမံခန့်ခွဲရေးဘုတ်အဖွဲ့ဥက္ကဌ မစ္စတာ အယွဘ် အန်ဂူလီယာက အဆောက်အဦး တိုးချဲ့ဆောက်လုပ်ခြင်းမှာ အနာဂတ်အတွက်ရည်ရွယ်သည်ဟု The straits Times သို့ ပြောကြားခဲ့သည်။ အန်ဂူလီယာ ဗလီဝတ်ကျောင်းတော်မှာ အမျိုးအမျိုးအထွေသော အစီအစဉ်များ၊ လှုပ်ရှားသွားလာမှုများနှင့် နိုင်ငံခြားခရီးသွားများဖြင့် စည်ကားရာနေရာတွင်ရှိပြီး၊ Connexion ဆေးရုံ ဖွင့်လှစ်လိုက်ခြင်းက ပို၍ စည်ကားသွားစေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဗလီက လူတွေကျပ်ညပ်လာပြီး နေရာထပ်ပေးနိုင်ဖို့အတွက် အရေးတကြီး လိုအပ်လာပါတယ်။ ကျွန်တော်တို့ဟာ နောက်ထပ် နှစ် ၃၀ အတွင်းမှာဖြစ်လာမယ့် လူ့အဖွဲ့အစည်းကို နေရာပေးနိုင်ဖို့အတွက်ပါ ရည်ရွယ်ပြီး ဒါကို ဆောက်လုပ်မှာပါ။ အခုအချိန်မှာလည်း ၀တ်ပြုရတာ သက်တောင့်သက်သာ မရှိပါဘူး”

    အန်ဂူလီယာဗလီဝတ်ကျောင်းတော်မှာ ၎င်း၏ အ၀င်အ၀မုခ်ဦး ဒီဇိုင်းကြောင့် ထင်ရှားသည်။ အဆိုပါဗလီဝတ်ကျောင်းတော်ကို မွန်ဘိုင်းမြို့မြောက်ဖက် ရန်ဒါဒေသမှ ဂူဂျာရတ်နွယ်ဖွား ဆွန်နီမွတ်စလင်တစ်ဦးဖြစ်ပြီး ကုန်သည်နှင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူ တစ်ဦးဖြစ်သည့် မိုဟာမက် ဆာလေဟ် ယူဆွဖ်က ၁၈၉၀ ပြည့်နှစ်များတွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ လက်ရှိ ဗလီဝတ်ကျောင်းတော် စီမံခန့်ခွဲရေးဥက္ကဌ မစ္စတာ အယွဘ်နှင့် ဘေးတော်စပ်သူလည်း ဖြစ်လေသည်။

    ဗလီဝတ်ကျောင်းတောာ် စတင်တည်ဆောက်ကတည်းက ရှိနေသည်ခဲ့သည့် မုခ်ဦးကို စင်ကာပူ မြို့ပြ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ URA က ပြီးခဲ့သည့်နှစ်ကစ၍ ရှေးဟောင်းအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ခဲ့လေသည်။ လက်ရှိ ဗလီဝတ်ကျောင်းတော် အဆောက်အဦးကို ၁၉၇၀ ပြည့်နှစ်များတွင် ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    အသစ်ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော်သစ်တွင် မုခ်ဦးနှင့် ဗလီဝတ်ကျောင်းတော် အဆောက်အဦးအကြား မြေကွက်လပ်ထားရှိမည်ဟု မစ္စတာအယွဘ်က ပြောကြားခဲ့သည်။ စီမံကိန်းမှာ မုခ်ဦးဝကို ထိခိုက်မည်မဟုတ်ဘဲ၊ ထိုစီမံကိန်းအတွက်လည်း URA ၏ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးဌာနမှ ခွင့်ပြုချက်တောင်းခံစရာ လိုအပ်မည်မဟုတ်ပေ။

    ဗလီဝတ်ကျောင်းတော်အသစ်တွင် အိန္ဒိယမွတ်စလင်များ၏ ဗိသုကာလက်ရာများကို ထည့်သွင်းမည်ဖြစ်ပြီး မုခ်ဦးအား ဂုဏ်ပြုသည့်အနေဖြင့် ထိုမုခ်ဦးတွင်ပါရှိသည့် အမိုးခုံးပုံစံများကိုလည်း ထည့်သွင်းတည်ဆောက်သွားမည်ဟု မစ္စတာအယွဘ်က ပြောကြားခဲ့သည်။

    ထို့ပြင် ရှုပ်ထွေးပွေလီလှသည့် လောကကြီးတွင် စိတ်နှလုံးအေးချမ်းမှုကို ရှာဖွေသူများအတွက် သင့်တော်သည့်နေရာဖြစ်အောင်လည်း ဗလီဝတ်ကျောင်းတော်သစ်ကို ဖန်တီးသွားမည်ဟု ၎င်းက ဆိုသည်။

    “၀တ်ပြုသူတွေကို ကျယ်ကျယ်ဝန်းဝန်း တရားအားထုတ်နိုင်တဲ့ နေရာမျိုး ပေးနိုင်ဖို့အတွက် ဗလီဝတ်ကျောင်းတော်ရဲ့ မျက်နှာကျက်တွေကို မြင့်မြင့်မားမား တည်ဆောက်သွားဖို့ စီစဉ်ထားပါတယ်”

    ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန်အတွက်မူ အန်ဂူလီယာ ၀ကားဖ်ငွေပဒေသာပင် ဒေါ်လာ သန်း ၅၀ မှ ၄ သန်းကို မစ္စတာအယွဘ်က ရယူထားသည်။ ထို့ပြင် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းများကိုလည်း ပြီးခဲ့သည့်နှစ်က စတင်ခဲ့ပြီး ဒေါ်လာ လေးသိန်း ရရှိနေပြီဖြစ်သည်။

    ဥပဒေရေးရာလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေပြီး အန်ဂူလီယာဗလီဝတ်ကျောင်းတော်တွင် ဆယ်စုနှစ်တစ်ခုကြာ လာရောက်ဝတ်ပြုခဲ့သည့် အသက် ၆၇ နှစ်အရွယ် မစ္စတာ ဟမ်ဒီ ပါဟ်အီက ပြင်ဆင်မွမ်းမံမှုကို စိတ်ဝင်တစ်စား စောင့်ကြည့်နေသည်ဟု ဆိုသည်။

    “ဗလီက ပုံမှန်လိုလို လူကြပ်နေတာပဲ။ လူတွေရဲ့ ဖိနပ်တွေကလည်း ပွစာတက်နေတယ်။ တိုးချဲ့ဆောက်လုပ်ဖိုပ အချိန်ပါပဲ” ဟု ပါဟ်အီက ပြောကြားခဲ့လေသည်။

    (စင်ကာပူနေ့စဉ်ထုတ် The Strait Times သတင်းစာတွင် ဖော်ပြခဲ့သည့် Angullia Mosque to be rebuilt to double capacity ကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

  • အကြမ်းဖက်ဝါဒအား အမြစ်ဖြုတ်ရန် ပါကစ္စတန် သန္နိဌာန်ပြု

    အကြမ်းဖက်ဝါဒအား အမြစ်ဖြုတ်ရန် ပါကစ္စတန် သန္နိဌာန်ပြု

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    – ပက်ရှ်ဝါရ် စာသင်ကျောင်းတွင် အစုလိုက်အပြုံ အကြမ်းဖက်သတ်ဖြတ်ခံရမှု နှစ်ပတ်လည်အဖြစ် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သော အခမ်းအနားတွင် အကြမ်းဖက်ဝါဒအား အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ်ရှရီးဖ်က ကတိသစ္စာပြုခဲ့သည်။

    နိုင်ငံအနောက်မြောက်ပိုင်းရှိ အခင်းဖြစ်ပွားရာ အဆိုပါစစ်တပ်ပိုင်ကျောင်းတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည်ပွဲသို့ ၀န်ကြီးချုပ်ရှရီးဖ်သည် လုံခြုံရေးတင်းကြပ်စွာဖြင့် တက်ရောက်ခဲ့သည်။ ထိုနေရာတွင် ၂၀၁၄ ဒီဇင်ဘာ ၁၆ ရက်နေ့၌ ကျောင်းသားအများစုအပါအ၀င် လူအယောက် ၁၅၀ ခန့် ကို တာလီဘန်စစ်သွေးကြွများက ၀င်ရောက်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

    “ပညာရေးနဲ့ ကလေးငယ်တွေရဲ့ ရန်သူတွေကို ချေမှုန်းသွားမှာဖြစ်ပြီး နောက်မျိုးဆက်တွေအတွက် တည်ငြိမ်အေးချမ်းတဲ့ ပါကစ္စတန်နိုင်ငံကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုဖြစ်ပွားမှုအပြီးမှာ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ့် ကျနော့်ရဲ့စိတ်ကူးကို အပြီးတိုင် စွန့်လွှတ်လိုက်ပါတယ်။ ပူးဆွေးသောကတွေ၊ ၀မ်းနည်းမှုတွေနဲ့ ကျွန်တော်တို့ ဒီကို ရောက်ရှိလာတာပါ။ သွေးတစ်စက်တိုင်းအတွက် ကျွန်တော်တို့ လက်တုံ့ပြန်မှုတွေ ပြုလုပ်သွားမှာပါ” ဟု ပါကစ္စတန်ဝန်ကြီးချုပ်က ၎င်း၏ မိန့်ခွန်းတွင်
    ပြောကြားခဲ့သည်။

    “ဒီတိုက်ခိုက်မှုဟာ လူတိုင်းကိုနာကျင်စေတဲ့အတွက် ဂိုဏ်းဂနတွေကွဲနေတဲ့ နိုင်ငံတော်ကို ပြန်လည်စုစည်းစေလိုက်တာ ဖြစ်ပါတယ်”

    ပက်ရှ်ဝါမြို့တွင် လုံခြုံရေးတိုးမြှင့်ထားပြီး နိုင်ငံ၏ အခြားဒေသများတွင်လည် အလစ်ဝင်တိုက်ခိုက်မှုများကို အလျင်မီတုံ့ပြန်နိုင်ရန် ကျောင်းများတစ်ဝိုက်တွင် စစ်သားရာပေါင်းများစွာ ဖြန့်ကျက်ထားခဲ့သည်။

    အဆိုပါ စာသင်ကျောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပါကစ္စတန်မှာ စစ်သွေးကြွများကို စစ်ကြေငြာခဲ့ပြီး အကြမ်းဖက်မှု၊ အခြားသော ဆိုရွားရာဇ၀တ်မှုများအတွက် သေဒဏ်ကျခံနေရသူများကိုလည်း သုတ်သင်ခဲ့သည်။

    စစ်ဆင်ရေးတွင် သူပုန် ၃၄၀၀ ခန့်ကို သုတ်သင်နိုင်ခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။ သို့သော်လည်းသူပုန်များမှာ ပြည်သူများနှင့် စစ်တပ်ကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်း ရှိနေသေးသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

    Ref: IINA

  • မန်ယူမှ ထွက်ရမည့်ကို ဗန်ဂါးလ်စိုးရိမ်နေပြီး၊ မော်ရင်ဟိုက ဗန်ဂါးလ်နေရာလိုချင်နေသည်ဟု သတင်းများထွက်နေ

    မန်ယူမှ ထွက်ရမည့်ကို ဗန်ဂါးလ်စိုးရိမ်နေပြီး၊ မော်ရင်ဟိုက ဗန်ဂါးလ်နေရာလိုချင်နေသည်ဟု သတင်းများထွက်နေ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media

    Van

    – မိမိအနေဖြင့် ရာထူးမှ ထုတ်ပယ်ခြင်းခံရပါက ဂုဏ်သိက္ခာအား အလွန်အမင်း ထိခိုက်မည်ဖြစ်သည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    မန်ယူမှာ ပရီးမီးယားလိဂ်နောက်ဆုံး ၅ ပွဲတွင် နိုင်ပွဲမရှိသေးဘဲ ချန်ပီယံလိဂ်တွင်လည်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် ဗန်ဂါးလ်၏ အနာဂတ်အတွက် မေးခွန်းများလည်း မြင့်တက်လာခဲ့သည်။

    “အသင်းက ကျွန်တော့်ကို့ ထုတ်ပယ်တာမျိုးနဲ့တော့ ကျွန်တော့်နည်းပြအလုပ်ကို အဆုံးမသတ်ချင်ပါဘူး။ အထုတ်ခံရပြီးမှ ဘောလုံးလောကကိုနှုတ်ဆက်ရတာဟာ ကျွန်တော့်အတွက် တော်တော်လေး စိတ်ပျက်ဖွယ်ရာ ဖြစ်ပါလိမ့်မယ်။ မီဒီယာတွေ၊ အသင်းပရိတ်သတ်တွေရဲ့ ဖိအားထက် ကျွန်တော့်ဂုဏ်သိက္ခာကရှိတဲ့ ဖိအားဟာ ကျွန်တော့်အတွက် ပိုများတယ်လို့ ထင်ပါတယ်” ဟု ဗန်ဂါးလ်က ယမန်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အားကစားမီဒီယာတစ်ခုဖြစ်သည့် ESPN ကလည်း မော်ရင်ဟိုမှာ မန်ယူအား နည်းပြချင်နေသည်ဟု ယမန်နေ့တွင် ဖော်ပြခဲ့သည်။ ချယ်ဆီးမှ ကြာသာပတေးနေ့တွင် အထုတ်ခံလိုက်ရသည့် မော်ရင်ဟိုမှာ အန်ဆယ်လော့တီ၊ ဂွာဒီယိုလာတို့နှင့်အတူ ဗန်ဂါးလ်၏နေရာကို အစားထိုးရန် ရေးပန်းစားလာခဲ့သည်။

    ထို့ပြင် ၎င်း၏ အေးဂျင့်မှာ မန်ယူနှင့်ပင် ဆွေနွေးနေသည်ဟုလည်း သတင်းများထွက်ပေါ်နေသည်။ ESPN ကမူ မော်ရင်ဟိုမှာ လာမည့်ရာသီအတွက် မန်ယူမှ ခိုင်မာသည့် ကမ်းလှမ်းမှုကို ရရှိခဲ့ပြီး၊ မော်ရင်ဟို၏ ဆုံးဖြတ်ချက်ကိုသာ စောင့်ဆိုင်းနေရကြောင်း အေးဂျင့်ဖြစ်သူမှတစ်ဆင့် သိရှိခဲ့သည်ဟု ဖော်ပြခဲ့သည်။

    Ref: Goal