News @ M-Media

Author: Ko Lay

  • အမေရိကန်တွင် မွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်မှု မြင့်တက်လာ

    အမေရိကန်တွင် မွတ်စလင်များအား ပစ်မှတ်ထား တိုက်ခိုက်မှု မြင့်တက်လာ

    နိုဝင်ဘာ ၁၈၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယား ဒုက္ခသည်များကို မိမိတို့ပြည်နယ်များတွင် လက်မခံဟု အမေရိကန်ရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးအချို့က ကြေငြာပြီးနောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်း ဗလီဝတ်ကျောင်းများ တိုက်ခိုက် ဖျက်ဆီးခံရမှုနှင့် မွတ်စလင်များကို ပစ်မှတ်ထားသည့် အမုန်းအခြေခံ ရာဇ၀တ်မှုများဟု သံသယဖြစ်စရာ တိုက်ခိုက်မှုများ မြင့်တက်လာခဲ့သည်ဟု သိရသည်။

    အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကာင်စီ CAIR ကမူ မိမိတို့မှာ မကြာသေးမီက မက်ဆာချူးဆက်၊ ဖလော်ရီဒါ၊ တက္ကဆက်၊ ကန်တာကီ၊ ဗာဂျီးနီးယား၊ နီဘရာဆာကာ၊ တန်နက်ဆီ၊ အိုဟိုင်းယိုး၊ နယူးယောက်နှင့် အခြားသော ပြည်နယ်များတွင် ဖြစ်ပွားခဲ့သော “ဗလီဝတ်ကျောင်းတော်များ ဖျက်ဆီးခံရမှု၊ ခြိမ်းခြောက်ခံရမှုနှင့် အမုန်းအခြေခံ ဖြစ်ရပ်များ” ၏ မှတ်တမ်းများကို ရရှိထားသည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။

    လက်ယာယိမ်း ရီပက်ဘလစ်ကန်ပါတီမှ ၂၆ ဦးပါအ၀င် အမေရိကန်ရှိ ပြည်နယ် ၂၇ ခုမှ အုပ်ချုပ်ရေးမှူးများက သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်အကြမ်းဖက် တိုက်ခိုက်မှုကို ထောက်ပြ၍ ၎င်းတို့မှာ ဆီးရီးယားဒုက္ခသည်များကို လက်ခံတော့မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    အိုမာဟာနှင့် နီဘရာဆာကာ အစ္စလာမ့်စင်တာများမှ တာဝန်ရှိသူများကမူ တနင်္လာနေ့ညက အမည်မသိသူအချို့မှာ ဒေသတွင်းရှိ ဗလီဝတ်ကျောင်းတော်တစ်ခု၏ နံရံတွင် အီဖယ်မျှော်စင်ပုံကို စပရေးဖြင့် ရေးချယ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    တက္ကဆက်ပြည်နယ် ပက်ဖ်လူဂျာဗီလ်းမြို့ရှိ ဗလီဝတ်ကျောင်းတော်တွင်မူ ဒေသခံများ တနင်္လာနေ့မနက်ပိုင်း ၀တ်ပြုရန် ရောက်ရှိလာချိန်တွင် ဗလီတံခါးပေါက်နားတွင် ကုရ်အာန်စာအုပ်အား ဖြဲဆုပ်လွှတ်ပစ်ထားမှုကို တွေ့ရှိခဲ့ရသည်။

    ဖလော်ရီဒါပြည်နယ် စိန့်ပီတာစဘတ်မြို့တွင်မူ ပြင်သစ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ဗလီဝတ်ကျောင်းတော်တစ်လုံးကို လူတစ်ဦးက ဖုန်းဆက်၍ ခြိမ်းခြောက်ခဲ့သည်။ ၎င်း၏ ခြိမ်းခြောက်မှု၌ မိမိတို့တွင် ပြည်သူ့စစ်များရှိပြီး အစ္စလာမ်ဘာသာဝင်များ ရှိသည့်နေရာသို့ လာရောက်ကာ ဗုံးခွဲ၍ တွေ့သမျှသူများ၏ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်မည်ဟု ပြောကြားခဲ့သည်။

    CAIR ၏ အဆိုအရ ဖလော်ရီဒါရှိ နောက်ထပ် ဗလီဝတ်ကျောင်းတော်တစ်လုံးမှာလည်း ထိုကဲ့သို့ ခြိမ်းခြောက်ခံခဲ့ရသည်ဟု ဆိုသည်။

    အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်တွင်လည်း ဆန္ဒပြသူများမှာ ဗလီဝတ်ကျောင်းတော် အပြင်ဘက်တွင် စုရုံးကာ ၀တ်ပြုရန်လာရောက်သူများကို နှောက်ရှက်ခဲ့ပြီး စော်ကားပြောဆိုမှုများကိုလည်း ပြုလုပ်ခဲ့သည်။

    ယမန်နေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချာလော့တီရှိ အငှားယဉ်မောင်းတစ်ဦးက ခရီသည်တစ်ဦးမှာ ၎င်းတို့ မွတ်စလင်ဟု ထင်မှတ်၍ ထိုးကြိတ်ကန်ကျောက်ခဲ့ပြီး သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

    Ref: Aljazeera

  • ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျသည့်လေယာဉ် ဗုံးခွဲခံရခြင်းဟု ရုရှားအတည်ပြု

    ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျသည့်လေယာဉ် ဗုံးခွဲခံရခြင်းဟု ရုရှားအတည်ပြု

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    russia

    – အောက်တိုဘာလအတွင်းက အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ပျက်ကျခဲ့သည့် ရရှား ခရီးသည်တင်လေယာဉ်မှာ ဗုံးကြောင့် ပေါက်ကွဲပျက်ကျခဲ့ခြင်းဟု ရုရှားထောက်လှမ်းရေး FSB က ယနေ့တွင် အတည်ပြု ပြောဆိုလိုက်သည်။

    စုံစမ်းစစ်ဆေးမှုများအရ လေယာဉ်အပိုင်းအစများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများကို တွေ့ရှိခဲ့ရပြီး လေယာဉ်ပျက်ကျစေရန် တင်မင်ကြံရွယ်၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု FSB အကြီးအကဲ အလက်ဇန်ဒါး ဘော့တ်နီကော့ဗ်၏ ပြောကြားမှုကို ကိုးကား၍ Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

    ထိုလေယာဉ်ပျက်ကျမှုအတွက် IS က မိမိတို့၏ လက်ချက်ဖြစ်သည်ဟု စောစောပိုင်းကတည်းက ပြောကြားခဲ့သော်လည်း ရုရှားက လက်မခံခဲ့ပေ။ သို့သော်လည်း ဘော့တ်နီကော့ဗ်နှင့် တွေ့ဆုံဆွေးနွေးမှုအတွင်း ရုရှားသမ္မတ ပူတင်က ထိုကိစ္စကို လုပ်ဆောင်သူများမှာ တာဝန်ယူရမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အိန္ဒိယနှင့် သီရိလင်္ကာတွင် ရေကြီး၍ လူ ၇၀ ကျော် သေဆုံး

    အိန္ဒိယနှင့် သီရိလင်္ကာတွင် ရေကြီး၍ လူ ၇၀ ကျော် သေဆုံး

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယတောင်ပိုင်းနှင့် သီရိလင်္ကာတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သောကြောင့် လူ ၇၀ ကျော်ေ\ သေဆုံးခဲ့ကာ နေအိမ်များ၊ လယ်ယာမြေများ၊ အဝေးပြေးလမ်းများ ရေလွှမ်းကာ ကျောင်းများကိုလည်း ပိတ်ထားရသည်ဟု သိရသည်။

    လွန်ခဲ့သည့် ၇ ရက်မှစ၍ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုကဲ့သို့ ရေကြီးရေလျှံခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယတွင်တမီလ်နာဒူ ပြည်နယ်၌ သေဆုံးမှု၊ ပျက်ဆီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည်။ ထို့ပြင် ကာရ်နာတာကာ၊ အန်ဒရာပရာဒက်ရှ်နှင့် အိမ်နီးချင်း သီရိလင်္ကာနိုင်ငံများတွင်လည်း ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည။

    အိန္ဒိယစစ်တပ်မှာ ကယ်ဆယ်ရေးလုပ်ငန်များကို ဆောင်ရွက်နေသော်လည်း ဒေသခံများကမူ မိမိတို့မှာ လုံလောက်သည် အကူအညီကို ရရှိခြင်းမရှိဟု စောဒက တက်ခဲ့ကြသည်။ သိရီလင်္ကာမြောက်ပိုင်းတွင်မူ အဆိုပါ ရေကြီးရေလျှံမှုမှာ လူပေါင်း ၅၈၀၀၀ ကို ထိခိုက်ခဲ့သည်။

    Ref: Aljazeera

  • အကူအညီပေးရေးသင်္ဘောကို တိုက်ခိုက်မှုအတွက် အစ္စရေးဝန်ကြီးချုပ်နှင့် အပေါင်းအပါ ၆ ဦးကို စပိန်က ဖမ်းဝရမ်းထုတ်

    အကူအညီပေးရေးသင်္ဘောကို တိုက်ခိုက်မှုအတွက် အစ္စရေးဝန်ကြီးချုပ်နှင့် အပေါင်းအပါ ၆ ဦးကို စပိန်က ဖမ်းဝရမ်းထုတ်

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    naytan

    – ၂၀၁၀ ခုနစ်က ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် သွားရောက်သည့် ပရဟိတအဖွဲ့များ လိုက်ပါစီးနင်းသော သင်္ဘောအုပ်စုကို အစ္စရေးကွန်မန်ဒိုများက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှုအတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အပေါင်းအပါ ၆ ဦးအား စပိန်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သိရသည်။

    အခြား ၆ ဦးတွင် ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း အီဟွဒ်ဘာရက်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း အေဗစ်ဂ်ဒေါ်ရ် လီဘာမန်၊ မဟာဗျူဟာရေးရာ ၀န်ကြီးဟောင်း မိုရှေး ယာလွန်၊ ပြည်ထဲရေးဝန်ကြီးဟောင်း အီလီ ယီရှာအီ၊ လက်ရှိ ဌာနလက်မဲ့ ၀န်ကြီး ဘန်နီဘီဂင်နှင့် လက်ထောက် ရေတပ်ဗိုလ်မှူးချုပ် မာရွန် အီလီဇာတို့ ဖြစ်ကြသည်။

    Latin American Herald Tribune သတင်းစာကမူ ၂၀၁၀ ခုနှစ်က Freedom Flotilla ဟုခေါ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် လာရောက်သည့် သင်္ဘောအုပ်စုကို အစ္စရေးက စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ စပိန်အမျိုးသားတရားရုံးက ပြန်လည် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တရားသူကြီး ဂျိုဆေး ဒီ လာ မာတာက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နိုင်ငံအတွင်း ၀င်ရောက်လာပါက မိမိအား အကြောင်းကြားရန် ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များကို အမိန့်ပေးခဲ့သည်။

    သင်္ဘော ၆ စီးပါဝင်သည့် အဆိုပါအုပ်စုမှာ လူပေါင်း ၅၀၀၊ အကူအညီများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို တင်ဆောင်ကာ အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေကြသော ဂါဇာပြည်သူများအား ကူညီရန် လာရောက်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၉ ဦး နေရာတွင် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ထိုအဖြစ်အပျက်တွင် ရရှိသည့် ဒဏ်ရာကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည်။

    အစ္စရေးနိုင်ငံခြားရေးဝနကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီမန်နျူယဲလ် နက်ခ်ျရှန်ကမူ စပိန်၏ ထိုလုပ်ရပ်မှာ မိမိတို့အား ရန်စခြင်းဟု မှတ်ယူမည်ဖြစ်ပြီး ဖမ်းဝရမ်းအား ဖယ်ရှားရန်အတွက် စပိန်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Idependent

  • ရာထူးအတွက် စိုးရိမ်မှုမရှိဟု ဘရာဇီးနည်းပြပြော

    ရာထူးအတွက် စိုးရိမ်မှုမရှိဟု ဘရာဇီးနည်းပြပြော

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    dunga

    – ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ရလဒ်ကောင်းအောင် ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း မိမိ၏ ရာထူးအတွက် မစိုးရိမ်ဟု ဘရာဇီးလ်နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။

    ကမ္ဘာဖလားခြေစစ်ပွဲ အဖွင့်ပွဲတွင် ဘရာဇီးလ်မှာ ချီလီအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဒုတိယပွဲတွင် ဗင်နီဇွဲလားအသင်းအား အနိုင်ရရှိခဲ့သော်လည်း သောကြာနေ့က အာဂျင်တီးနာနှင့်ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့သည်။

    “ကျွန်တော်တို့ အစပဲ ရှိပါသေးတယ်။ ကမ္ဘာဖလားပြိုင်ပွဲဟာ ရှည်ကြာပြီး အမြဲတမ်း ရှုပ်ထွေးပါတယ်။ အရင်က ခြေစစ်ပွဲသမိုင်းတွေကို ပြန်လေ့လာလိုက်တဲ့အခါ အစပိုင်းမှာ ကျွန်တော်တို့ဟာ ပြဿနာတွေရှိခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဘရာဇီးလ်ဟာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းပါ။ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်နေရပြီး ခြေစစ်ပွဲအောင်ဖို့ စဉ်းစားရင်း အမှတ်တွေကို မြန်မြန်ရဖို့ လိုပါတယ်” ဟု ဒွန်ဂါက ပြောကြားခဲ့သည်။

    တောင်အမေရိကဇုန် ခြေစစ်ပွဲဇယားတွင် အဆင့် ၄ ရာ၌ ရှိနေသည့် ဘရာဇီးလ်မှာ ယနေ့ညတွင် ပီရူးအသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။

    Ref: Goal