News @ M-Media
Author: Ko Lay
  • တောင်တရုတ်ပင်လယ် စောင့်ကြည့်ရန်အတွက် ကန်ထောက်လှမ်းရေးလေယာဉ် စင်ကာပူတွင် ချထား
    တောင်တရုတ်ပင်လယ် စောင့်ကြည့်ရန်အတွက် ကန်ထောက်လှမ်းရေးလေယာဉ် စင်ကာပူတွင် ချထား
    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media
    us
    – တောင်တရုတ်ပင်လယ်တွင် ထောက်လှမ်းမှုများ ပြုလုပ်ရန်အတွက် ခေတ်မီထောက်လှမ်းရေးလေယာဉ် Poseidon ကို စင်ကာပူ၌ ချထားရန် အမေရိကန်က ဆုံးဖြတ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး အရှ်တန်ကာတာက ပြောကြားခဲ့သည်။
    အမေရိကန်သို့ ရောက်ရှိနေသည့် စင်ကာပူကာကွယ်ရေးဝန်ကြီးနှင့် ပူးတွဲထုတ်ပြန်ခဲ့သော ကြေညာချက်တွင် စင်ကာပူ၌ အမေရိကန် P8 Poseidon ထောက်လှမ်းရေးလေယာဉ် ဖြန့်ကျက်ထားရှိရေး နှစ်ဖက် သဘောတူညီချက်များ ပါရှိကြောင်း ကာတာက ဆိုသည်။ အဆိုပါ တပ်ဖြန့်ချထားမှုမှာ ၀ါရှင်တန်ရှိ ပင်တဂွန်စစ်ဌာနချုပ်၌ နှစ်ဖက် လက်မှတ်ရေးထိုးခဲ့သည့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် DCA ၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။
    ဘိုးအင်းကုမ္ပဏီမှ ထုတ်လုပ်သော အဆိုပါ Poseidon ထောက်လှမ်းရေးလေယာဉ်မှာ ဒီဇင်ဘာ ၇ ရက်မှ ၁၄ ရက်အတွင်း စင်ကာပူ၌ အခြေချမည်ဖြစ်သည်။ ထိုလေယာဉ်မှာ ဂျပန်နှင့် ဖိလစ်ပိုင်မှ လေယာဉ်များနှင့်အတူ ထောက်လှမ်းပျံသန်းမှုများကို ပြုလုပ်နေခဲ့သည့် လေယာဉ်လည်းဖြစ်ပြီး ထောက်လှမ်းရေးလုပ်ငန်းများအတွက် မလေးရှားအနီးရှိ လေယာဉ်ကွင်းများကိုလည်း အသုံးပြုမည်ဖြစ်သည်။
    အထက်ပါသဘောတူညီချက်အရ ပိုင်နက်အငြင်းပွားမှုများ ရှိနေသည့် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ စစ်ဖက်ဆိုင်ရာ လှုပ်ရှားမှုများကို ခြေရာခံရန် စင်ကာပူလေယာဉ်ကွင်းမှာ မဟာဗျူဟာမြောက် နေရာအဖြစ် အသုံးပြုခွင့်ရမည် ဖြစ်သည်။ တောင်တရုတ်ပင်လယ်မှာ ဒေါ်လာ ၅ ထရီလီယံ တန်ဖိုးရှိသော ကုန်သင်္ဘောများ နှစ်စဉ် ဖြတ်သန်းသွားလာရာ ရေလမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။
    မည်သို့သော အခြေအနေတွင်ဖြစ်စေ တောင်တရုတ်ပင်လယ်တွင် မိမိတို့၏ အချုပ်အခြာအာဏာသာ တည်ရမည်ဖြစ်ကြောင်း တရုတ်အစိုးရက အခိုင်အမာ ပြောဆိုထားသည်။ သို့သော်လည်း အမေရိကန်ကမူ တရုတ်အစိုးရမှာ တောင်တရုတ်ပင်လယ်တွင် ကျွန်းတုများတည်ဆောက်ကာ နယ်မြေသိမ်းယူမှုအစီအစဉ်များ ပြုလုပ်နေသည်ဟု စွပ်စွဲထားသည်။
    အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း ကျွန်းတုများ တည်ဆောက်ခြင်းနှင့် ပိုင်ဆိုင်ကြောင်း ပြောဆိုထားသည့် နေရာများကို စစ်ဖက်ဆိုင်ရာ နေရာများအဖြစ် မပြုလုပ်ရန် တရုတ်အစိုးရအား သတိပေးထားသည်။ တရုတ်နိုင်ငံကမူ အဆိုပါသတိပေးချက်များကို လျစ်လျူရှု၍ ကျွန်းတုများ ဆက်လက်တည်ဆောက်သွားမည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။
    တောင်တရုတ်ပင်လယ်အတွင်း တရုတ်က ပိုင်ဆိုင်ကြောင်း ကြေငြာထားသည့် ကျွန်းများအနီးတွင် အမေရိကန်၏ B-52 ဗုံးကြဲလေယာဉ်များမှာ ပြီးခဲ့သည့်လက ပျံသန်းခဲ့ပြီး အောက်တိုဘာလနှောင်းပိုင်းကလည်း ပဲ့ထိန်းဒုံးကျည်တပ် အမေရိကန် စစ်သင်္ဘောတစ်စီးမှာ ကျွန်းမှ ရေမိုင် ၁၂ မိုင်အတွင် ၀င်ရောက်ခုတ်မောင်းခဲ့သည်။
    ပြီးခဲ့သည့် မေလကလည်း ထိုကျွန်းများအနီးတွင် ပျံသန်းသော အမေရိကန် P-8 ထောက်လှမ်းရေးလေယာဉ်တစ်စီးကို တရုတ်ရေတပ်က ၈ ကြိမ်တိတိ သတိပေးမှုများ ပြုလုပ်ခဲ့သည်။
    Ref : PressTV
  • အစ္စလာမ့်ရေးရာ ဘာသာပြန်ဆောင်းပါးတွင် မှားယွင်းမှုများအတွက် The Voice Daily မှ ပြင်ဆင်ချက်ထည့်ပေးခဲ့ပြီး၊ သက်ဆိုင်သူများကိုလည်း တောင်းပန်ခဲ့
    အစ္စလာမ့်ရေးရာ ဘာသာပြန်ဆောင်းပါးတွင် မှားယွင်းမှုများအတွက် The Voice Daily မှ ပြင်ဆင်ချက်ထည့်ပေးခဲ့ပြီး၊ သက်ဆိုင်သူများကိုလည်း တောင်းပန်ခဲ့
    ဒီဇင်ဘာ ၉၊ ၂၀၁၅
    M-Media
    FB_IMG_1449629430145
    – ဒီဇင်ဘာ ၆ ရက်နေ့ထုတ် The Voice Daily တွင် ဖော်ပြထားသည့် “မိုဟာမက်နှင့် ပထမဆုံးကာလီဖိတ်များ” ဘာသာပြန်ဆောင်းပါးပါ သမိုင်းဆိုင်ရာမှားများ၊ အသုံးအနှုန်းမှားယွင်းမှုများ၊ ဘာသာပြန်အမှားများနှင့် ဓာတ်ပုံ မှားယွင်းသုံးစွဲထားမှုများအတွက် ပြင်ဆင်ချက်နှင့် ထိခိုက်သူအားလုံးအား တောင်းပန်မှုကို ဒီဇင်ဘာ ၉ ရက်နေ့ (ယနေ့) ထုတ် The Voice Daily တွင် ထည့်သွင်းပေးခဲ့သည်ဟု သိရသည်။
    အဆိုပါ ဘာသာပြန်ဆောင်းပါးမှာ National Geographic အဖွဲ့မှ ထုတ်ဝေသည့် Essential Visual History of The World စာအုပ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြပါရှိခဲ့သည့် အကြောင်းအရာများကို မြန်မာဘာသာဖြင့် ပြန်ဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
    သို့သော်လည်း ထိုပြန်ဆိုမှုတွင် အသုံးအနှုန်းမှားယွင်းမှုများနှင့် ဘာသာပြန်အမှားများစွာ ပါရှိခဲ့ပြီး အစ္စလာမ်ဘာသာကို စတင်ဟောကြားခဲ့သည့် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ) ၏ ပုံဟု ဆိုသော ဓာတ်ပုံတစ်ပုံကိုလည်း ထည့်သွင်းဖော်ပြခဲ့သည်။
    ထိုကဲ့သို့ အစ္စလာမ်ဘာသာဝင်များ၏ စိတ်နှလုံးတွင် ထိခိုက်စေသော အမှားများကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထိုဘာသာပြန်ဆောင်းပါးအတွက် ပြင်ဆင်ချက်ထည့်ပေးရန် ဒီဇင်ဘာ ၈ ရက်နေ့ ရက်စွဲဖြင့် မေတ္တာရပ်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အသုံးအနှုန်းနှင့် အချက်အလက် မှားယွင်းမှု ၁၄ ခုအတွက်လည်း အသုံးအနှုန်းအမှန်များကို ထုတ်ပြန်ပေးခဲ့သည်။ ထို့ပြင် အစ္စလာမ်သာသနာသမိုင်း၊ တမန်တော် မုဟမ္မဒ်သခင်၏ ထေရုပ္ပတ္တိနှင့် အခြားသော အထောက်အကူပြု စာအုပ်များကို The Voice အယ်ဒီတာအဖွဲ့သို့ ပေးပို့ခဲ့သည်။
    ယနေ့တွင် The Voice မှ ထုတ်ပြန်သော “အမှားပြင်ဆင်ချက်” ၌ ထိုကဲ့သို့ မှားယွင်းမှုများမှာ ဘာသာပြန်သူနှင့် ဘာသာပြန်မှုကို စီစစ်တည်းဖြတ်သော The Voice Daily သတင်းစာ Foreign Desk အဖွဲ့တို့၏ အာရဗီဘာသာစကားနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊ အစ္စလာမ်ဘာသာရေး နားလည်တတ်ကျွမ်းသူများနှင့် တိုင်ပင်ကာ စနစ်တကျ စီစစ်တည်းဖြတ်မှု မရှိခဲ့ခြင်း၊ သမိုင်းရှုထောင့်မှ ရေးသားထားသော စာအုပ်ဖြစ်၍ သမိုင်းအမြင်ဖြင့် ဘာသာပြန်ရေးသားခဲ့ခြင်း တို့ကြောင့် ထိုကဲ့သို့ အမှားများ ပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
    ထို့ပြင် ထိုအမှားများမှာ နိုင်ငံတကာရေးရာ၊ ဘာသာပြန်ရေးရာ အစရှိသည်တို့ကို အဓိကတာဝန်ယူရရသည့် Foreign Desk တစ်ခုတည်း၏ ပေါ့ဆချွတ်ချော်မှုကြောင့်ဖြစ်သော အမှားများသာဖြစ်သည်ဟု ရိုးသားစွာ ၀န်ခံလိုပြီး “အခြား မည်သည့်ရည်ရွယ်ချက် တစ်စုံတစ်ရာ လုံးဝ(လုံးဝ) မရှိကြောင်း အထူးဖော်ပြလိုပါသည်” ဟုလည်း ထည့်သွင်း ဖော်ပြထားသည်။
    အသုံးအနှုန်းမှားယွင်းမှုများနှင့် ဘာသာပြန်လွဲချော်မှုများအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ပေးခဲ့သည့် ပြင်ဆင်ချက်ကို ထည့်သွင်းပေးခဲ့ပြီး မုဟမ္မဒ်သခင်၏ ဓာတ်ပုံဖော်ပြထားမှုအတွက်လည်း “ယင်းဆောင်းပါးတွင် ပါရှိသော မိုဟာမက် ဟု ဖော်ပြထားသည့် ရုပ်ပုံမှာ မုဟမ္မဒ်၏ ရုပ်ပုံ လုံးဝ(လုံးဝ) မဟုတ်ကြောင်း၊ မုဟမ္မဒ်၏ ပုံတူပန်းချီ လုံးဝမရှိကြောင်း” ပြန်လည်ပြင်ဆင်ပေးခဲ့သည်။
    ထို့ပြင် အဆိုပါ ဘာသာပြန်ဆောင်းပါး၏ ရိုးသားစွာ လွဲချော်မှားယွင်းမှုများအတွက် “သက်ဆိုင်သူအားလုံးကို လေးလေးစားစား တောင်းပန်အပ်ပါကြောင်း မေတ္တာရှေ့ထား ဖော်ပြလိုပါသည်” ဟု ထည့်သွင်းတောင်းပန်ခဲ့သည်။
    ထိုကဲ့သို့ ရိုးသားစွာမှားယွင်းသည်ဟု ၀န်ခံကာ ပြင်ဆင်ချက်ထည့်ပေးခဲ့သည့် The Voice Daily သတင်းစာ၏ တာဝန်ယူခဲ့သော လုပ်ရပ်အတွက် အစ္စလာမ်ဘာသာဝင်များကလည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် ၀မ်းမြောက်ဝမ်းသာစွာ ကြိုဆိုလက်ခံခဲ့သည်။
    1
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည့် အမှားပြင်ဆင်ချက်များ
    2
    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ခဲ့သည့် အမှားပြင်ဆင်ချက်များ
  • IS ကို လက်နက်တွေ ဘယ်သူထောက်ပံ့နေလဲ
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    – အီရတ်နဲ့ ဆီးရီးယားမှာ IS အဖွဲ့ရဲ့ အကြမ်းဖက်လှုပ်ရှားမှုကို အဲဒီအဖွဲ့ကို တိုက်ခိုက်မယ်လို့ ဆိုထားတဲ့ နိုင်ငံတွေက လက်နက်တွေ သွယ်ဝိုက်ထောက်ပံ့ပေးခြင်းအားဖြင့် ကူညီနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Amnesty International က အင်္ဂါနေ့မှာထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    Taking Stock: The arming of Islamic State ဆိုတဲ့ခေါင်းစဉ်နဲ့ ထုတ်ပြန်ခဲ့တဲ့ အဲဒီအစီရင်ခံစာမှာ ဒီလို ဖော်ပြလိုက်တာဖြစ်ပြီး ၂၀၀၃ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ အီရတ်ကျူးကျော်စစ်ကလည်း ဒီအကြမ်းဖက်အဖွဲ့ကို လက်နက်တွေ တစ်ပုံတစ်ပင် ရရှိစေခဲ့တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။
    IS အဖွဲ့ဟာ သူတို့ရဲ့ လက်နက်ခဲယမ်းတွေကို အီရတ်စစ်တပ်ရဲ့ လက်နက်တိုက်တွေကို ၀င်စီးရာကနေ ရရှိထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေ၊ အီရတ်စစ်တပ်ရဲ့ အညံ့ခံမှုနဲ့ တရားမ၀င်ကုန်သွယ်မှုတွေကနေ တစ်ဆင့်လည်း သူတို့ဟာ လက်နက်တွေ ရရှိခဲ့ပြီး သူတို့အတွက် လက်နက်ခဲယမ်းဟာ ဖူဖူလုံလုံ ဖြစ်ခဲ့ပါတယ်။
    အစီရင်ခံစာမှာတော့ ၂၀၁၄ ခုနှစ်မှာ အီရတ်ရဲ့ ဒုတိယအကြီးဆုံး မူဆိုးလ်မြို့ကို IS က သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း အီရတ်စစ်တပ်ရဲ့ လက်နက်တိုက်တွေကနေ အမေရိကန်က ထုတ်လုပ်တဲ့လက်နက်တွေ စစ်ဘက်ဆိုင်ရာယာဉ်တွေ အပါအ၀င် နိုင်ငံတကာထုတ် လက်နက်တွေကို IS က အုံနဲ့ကျင်းနဲ့ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီအကြမ်းဖက်အဖွဲ့ကတော့ သူတို့ လုယက်ရရှိထားတဲ့ အဲဒီလက်နက်တွေကို ကိုင်ပြီး စစ်ရေးပြတာကို ဆိုရှယ်မီဒီယာတွေမှာတောင်မှ လွှင့်တင်လိုက်ပါသေးတယ်။
    “အီရတ်ကို ဆယ်စုနှစ်များစွာ လက်နက်တွေ အဆီးအတားမရှိ စီးဝင်ခဲ့တာဟာ IS အဖွဲ့က အဲဒီဒေသတွေကို ထိန်းချုပ်နိုင်တဲ့အခါ သဘောပါလာခဲ့ပြီး သူတို့တွေဟာ အရုပ်ဆိုင်ထဲက ကလေးတွေလို မြူးထူးကြပါတော့တယ်။ ယူကေအပါအ၀င် အခြားနိုင်ငံတွေက အမှုမှတ်အမှတ်မဲ့ တင်ပို့ပေးလိုက်တဲ့ လက်နက်တွေက IS လက်ထဲမှာ အဆုံးသတ်သွားတယ်ဆိုတဲ့ အချက်အလက်ဟာ လက်ရှိ လက်နက်ရောင်းဝယ်မှု သဘောတူညီချက်တွေကို ရပ်တန့်ဖို့ အကြောင်းပြချက်ကောင်း ဖြစ်သင့်ပါတယ်” လို့ ယူကေ Amnesty အဖွဲ့ရဲ့ လက်နက်အစီအစဉ်ဆိုင်ရာ ဒါရိုက်တာဖြစ်သူ အိုလီဗာ စပရာဂူးက ဆိုပါတယ်။
    “အန္တရာယ်တွေကို ပိုပြီး ဂရုတစ်စိုက် တွက်ဆသင့်တယ်။ ပြီးတော့ ရက်စက်ကြမ်းကြုတ်မှုတွေကို မီးလောင်ရာ လေပင့်ပေးမယ့် လက်နက်ရောင်းချမှုတွေကို တားဆီးဖို့ မဆောင်ရွက်ခင် အဆိုးဆုံးအခြေအနေကြီးကို ကျွန်တော်တို့ စောင့်မနေသင့်ပါဘူး”
    IS ရဲ့ လက်နက်တိုက်ထဲက လက်နက်တွေထဲမှာ လူက အလွယ်ထိန်းချုပ်လို့ရတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် MANPADSတွေ၊ ပဲ့ထိန်း တင့်ဖျက်ဒုံးကျည်တွေ၊ လက်နက်တပ် တိုက်ပွဲဝင်ယာဉ်တွေ၊ ရုရှားနဲ့ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ ကာလာရှင်ကော့ဗ် ရိုင်ဖယ်မျိုးစုံ၊ အမေရိကန်ထုတ် M16 ရိုင်ဖယ်တွေနဲ့ Bushmaster လက်နက်တွေ ရှိနေပါတယ်။
    “IS လို့ခေါ်တဲ့ လက်နက်ကိုင်အုပ်စုဟာ အမျိုးအမျိုးအဖုံဖုံသော လက်နက်တွေကို အသုံးပြုနိုင်နေတာက ပစ်စလတ်ခတ် လက်နက်ရောင်းဝယ်မှုဟာ ဒီလို ကြီးမားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဖြစ်စေတတ်ပါလားဆိုတဲ့ အကောင်းဆုံးသော ဥပမာ တစ်ရပ်ပါပဲ” လို့ Amnesty International က လက်နက်ထိန်းချုပ်မှု၊ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ သုတေသနပညာရှင် ပက်ထရစ် ၀ီလ်ကန်က ဆိုပါတယ်။
    “ညံ့ဖျင်းတဲ့စည်းမျဉ်းဥပဒေတွေ၊ လွန်ခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်းမှာ အီရတ်နိုင်ငံကို လက်နက်အဆီးအတားမရှိ စီးဆင်းမှုတွေကို စောင့်ကြည့်အကဲဖြတ်မှု လစ်ဟာတာတွေက IS နဲ့ အခြားလက်နက်ကိုင်အုပ်စုတွေ မကြုံစဖူး လက်နက်အင်အားကို ရရှိစေခဲ့ပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
    ဒါပေမယ့် အမေရိကန်တော့ ယခင်ကအမှားတွေကနေ ရရှိခဲ့တဲ့ သင်ခန်းစာတွေကို နာယူမယ့်ပုံ မပေါ်သေးပါဘူး။ ၂၀၁၁ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အကြားမှာ အမေရိကန်ဟာ အီရတ်အစိုးရနဲ့ ဒေါ်လာဘီလီယံနဲ့ချီ လက်နက်ရောင်းချမှု စာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိတဲ့ လက်နက်ငယ်တွေနဲ့ ခဲယမ်းတွေကို အီရတ်ကို ပေးပို့ခဲ့ပါတယ်။
    ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှာ အမေရိကန်ကွန်ဂရက်ဟာ အာဖဂန်၊ အီရတ်နဲ့ ဆီးရီးယားနိုင်ငံတွေလို နိုင်ငံခြားတိုင်းပြည်တွေက စစ်ပွဲတွေအတွက် ဒေါ်လာ ဘီလီယံ ၆၀ ထောက်ပံ့ပေးဖို့အဆိုကို အတည်ပြုခဲ့ပါတယ်။ အလယ်အလတ်သူပုန်တွေကို လေ့ကျင့်ပေးဖို့ ဒေါ်လာ သန်း ၅၀၀ လောက်ကုန်ကြမယ့် အစီအစဉ်တစ်ခုမှာ လက်တစ်ဆုပ်စာလောက်သာ လူလူသူသူ ဖြစ်လာတာကလွဲလို့ အစီအစဉ် အလုပ်မဖြစ်တဲ့အခါမှာတော့ အိမ်ဖြူတော်ဟာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ပါတယ်။
    ဒီထက်ပိုဆိုးတာက အလတ်လတ်သူပုန်တွေဟာ သူတို့ရဲ့လက်နက်တွေကို အလ်-နူဆရာတပ်ဦးလို အဖွဲ့တွေကို လက်လွှဲခဲ့ပြီး ဆီးရီးယားကို ဖြတ်ကျော်သွားခဲ့တဲ့ အခါမှာတော့ အမေရိကန်က လေ့ကျင့်ပေးထားတဲ့ အဲဒီသူပုန်တွေရဲ့ လက်နက်တွေဟာလည်း အကြမ်းဖက်အုပ်စုတွေလက်ထဲကို ရောက်ရှိသွားခဲ့ပြန်ပါတယ်။
    “ကျွန်တော်တို့ဟာ အလ်-ကိုင်းဒါးလို အကြမ်းဖက်အဖွဲ့ကို အမှုမဲ့အမှတ်မဲ့ ကူညီနေသလိုများ၊ အားပေးနေသလိုများ ဖြစ်နေမလားဆိုပြီး စောစောပိုင်းကတည်းက စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ ကျွန်တော့်ရဲ့ စိုးရိမ်မှုက တကယ်ဖြစ်လာတာကို တွေ့ရတော့ စိတ်မကောင်းဖြစ်မိပါတယ်” လို့ ကွန်နက်တီကတ်ပြည်နယ်က ဒီမိုကရက်ပါတီဝင်တစ်ဦးဖြစ်သူ ခရစ် မာဖီက ပြောပါတယ်။
    အမေရိကန် Amnesty International အဖွဲ့က အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဆိုင်ရာ အသိပညာပေးအဖွဲ့ ဒါရိုက်တာဖြစ်သူ ဆန်ဂျီးဗ် ဘာရီကလည်း ဒီလိုပဲ ဝေဖန်ခဲ့ပါတယ်။
    “IS လက်နက်ကိုင်တပ်ဖွဲ့ကို အားနည်းစေဖို့ ချေမှုန်းပစ်ဖို့ ဒရောသောပါး ဆောင်ရွက်မှုမှာ အိုဘားမားအစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး ၀တ္တရားတွေကို နင်းခြေမပစ်ဖို့ လိုပါတယ်” လို့ ဘာရီက ဆိုပြီး ဒီလို မဆင်မခြင် လုပ်ဆောင်မှုဟာ အီရတ်နဲ့ ဆီးရီးယားတို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြီးအကျယ်ကျူးလွန်နေတဲ့ လက်နက်ကိုင်အုပိစုတွေရဲ့လက်ထဲကို လက်နက်တွေပိုပြီး ရောက်သွားစေဖို့ လမ်းဖွင့်ပေးလိုက်တာလို့ မှတ်ချက်ပေးခဲ့ပါတယ်။
    Ref: RT
  • ကမ္ဘာတစ်ဝှမ်း ပိုလီယိုအမြစ်ပြတ်ရေးတွင် ယူအေအီးက ၅ နှစ်အတွင်း ဒေါ်လာ ၁၉၄ သန်း ထောက်ပံ့ခဲ့
    ကမ္ဘာတစ်ဝှမ်း ပိုလီယိုအမြစ်ပြတ်ရေးတွင် ယူအေအီးက ၅ နှစ်အတွင်း ဒေါ်လာ ၁၉၄ သန်း ထောက်ပံ့ခဲ့
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    uae
    – အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံမှာ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပိုလီယိုရောဂါ အမြစ်ပြတ် တိုက်ဖျက်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွင် ကန်ဒေါ်လာ ၁၉၄ သန်း ထောက်ပံ့ခဲ့သည်ဟု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    အဆိုပါသတင်းမှာ အဘူဒါဘီတွင်ကျင်းပသော ပိုလီယိုရောဂါ အမြစ်ပြတ်တိုက်ဖျက်ရေး သူရဲကောင်းများ ဆုပေးပွဲ အခမ်းအနားနှင့် တိုက်ဆိုင်စွာ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ယူအေအီးနိုင်ငံမှ ထောက်ပံ့ပေးခဲ့သည့် အဆိုပါပမာဏမှာ ပိုလီယိုရောဂါ တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၂၀ ကူညီမည်ဟု ၂၀၁၃ ခုနှစ် ဧပြီလတွင် အဘူဒါဘီ၌ ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့ကာကွယ်ဆေး ထိပ်သီးအစည်းဝေး၌ အဘူဒါဘီအိမ်ရှေ့မင်းသားက ကတိပြုခဲ့သည့် ပမာဏလည်း ပါဝင်သည်။
    ၂၀၁၁ ခုနှစ်တွင် အဘူဒါဘီ အိမ်ရှေ့မင်းသားနှင့် ဂိတ်ဖောင်ဒေးရှင်းအဖွဲ့တို့ ပူးပေါင်းကာ အာဖဂန်နှင့် ပါကစ္စတန်ရှိ ကလေးငယ်များအတွက် ပိုလီယိုကာကွယ်ဆေးများ ၀ယ်ယူနိုင်ရေး ဒေါ်လာ သန်း ၁၀၀ ဖိုး ထောက်ပံ့ပေးရန် ကတိပြုခဲ့ကြသည်။ အဆိုပါ ပမာဏ၏ သုံးပုံတစ်ပုံကို ၃ နှစ်အတွင်း ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးရာတွင် အသုံးပြုရန် လျာထားခဲ့သည်။
    ၂၀၁၃-၁၄ ခုနှစ်တွင်မူ UAE နှင့် ဂိတ်စ်ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပါကစ္စတန်တွင် ပြုလုပ်သော ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းအတွက် အဆိုပါ ရန်ပုံငွေများကို အသုံးပြုခဲ့သည်။
    Ref: INNA News
  • ထိုင်းနိုင်ငံတွင် IS ၏ ခြိမ်းခြောက်မှု မရှိဟု အင်တာပိုအကြီးအကဲ ပြော
    ထိုင်းနိုင်ငံတွင် IS ၏ ခြိမ်းခြောက်မှု မရှိဟု အင်တာပိုအကြီးအကဲ ပြော
    ဒီဇင်ဘာ ၈၊ ၂၀၁၅
    M-Media
    thai
    – ဆီးရီးယားမှ IS အဖွဲ့ဝင်များ ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက သတင်းထွက်ခဲ့သော်လည်း တိုက်ခိုက်မှုပြုလုပ်မည်ဟု ယုံကြည်ရလောက်သည့် ခြိမ်းခြောက်မှုမျိုးမရှိဟု နိုင်ငံတကာရဲတပ်ဖွဲ့ Interpol ၏ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရဲတပ်ဖွဲ့ ဗိုလ်ချုပ်ကြီး အပီချာ့ ဆူရီဘွန်ညာက ပြောကြားလိုက်သည်။
    IS အဖွဲ့ဝင် ၁၀ ဦးမှာ အောက်တိုဘာ ၁၅ ရက်နေ့မှ ၃၁ ရက်အကြားတွင် နိုင်ငံအတွင်းသို့ ၀င်ရောက်လာသည်ဟု ရုရှားထောက်လှမ်းရေးက သတင်းပေးပို့မှုကြောင့် ထိုင်းရဲတပ်ဖွဲ့၏ အထူးဌာနမှ နိုင်ငံအတွင်းရှိ ရဲဌာနများသို့ သတိဝိရိယရှိရန် သတိပေးသည့် လျှို့ဝှက် အကြောင်းကြားစာမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပေါက်ကြားခဲ့သည်။
    ရဲတပ်ဖွဲ့ကလည်း ထိုပေါက်ကြားခဲ့သည့်သတင်းမှာ အစစ်အမှန်ဖြစ်သည်ဟု သောကြာနေ့က အတည်ပြုခဲ့ပြီး ပတ္တယား၊ ဖူးခက်တို့အပါအ၀င် ရုရှားနိုင်ငံသားများနေထိုင်သည့် နေရာများတွင် လုံခြုံရေးများကို ထပ်တိုးချထားခဲ့သည်။
    သို့သော်လည်း ဆူရီဘွန်ညာကမူ အင်တာပိုနှင့် ရဲတပ်ဖွဲ့အထူးဌာနတို့မှာ အဆိုပါထောက်လှမ်းရေးသတင်းကို ကြည့်ရှုခဲ့သော်လည်း ထိုင်းနိုင်ငံတွင် တိုက်ခိုက်မှုပြုလုပ်မည်ဟူသော ယုံကြည်ရလောက်သည့် ခြိမ်းခြောက်မှုမျိုးမရှိဟု ပြောကြားခဲ့သည်။
    “ဒီလိုသတိပေးမှုမျိုး အရင်တုန်းကလည်း တော်တော်များများ ရခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ IS အဖွဲ့ဝင်တွေရှိတယ်ဆိုတဲ့ ဒီ ထောက်လှမ်းရေးသတင်းဟာ သိပ် အရေးမကြီးပါဘူး။ လက်ရှိအချိန်မှာ IS က တိုက်ခိုက်မယ်ဆိုတဲ့ ယုံကြည်ရတဲ့ ခြိမ်းခြောက်မှုမျိုး မရှိသေးပါဘူး။ အင်တာပိုအနေနဲ့ပြောရရင် ဒါဟာ အရေးပါတဲ့ ထောက်လှမ်းရေးသတင်းမျိုး မဟုတ်သလို၊ ထိုင်းနိုင်ငံမှာ IS ရဲ့ တိုက်ခိုက်မှုအတွက် ယုံကြည်ရတဲ့ ခြိမ်းခြောက်မှုမျိုးလည်း မရှိပါဘူး”
    ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့က ဗီဇာသက်တမ်းကုန်လွန်နေသည့် ဆီးရီးယားနိုင်ငံသား ၄ ဦးကို ရှာဖွေခဲ့သော်လည်း ၎င်းတို့မှာ နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်မှုရှိသည်ဟု မဖော်ပြခဲ့ပေ။ နောက်ပိုင်းတွင် ထိုလေးဦးအား IS ၏ ဆက်သွယ်နိုင်ဖွယ်ရှိသည်ဆိုသည့် ယူဆမှုကိုလည်း ရုပ်သိမ်းခဲ့သည်။
    Ref: Reuters