News @ M-Media

Author: Ko Lay

  • ဘီလီယံနာအေလွန်မက်စ်က Starlink အင်တာနက်စနစ်ကို ယူကရိန်းပြည်သူများသုံးနိုင်အောင် စီစဉ်ပေး

    ဘီလီယံနာအေလွန်မက်စ်က Starlink အင်တာနက်စနစ်ကို ယူကရိန်းပြည်သူများသုံးနိုင်အောင် စီစဉ်ပေး

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂

    M-Media 

    -အင်တာနက်ပြတ်တောက်မှုတွေရှိနေတဲ့ ယူကရိန်းနိုင်ငံမှာ ဂြိုဟ်တုအခြေပြု အင်တာနက် ဆက်သွယ်ရေးစနစ် Starlink အသုံးပြုနိုင်အောင် စီစဥ်ပေးထားတယ်လို့ SpaceX ပိုင်ရှင် အေလွန်မက်စ်က ထုတ်ပြန်ပါတယ်။

    ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံအတွင်း အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ အင်တာနက်ပြတ်တောက်မှုတွေကို ကြုံတွေ့နေရတာပါ။ 

    ဒီအခက်အခဲကို ပြေလည်အောင် ဖြေရှင်းပေးဖို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက အေလွန်မက်စ်ကို Twitter စာမျက်နှာကတစ်ဆင့် တောင်းဆိုခဲ့ပြီးတဲ့နောက် Starlink အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးလိုက်တယ်လို့ အေလွန်မက််စ်က ထုတ်ပြန်ခဲ့ပါတယ်။

     “Starlink ကို အခု ယူကရိန်းမှာ စသုံးလို့ ရပါပြီ။ နောက်ထပ် ဂြိုဟ်တုတွေလည်း လာတော့မှာပါ” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ 

    ဂြိုဟ်တုကို အခြေပြုတဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်ဟာ ကုန်ကျစားရိတ် ကြီးပေမယ့် တာ၀ါတိုင်ခြေပြုစနစ်၊ ဖိုက်ဘာကေဘယ်ကြိုးအခြေပြု ဆက်သွယ်ရေးစနစ်ထက် ပိုမိုကောင်းမွန်ပါတယ်။

    တာ၀ါတိုင်၊ ကေဘယ်ကြိုးမရောက်နိုင်တဲ့ ၀ေးလံခေါင်းဖျားဒေသတွေမှာ အင်တာနက်၀န်ဆောင်မှု ပေးနိုင်သလို၊ သဘာ၀ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း ဂြိုဟ်တုအခြေပြု အင်တာနက်စနစ်က ဆက်သွယ်မှု ပြတ်တောက်မှာ မစိုးရိမ်ရတော့ပါဘူး။

    ဘီလီယံနာ အေလွန်မက်စ်တဲ့ Starlink အင်တာနက်ဆက်သွယ်ရေးစနစ်အတွက် ဂြိုဟ်တု ၁၄၆၉ လုံး လည်ပတ်အလုပ်လုပ်နေပြီး နောက်ထပ်၂၇၂ လုံး လွှတ်တင်ဖို့ ရှိပါတယ်။

    Ref: Reuters

  • ရုရှား၏ ကျူးကျော်မှု ၃ ရက်အတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်သေဆုံး

    ရုရှား၏ ကျူးကျော်မှု ၃ ရက်အတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်သေဆုံး

    ဖေဖော်၀ါရီ ၂၇၊ ၂၀၂၂
    M-Media

    -ရုရှား ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု ၃ ရက်အတွင်း အရပ်သား ထိခိုက်ဒဏ်ရာရသူ ဦးရေ ၂၄၀ လောက်ရှိနေပြီး မြေပြင်အရေအတွက်ဟာ အခုထက်ပိုများနိုင်တယ်လို့ ကုလသမဂ္ဂက စနေနေ့မှာ ထုတ်ပြန်ပါတယ်။

    အရပ်ဖက်နေရာတွေကို မတိုက်ခိုက်ဘဲ စစ်ဖက်ပစ်မှတ်တွေကိုသာ တိုက်ခိုက်တာလို့ ရုရှားက ထုတ်ပြန်ထားပေမယ့် လူနေအိမ်တွေ ဒုံးကျည်နဲ့ ပစ်ခံရတာ၊လမ်းတံတားတွေ ဖျက်ဆီးခံရတာ၊ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းတွေ တိုက်ခိုက်ခံရတာတွေ ရှိနေပါတယ်။

    ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ တိုက်ခိုက်မှုအတွင်း ယူကရိန်းအရပ်သား ၂၄၀ ကျော် ထိခိုက်ခဲ့ပြီး သေဆုံးသူ ၆၄ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

    အချက်အလက် ကောက်ယူရရှိသလောက်ပဲဖြစ်ပြီး မြေပြင်မှာ ထိခိုက်သေဆုံးမှု အရေအတွက် သိသိသာသာ များနိုင်တယ်လို့လည်း ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စစ်ပွဲကြောင့် ယူကရိန်းနိုင်ငံအတွင်း လူပေါင်း ၁၆၀၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသလို၊ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးရတဲ့ ဒုက္ခသည်အရေအတွက်က ၁၁၆၀၀၀ လောက် ရှိနေပါတယ်။

    Ref : Reuters

  • ဥရောပနိုင်ငံတစ်ချို့ ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့လာ

    ဥရောပနိုင်ငံတစ်ချို့ ယူကရိန်းကို စစ်လက်နက်များ ထောက်ပံ့လာ

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂
    M-Media

    Stinger မြေပြင်ကဝေဟင်ပစ် ဒုံးကျည်

    -ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းနိုင်ငံကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက​ လက်နက်ထောက်ပံ့မှုတွေ တိုးမြှင့်ပြုလုပ်လာပါတယ်။

    ဂျာမနီနိုင်ငံက ကြည်းတပ်ကနေ တင့်ဖျက်ဒုံးကျည် ၁၀၀၀၊ Stinger မြေပြင်ကဝေဟင်ပစ် ဒုံးကျည် ၅၀၀ ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။ ပဋိပက္ခဖြစ်ပွားရာ နေရာတွေကို လက်နက်ထောက်ပံ့ခြင်းမပြုဖို့ ဂျာမနီရဲ့ စစ်ဖက်ဆိုင်ရာ အဓိကမူ၀ါဒတစ်ခု ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

    “ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ အလှည့်အပြောင်းတစ်ခု ဖြစ်သွားပါတယ်။ ပူတင်ရဲ့ ကျူးကျော်စစ်ရန်ကနေ ကာကွယ်ရေးမှာ ယူကရိန်းကို အကောင်းဆုံး ကူညီထောက်ပံ့ပေးသွားဖို့ဟာ ကျွန်တော်တို့ရဲ့ တာဝန်ပါ” လို့ ဂျာမနီအဓိပတိ Olaf Scholz က စနေနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဂျာမနီရဲ့ ဒီထုတ်ပြန်ချက်ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြိုဆိုခဲ့ပါတယ်။

    နယ်သာလန် ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းကို တင့်ဖျက်လက်နက် ၅၀၊ ဒုံးကျည် ၄၀၀ ပေးပို့သွားမယ်လို့ ထုတ်ပြန်ပါတယ်။ နယ်သာလန်နဲ့ ဂျာမနီတို့ဟာ ဆလိုဗက်ကီးယားမှာရှိတဲ့ နေတိုးရဲ့ တိုက်ခိုက်ရေးအဖွဲ့ကို Patriot လေကြောင်းရန် ကာကွယ်ရေးစနစ် ပေးပို့သွားဖို့ စီစဉ်နေပါတယ်။

    အမေရိကန်ဟာ ယူကရိန်းကို ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိတဲ့ စစ်ရေးအကူအညီတွေ ချက်ခြင်းပေးပို့သွားမယ်လို့ သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပြီး နောက်ထပ်လည်း ပေးပို့ဖို့ စီစဉ်နေပါတယ်။

    ကွန်မန်ဒိုလွှတ်မည်

    နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူး Jens Stoltenberg က ယူကရိန်းပတ်ဝန်းကျင်မှာရှိတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေမှာ တိုက်ပွဲဝင်နိုင်မယ့် ကွန်မန်ဒိုတွေ ထောင်နဲ့ချီ ချထားသွားမယ်လို့ သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။

    အဖွဲ့ဝင်နိုင်ငံအားလုံးမှာ ကြည်း၊ ရေ၊​ လေနဲ့ မရိန်းတပ်ဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ တန်ပြန်တိုက်ခိုက်ရေး အထူးတပ်ဖွဲ့တွေကို ချထားနေကြောင်း၊ လေကြောင်းရန် ကာကွယ်ရေးစနစ် အပါအဝင် လက်နက်တွေကို အဖွဲ့ဝင်နိုင်ငံတွေက ယူကရိန်းဆီ ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း Stoltenberg က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နေတိုးရဲ့ တန်ပြန်တိုက်ခိုက်ရေးအဖွဲ့ Response Force ဟာ တပ်ဖွဲ့ဝင် လေးသောင်းရှိပြီး ယူကရိန်းရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ အင်အားပြည့်ချထားမှာမဟုတ်ဘဲ၊ အဲဒီအဖွဲ့ထဲက ထိပ်တန်း အထူးတပ်ဖွဲ့ဝင်တွေကိုသာ ချထားသွားမယ်လို့လည်း Stoltenberg က ပြောပါတယ်။

    Ref: Reuters

  • မြန်မာပြဿနာကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက မဖြေရှင်းနိုင်ဟု မလေးရှားဝန်ကြီးချုပ် ပြော

    မြန်မာပြဿနာကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက မဖြေရှင်းနိုင်ဟု မလေးရှားဝန်ကြီးချုပ် ပြော

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံကိုယ်တိုင်က ပြဿနာဖြေရှင်းဖို့ ဆန္ဒမရှိဘူးဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဖြေရှင်းပေးလို့ မရဘူးလို့ မလေးရှားဝန်ကြီးချုပ် အစ္စမာအီလ် ဆာဘရီက ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး အခင်အမင်မပြတ်ဘဲ၊ ဘက်ပေါင်းစုံ စဉ်းစားဖြေရှင်းသင့်တယ်လို့ ဆာဘရီက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့​ သဘောတူညီချက် ၅ ချက်ကို ချက်ခြင်း အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “မြန်မာနိုင်ငံကိုယ်တိုင်က ငြိမ်းချမ်းရေးကို မလိုလားဘူးဆိုရင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေက ဘာမှ ဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးလို့ မရပါဘူး။ အာဆီယံမှာ ကြားဝင်မစွက်ရေး မူဝါဒရှိတယ်။ နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို တစ်ခြားနိုင်ငံတွေက ဝင်စွက်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ပြည်တွင်းက ပြဿနာကို ကိုယ်တိုင်ဖြေရှင်းရမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး မြန်မာနိုင်ငံမှာရှိဖို့ အရေးကြီးပါတယ်”

    ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ တွေ့ဆုံမှုမှာလည်း မြန်မာ့အရေး ဆွေးနွေးခဲ့တယ်လို့ ဆာဘရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ဆာဘရီဟာ ရိုဟင်ဂျာအရေးကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ရိုဟင်ဂျာကိစ္စဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကိစ္စတစ်ခုဖြစ်ပြီး အတူတကွ ၀ိုင်းဝန်းဖြေရှင်းဖို့ လိုအပ်ကြောင်း၊ မလေးရှားဟာ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းလောက်ကို လက်ခံထားရကာ ဒီကိစ္စမှာ အထိခိုက်ဆုံး တိုင်းပြည်တွေထဲက တစ်ခုဖြစ်ကြောင်း ဆာဘရီက ပြောပါတယ်။

    “ဒီပြဿနာကို မလေးရှားလို တစ်နိုင်ငံတည်းက ကိုင်တွယ်ဖြေရှင်းလို့ မရဘူးလို့ ကျွန်တော် အရင်ကတည်း ပြောဖူးပါတယ်။ မြန်မာနိုင်ငံက သူတို့ရဲ့ တိုင်းရင်းသားလူမျိုးပြဿနာကို ကိုယ်တိုင်ဖြေရှင်းမှ ရိုဟင်ဂျာကိစ္စကို ဖြေရှင်းလို့ရမှာပါ”

    Ref: Malay Mail

  • အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ချက်ခြင်းပေးမည်

    အမေရိကန်က ယူကရိန်းကို စစ်ရေးအကူအညီ ချက်ခြင်းပေးမည်

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂
    M-Media

    -ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုဒဏ်ကို ခံနေရတဲ့ ယူကရိန်းကို စစ်ရေးအပါအ၀င် ဒေါ်လာ သန်း ၆၀၀ ဖိုး အကူအညီတွေ ချက်ခြင်းပေးအပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး အမိန့်ပေးလိုက်ပါတယ်။

    ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိမယ့် စစ်ရေးအကူအညီ၊ သန်း ၂၅၀ တန်ဖိုးရှိမယ့် အခြားအကူအညီတွေ ပေးအပ်နိုင်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာပါ။

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း သူတို့အစိုးရဟာ ယူကရိန်းကို ကန်ဒေါ်လာ သန်း ၃၅၀ တန်ဖိုးရှိမယ့် စစ်ရေးအကူအညီတွေ ချက်ခြင်ပေးအပ်သွားမယ်လို့ ဒီကနေ့မှာ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

    ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုဟာ ၃ ရက်မြောက် ရှိလာပြီဖြစ်ပြီး ရုရှားတပ်တွေ မြို့တော် ကိဗ်အထိ ရောက်လာပေမယ့် မြို့တော်မကျအောင် ယူကရိန်းတပ်တွေက ခုခံထားနိုင်ပါတယ်။

    နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မိမိတို့ကို ထိထိရောက်ရောက် အကူအညီပေးကြဖို့ ယူကရိန်းသမ္မတ ဇယ်လင်စကီးက တောင်းဆိုအပြီးမှာ အမေရိကန်ရဲ့ ဒီအကူအညီ ပေါ်ထွက်လာတာဖြစ်ပါတယ်။

    Ref: Wall Street