News @ M-Media

Author: Ko Lay

  • ပင်လယ်ကွေ့နိုင်ငံများ၌ ၂၀၁၄တွင် အစ္စလာမ့်ဘဏ်လုပ်ငန်း ၁၈ ရာခိုင်နှုန်းမြင့်တက်လာ

    ပင်လယ်ကွေ့နိုင်ငံများ၌ ၂၀၁၄တွင် အစ္စလာမ့်ဘဏ်လုပ်ငန်း ၁၈ ရာခိုင်နှုန်းမြင့်တက်လာ

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    bank

    – ၂၀၁၆ ခုနှစ်အတွက် အစ္စလာမ့်ဘဏ်လုပ်ငန်း ယှဉ်ပြိုင်မှုဆိုင်ရာ အစီရင်ခံစာအရ ရှရီအသ်တရားတော်နှင့်အညီ ဆောင်ရွက်သည့် စီးပွားရေးဘဏ်လုပ်ငန်းတန်ဖိုးမှာ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှု ကောင်စီ GCC အဖွဲ့ဝင်နိုင်ငံများ၌ ၂၀၁၄ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း (ဒေါ်လာ ၉၁ ဘီလီယံဖိုး) တိုးလာခဲ့ပြီး အစ္စလာမ့်ဘဏ်လုပ်ငန်းမှာလည်း ခိုင်မာသည့် တိုးတက်မှုများ ရှိမည်ဟု မျှော်လင့်ရသည်။

    ကမ္ဘာတစ်ဝှမ်း အစ္စလာမ့်ဘဏ်လုပ်ငန်းများ ပါဝင်သည့် စီးပွားရေးဘဏ်များ တန်ဖိုးမှာ ကန်ဒေါ်လာ ဘီလီယံ ၉၂၀ ကျော်လွန်မည့်အနေအထား ရှိနေပြီး နှစ်စဉ်တိုးတက်မှုမှာ ၁၆ ရာခိုင်နှုန်းခန့် ရှိနေသည်။

    အဆိုပါ အစ္စလာမ့်ဘဏ်လုပ်ငန်းများမှာ ကာတာ၊ အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗျ၊ မလေးရှား၊ ယူအေအီးနှင့် တူရကီနိုင်ငံများတွင် အခြေစိုက်ပြီး ၂၀၁၅ ခုနှစ်တွင် ထိုလုပ်ငန်း၏ တန်ဖိုးမှာ ကန်ဒေါ်လာ ၈၀၁ ဘီလီယံကို ကျော်လွန်ဖွယ်ရှိနေကာ နိုင်ငံတကာ အစ္စလာမ့်ဘဏ်လုပ်ငန်းများ တန်ဖိုး၏ ၈၀ ရာခိုင်နှုန်း ရှိလာမည်ဖြစ်သည်။

    ‘သမိုင်းကြောင်းအရ ခိုင်မာတဲ့ ဈေးကွက်အချို့မှာ တိုးတက်မှုနှုန်းက ဒီလုပ်ငန်းကြီးထွားမှုကို ရိုက်ခတ်စေတဲ့ မတူညီတဲ့ အကြောင်းအရာတွေနဲ့အတူ ကွဲလွဲပါတယ်။ တူရကီမှာဆိုရင် ပထ၀ီဝင်နိုင်ငံရေးက အစ္စလာမ့်ဘဏ်လုပ်ငန်း တိုးတက်မှုကို ရိုက်ခတ်ပေမယ့် ကျဆင်းမှုကတော့ ခဏတာလောက်ပဲ ရှိပါတယ်။ အင်ဒိုနီးရှားကတော့ ဒီလုပ်ငန်းမှာ တိုးတက်ဖို့ အားပေးတိုက်တွန်းမှုတွေ အများကြီးလိုအပ်ပါတယ်’ ဟု ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ့်ဘဏ်လုပ်ငန်းစင်တာ၏ မိတ်ဖက်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ အက်စ်ဟာရ် နဇင်းမ်က ပြောကြားခဲ့သည်။

    စီးပွားရေးအကွက်အကွင်းကောင်းသည့် ယူအေအီးနှင့် မလေးရှားတို့တွင်မူ အစ္စလာမ့်ဘဏ်လုပ်ငန်းတိုးတက်မှုမှာ ၂၀ မှ ၂၅ ရာခိုင်နှုန်းအထိ ရှိနေသည်။

    နဇင်းမ်ကထပ်မံ၍ ”ဒီဈေးကွက်တွေမှာ စည်းမျဉ်းစည်းကမ်းတွေ၊ ထိန်းကွပ်ကြီးကြပ်မှုတွေ၊ ဈေးကွက်ဝေစုရဖို့အတွက် ဥပဒေနှင့် စာရင်းဇယားဆိုင်ရာ အခြေခံအဆောက်အအုံတွေလည်း လိုအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။

    Ref: INNA News

  • အသင်းဖော်အား ငွေညှစ်သည့်ကိစ္စကို ဘန်ဇီမာ ငြင်းဆို

    အသင်းဖော်အား ငွေညှစ်သည့်ကိစ္စကို ဘန်ဇီမာ ငြင်းဆို

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    benzema

    – ပြင်သစ်အသင်းဖော်အား လိင်ပိုင်းဆိုင်ရာ ဗီဒီယိုဖြင့် ငွေညှစ်သည်ဟူသော စွပ်စွဲချက်ကို ရီးယဲလ်တိုက်စစ်မှူး ကရင်မ် ဘန်ဇီမာက ငြင်းဆိုလိုက်ပြီး မိမိအနေဖြင့် ထိုကိစ္စတွင် အပြစ်မရှိဟု ပြောကြားလိုက်သည်။

    ငွေညှစ်ခံရသူမှာ မက်သယူး ဗာလ်ဘွဲနာဖြစ်ပြီး ထိုကိစ္စအတွက် ဘင်ဇီမာမှာ ပြီးခဲ့သည့်လအတွင်းက ဖမ်းဆီးစစ်ဆေးခြင်း ခံခဲ့ရသည်။

    “တကယ်ဆိုရင် ကျွန်တော့်မှာ အပြစ်မရှိပါဘူး။ ကျွန်တော်က စွပ်စွဲခံရတာဖြစ်ပြီး ရာဇ၀တ်သားတစ်ယောက်လို ဆက်ဆံခံခဲ့ရပါတယ်။ ဘာဖြစ်လဲဆိုရင်တော့ ဒါက ရိုးရိုးလေးပါ။ သူ့(ဗာလ်ဘွဲနာ) ရဲ့ ဗီဒီယိုတစ်ခုရှိတယ်လို့ ကျွန်တော်ကြားတယ်။ ပြီးတော့ ကျွန်တော်က သူ့ကို ပြောပြလိုက်တယ်။ ဒီပြဿနာကိုဖြေရှင်းနိုင်မယ့် မိတ်ဆွေတစ်ယောက် လိုင်ယွန်မှာရှိတာကြောင့် ဒီကိစ္စကို ကျွန်တော် ဖြေရှင်းပေးနိုင်တယ်လို့ သူ့ကိုပြောခဲ့ပါတယ်။ မိသားစုကို ပြောလိုက်ရင်လည်း ကိစ္စမရှိဘူးလို့ ကျွန်တော်က သူ့ကို ပြောတယ်။ အရင်က ကျွန်တော်လည်း ဒီလိုကြုံတွေ့ခဲ့တယ်လို့လည်း အသိပေးခဲ့ပါတယ်” ဟု ဘန်ဇီမာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ ငွေအကြောင်း မပြောမိခဲ့ကြောင်း၊ မိမိမှာ နေနိုင်စားနိုင်ပြီး အခြားတစ်ဦးကို ကူညီသည့်အခါ မည်သည်ကိုမှ မမျှော်လင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဗာလ်ဘွဲနာဟာ အဲဒီနေ့က ကျွန်တော့်ကိုတောင် ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်”

    ထိုပြဿနာကြောင့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်မှာ နိုဝင်ဘာလအတွင်း ကစားခဲ့သည့် ဂျာမနီနှင့် အင်္ဂလန်တို့၏ ချစ်ကြည်ရေးပွဲများတွင် ၎င်းတို့နှစ်ဦးစလုံးအား ချန်လှပ်ခဲ့သည်။

    Ref: Goal

  • ဆီးရီးယားစစ်ပွဲတွင် ပါဝင်နေသည်ဟု အစ္စရေး ၀န်ခံ

    ဆီးရီးယားစစ်ပွဲတွင် ပါဝင်နေသည်ဟု အစ္စရေး ၀န်ခံ

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    – အီရန်ကျောထောက်နောက်ခံပေးသော အစိုးရက IS အပါအ၀င် သူပုန်များနှင့် စစ်ဖြစ်နေသည့် ဆီးရီးယားနိုင်ငံတွင် မိမိတို့တပ်များမှာ စစ်ဆင်ရေးများ ပြုလုပ်နေဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အင်္ဂါနေ့တွင် ပထမဆုံးအကြိမ် ၀န်ခံပြောကြားလိုက်သည်။

    ‘ကျွန်တော်တို့ရဲ့ အတိုက်အခံ မဖြစ်လာအောင် ကာကွယ်တဲ့အနေနဲ့ ဆီးရီးယားမှာ ကျွန်တော်တို့ဟာ မကြာခဏ စစ်ဆင်ရေးတွေ ပြုလုပ်ပါတယ်။ ဆီးရီးယားကနေ လက်ဘနွန်ကို သယ်ဆောင်နေတဲ့ သေစေနိုင်တဲ့လက်နက်တွေကို အဓိကတားဆီးဖို့ ကျွန်တော်တို့ဘာမဆိုလုပ်ပါတယ်’ ဟု နေတန်ယာဟုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    သို့သော်လည်း နေတန်ယာဟုက အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိဘဲ၊ ယခုပြောဆိုမှုမှာလည်း ပဋိပက္ခများ ဖြစ်ပွားနေသည့် ဆီးရီးယားတွင် အစ္စရေးက ပါဝင်နေမှုကို ပထမဆုံး လူသိရှင်ကြား ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ဆီးရီးယားမှ လက်ဘနွန်သို့ အီရန်လုပ် လက်နက်များ သယ်ဆောင်မှုကို ပစ်မှတ်ထား၍ လွန်ခဲ့သော လများတွင် မြောက်များစွာသော တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    သို့သော် ယင်းတိုက်ခိုက်မှုများကို အစ္စရေးအာဏာပိုင်များက ၎င်းတို့လုပ်သည်ဟု တရားဝင် ၀န်ခံထားခြင်း မရှိပေ။ မတ်လ ၂၀၁၁ ကတည်းက လက်နက်ကိုင်သူပုန်များနှင့် စစ်ဖြစ်နေသည့် ဆီးရီးယားသမ္မတ အာဆတ်အဖွဲ့အား အစ္စရေးက ဆန့်ကျင်ထားသော်လည်း ထိုစစ်ပွဲတွင် ပါဝင်ခြင်းမှ ရှောင်ရှားခဲ့သည်။

    အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲတွင် ဆီးရီးယားရှိ ဂိုလန်တောင်ကုန်း နေရာအများစုကို ရရှိခဲ့ပြီး နောက်ပိုင်းတွင် ထိုနေရာကို သိမ်းပိုက်ခဲ့ကာ အစ္စရေး၏ ထိုလုပ်ရပ်အား နိုင်ငံတကာအဖွဲ့အစည်းက လုံးဝအသိအမှတ် မပြုခဲ့ပေ။

    Ref: Alarabiya

  • အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    အသင်းမှာ ဆုဖလားကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    klopp

    – လိဂ်ဖလားတွင် ဆောက်သက်တမ်အသင်းအား ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်းမှာ မှော်ဆန်သည့် အတွေးအခေါ်ကြောင့် မဟုတ်ဘဲ မိမိတို့၏အလုပ်ကို ကြိုးစားလုပ်နိုင်ခြင်းကြောင့်သာ ဖြစ်ပြီး အသင်းမှာ ဆုဖလားများကို စိန်ခေါ်နိုင်သည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ကွာတားဖိုင်နယ်ပွဲအဖြစ် ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ၆ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဒီဗွတ်က် အိုရီဂီက ဟက်ထရစ်၊ စတားရစ်ခ်ျက ၂ ဂိုးနှင့် ဂျော်ဒန် အိုဘီတို့က ၁ ဂိုး သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားသည့် လီဗာပူးလ်မှာ စတုတ်စီးတီးအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    “ကျွန်တော်တို့မှာ မှော်ဆန်တဲ့ နည်းလမ်းတွေ မရှိပါဘူး။ ကျွန်တော်တို့ အလုပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တာကြောင့်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    “ဒဏ်ရာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကံကောင်းဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ဖလားစိန်ခေါ်သူဖြစ်ဖို့အတွက်တော့ ကျွန်တော်တို့အသင်းဟာ အင်အားတောင့်တင်းပါတယ်”

    အခြားကွာတားဖိုင်နယ်ပွဲစဉ်တွင် မန်စီးတီးအသင်းက ဟားလ်စီးတီးအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီးမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ကာ အဲဗာတန်အသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal

  • အစ္စလာမ်က လူနည်းစုများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အာမခံထားသည်ဟု ပါကစ္စတန် သာသနာရေးဝန်ကြီး ပြော

    အစ္စလာမ်က လူနည်းစုများ၏ အခွင့်အရေးနှင့် လုံခြုံမှုကို အာမခံထားသည်ဟု ပါကစ္စတန် သာသနာရေးဝန်ကြီး ပြော

    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media

    paki

    – အစ္စလာမ်သာသနာမှာ လူနည်းစုများ၏ လွတ်လပ်ခွင့်နှင့် လုံခြုံရေးကို အာမခံထားသည်ဟု ပါကစ္စတန် ဖက်ဒရယ် သာသနာရေးဝန်ကြီး ဆာဒါရ် မိုဟာမက် ယူဆွဖ်က ပြောကြားလိုက်ပြီး အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်သုတ်သင်ရေး စစ်ပွဲအတွင်း အစိုးရနှင့် စစ်တပ်တို့အား ဘာသာရေးခေါင်းဆောင်များက ထောက်ပံ့ပေးကြရန်လည်း မေတ္တာရပ်ခံခဲ့သည်။

    အင်္ဂါနေ့ကပြုလုပ်ခဲ့သည့် ဘာသာပေါင်းစုံညီလာခံတွင် ယူဆွဖ်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဘာသာရေးပညာရှင်တွေ၊ ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်နေတဲ့၊ နိုင်ငံအတွင်းမှာ အကြမ်းဖက်ဝါဒကို အမြစ်ဖြတ်ဖယ်ရှားနေတဲ့ အစိုးရနဲ့စစ်တပ်ကို အပြည့်အ၀ ထောက်ခံဖို့ လိုပါတယ်” ဟု ယူဆွဖ်က ဆိုပြီး အစ္စလာမ်ဘာသာရေး ခေါင်းဆောင်များအနေဖြင့် အစ္စလာမ့်သွန်သင်မှု အလင်းတန်းများဖြင့် တိုင်းပြည်အား ဦးဆောင်လမ်းပြသင့်သည်ဟုလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “လက်ရှိတိုင်းပြည်ရဲ့အခြေအနေက ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုကို ရှာဖွေရမှာပါ။ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု မြှင့်တင်ရေး ကြိုးပမ်းအားထုတ်မှုမှာ အစ္စလာမ်၊ ခရစ်ယာန်။ ဟိန္ဒူနဲ့ ဆစ်ခ်ဘာသာဝင်တွေဟာ သူတို့ရဲ့ အခန်းကဏ္ဍအလိုက် ပါဝင်နေကြတာဟာ ကောင်းမွန်တဲ့ ရှေ့ပြေးနိမိတ်ပါပဲ”

    တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောမှုတို့တွင်လည်း ပါကစ္စတန်ရှိ ဘာသာတရားအားလုံး၏ နောက်လိုက်များမှာ ပူးပေါင်းဆောင်ရွက်မှုများ ယခင်ကတည်းက ပြုလုပ်ခဲ့ကြသည်ဟုလည်း ယူဆွဖ်က ထည့်သွင်းပြောကြားခဲ့သည်။

    “အစ္စလာမ်ဟာ လူနည်းစုတွေအတွက် လွတ်လပ်မှုနဲ့ လုံခြုံမှုကို အာမခံပေးထားပါတယ်။ အစိုးရကလည်း တိုင်းပြည်အတွင်းမှာရှိနေတဲ့ လူနည်းစုတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေအတွက် လုံခြုံမှုနဲ့ ကာကွယ်မှုတွေကိုလည်း အသေအချာ လုပ်ဆောင်ပေးခဲ့ပါတယ်။ ယဉ်ကျေးမှုဆိုင်ရာ သည်းခံမှု၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှုတွေကို မြှင့်တင်ခြင်းအားဖြင့် အကြမ်းဖက်ဝါဒနဲ့ ဂိုဏ်းဂန၀ါဒတွေကို ကျွန်တော်တို့ လုံးဝ အမြတ်ဖြုတ်နိုင်ပါတယ်” ဟု ပါကစ္စတန် သာသနာရေးဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

    ပါကစ္စတန်မှာ နိုင်ငံလုံးဆိုင်ရာ ဘာသာပေါင်းစုံညီလာခံကို မြို့တော် အစ္စလာမ်မာဘတ်၌ မကြာခင် ပြုလုပ်ရန်ရှိနေပြီး နိုင်ငံတစ်ဝှမ်းရှိ ဘာသာပေါင်းစုံမှ ထင်ရှားသည့် ခေါင်းဆောင်များကိုလည်း ဖိတ်ကြားသွားမည်ဖြစ်သည်။

    Ref: IINA News