News @ M-Media
Author: Ko Lay
  • သြဇီရှိ ခွင့်ပြုချက်မဲ့ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု တန်ပြန်ဆန္ဒပြပွဲနှင့် ထိပ်တိုက်တိုး
    သြဇီရှိ ခွင့်ပြုချက်မဲ့ မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြမှု တန်ပြန်ဆန္ဒပြပွဲနှင့် ထိပ်တိုက်တိုး
    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    ausi
    – သြစတေးလျမြို့တော် ဆစ်ဒနီတွင် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများနှင့် မွတ်စလင်ဆန့်ကျင်ရေးသမားများအကြား အပြန်အလှန် လုံးထွေးသတ်ပုတ်မှု ဖြစ်ပွားရာတွင် အဓိကရုဏ်းနှိမ်နှင်းသည့် ရဲများက လူစုခွဲခိုင်းခဲ့ရကြောင်း သိရသည်။
    ဆစ်ဒနီမြို့တောင်ပိုင်း ကရိုနူလာကမ်းခြေတွင် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ဆန့်ကျင်ရေးအုပ်စုများက ခေတ်သစ်သြစတေးလျ၏ အဆိုးရွားဆုံး လူမျိုးရေးအဓိကရုဏ်းဟု ရည်ညွှန်းပြောဆိုနိုင်မည့် ၂၀၀၅ နှစ် အဖြစ်အပျက်အား ၁၀ ကြိမ်မြောက်နှစ်ပတ်လည်အဖြစ် ချီတက်ဆန္ဒပြမှုကို ပြုလုပ်ရန် ကြိုးပမ်းရာမှ ဖြစ်ပွားလာခြင်းဖြစ်သည်။
    အဆိုပါချီတက်ဆန္ဒပြရန် အစီအစဉ်ကို အာဏာပိုင်များက တားမြစ်ထားသော်လည်း ပြုလုပ်ခဲ့ကြပြီး၊ စီစဉ်သူများမှာ “ဟာလာ ကင်းစင်” ဘာဘီကျူးစားပွဲများကိုလည်း ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်။
    ၂၀၀၅ ခုနှစ် လူမျိုးရေးအဓိကရုဏ်းမှာ ကမ်းခြေရှိအစောင့် ၂ ဦးအား မည်သူမည်ဝါမှန်း မသိသူများက ရိုက်နှက်ခဲ့ပြီးနောက် အာရပ်နွယ်ဖွား သြစတေးလျနိုင်ငံသားများမှာ ထောင်နှင့်ချီသော လူရမ်းကားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
    ပြည်တွင်းသတင်းမီဒီယာများ၏ သုံးသပ်ချက်အရ အဆိုပါအဓိကရုဏ်းမှာ သြစတေးလျပြည်သူများကို ထိတ်လန့်စေခဲ့ပြီး ပြောင်းရွှေ့နေထိုင်သူ အများအပြားရှိနေသည့် သြစတေးလျတွင် လူမျိုးရေးခွဲခြားမှုများ အရှိန်မြင့်လာသလားဟု ဆွေးနွေးမှုများပင် ရှိခဲ့သည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ မွတ်စလင်ဆန့်ကျင်ရေး ချီတက်ပွဲမှာ ရာပေါင်းများစွာသော လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး နောက်ထပ် အဓိကရုဏ်းတစ်ခု ဖြစ်လာနိုင်သည့်အထိ ဦးတည်ခဲ့သည်။
    ၎င်းတို့အုပ်စုနှစ်ခုမှာ အသေးစားတိုက်ခိုက်မှုများလည်း ဖြစ်ပွားသော်လည်း ရဲအရာရှိများက ခက်ခက်ခဲခဲဖြိုခွင်းကာ အုပ်စုနှစ်ခုအား သီးခြားစီ ဖြစ်စေခဲ့သည်။ အဆိုပါ ရုန်းရင်းဆန်ခတ်မှုအတွင်း လူနှစ်ဦးကို ထိန်းသိမ်းထားခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
    အဆိုပါဆန္ဒပြမှုအတွင်း လက်ယာစွန်းရောက်အုပ်စုဖြစ်သော Rise Up အဖွဲ့ကို ထောက်ခံသူများက သြစေတးလျအလံကို ပုခုံးများတွင် တင်ဆောင်ကာ ကျွေးကြော်သံများကိုလည်း ကျွေးကြော်ခဲ့သည်။ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး အဖွဲ့ကလည်း “လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ပါ။ မွတ်စလင်များနဲ့ ရပ်တည်ပါ” ဟူသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ခဲ့ကြသည်။
    Ref: Presstv
  • ဆော်ဒီမြူနီစီပယ်ရွေးကောက်ပွဲတွင် လက်ရှိအချိန်အထိ အမျိုးသမီး ၄ ဦး ရွေးကောက်တင်မြှောက် ခံထားရ
    ဆော်ဒီမြူနီစီပယ်ရွေးကောက်ပွဲတွင် လက်ရှိအချိန်အထိ အမျိုးသမီး ၄ ဦး ရွေးကောက်တင်မြှောက် ခံထားရ
    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    saudi
    – အမျိုးသမီးများကို ပထမဆုံးမဲပေးခွင့်ပြုခဲ့သည့် ဆော်ဒီအာရေဗျ၏ မြူနီစီပယ်အရာရှိ ရွေးကောက်ပွဲတွင် လက်ရှိအချိန်အထိ အမျိုးသမီးကိုယ်စားလှယ်လေးဦး ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါရွေးကောက်ပွဲတွင် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်ခြင်းမှာလည်း ပထမဆုံးဖြစ်သည်။ ရွေးချယ်တင်မြှောက်ခံရသည့် အမျိုးသမီးများမှာ အီဟ်စာမြို့တွင် နှစ်ဦးနှင့် တိုဘွက်နှင့် မက္ကာတို့တွင် တစ်ဦးစီ ဖြစ်ကြသည်။ မဲများကို ယနေ့တွင် ဆက်လက်ရေတွက်နေဆဲ ဖြစ်သည်။
    မက္ကာမြို့ရှိ မဒ်ရာခါဒေသ၏ မြူနီစီပယ်အကြီးအကဲအဖြစ် ရွေးကောက်တင်မြှောက်ခံရသူမှာ ဆလ်မာ ဘင်တီ ဟီဇဘ် အလ်-အိုတိုင်ဘီဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ အိုစာမာ အလ်-ဘာရ်၏ ပြောကြားမှုကို ကိုးကား၍ SPA သတင်းဌာနက ဖော်ပြခဲ့သည်။
    သမိုင်းဝင်ရွေးကောက်ပွဲဟု အများစုက သတ်မှတ်ကြသည့် ယခုရွေးကောက်ပွဲမှာ ဆော်ဒီနိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် အတွေ့အကြုံကို တတိယအကြိမ်မြောက် ထိတွေ့ခံစားရခြင်းဖြစ်သည်။ ပထမဆုံး ဒေသန္တရ ရွေးကောက်ပွဲကို ၂၀၀၅ ခုနှစ်တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ကို ၂၀၁၁ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့ကာ ထိုနှစ်ကြိမ်စလုံးတွင် အမျိုးသမီးများ ပါဝင်ခွင့် မရခဲ့ပေ။
    စနေနေ့ရွေးကောက်ပွဲမှာ နိုင်ငံအတွင်းရှိ မြူနီစီပယ်ကောင်စီ ၂၈၄ ခုအတွက် ပြုလုပ်ခြင်းဖြစ်ပြီး ကိုယ်စားလှယ်အဖြစ် အမျိုးသား ၆၀၀၀ နီးပါးနှင့် အမျိုးသမီး ၉၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲ ရလဒ်များကိုမူ မနက်ဖြန်တွင် တရားဝင်ကြေငြာမည်ဖြစ်သည်။
    “ဘ၀မှာ ပထမဆုံးမဲပေးရတဲ့အတွက် ကျွန်မပျော်ပါတယ်” ဟု အမည်မဖေါ်လိုသည့်အမျိုးသမီးတစ်ဦးက မဲရုံမှပြန်အထွက်တွင် ပြောကြားခဲ့သည်။ အခြားတစ်ဦးဖြစ်သူ နဂ်ျလာ ဟာရီရာကလည်း “ကျွန်မရဲ့ မဲပေးခွင့် အခွင့်အရေးကို အသုံးပြုခဲ့ပါတယ်။ ကျွန်မတို့ရဲ့အမိမြေမှာ အမျိုးသမီးတွေရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်မတို့ အကောင်းမြင်ပါတယ်” ဟု ပြောကြားခဲ့သည်။
    ဆော်ဒီအမျိုးသမီးရေးရာ လှုပ်ရှားသူဖြစ်သည့် ဟာတွန် အလ်-ဖက်စ်စီကလည်း သူမ၏ Twitter စာမျက်နှာမှတစ်ဆင့် ထိုရွေးကောက်ပွဲအား ချီးကျူးခဲ့သည်။
    “ဒါဟာ နေ့သစ်တစ်ခုဖြစ်ပြီး၊ ကျွန်မတို့ ဆော်ဒီအမျိုးသမီးတွေရဲ့ နေ့ပါပဲ” ဟု ရေးသားခဲ့သည်။
    အမျိုးသမီး မဲဆန္ဒရှင်တစ်ဦးဖြစ်သူ ဖဟ်ဒါ အလ်-၀ါလီက အဆိုပါရွေးကောက်ပွဲမှာ သူမအတွက် အရေးပါပုံကို ရှင်းပြခဲ့သည်။
    “အမျိုးသမီးတစ်ယောက်အနေနဲ့ ကျွန်မမှာ အချို့သော ၀န်ဆော်မှုတွေကို လိုအပ်ပါတယ်။ ကျွန်မရဲ့ ပတ်ဝန်းကျင်ကလည်း သူနာပြုတွေလို အချို့ဝန်ဆောင်မှု လိုပါတယ်။ လူငယ်တွေနဲ့ အငြိမ်းစားတွေအတွက်လည်း လူမှုဖူလုံရေးစင်တာတွေ လိုအပ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေဟာာ ဒီလိုအပ်ချက်တွေမှာ အမျိုးသားတွေထက် ပိုပြီးအာရုံစိုက် လုပ်နိုင်ပါတယ်”
    Ref: Aljazeera
  • တရုတ် အင်တာနက်ကုမ္ပဏီတစ်ခုက ဟောင်ကောင်သတင်းစာလုပ်ငန်းကို ၀ယ်ယူမည်
    တရုတ် အင်တာနက်ကုမ္ပဏီတစ်ခုက ဟောင်ကောင်သတင်းစာလုပ်ငန်းကို ၀ယ်ယူမည်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    china
    – တရုတ်အင်တာနက်ကုမ္ပဏီတစ်ခုဖြစ်သည့် Alibaba မှာ ဟောင်ကောင်ထုတ် နေ့စဉ်သတင်းစာ တစ်စောင်ဖြစ်သော South China Morning Post ကို ၀ယ်ယူတော့မည်ဟု ပြောကြားခဲ့ပြီး သတင်းစာ၏ လွတ်လပ်စွာထုတ်ဖော်ခွင့် ရည်ရွယ်ချက် မဆုံးရှုံးစေရန် ထိန်းသိမ်းမည်ဟု ကတိပြုခဲ့သည်။
    အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေသော ယင်းသတင်းစာနှင့် ပတ်သက်၍ ကောလဟာလများ ထွက်ပေါ်လာပြီးနောက်ပိုင်း ယခုသတင်း ပေါ်ထွက်လာခြင်းဖြစ်ပြီး အနာဂတ်တွင် တရုတ်အစိုးရ၏အာဘော် ဖြစ်လာမည်ဟူသော စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
    ဂျာနယ်လစ်များကိုတိုက်ခိုက်ခြင်း၊ အယ်ဒီတာအဖွဲ့ဝင်များအား အာဏာပိုင်များက ဖိအားပေးခြင်း၊ ဆင်ဆာဖြတ်မှု တိုးမြှင့်လာခြင်းတို့ကြောင့် ဟောင်ကောင်တွင် စာနယ်ဇင်းလွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုအတွက် စိုးရိမ်မှုများ မြင့်တက်လာနေသည်။
    တရုတ်တက္ကသိုလ်မှ နိုင်ငံရေးပါမောက္ခတစ်ဦးဖြစ်သူ ၀ီလီလမ်က ထိုကဲ့သို့ ၀ယ်ယူမှုမှာ တရုတ်အစိုးရက ၎င်းတို့၏ ပါဝါကို ပျော့ပြောင်းသောနည်းလမ်းဖြင့် ကမ္ဘာတစ်ဝှမ်းသို့ တိုးမြှင့်ထိုးဖောက်ရန် အကွချက်စီစဉ်ထားမှု၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စုများကို မဲခွဲပြီး ပွဲစဉ်အချိန်ဇယား ထုတ်ပြန်
    ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စုများကို မဲခွဲပြီး ပွဲစဉ်အချိန်ဇယား ထုတ်ပြန်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    – ပြင်သစ်မှာ ကျင်းပပြုလုပ်မယ့် ယူရို ၂၀၁၆ အုပ်စုမဲခွဲပွဲနဲ့ ပွဲအစီအစဉ်တွေ တရာဝင်ထုတ်ပြန်ကြေငြာမှုကို မနေ့က ပဲရစ်မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
    ၅၈ နှစ်ကြာမှ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ဝေးလ်အသင်းဟာ မဟာပြိုင်ဘက် အင်္ဂလန်နဲ့ အုပ်စု B မှာ တစ်အုပ်စုတည်း ကျရောက်ခဲ့ပါတယ်။ ဒီအုပ်စုမှာ ရုရှားနဲ့ ဆလိုဗက်ကီးယားတို့ ပါဝင်ပြီး အင်္ဂလန်နဲ့တွေ့ရင် အနိုင်ကစားနိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောထားတဲ့ ဂါရက်ဘေးလ်ကတော့ “အုပ်စုကျပ်” လို့ Twitter စာမျက်မှာကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။
    မရဏအုပ်စုကိုတော့ ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ အီတလီနဲ့ အိုင်ယာလန်တို့ပါဝင်တဲ့ အုပ်စု E ကို သတ်မှတ်ခဲ့ပါတယ်။ ဆွီဒင်နည်းပြ အဲရစ် ဟမ်ရန်က ဘယ်လ်ဂျီယံနဲ့ အီတလီတို့က ရေပန်းစားနေတယ်လို့ ၀န်ခံခဲ့ပါတယ်။ အီလီနည်းပြကွန်တီက ဆွီဒင်ဟာ အီတလီအတွက် အကြီးဆုံး အဟန့်အတားဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
    အိမ်ရှင်ပြင်သစ်ကတော့ အုပ်စုချောင်ပြီး အလ်ဘေးနီးယား၊ ရိုးမေးနီးယား၊ ဆွစ်ဇာလန်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ လက်ရှိချန်ပီယံ စပိန်က တူရကီ၊ ချက်၊ ခရိုအေးရှားတို့နဲ့အတူ အုပ်စု D မှာ ကျရောက်ခဲ့ပြီး စပိန်နည်းပြ ဒဲလ်ဘော့စကေးကတော့ နားထင်သွေးရောက်လို့မရဘဲ စုစုစည်းစည်းနဲ့ ကြိုးစားအားထုတ်ရမယ်လို့ သတိပေးခဲ့ပါတယ်။
    ကမ္ဘာဖလားချန်ပီယံ ဂျာမနီက အုပ်စု C မှာ မြောက်အိုင်ယာလန်၊ ပိုလန်၊ ယူကရိန်းတို့နဲ့အတူ ကျရောက်နေပါတယ်။ ရော်နယ်ဒိုရဲ့ ပေါ်တူဂီက အိုက်စလန်၊ ဟန်ဂေရီ၊ သြစတြီးယားတို့နဲ့ အုပ်စု F မှာ ကျရောက်နေပြီး ပေါ်တူဂီနည်းပြ ဆန်းတို့စ်က အုပ်စုဟာ လွယ်ကူမယ်လို့မထင်ကြောင်း၊ ကြိုးစားအားထုတ်မှုကို မိမိယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
    ယူရိုပြိုင်ပွဲတွေကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာ စတင်ကစားမှာဖြစ်ပြီး လက်ရှိ ဗိုလ်စွဲဖို့ရေပန်းအစားဆုံး အသင်းကတော့ အိမ်ရှင်ပြင်သစ်ဖြစ်ပါတယ်။ သူ့နောက်မှာ ဂျာမနီ၊ စပိန်၊ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့က အစဉ်လိုက်ရှိနေကြပါတယ်။
    eruo 2
    အုပ်စုပွဲစဉ်များ
    euro 3
    ရှုံးထွက်အဆင့်မှ နောက်ဆုံးဗိုလ်လုပွဲအထိ ပွဲစဉ်များ
    Ref: Dailymail
  • ကပ်ထားရုံဖြင့် နာကျင်မှုသက်သာစေမည့် ဆေးပလာစတာတစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်
    ကပ်ထားရုံဖြင့် နာကျင်မှုသက်သာစေမည့် ဆေးပလာစတာတစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်
    ဒီဇင်ဘာ ၁၃၊ ၂၀၁၅
    M-Media
    pain
    – နာကျင်သည့်နေရာသို့ ၁၂ နာရီကြာ ကပ်ထားရုံဖြင့် ရောင်ရမ်းမှုသက်သာစေပြီး ကျယ်ပြန့်စွာအသုံးပြုနိုင်မည့် ဆေးပလာစတာတစ်မျိုးကို သိပ္ပံပညာရှင်များ တီထွင်နိုင်ခဲ့သည်ဟု သိရသည်။
    ရေရှည်အသုံးခံသည့် ၎င်းဆေးပလာစတာသည် ဆေးဝါးများစွာ သောက်သုံးရခြင်းမှ သိသိသာသာ လျော့ကျစေနိုင်မည် ဖြစ်သည်။ ၎င်းသည် နာတာရှည်ဝေဒနာများ ဖြစ်သည့် နောက်ကျောနာခြင်း၊ အာရုံကြောစူးအောင့်ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းခြင်း စသော ဝေဒနာများကို သက်သာစေနိုင်မည်ဖြစ်သည်။
    “အံ့သြစရာကောင်းတာတစ်ခုက လက်ရှိအသုံးပြုနေတဲ့ ဈေးကွက်ဝင် ဆေးပတ်တီးတော်တော်များများဟာ
    နာကျင်မှုသက်သာစေတဲ့ပစ္စည်း ဘာမှ မပါဝင်ပါဘူး၊ အပူပေးတဲ့နည်းနဲ့ ဒဏ်ရာကို သက်သာစေတာမျိုးပါ” ဟု ဒေးဗစ်
    ဟက်ဒဲလ်တန်က ပြောကြားခဲ့သည်။
    “ကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ နည်းပညာမှာ ဒီဆေးပလာစတာထဲကို နာကျင်မှုဝေဒနာ ထိထိရောက်ရောက် လျှော့ချနိုင်တဲ့ အိုင်ဗျူပရိုဖင်လို ဆေးမျိုးတွေ ထည့်သွင်းထားပါတယ်၊ ဒီလိုဆေးပလာစတာမျိုး လက်ရှိဈေးကွက်ထဲမှာ မရှိသေးပါဘူး။ လူနာတွေ ဒီထက်ပိုမိုသက်သာစေဖို့နဲ့ ရလဒ်ကောင်းတွေရဖို့အတွက် တခြားပါဝင်ပစ္စည်းတွေ ထည့်သွင်းဖို့လည်း ထပ်မံစီစဉ်ထားပါတယ်”
    သိပ္ပံပညာရှင်များကမူ အဆိုပါ ဆေးပလာစတာတွင် အသုံးပြုနိုင်သော ပစ္စည်းများမှာ အကန့်အသတ်ရှိနေပြီး ၎င်းတို့ထုတ်လုပ်ထားသည့် ဆေးပလာစတာမှာ စေးကပ်မှုရှိပြီး ထိရောက်မှုရှိသော ဆေးဝါးများ ထည့်သွင်းထားကာ ပါးလွှာ၍ ဖြန့်နိုင်ခေါက်နိုင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ယင်းဆေးပလာစတာကို ၀ါဝစ်က်တက္ကသိုလ်နှင့်အတူ Medherent ကုမ္ပဏီက ဈေးကွက်သို့ ၂ နှစ်အတွင်း တင်သွင်းသွားမည်ဖြစ်ပြီး ပလက်စတာအသုံးပြု ဆေးဝါးများ ထပ်မံထုတ်လုပ်သွားရန်လည်း အစီအစဉ်ရှိနေသည်။
    Ref: IINA