News @ M-Media

Author: Ko Lay

  • ယူရိုပါအရှုံးကြောင့် ဆားဘီးယာချန်ပီယံကလပ်၏ ဘုတ်အဖွဲ့တစ်ခုလုံး နှုတ်ထွက်

    ယူရိုပါအရှုံးကြောင့် ဆားဘီးယာချန်ပီယံကလပ်၏ ဘုတ်အဖွဲ့တစ်ခုလုံး နှုတ်ထွက်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    patizan

    – ယူရိုပါလိဂ်မှ ထွက်ခဲ့ရခြင်းကြောင့် ဆာဘီးယားအမှတ်ပေးချန်ပီယံအသင်းဖြစ်သော ပါတီဇန်အသင်း၏ ဘုတ်အဖွဲ့တစ်ခုလုံးမှာ နှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။

    ယနေ့မနက်က အော့စ်ဘာ့ဂ်အသင်းအား အိမ်ကွင်း၌ ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ပါတီဇန်မှာ ဥရောပ၏ ဒုတိယအဆင့်အမြင့်ဆုံး ပြိုင်ပွဲဖြစ်သော ယူရိုပါလိဂ်မှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် ဆားဘီးယားစူပါလီဂါ အမှတ်ပေးပြိုင်ပွဲတွင်လည်း ထိပ်ဆုံးမှ ခါးသီးသောပြိုင်ဘက် ကာရ်ဗီနာ ဇဗီဇ်ဒါအသင်းနှင့် ၂၄ မှတ် ကွာဟနေသည်။

    “စီမံခန့်ခွဲရေးဘုတ်အဖွဲ့တစ်ခုလုံး မနေ့က နှုတ်ထွက်သွားပြီး ရက် ၃၀ အတွင်း ညီလာခံခေါ်ကာ ခေါင်းဆောင်ပိုင်း ရွေးချယ်ပြီးတဲ့အထိ အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာအပိုင်းကို ကျွန်တော်က ဦးဆောင်သွားမှာပါ။ ဒါဟာ ပါတီဇန်အတွက် ခက်ခဲတဲ့အချိန်ပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ဆားဘီးယားလိဂ်မှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်တွေ ဆိုးရွားခဲ့ပြီးတဲ့နောက် ယူရိုပါလိဂ်မှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေကို အားလုံးပုံထားတာပါ။ ကျွန်တော်တို့ ကစားသမားတွေကို အပြစ်မတင်ချင်ပါဘူး။ ဒါပေမယ့် လိုအပ်နေတဲ့ရလဒ်ကို သူတို့ရခဲ့လို့လား။ အမှန်က ကျွန်တော်တို့ နှုတ်ထွက်စရာ မလိုပါဘူး” ဟု အသင်း၏ အထွေထွေမန်နေဂျာဖြစ်သူ မီလို့စ် ဗာဇူရာက ပြောကြားခဲ့သည်။

    Ref: Goal

  • ကမ္ဘာစစ်လိင်ကျွန်ကိစ္စအတွက် ဂျပန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်

    ကမ္ဘာစစ်လိင်ကျွန်ကိစ္စအတွက် ဂျပန်နှင့် တောင်ကိုရီးယား ဆွေးနွေးမည်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    – ဒုတိယကမ္ဘာစစ်အတွင်း ကိုးရီးယားအမျိုးသမီးများကို ဂျပန်က လိင်ပိုင်းဆိုင်ရာ ကျွန်ပြုမှုများအတွက် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဟု ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    စစ်အတွင်း ဂျပန်စစ်တပ်များက ပြည့်တန်ဆာအိမ်များတွင် လုပ်ကိုင်ရန် ကိုးရီးယားအမျိုးသမီးများကို ဇိမ်မယ်များအဖြစ် အတင်းအကြပ်ခိုင်းစေခဲ့သော ကိစ္စအပေါ် ဆွေးနွေးမည့် ၁၁ ကြိမ်မြောက် အဆိုပါ အစည်းအဝေးကို ဒီဇင်ဘာ ၁၅ တွင် တိုကျို၌ ကျင်းပမည်ဖြစ်သည်။

    တောင်ကိုးရီးယားသမ္မတ ပတ်ဂျုံဟေးနှင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့ ယင်းကိစ္စနှင့်ပက်သက်၍ အလျင်အမြန်ဆွေးနွေးရန် ပြီးခဲ့သောလတွင် သဘောတူညီမှုယူခဲ့ရာမှ အစည်းအဝေးပွဲ ဖြစ်လာခြင်းဖြစ်သည်။

    ၁၉၁၀-၄၅ အတွင်း ကိုးရီးယားကျွန်းဆွယ်ကို ကိုလိုနီပြုခဲ့စဉ် ဖြစ်ပွားခဲ့သော သမိုင်းနှင့်ချီသည့် အငြင်းပွားမှုများ အထူးသဖြင့် ကိုးရီးယားအမျိုးသမီးများကို ဂျပန်က လိင်ကျွန်အဖြစ် အသုံးပြုမှုအတွက် ယခုဆွေးနွေးပွဲမှာ ပက်ဂျုံဟေးနှင့် ရှင်ဇိုးအာဘေးတို့အကြား ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေးမှု ဖြစ်မည်ဖြစ်သည်။ ယခင်က ထိုကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန် တောင်ကိုရီးယားသမ္မတက ငြင်းဆိုခဲ့သည်။

    တောင်ကိုရီးယားမှာ အာဘေးထံမှ စိတ်ပါလက်ပါတောင်းပန်မှုကို အလိုရှိနေပြီး လိင်ကျွန်ပြုခံ ကိုရီးယားအမျိုးသမီးများအတွက် သင့်တင့်လျောက်ပတ်သည့် နစ်နာကြေးကိုလည်း ပေးအပ်စေချင်သည်။ သို့သော်လည်း ဂျပန်ကမူ ထိုကိစ္စကို ဂျပန်နှင့် တောင်ကိုရီးယားတို့ သံတမန်ဆက်ဆံရေး စတင်ခဲ့သည့် ၁၉၆၅ ခုနှစ်ကတည်းက ဖြေရှင်းပြီးဖြစ်သည်ဟု တုန့်ပြန်ပြောကြားခဲ့သည်။

    Ref: Xinhua

  • နျူထိပ်ဖူးတပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်ပစ်လွှတ်

    နျူထိပ်ဖူးတပ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်ပစ်လွှတ်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    paki

    – ပါကစ္စတန်မှာ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး အဆိုပါ ဒုံးကျည်မှာ ၂၇၅၀ ကီလိုမီတာ (၁၇၀၈ မိုင်) အကွာအဝေးအထိ ရောက်ရှိနိုင်သည်ဟု သိရသည်။

    ပါကစ္စတန်စစ်ဘက် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သောကြာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ စမ်းသပ်ပစ်လွှတ်မှုမှာ လောင်စာခဲ ဖြည့်တင်းထားသော Shaheen-III (Falcon- III) ဒုံးကျည်ဖြစ်ပြီး အာရေဘီယန်ပင်လယ်ထဲသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် အဆိုပါဒုံးကျည်ကို “အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်ရန်နှင့် လက်နက်ကိရိယာ၊ နည်းပညာဆိုင်ရာ ကွာအဝေးအမျိုးမျိုးအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သည်” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

    ပါကစ္စတန် မဟာဗျူဟာရေးဆွဲရေးအဖွဲ့ဒါရိုက်တာ ဗိုလ်ချုပ် မဇ်ဟာ ဂျမီးလ်က ထိုအောင်မြင်မှုမှာ နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ရန်အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်သည်ဟု ချီးကျူးပြောဆိုခဲ့သည်။

    “ပါကစ္စတန်ဟာ ဒေသတွင်းမှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုတဲ့ဆန္ဒ ရှိပါတယ်။ အဲဒီလို နေထိုင်မှုအတွက် ကလီးယားကာကွယ်ရေး စွမ်းအားဟာ တောင်အာရှအတွင်း မဟာဗျူဟာကျတဲ့ တည်ငြိမ်မှုကို ပိုပြီး ခိုင်မာစေမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ် ဂျမီးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပါကစ္စတန်မှာ ၁၉၄၇ တွင် အိန္ဒိယမှ ခွဲထွက်ပြီးကတည်းက လက်နက်အပြိုင်အဆိုင် ထုတ်လုပ်လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်နိုင်ငံသည် ဒုံးကျည်စမ်းသပ်မှုများကို အဆက်မပြတ် ပြုလုပ်လျက်ရှိကြပြီး နျူကလီးယား မပြန့်ပွားရေးစာချုပ် (NPT) ကိုလည်း လက်မှတ်မထိုးသည့်အပြင် နူကလီးယားလက်နက် စမ်းသပ်မှုနှင့် ထုတ်လုပ်မှု ကန့်သတ်ချက်များပါဝင်သည့် အခြားသောစာချုပ်များကိုလည်း ငြင်းဆိုထားသော နိုင်ငံများဖြစ်သည်။

    Ref : Presstv

  • ဇန်န၀ါရီတွင် လူထပ်မခေါ်ဘဲ ရှိနေသူများကိုသာ နေရာပေးမည်ဟု လီဗာပူးလ်နည်းပြပြော

    ဇန်န၀ါရီတွင် လူထပ်မခေါ်ဘဲ ရှိနေသူများကိုသာ နေရာပေးမည်ဟု လီဗာပူးလ်နည်းပြပြော

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    klop

    – မိမိတို့အသင်းမှာ လာမည့် ဇန်န၀ါရီအပြောင်းအရွှေ့တွင် ကစားသမားသစ်ခေါ်ယူရန် မလိုအပ်ဘဲ အသင်း၌ ရှိသူများကိုသာ အခွင့်အရေးပေးသွားမည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ၂၀၁၁ ခုနှစ်တွင် အသင်းရှိ နာမည်ကြီးကစားသမားများဖြစ်သော လူးဝစ်ဆွာရက်ဇ်နှင့် အန်ဒီကာရိုလ်းတို့အား ပြောင်းရွှေ့ကြေးအများအပြားဖြင့် ရောင်းချခဲ့သည့် လီဗာပူးလ်မှာ ယခုအချိန်တွင် နာမည်ကြီးကစားသမားများကို ၀ယ်ယူရန် ဆက်သွယ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “အသင်းမှာရှိတဲ့ ကစားသမားတွေနဲ့ အလုပ်လုပ်ဖို့က ပိုပြီး အရေးကြီးပါတယ်။ တကယ်လို့ သူတို့ကို ယုံကြည်ရင် သူတို့ကလည်း ဒီယုံကြည်မှုအကျိုးကို ခံစားရမှာပါ။ တစ်ရက်နှစ်ရက်ကိစ္စမဟုတ်ပါဘူး။ ရေရှည်အတွက်ပါ။ ဒါက ကမ္ဘာကြီးကမြင်နေတာမျိုးတော့ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်တော်တို့မှာ ပြဿနာရှိတယ်ဆိုရင် ဒါဟာ အရည်အသွေးပြဿနာမဟုတ်ပါဘူး။ အာရုံစူးစိုက်မှုနဲ့ အခြားပြဿနာတွေပဲဖြစ်မှာပါ” ဟု အသင်းနှင့်ပတ်သက်၍ ကလော့ပ်က ပြောကြားခဲ့သည်။

    ထို့ပြင် အပြောင်းအရွှေ့ကိစ္စနှင့်ပတ်သက်၍လည်း မိမိအနေဖြင့် ကစားသမားများ၏ ဗီဒီယိုများကို ကြည့်ရှုနေပြီး ယခုဆောင်းရာသီ၊ သို့မဟုတ် နွေရာသီ သို့မဟုတ် မည်သည့်အချိန်၌ ခေါ်ယူမည်ကို မိမိအနေဖြင့် မသိရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • “အကြမ်းဖက်ဝါဒဖြန့်မှု” ဆိုသည့် စကားလုံးအား ဖယ်ရှားရန် ပျက်ကွက်မှုအတွက် Twitter ကို တူရကီက ဒဏ်ရိုက်

    “အကြမ်းဖက်ဝါဒဖြန့်မှု” ဆိုသည့် စကားလုံးအား ဖယ်ရှားရန် ပျက်ကွက်မှုအတွက် Twitter ကို တူရကီက ဒဏ်ရိုက်

    ဒီဇင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    – လူမှုကွန်ရက်ဆိုက်တစ်ခုဖြစ်သည့် တွစ်တာကုမ္ပဏီမှာ “အကြမ်းဖက်ဝါဒဖြန့်မှု” စသည့် စာသားများပါဝင်ခြင်းကို
    မဖယ်ရှားခဲ့သည့်အတွက် တူရကီနိုင်ငံ ဆက်သွယ်ရေးဆိုင်ရာအာဏာပိုင်အဖွဲ့ BTK က ဒဏ်ငွေ ယမန်နေ့တွင် တူရကီလီရာ ၁၅၀၀၀၀ (ကန်ဒေါ်လာ ၅၁၀၀၀) ဒဏ်ရိုက်ခဲ့သည်ဟု သိရသည်။

    အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမပြုသော်လည်း လူမှုကွန်ရက်ဝဘ်ဆိုက်တစ်ခုကို တူရကီက ယခုကဲ့သို့ ဒဏ်ရိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

    တူရကီမှာ ယခင်ကလည်း ၎င်းတို့ ဖယ်ရှားခိုင်းသည်များကို မလိုက်လျောခဲ့ခြင်းကြောင့် Twitter ကို ယာယီပိတ်သိမ်းမှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သည်။

    Ref: Reuters