News @ M-Media

Author: Ko Lay

  • တရုတ်ယွမ်ငွေကို ကမ္ဘာ့ အရန်ငွေကြေးစာရင်းသို့ IMF က ပေါင်းထည့်တော့မည်

    တရုတ်ယွမ်ငွေကို ကမ္ဘာ့ အရန်ငွေကြေးစာရင်းသို့ IMF က ပေါင်းထည့်တော့မည်

    နိုဝင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    yuan

    – နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ IMF သည် တရုတ်ယွမ်ငွေကို နိုင်ငံတကာ အရံငွေကြေးစာရင်းထဲသို့ တနင်္လာနေ့ (ယနေ့) တွင် ထည့်သွင်းရန် အစီအစဉ်ရှိနေသည်ဟု သိရသည်။

    ထိုကဲ့သို့ အတည်ပြုလိုက်ပါက တရုတ်ယွမ်ငွေမှာ ကမ္ဘာ့ငွေကြေးများဖြစ်သည့် အမေရိကန်ဒေါ်လာ၊ ယူရို၊ စတာလင်ပေါင်၊ ဂျပန်ယန်းတို့နှင့်အတူ SDR စာရင်းတွင်ပါဝင်မည်ဖြစ်သည်။ ထိုဆုံးဖြတ်ချက်က အမေရိကန်၏ စီးပွားရေးစိုးမိုးမှုကို အဓိကစိန်ခေါ်နေသော ကမ္ဘာ့စီးပွားရေး အင်အားကြီး တရုတ်နိုင်ငံ၏ အခြေအနေကို မြှင့်တင်ပေးရာ ရောက်စေမည်ဖြစ်သည်။

    IMF အမှုဆောင်ဘုတ်အဖွဲ့သည် ယွမ်ငွေကို နိုင်ငံတကာသုံး ငွေကြေးစာရင်းသို့ ပေါင်းထည့်ရန် အကြံပြုချက်အား လက်ခံမည် ဟုတ်၊ မဟုတ်ကို ဆုံးဖြတ်ချက်ချရန် တွေ့ဆုံမည်ဖြစ်သည်။ လက်ခံမည်ဆိုပါက ကိုင်တွယ်အအသုံးပြုသူများ ပြင်ဆင်နိုင်ရေးအတွက် အချိန်ပေးရမည်ဖြစ်သောကြောင့် လာမည့်နှစ် စက်တင်ဘာ ၃၀ ထက်နောက်မကျသည့် အချိန်ကာလအတွင်း ယွမ်ငွေကို အမှန်တကယ် ပေါင်းထည့်နိုင်မည်ဖြစ်သည်။

    ရုရှားမှာ ၂၀၁၆ တွင် တရုတ်ယွမ်ငွေ သန်း ၆ ထောင်ခန့် (ကန်ဒေါ်လာ ၉၃၈ သန်း) တန်သည့် ငွေတိုက်စာချုပ်များ ထုတ်ဝေမည်ဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့သည်။ ရုရှားဘဏ်သည် နိုင်ငံခြားအရံငွေလဲလှယ်ရေးတွင် ယွမ်ငွေအား ပါဝင်စေမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချပြီးပြီဟု ရုရှား ဘဏ္ဍာရေးဝန်ကြီး မက္ကဇင်အော်ရက်ကင်က ကြေညာခဲ့သည်။

    အမေရိကန်သည် တရုတ်၏ကြီးထွားလာသော ဘဏ္ဍာရေးသြဇာကို သတိထားနေရပြီး ကန်ဒေါ်လာသည်ပင် ထွန်းသစ်စ စီးပွားရေးများက ၎င်းတို့၏ ပြည်နယ်ငွေကြေးများကို ကုန်သွယ်မှုတွင် ပြောင်းလဲသုံးစွဲလာသည့် အဓိကစိန်ခေါ်မှုကိုလည်း ရင်ဆိုင်နေရသည်။

    Ref: Press TV

  • ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားပြည်သူ ၄၀ ကျော် သေဆုံး

    ရုရှားလေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားပြည်သူ ၄၀ ကျော် သေဆုံး

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားနိုင်ငံ အစ်ဒ်လစ်ဘ်မြို့ရှိ လူစည်ကားရာ ဈေးတစ်ခုတွင် ရုရှားမှပြုလုပ်သည်ဟု ယူဆရသော လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၄၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါတိုက်ခိုက်မှုမှာ နူဆရာတပ်ဦးပါဝင်သည့် သူပုန်မဟာမိတ်အဖွဲ့ဖြစ်သော Army of Conquest မှ ထိန်းချုပ်ထားသည့် အာရီဟာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားခဲ့သည်။

    လူစည်ကားရာဈေးအပြင် မြို့၏အခြားနေရာများမှာလည်း လေကြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသည်။ ဒေသတွင်း သတင်းချန်နယ် တစ်ခုဖြစ်သော Ariha al-Youm ကမူ အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုတွင် ပေါက်ကွဲအားပြင်းထန်သည့် ကလက်စတာဗုံးများကို အသုံးပြုခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အတိုက်အခံလိုလားသော Orent TV က ကနဦး သေဆုံးသူအရေအတွက်ကို ၄၀ ဟု သတ်မှတ်ခဲ့ပြီး၊ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ဒါရိုက်တာဖြစ်သူ ရာမီ အဘ်ဒူလ်ရဟ်မန်က သေဆုံးသူအရေအတွက်မှာ
    ထိုထက်ပိုများနိုင်ကာ အနည်းဆုံး ၆၀ ရှိမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည့် အသင်း ၅ သင်းကို ဟင်နရီထုတ်ပြော

    ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်သည့် အသင်း ၅ သင်းကို ဟင်နရီထုတ်ပြော

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    henry

    – ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်သည့်အသင်းများမှာ ၅ သင်းအထိ ရှိနေသော်လည်း ထိုအထဲတွင် ချယ်ဆီးမပါဝင်ဟု အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီဟင်နရီက ပြောကြားလိုက်သည်။

    ထိုငါးသင်းထဲတွင် လက်ရှိအချိန် ခြေစွမ်းပြနေကာ ထိပ်ဆုံးမှ မန်စီးတီးနှင့် အမှတ်တူ ဂိုးကွာခြားချက်ဖြင့် ဒုတိယနေရာ ရောက်ရှိနေသည့် လက်စတာစီးတီးအသင်းကိုလည်း ဟင်နရီက ထည့်သွင်း တွက်ချက်ခဲ့ခြင်း မရှိပေ။

    “ကျွန်တော့်အတွက်တော့ စိန်ခေါ်နိုင်တဲ့အသင်းတွေဟာ မန်ယူ၊ မန်စီးတီး၊ အာဆင်နယ်၊ စပါးနဲ့ လီဗာပူးလ်တို့ ဖြစ်နိုင်ပါတယ်။ ချယ်ဆီးကတော့ ဒီအထဲမှာ မပါပါဘူး။ တကယ်လို့ သူတို့ ထိပ်ဆုံးလေးသင်းထဲ ပြန်ရောက်ခဲ့ရင်တော့ ထိပ်ဆုံးက အသင်းတွေဟာ ဘယ်လောက်ကစားပုံဆိုးဝါးလဲဆိုတာ သက်သေပြလိုက်တာပါပဲ။ ပြီးခဲ့တဲ့နှစ် ခြေစွမ်းအတိုင်း ချယ်ဆီးက ကစားနိုင်မယ်ဆိုရင် အခုအချိန်မှာ ၁၀ မှတ်လောက် ဖြတ်ထားနိုင်ပြီး ဖလားဆီ လက်တစ်ဖက် လှမ်းနိုင်နေပါပြီ” ဟု ဟင်နရီက The Sun သတင်းစာသို့ ပြောကြားခဲ့သည်။

    Ref: Goal

  • UNECA တွင် အလံလွှင့်တင်ခြင်းဖြင့် ပါလက်စတိုင်းနိုင်ငံကို ကုလက ထပ်မံ အသိအမှတ်ပြု

    UNECA တွင် အလံလွှင့်တင်ခြင်းဖြင့် ပါလက်စတိုင်းနိုင်ငံကို ကုလက ထပ်မံ အသိအမှတ်ပြု

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    pla

    – အာဖရိကတွင် ကုလ၏ အကြီးဆုံး လက်ခွဲအဖွဲ့ဖြစ်သော အာဖရိကဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင်အဖွဲ့ UNECA တွင် သောကြာနေ့က ပါလက်စတိုင်းအလံကို ပထမဆုံး လွှင့်တင်ခဲ့သည်ဟု သိရသည်။

    အီသီယိုးပီးယားနိုင်ငံ မြို့တော် အက်ဒစ် အာဘာဒါရှိ UNECA ၏ ရုံးချုပ်တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်း ပြည်သူများမှာ ကိုယ်ပိုင်နိုင်ငံ တည်ထောင်ခွင့်ရှိသည်ဆိုသော အကြောင်းအရင်းနှင့်ပတ်သက်၍ တစ်သားတည်းရှိကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

    အဆိုပါ အလံတင်အခမ်းအနားသို့ နိုင်ငံပေါင်းများစွာမှ သံတမန်များ၊ ကုလနှင့် အာဖရိကသမဂ္ဂမှ တာဝန်ရှိသူများ၊ အီသီယိုးပီးယားအစိုးရမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

    “နိုင်ငံတကာ စည်းလုံးညီညွတ်ရေးနေ့ဖြစ်တဲ့ ဒီနေ့မှာ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေ ထိုက်တန်တဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကို ယူဆောင်ပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိက၀တ်ကို ထပ်မံ အတည်ပြုလိုက်ကြပါစို့” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်မှ ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြခဲ့သည်။

    “ဒီနေ့မှာ နိုင်ငံပေါင်း ၁၃၆ နိုင်ငံစလုံးဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလိုက်တဲ့နေ့ဖြစ်ပြီး သူ့ရဲ့အလံကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘေးနားမှာ လွှင့်တင်လိုက်တဲ့နေ့ပါပဲ။ ဒါပေမယ့် ဒီတိုးတက်မှုတွေကို ဂါဇာက ကလေးငယ်တွေ၊ နဘ်လုစ်၊ ဟီဘရွန်နဲ့ အရှေ့ဂျေရုစလင်က (ပါလက်စတိုင်း) ပြည်သူတွေတော့ မခံစားရဖူးပေါ့လေ”

    ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ပြည်သူ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သော ပဋိပက္ခများကို အဆုံးသတ်ရန်အတွက် အစ္စရေးနှင့် ပါလက်စတိုင်းအာဏာပိုင်များအနေဖြင့် လိုအပ်သော ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်သင့်သည်ဟု ဘန်က ထည့်သွင်း ပြောကြားခဲ့သည်။

    အီသီယိုးပီးယားနှင့် အာဖရိကသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကလည်း အစ္စရေးစစ်တပ်က အတင်းအဓမ္မ မောင်းထုတ်မှုများ၊ ထောင်သွင်းအကျဉ်းချမှုများ စသည့် ပါလက်စတိုင်းပြည်သူများ၏ ထိခိုက်ခံစားနေရမှုများကို အဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ပုခုံးပြောင်းတာဝန်ယူရန် တိုက်တွန်းဆော်သြခဲ့သည်။

    Ref: IINA News

  • ကလစ်ရှ်ကို ကို အနိုင်ယူပြီး ဗြိတိန်မှ ဖျူရီ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာ

    ကလစ်ရှ်ကို ကို အနိုင်ယူပြီး ဗြိတိန်မှ ဖျူရီ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာ

    နိုဝင်ဘာ ၂၉၊ ၂၀၁၅
    M-Media

    tyson

    – စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့ကျော် တိုင်ဆန် ဖျူရီမှာ ယူကရိန်းနိုင်ငံသား ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုအား အမှတ်ဖြင့်အနိုင်ယူကာ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံသစ် ဖြစ်လာခဲ့သည်။

    ကမ္ဘာချန်ပီယံဘွဲ့ကို ဆယ်စုနှစ်တစ်ခုကျော်ကြာ သိမ်းပိုက်ထားသည့် ကလစ်ရှ်ကိုနှင့် ဖျူရီတို့မှာ ယမန်နေ့ညပိုင်းက ဂျာမနီနိုင်ငံ ဒက်ဆဲလ်ဒေါ့ဖ်တွင် ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အသက်အရွယ်ငယ်ရွယ်ကာ အရပ်အမောင်းနှင့် ခန္ဓာကိုယ်အလေးချိန်သာသည့် ဖျူရီက အသာရခဲ့သည်။

    နောက်ဆုံးတွင် ဒိုင်လူကြီးများ၏ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ဖြင့် ဖျူရီက အနိုင်ရခဲ့ကာ ယှဉ်ပြိုင်ထိုးသတ်ခြင်း မပြုခင် အနိုင်ရမည်ဟု ၎င်းကြုံးဝါးထားသည့် စကားများမှာလည်း အကောင်အထည် ပေါ်လာခဲ့သည်။

    ထိုပွဲအတွက် ၎င်းတို့နှစ်ဦး၏ စာချုပ်တွင် ပြန်လည်ထိုးသတ်ရန် အပိုဒ် ၁ ပိုဒ်ပါဝင်သည်ဟု ယုံကြည်ရပြီး အသက် ၃၉ နှစ်အရွယ်ရှိ ကလစ်ရှ်ကိုမှာ လက်ဝှေ့လောကမှ အနားယူမည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

    ယခုပွဲအနိုင်ကြောင့် ဖျူရီမှာ WBA, IBF နှင့် WBO ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပြီး WBC ချန်ပီယံဖြစ်သည့် အမေရိကန်နိုင်ငံသား ဒီယွန်တေ ၀ိုင်လ်ဒါနှင့် ထိုးသတ်ရန် အခြေအနေကောင်းသွားပြီဖြစ်သည်။

    Ref: Dailymail