News @ M-Media
Author: Ko Lay
  • လူနည်းစုဝင်များကို အထောက်အထားမဲ့ မတရားစီရင်နေသော မြန်မာအာဏာပိုင်များ
    လူနည်းစုဝင်များကို အထောက်အထားမဲ့ မတရားစီရင်နေသော မြန်မာအာဏာပိုင်များ
    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media
    muslim
    – မြန်မာမွတ်စ်လင်မ်တပ်မတော် အမည်ရှိအဖွဲ့မှ သင်တန်းတက်ခဲ့ခြင်းဟု စွပ်စွဲခံထားရသော မွတ်စ်လင်မ်အမျိုးသား ၁၂ ဦးကို တရားမျှတစွာ အမှုရင်ဆိုင်နိုင်ရေးအပေါ် ငြင်းဆိုလိုက်သဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သော Fortify Rights က မြန်မာအစိုးရအား ပြင်းထန်စွာဝေဖန်လိုက်သည်။
    တရားခံရှေ့နေများနှင့် လုံခြုံရေးကျွမ်းကျင်ပညာရှင်များက အဆိုပါ Myanmar Muslim Army ဟူသည့် အဖွဲ့အစည်းသည် အလျဉ်းရှိမနေကြောင်း၊ မွတ်စ်လင်မ်များအပေါ် နှိပ်ကွပ်ရေးအတွက် အကြမ်းဖက်သမားများအဖြစ် အမည်တပ်ပြီး ရမည်ရှာနိုင်ရန် အာဏာပိုင်တို့မှ တီထွင်ဖန်တီးချက်ဖြစ်ကြောင်း သုံးသပ်ထားကြသည်။
    Fortify Rights အဖွဲ့၏ တနင်္ဂနွေနေ့ထုတ်ပြန်ချက်တွင် အာဏာပိုင်များက အစွပ်စွဲခံထားရသူများကို ဖမ်းဆီးနှိပ်စက်ခဲ့ပြီး ယခုအခါ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တရားရုံးတွင် အမှုကိုစစ်ဆေးစီရင်နေသည်ဟု ဖော်ပြခဲ့သည်။
    “နှိပ်စက်ညှင်းပန်းမှုကို မပိတ်ပင်မတားဆီးနိုင်ဘူးဆိုရင် တရားမျှတမှု ပေါ်လွင်လာမှာ မဟုတ်ပါဘူး။ ခိုင်မာတဲ့စွဲချက်အထောက်အထား မတင်ပြနိုင်မချင်း – မျှတမှန်ကန်တဲ့ တရားစီရင်မှုစံနှုန်း မရှိမချင်း ဒီအမှုမှာ အစွန်းအထင်းညစ်ညမ်းမှုတွေ ကင်းရှင်းနိုင်ဦးမှာ မဟုတ်ပါဘူး” ဟု ၎င်းလူ့အခွင့်အရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မက်သျူး စမစ်က ဆိုသည်။
    စိုးမိုးအောင်(၂၄ နှစ်)အား ထိန်းသိမ်းထားစဉ်အတွင်း အာဏာပိုင်များက ရိုက်နှက်ခြင်း၊ အစာရေစာဖြတ်တောက်ခြင်း၊ စစ်ဆေးမေးမြန်းချိန်၌ အမျိုးအမည်မသိသော ဆေးများထိုးသွင်းခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း၊ အကြပ်ကိုင်မှုအားဖြင့် သူသည် ၀န်ခံထွက်ဆိုချက်ဟု ယူဆရသော စာရွက်ပေါ်၌ လက်မှတ်ထိုးပေးခဲ့ရကြောင်း သိရသည်။
    အဆိုပါ တရားစွဲဆိုခြင်းခံရသူများအားလုံးသည် မန္တလေး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်မှ အသက် ၁၉ နှစ်မှ ၅၈ နှစ်အတွင်းရှိ မွတ်စ်လင်မ်အမျိုးသားများဖြစ်ကြသည်။ ၎င်းတို့သည် ၂၀၁၄ ခုနှစ်အတွင်းက Myanmar Muslim Army အမည်ရှိ အဖွဲ့နှင့် ဆက်သွယ်ပူးပေါင်းခဲ့သည်ဟုဆို၍ အစိုးရတရားလိုများဖက်က စွပ်စွဲထားသည်။
    သို့သော် ရုံးတင်စစ်ဆေးသောအခါတွင်မူ အာဏာပိုင်များဖက်မှ အဖွဲ့တည်ရှိမှု၏အထောက်အထားသော်လည်းကောင်း၊ ၎င်းအုပ်စုနှင့် တရားလိုများ၏ဆက်နွှယ်မှုကိုသော်လည်းလည်းကောင်း မတင်ပြနိုင်ခဲ့ကြ။ အစိုးရဖက်မှ တရားလိုအဖြစ်ဆောင်ရွက်ကြသူ ရဲအရာရှိများကလည်း နိုင်ငံတော်၏လျှို့ဝှက်အက်ဥပဒေအရ အထောက်အထားများကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်မရှိဟု ထွက်ဆိုခဲ့ကြသည်။
    “တရားစီရင်မှုဆိုတာ အချက်အလက်၊ အထောက်အထားများအပေါ် အခြေခံရပါတယ်။ သံသယတွေ၊ လျှို့ဝှက်မှုတွေနဲ့ စီရင်ဆုံးဖြတ်လို့ မရပါဘူး။ ဒီတရားပြိုင် (အစိုးရအခေါ် တရားခံ)တွေကို အရေးယူနိုင်တဲ့ စီရင်ချက်ချနိုင်အောင် နိုင်ငံတော်ဖက်က အထောက်အထားတစ်စုံတစ်ရာ ပြသဖို့ ပျက်ကွက်နေပါပြီ” ဟု စမစ်က ဆိုသည်။
    တရားစွဲခံရသူများမှာ နိုဝင်ဘာ ၁၄ မှ ဒီဇင်ဘာ ၂၆ ရက်အထိ ထိန်းသိမ်းခံရပြီး မြန်မာနိုင်ငံအရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည)ဖြင့် ဖမ်းဆီးထားခြင်းဖြစ်သည်။ ယင်းဥပဒေအရ သူတို့မှာ ထောင်ဒဏ် ၇ နှစ်ထိ ကျခံရဖွယ်ရှိသည်။ ၎င်းတို့အနက် သုံးဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် ထောင်ဒဏ် သုံးနှစ်ကျခံစေရန် မန္တလေးတရားရုံးမှ ဒီဇင်ဘာ ၇ ရက်နေ့တွင် စီရင်ချက်ချလိုက်ကြောင်း စမစ်က ဆိုသည်။
    “လူမျိုး၊ ဘာသာ၊ စွဲချက်တင်ပြစ်မှုအမျိုးအစား မခွဲခြားဘဲ အားလုံးကို တစ်တန်းတည်းထားပြီး မှန်ကန်မျှတစွာ တရားစီရင်ခွင့်ကို မြန်မာအစိုးရအနေနဲ့ ခိုင်မာအောင် လုပ်ဆောင်ပေးရပါလိမ့်မယ်။ နှိပ်စက်ညှင်းပန်းမှုအပေါ် အားထားခြင်းနဲ့ ကျင့်ဝတ်မဲ့တရားစီရင်ခြင်းက မတရားမှုကို သက်ဆိုးရှည်စေတဲ့အပြင် အနာဂတ်ပဋိပက္ခအတွက် မျိုးစေ့ကြဲနေခြင်းသာ ဖြစ်ပါတယ်”။
    Rajaratnam School of International Studies(RISS) ၏ ၂၀၁၅ အစီရင်ခံစာတွင် ဖော်ပြထားသည့် Myanmar Musim Army ဟူသည်ကို ကြားသိသူ မရှိသလောက်ပင်။ ၎င်းအစီရင်ခံစာအတွင်းမှာလည်း Gunaratna က “အတည်မပြုနိုင်သောသတင်းများအရ Myanmar Muslim Army – MMA ဟူသည့်အုပ်စုတစ်ခု ထွက်ပေါ်လာသည်။ ထိုင်းနယ်စပ်တွင် မြန်မာမွတ်စ်လင်မ်များကို လေ့ကျင့်ပေးရန်ဟု သတင်းရရှိခဲ့သည်” ဟူ၍ ရေးသားထား၏။
    ထိုအုပ်စု အမှန်တကယ် ရှိမရှိဟူသည်ကို လူ့အခွင့်အရေးအုပ်စုများ၊ အကြမ်းဖက်မှုကျွမ်းကျင်သူများ၊ အမေရိကန်အစိုးရ အဖွဲ့အစည်းများပင် အတည်မပြုနိုင်သေးချေ။
    မေလက ၀ါရှင်တန်ဒီစီရှိ အမျိုးသားစစ်ပညာကောလိပ်မှ အရှေ့တောင်အာရှဒေသတွင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ Zachary Abuza သည် “မိမိအနေဖြင့် Myanmar Muslim Army ဆိုသည်ကို လုံးဝ မကြားခဲ့ဖူးကြောင်း” The Intercept ဒီဂျစ်တယ်မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။
    “ကျွန်တော့်အတွက်တော့ ဒါဟာ တမင်လီဆည်ဖန်တီးထားချက်လို့ မြင်ပါတယ်။ နိုင်ငံအစိုးရကို ပုန်ကန်သူအုပ်စုတွေအနေနဲ့ နိုင်ငံအစိုးရကတရားဝင် သုံးနှုန်းနေသော မြန်မာဆိုတဲ့ ဝေါဟာရကို ခေါင်းစဉ်တပ်ဖို့ ဖြစ်နိုင်ပါ့မလား ဆိုပြီး ကျွန်တော် သံသယမကင်း ဖြစ်နေပါတယ်”။
    ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ခံနေရသော ရိုဟင်ဂျာ အများစုအပါအ၀င် လူနည်းစု မြန်မာမွတ်စ်လင်မ်တို့သည် ၂၀၁၂ ခုနှစ် လူမျိုးရေးဘာသာရေး အသွင်ဆောင်အကြမ်းဖက်မှုဖြစ်စဉ်ကစပြီး ယနေ့တိုင် အန္တရာယ်ကင်းဘေးရှင်းသည့်အဖြစ် ရှိမနေသေးပါ။
    နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင်လည်း နိုင်ငံသားသတ်မှတ်ချက်နှင့်ငြိစွန်းသည်ဟု အကြောင်းပြချက်ဖြင့် မွတ်စ်လင်မ်များစွာသည်လည်းကောင်း၊ ရိုဟင်ဂျာလူမျိုး သိန်းဂဏန်းမျှသည်လည်းကောင်း မဲပေးခွင့် မရရှိခဲ့ကြ။ အစွန်းရောက်အမျိုးသားရေးဝါဒီတို့မှ ၎င်းတို့အား စာရင်းမသွင်းရန် လှုံ့ဆော်ချက်များအပေါ် နိုင်ငံအစိုးရမှ ဦးညွတ်လိုက်လျောပေးခဲ့ခြင်းကြောင့်ဖြစ်သည်။
    Fortify Rights သည် အကျိုးအမြတ်အခြေမတည်သော လူ့အခွင့်အရေးအဖွဲ့တစ်ရပ်ဖြစ်သည်။ ဆွစ်ဇာလန်နှင့် အမေရိကတွင် တရားဝင်မှတ်ပုံတင်ထားပြီး အရှေ့တောင်အာရှ၌ အခြေစိုက်သည်။
    Ref : Anadolu Agency
    (Joshua Carroll ရေးသားသော Myanmar gov’t accused of denying 12 Muslims fair trial သတင်းဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ပြန်ဆိုတင်ပြသည်။)
  • အင်ဒိုနီးရှားတွင် ဒေသန္တရရွေးကောက်ပွဲ ပြုလုပ်
    အင်ဒိုနီးရှားတွင် ဒေသန္တရရွေးကောက်ပွဲ ပြုလုပ်
    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media
    indo
    – အာဏာရှင်စနစ် အဆုံးသတ်ပြီးနောက် ဒီမိုကရေစီခိုင်မာစေရန် နှစ်ကာလကြာရှည် ကြိုးပမ်းမှု အဆင့်တစ်ဆင့်အဖြစ် နိုင်ငံလုံးဆိုင်ရာ ပထမဆုံး ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ယနေ့တွင် စတင် ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။
    နိုင်ငံတစ်ဝှမ်း ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့တော်ဝန် ၂၆၉ ဦးကို မဲပေးခွင့်ရှိသူ သန်း ၁၀၀ ကျော်က မဲပေးရွေးချယ်သွားမည်ဖြစ်သည်။ ဒေသတွင်းခေါင်းဆောင်များကို တိုက်ရိုက်ရွေးချယ်သည့်စနစ်အား အာဏာရှင် ဆူဟာတို ပြုတ်ကျသွားပြီးနောက် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအဖြစ် အာဏာကို ခွဲဝေပေးခဲ့သည့် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအရင်က စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။
    သို့သော်လည်း ယခင်က ဒေသတစ်ခုချင်းစီအလိုက် သီးသန့် ရွေးကောက်ပွဲများသာ ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ တစ်နိုင်ငံလုံးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ အနောက်ဖက်တွင် ဆူမားတြားအထိရှိပြီး အရှေ့ဘက်တွင် ပါပူအာနယူးဂီနီအထိ ကျယ်ပြန့်ကာ စံတော်ချိန် ၃ ခုရှိသည့် အင်ဒိုနီးရှားနိုင်ငံတွင် တစ်ချိန်တည်းတစ်ပြိုင်တည်း ရွေးကောက်ပွဲ ကျင်းပရခြင်းအတွက် အာဏာပိုင်များမှာ ရုန်းကန်ရလေ့ရှိသည်။
    ထို့ပြင် ခြစားမှုမြင့်မားသောကြောင့် ရွေးကောက်ပွဲရလဒ်တွင် လှည့်ဖြားမှုများရှိမည်ကို စိုးရိမ်မှုများလည်း ရှိနေသည်။ ယခုပြုလုပ်သည့် ဒေသန္တရရွေးကောက်ပွဲအတွက် အစိုးရမှာ ရဲတပ်ဖွဲ့နှင့် စစ်တပ်ပေါင်း နှစ်သိန်းခန့်ကို နိုင်ငံတစ်ဝှမ်း တပ်ဖြန့်ချထားခဲ့သည်။ ရွေးကောက်ပွဲရလဒ်များထွက်ရန်မူ ရက်အတော်များများ ကြာမြင့်မည်ဖြစ်သည်။
    Ref: Channelnewsasia
  • မန်ယူမှာ မနှစ်ကထက် ပိုကောင်းလာသည်ဟု ဗန်ဂါးလ်ပြော
    မန်ယူမှာ မနှစ်ကထက် ပိုကောင်းလာသည်ဟု ဗန်ဂါးလ်ပြော
    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media
    man u – ချန်ပီယံလိဂ်အရှုံးအတွက် မိမိကိုယ်ကို မကာကွယ်ချင်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ ယမန်နှစ်ကထက် ပိုကောင်းလာသည်ဟု ဆိုသည်။
    ယနေ့မနက်က ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် မန်ယူမှာ ဂျာမနီမြေ၌ ၀ုလ်ဖ်ဘာ့ဂ်အား ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး အုပ်စုတတိယသာ ရရှိခဲ့သောကြောင့် နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက် ဆုံးရှုံးခဲ့ရကာ ယူရိုပါလိဂ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
    “အခုအချိန်မှာ ချန်ပီယံလိဂ်က ထွက်ရတာအတွက် ကျွန်တော် ကာကွယ်လို့ မရပါဘူး။ ဒါပေမယ့် အချက်အလက်တွေအရတော့ ကျွန်တော်တို့ဟာ မနှစ်ကထက် ပိုကောင်းနေပါတယ်” ဟု ဗန်ဂါးလ်က ချန်ပီယံလိဂ်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    “ဒီရာသီ ကပီတယ်ဝမ်းဖလားမှာ ကျွန်တော်တို့ရောက်နေတဲ့အဆင့်၊ ချန်ပီယံလိဂ်အုပ်စုဝင်ခွင့်ရတာတွေကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲတွေအားလုံးကို ကောင်းကောင်းမွန်မွန်ကစားခဲ့ပြီး လိဂ်မှာလည်း အရမ်းကောင်းတဲ့အခြေအနေ ရှိနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ကထွက်ခဲ့ရတဲ့အတွက် ကျွန်တော် စိတ်ပျက်မိပါတယ်”
    Ref: Goal
  • ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တွင် အမျိုးသားလိင်အင်္ဂါ အစားထိုးကုသမည်
    ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တွင် အမျိုးသားလိင်အင်္ဂါ အစားထိုးကုသမည်
    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media
    us
    – ရာပေါင်းများစွာသော ဒဏ်ရာရစစ်သားများကို ကူညီနိုင်မည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် အမေရိကန်တွင် ပထမဆုံး အမျိုးသားလိင်အင်္ဂါ အစားထိုးကုသရန် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်ရှိ ဆရာဝန်များက ပြင်ဆင်နေသည်ဟု သိရသည်။
    အာဖဂန်တွင် ဗုံးပေါက်ကွဲရာမှ လိင်အင်္ဂါဒဏ်ရာများ ရရှိထားသည့် စစ်သားတစ်ယောက်အား ပထမဆုံးအကြိမ် အဖြစ် ထိုကဲ့သို့ အစားထိုးကုသရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက အတည်ပြု ပြောကြားခဲ့သည်။
    ၁၂ နာရီကြာမြင့်မည်ဖြစ်သော အဆိုပါအစားထိုးခွဲစိတ်မှုတွင် အာရုံကြောများနှင့် သွေးကြောများ အတူပေါင်းချုပ်မှု ပါဝင်မည်ဖြစ်ပြီး ဆီးသွားခြင်းလုပ်ငန်းကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်ကာ အဆိုပါခွဲစိတ်မှုမှာ လိင်အင်္ဂါကိုသာ အစားထိုးခွဲစိတ်ခြင်ဖြစ်ပြီး သုတ်ရည်အိတ် မပါဝင်သောကြောင့် အစားထိုးခံရမည့်လူနာသည် သွေးသားရင်းချာ ကလေးရနိုင်မည်မဟုတ်ပေ။
    ၂၀၀၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အီရတ်နှင့် အာဖဂန်စစ်ပွဲများအတွင်း အမေရိကန်စစ်သား ၁၃၆၇ ကျော်မှာ လိင်အင်္ဂါတွင် ဒဏ်ရာများရရှိခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
    ၎င်းအစားထိုးခွဲစိတ်မှုသည် အသက်ကယ်ရန်အတွက် လိုအပ်ချက်တစ်ရပ် မဟုတ်သော်လည်း ဆရာဝန်များနှင့် ပင်တဂွန်အရာရှိများက စိတ်ဒဏ်ရာခံစားနေရသော စစ်သားများအတွက် ကျေနှပ်နှစ်သိမ့်မှုကို ဖြစ်စေနိုင်ကြောင်း ယုံကြည်သည်ဟု ဆိုကြသည်။
    ကျန်ရစ်သူမိသားစုဝင်များ၏ ခွင့်ပြုချက်ဖြင့် ကွယ်လွန်သူအမျိုးသားများဆီမှရသော လိင်အင်္ဂါများနှင့် အစားထိုးခွဲစိတ်မှုပေါင်း ၆၀ ပြုလုပ်ရန် ညွှန်ကြားထားပြီး ဖြစ်သည်။ ယခုနှစ်အစောပိုင်းက တောင်အာဖရိက အမျိုးသားတစ်ယောက်မှာ ကမ္ဘာ့ပထမဆုံး လိင်အင်္ဂါ အစားထိုးကုသမှုကို ခံယူခဲ့ပြီး ဖခင်တစ်ယောက်ဖြစ်လာခဲ့သည်ဟု သိရသည်။
    အဆိုပါ တောင်အာဖရိက အမျိုးသားမှာ သုတ်ပိုးများထုတ်လုပ်ပေးသော သုတ်ရည်အိတ် မပျက်ဆီးသောကြောင့် ကလေးရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
    Ref: Channelnewsasia
  • မန်ယူ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး မန်စီးတီး၊ အက်သလက်တီကိုတို့ အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ် ပွဲစဉ်များ
    မန်ယူ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီး မန်စီးတီး၊ အက်သလက်တီကိုတို့ အုပ်စုဗိုလ်ဖြစ်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ် ပွဲစဉ်များ
    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media
    camp
    – ဒီနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွေမှာတော့ မန်ယူဟာ ၀ုလ်ဖ်ဘာ့ဂ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီး၊ ရီးယဲလ်၊ မန်စီးတီးတို့ ဂိုးမြူးခဲ့ကြပါတယ်။
    အုပ်စု A
    ရီးယဲလ် ၈-၀ မာလ်မို
    ပီအက်စ်ဂျီ ၂-၀ ရှက်တာဒိုးနက်
    နောက်တစ်ဆင့်တက်ရောက်ပြီး ဖြစ်ပေမယ့် ဘာနေဗျူးကဒီပွဲမှာ ရီးယဲလ်တို့ ကစားအားမလျော့ခဲ့ဘဲ ဂိုးရသေလောက် သွင်းခဲ့ပါတယ်။ ရော်နယ်ဒိုက ၄ ဂိုး၊ ဘန်ဇီမာက ဟက်ထရစ်နဲ့ ကိုဗာစစ်က ၁ ဂိုး သွင်းယူနိုင်ခဲ့တဲ့ ရီးယဲလ်ရဲ့ ဒီနိုင်ပွဲဟာ၂၀၀၇-၀၈ ချန်ပီယံလိဂ်မှာ လီဗားပူးလ်က ဘက်ခီတက်စ်ကို ၈ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူနိုင်ခဲ့စံချိန်နဲ့ တူညီသွားခဲ့တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုက အုပ်စုပွဲအားလုံးမှာ စုစုပေါင်း ၁၁ ဂိုးသွင်းခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းသစ်ကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။
    ပီအက်စ်ဂျီကလည်း ရှုံးထွက်ရောက်နေပြီဖြစ်တဲ့အတွက် ဒီပွဲကို မရှုံးအောင်သာ ကစားသွားခဲ့ပြီး ဒုတိယပိုင်းကျမှ လူးကက်စ်နဲ့ အီဗရာဟီမိုဗစ်တို့က ဂိုးတွေ သွင်းယူခဲ့တာဖြစ်ပါတယ်။
    အုပ်စု B
    ပီအက်စ်ဗီ ၂-၁ စီအက်စ်ကေအေ
    တိုက်စစ်ပိုင်းနဲ့ အဆုံးသတ်ပိုင်း အားနည်းမှုတွေနဲ့အတူ မန်ယူကတော့ ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေပဲ လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ ၁၀ မိနစ်မှာ မာရှယ်က မန်ယူအတွက် ဦးဆောင်ဂိုး သွင်းခဲ့ပေမယ့် ၃ မိနစ်အကြာမှာပဲ နာလ်ဒိုက ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပါတယ်။ ကစားကွက်ပိုသာတဲ့ မန်ယူတို့ ဂိုးသွင်းခွင့်တွေ ထပ်ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း မသေချာတာနဲ့ အိမ်ရှင်ဂိုးသမား လက်စွမ်းပြနိုင်တာကြောင့် ဂိုးထပ်မရခဲ့ဘဲ ၂၉ မိနစ်မှာ ဗီရင်ဟာက ဦးဆောင်ဂိုး အိမ်ရှင်အတွက် ထပ်သွင်းပေးခဲ့ပါတယ်။ ပွဲက အကြိတ်အနယ်ရှိလာခဲ့ပြီး ၈၂ မိနစ်မှာ ဖယ်လိုင်နီရဲ့ခေါင်းတိုက်မှုကို ၀ုလ်ဖ်ဘာ့ဂ်နောက်ခံလူ ဂီလာဗိုဂူ ရှင်းထုတ်ရာကနေ ဂိုးဝင်သွားတာကြောင့် မန်ယူတို့ မျှော်လင့်ချက် တောက်ပလာခဲ့ပေမယ့် ၃ မိနစ်အကြာမှာပဲ နာလ်ဒိုက ခေါင်းတိုက် အနိုင်ဂိုး သွင်းယူပေးပြီး ၀ုလ်ဖ်ဘာ့ဂ်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်စေခဲ့ပါတယ်။
    မန်ယူကတော့ ယူရိုပါ တစ်နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
    နောက်တစ်ဆင့်တက်ဖို့ အခွင့်အရေးအနည်းဆုံးဖြစ်ခဲ့တဲ့ ပီအက်စ်ဗီဟာ ရေကုန်ရေခမ်း ကြိုးစားအားထုတ်မှုရဲ့အကျိုးကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။ ရှုံးထွက်ရောက်ဖို့ မျှော်လင့်ချက်မရှိတော့တဲ့ စီအက်စ်ကေအေဟာ ဒီပွဲမှာ အကောင်းဆုံး ကစားပြနိုင်ခဲ့ပြီး ၇၆ မိနစ်မှာ ပင်နယ်တီကတစ်ဆင့် ဦးဆောင်ဂိုးတောင် ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီဂျုံနဲ့ ပရော့ပါးတို့ရဲ့ ၇၈၊ ၈၆ မိနစ်ဂိုးတွေက ပီအက်စ်ဗီအသင်းကို ၂၀၀၆-၀၇ နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို ပို့ဆောင်ပေးခဲ့ပါတယ်။
    အုပ်စု C
    ဘင်ဖီကာ ၁-၂ အက်သလက်တီကို
    ဂါလာတာစာရေး ၁-၁ အက်စ်တာနာ
    အုပ်စုဗိုလ်လုပွဲမှာ အက်သလက်တီကိုတို့ အမှားမရှိခဲ့ဘဲ့ ဆာအူလ် နီဂက်စ်နဲ့ ဗီယက်တိုတို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါဟာ စက်တင်ဘာ ၃၀ ရက်နေ့က ဘင်ဖီကာကို ရှုံးပြီးတဲ့နောက်ပိုင်း အက်သလက်တီကိုရဲ့ ၁၃ ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ပွဲလည်းဖြစ်ပါတယ်။
    အုပ်စုအတွင်းမှာ အက်စ်တာနာရဲ့ ပထမဆုံး ချန်ပီယံလိဂ် အဝေးဂိုးကို ပြန်ချေပရင်းနဲ့ ဂါလာတာစာရေးဟာ ယူရိုပါလိဂ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ အက်စ်တာနာကတော့ သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲမရှိနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
    အုပ်စု D
    မန်စီးတီး ၄-၂ မိုချန်ဂလာဘက်ခ်ျ
    ဆီးဗီးလား ၁-၀ ဂျူဗင်တပ်စ်
    စတာလင်ရဲ့ မွေးနေ့ဂိုး ၂ ဂိုးနဲ့အတူ မန်စီးတီးတို့ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်နေခဲ့တာပါ။ မိနစ် ၈၀ ကနေ ၈၅ မိနစ်အကြား ၆ မိနစ်အတွင်းမှာ ၃ ဂိုးသွင်းနိုင်ခဲ့တာကြောင့် မန်စီးတီးတို့ အုပ်စုပထမနဲ့ နောက်တစ်ဆင့် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ စတာလင်အပြင် ဆေးလ်ဗားနဲ့ ဘိုနီတို့ကလည်း ၁ ဂိုးစီ သွင်းယူပေးခဲ့ပါတယ်။
    ဂျူဗင်တပ်စ်ကတော့ အဝေးကွင်းမှာ အခွင့်အရေးတွေ တော်တော်များများ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် လော်ရန်တေးရဲ့ ၆၅ မိနစ်ဂိုးနဲ့ ဆီးဗီးလားကို အရှုံးပေးခဲ့ရပြီး အုပ်စုဗိုလ်နေရာရရှိရေး လက်လွှတ်ခဲ့ရပါတယ်။ ဒီပွဲအနိုင်ကြောင့် ဆီးဗီးလားဟာ ယူရိုပါတစ်နေရာကို ရခဲ့ပါတယ်။